← Chapters

အခန်း ၄၇၅

Vol. 46 Ch. 475

အခန်း ၄၇၅

Vol. 46 Ch. 475

၄၇၅။ ကိုယ်ပွားဆယ်ခုမှ မြှားတစ်စင်းအဖြစ်သို့

ကျန်းယန်သည် အဇူရာထောင်ထွတ်ဆီသို့တက်သွားကာ ချင်းယွင်ကျိကိုသွားတွေ့ပြီး စိုးရိမ်ပူပန်စွာဖြင့် မေးမိ၏။

"ဆရာ နိုင်ဖို့ကသေချာရဲ့လား"

ဆရာသခင်ဖြစ်သူမှာ ကျောင်းထိုင်ဆရာတော်ကိုရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်ချက်အပြည့်ရှိပုံရသော်ငြား ကျန်းယန်ကတော့ ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တွင် နှစ်ပေါင်းများစွာနာမည်ကြီးခဲ့သူတစ်ဦးမှာ သာမန်တိုက်ခိုက်ရေးသမားတစ်ယောက်တော့မဖြစ်နိုင်ဟု ခံစားမိဆဲဖြစ်၏။

ချင်းယွင်ကျိက ပြုံးလျက်ဆိုသည်။

"သူလည်း ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့် ငါလည်း ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ပဲလေ၊ ငါကသူ့ထက်တော့ အင်အားပိုမနည်းနိုင်ပါဘူး"

ဓားကျင့်ကြံသူများ၏ တိုက်ပွဲစွမ်းရည်မှာ အလွန်သာမန်ဆန်လှသည်ကိုတော့ မငြင်းနိုင်ပေ။

သို့သော် ချင်းယွင်ကျိသည် မိစ္ဆာများကို နှိုးဆွလှုံ့ဆော်ကာ နှစ်ပေါင်း၅၀၀ကျော်အထိ ကြံ့ကြံ့ခံတိုက်ခိုက်ဖိနှိပ်လာခဲ့သူဖြစ်သည်။ ဤနေရာ ဤအဆင့်အတန်းကိုရဖို့ တက်လမ်းတလျှောက်ရှိမိစ္ဆာများကို ကိုယ့်လက်နှင့်ကိုယ်ရှင်းလင်းပစ်ခဲ့သူ ဖြစ်သည်နှင့်အညီ သူ့တွင် နှစ်ငါးရာကျော်မျှသော တိုက်ပွဲအတွေ့အကြုံတို့ရှိနေသည်။

ဤကျင့်ကြံရေးလောကတွင် ဤတိုက်ပွဲအတွေ့အကြုံကိုပိုင်ဆိုင်ထားသူ အရေအတွက်မည်မျှရှိနိုင်မည်နည်း။

မကြာသေးခင်နှစ်များအတွင်း ကျင့်ကြံရေးလောကထဲတွင် ကြီးကြီးကျယ်ကျယ်တိုက်ပွဲကြီးဟူ၍ မဖြစ်ပျက်ခဲ့ပါလေ။ ကျိုးရွှမ်ရှန်းကဲ့သို့လူသည်ပင် သိသိသာသာ လှုပ်ရှားသောင်းကျန်းခြင်းမရှိခဲ့သော ငြိမ်းချမ်းလှသည့်နှစ်များပင်။

သို့ပေမဲ့ ချင်းယွင်ကျိတစ်ယောက်ကတော့ မိစ္ဆာများကို နှစ်ရာပေါင်းများစွာကြာသည်အထိ မရပ်မနားတိုက်ခိုက်ဖိနှိပ်ရင်း ရုန်းကန်နေထိုင်ခဲ့ရသည်။

မိစ္ဆာများကိုတိုက်ခိုက်ရင်း တစ်ချိန်တည်းမှာပင် မိစ္ဆာနှိမ်နင်းခြင်းလမ်းစဥ်ကို တိုးမြှင့်ဖို့အတွက်လည်း မရပ်မနား ကြိုးစားကျင့်ကြံခဲ့သည်။

သေချာတိကျစွာ တွက်ချက်ကြည့်လိုက်မည်ဆိုလျှင် သူသည် တိုက်ပွဲအတွေ့အကြုံကို အမှန်ပင် နှစ်ရာပေါင်းများစွာအထိ မရပ်မနားစုဆောင်းခဲ့ပြီးဖြစ်၏။

အမှန်တော့ သူထုတ်မပြောခဲ့သည့် အကြောင်းရင်းတစ်ချက်လည်းရှိနေသေးသည်။ သူ၏တာအိုနယ်ပယ်အတွင်းမှ ကိုယ်ပွားဆယ်ခု၏စွမ်းအားမှာ ယခုတလော ထူးခြားဆန်းပြားစွာ ထိုးတက်နေသည်ကို ခံစားနေရခြင်းပင်။ တစ်နေ့ပြီးတစ်နေ့ သူပင် စတင်စိုးထိတ်လာရသည်အထိ စွမ်းအားများ မရပ်မနားမြင့်တက်နေခြင်းဖြစ်လေသည်။

ထိုသို့သော အခြေအနေများကြောင့် သူသည် စီးချင်းထိုးပွဲအတွက် ယုံကြည်မှုအပြည့်ဖြင့် အာမခံနိုင်ခဲ့ခြင်းပင်။

ကျန်းယန်က ချင်းယွင်ကျိကို စိတ်လှုပ်ရှားစွာကြည့်ကာ ပြုံးရွှင်သောမျက်နှာဖြင့်ဆို၏။

"ဆရာပိုပြီးစွမ်းအားကြီးလေလေ အဇူရာတိမ်ဂိုဏ်း ပိုပြီးတည်ငြိမ်အေးချမ်းလေပဲ"

"ဒါနဲ့ အရင်တစ်ခေါက်က ဆရာနဲ့ကွမ်ယင်တိုက်ကြတုန်းက ဆရာ ပင်လယ်ရေသုံးပြီး မြှားဖန်တီးလိုက်တာကို ကျွန်တော်မြင်လိုက်သေးတယ်။ အဲ့ဒါနဲ့ကျွန်တော်လည်း ဖန်ဆင်းခြင်းဝိညာဥ်ခန်းမရဲ့ အမွေအနှစ်တွေထဲကနေ ဆရာ့အတွက်အသုံးဝင်လောက်မယ့်အချက်တချို့ စုဆောင်းလာခဲ့တယ်"

ဆရာ့ဘက်က ဘယ်လောက်ပြင်ဆင်ထားပါစေ၊ ဤတိုက်ပွဲသည် အရေးကြီးအဆုံးအဖြတ်ပွဲဖြစ်သောကြောင့် သူ့ဘက်က တတ်နိုင်သလောက်ကူညီရပေဦးမည်။

ထို့ကြောင့် ဆရာဖြစ်သူ၏ ဝိညာဥ်စွမ်းရည်လေ့ကျင့်ခန်းကို ကူညီအားဖြည့်ပေးနိုင်မည့်အရာမှန်သမျှ သူသိသလောက် လေ့လာစုဆောင်းခဲ့လိုက်သည်။

ချင်းယွင်ကျိက ကျန်းယန်ကို ထူးဆန်းသလိုကြည့်လိုက်သည်။ ဒီကောင်လေး ငါ့ကိုလမ်းညွှန်ချက်ပြန်ပေးမလို့ ကြိုးစားနေပြီပေါ့လေ။

သူ့မှာ ပြန်ပြောစရာစကားပင်မရှိတော့။

နေစမ်းပါဦး၊ မင်းကဆရာလား ငါကဆရာလား။

သို့သော်လည်း ထိုသကောင့်သားသည် သူတော်စင်သခင်တစ်ပါးကို ကပ်‌ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်အားချိုးဖျက်ရန် စာအုပ်ပါးလေးတစ်အုပ်ကိုင်လျက်သာ ကူညီပေးခဲ့သောအဖြစ်အား သူသတိရမိလိုက်သည်။

"ပြစမ်းပါဦး ဘာတွေတွေ့လာတာလဲ"

ချင်းယွင်ကျိက မေးလိုက်သည်။

ကျန်းယန်သည် ခေတ္တမျှတွေးတောလိုက်ပြီးမှ လက်ကိုမြှောက်ကာ မြေပြင်ထက်တွင် ထိုက်ကျိဖွဲ့စည်းပုံတစ်ခုကို ရေးဆွဲပြလိုက်ပြီး ဆိုသည်။

"ကျွန်တော်တွေ့ခဲ့တာကတော့ ဒီကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးကို အပေါင်းနဲ့အနုတ်စွမ်းအင်၊ ယင်နဲ့ယန်အဖြစ် ခွဲခြားသတ်မှတ်လို့ရတယ်။ ဥပမာပေးရရင် ကျင့်ကြံရေးလမ်းစဥ်နဲ့ ဆန့်ကျင်ဘက်ကိုသွားတဲ့ မိစ္ဆာလမ်းစဥ်လိုပဲ။ တစ်ခုကွာတာက ယင်နဲ့ယန်ကတော့ တစ်ခုကနေတစ်ခုကို အသွင်ပြောင်းနိုင်စွမ်းရှိတယ်။"

စကားပြောနေစဥ်မှာပင် သူ့လက်ထဲမှ ဓားသွားအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

သူသည် ရှန်ကျင်းမြို့တော်၏ ယင်ယန်ဓားစိတ်ဆန္ဒကို လေ့လာပြုစုခဲ့ခြင်းပင်။

ချင်းယွင်ကျိခေါင်းညိတ်လိုက်သည်။ ကျန်းယန်၏လက်ထဲမှ ယင်ယန်ဓားစိတ်ဆန္ဒနှင့် မြေပြင်ထက်မှ ထိုက်ကျိဖွဲ့စည်းပုံကိုကြည့်ပြီး သူနားလည်သွားခဲ့၏။

ဤအတတ်ပညာ၏ စည်းမျဥ်းကို နားလည်သွားခဲ့ခြင်းပင်။

ရာစုနှစ်များစွာကို ဖြတ်သန်းလာခဲ့အပြီး မိစ္ဆာဖိနှိပ်ခြင်းလမ်းစဥ်တွင် ပါဝင်သော ယင်နှင့်ယန်သဘောတရားကို သူ စောစီးစွာကတည်းက သိရှိနားလည်ထားပြီးဖြစ်၏။

ကျန်းယန်က ဖွဲ့စည်းပုံကို ပြန်ပြင်ဆွဲလိုက်ပြီး ဆက်ပြောသည်။

"ယင်နဲ့ယန်ရဲ့ပြောင်းလဲမှုတွေကို ကျွန်တော်တို့ အတိအကျခွဲထုတ်လိုက်မယ်ဆိုရင် ပြောင်းလဲမှုလေးခုထွက်လာမယ်။ အဲ့ဒါတွေကတော့ ထိုက်ယန်၊ ရှောင်ယန်၊ ထိုက်ယင်နဲ့ ရှောင်ယင်တို့ပဲ။"

"အဲဒီနောက် လုပ်ငန်းစဥ်က ဆက်လက်လည်ပတ်နေမယ်ဆိုရင် ရှစ်ခုအထိပွားအောင် ထပ်ခွဲထုတ်လို့ရတယ်။ တဖြည်းဖြည်းနဲ့ အရေအတွက်က ပိုလို့တိုးပွားလာချိန်မှာ နယ်ပယ်ကပိုပြီးကျယ်ပြန့်လာမယ်"

သူသည် ဆရာဖြစ်သူကို ထိုက်ချီသဘောတရားမှ ယင်နှင့်ယန်အဖြစ်ကွဲထွက်သွားပုံမှစ၍ ယင်နှင့်ယန်မှ လက္ခဏာလေးခု ကွဲထွက်သွားပုံ၊ ထိုလေးခုမှ ဖွဲ့စည်းပုံရှစ်ခုအဖြစ် ပြန်လည်ကွဲထွက်သွားပုံကို တစ်ဆင့်ချင်းရှင်းပြသည်။

ဤအစပိုင်းကို သေချာရှင်းမပြလျှင် နောက်ပိုင်းသဘောတရားများတွင် ပိုလို့ရှုပ်ထွေးကုန်မည်ဖြစ်၏။

ဖန်ဆင်းခြင်းဝိညာဥ်ခန်းမမှရခဲ့သည်ဟု ပြောပြထားပါသော်ငြား ဤသဘောတရားများ၏ရင်းမြစ်မှာ ထင်ထားသည်ထက် ပိုလို့ရှုပ်ထွေးသည်။

အဘယ်‌ကြောင့်ဆိုသော် ၎င်းသည် ပြည့်စုံစွာလည်ပတ်နေပြီးသား စနစ်တစ်ခုဖြစ်သောကြောင့်ပင်။

"ဆရာ့မှာ ကိုယ်ပွားဆယ်ခုရှိတယ်မလား"

ကျန်းယန်က ဆက်ပြောသည်။

"ကျွန်တော် လက်ရှိကောက်ချက်ချထားသလိုဆိုရင် အဲ့ဒီကိုယ်ပွားတွေထဲကရှစ်ခုက ယင်ယန်ပြောင်းလဲမှုရှစ်ခုကိုထုတ်ပေးနိုင်ပြီး ကျန်တဲ့နှစ်ခုက ကောင်းကင်နဲ့မြေကမ္ဘာစွမ်းအင်ကို ထုတ်ပေးနိုင်လိမ့်မယ်။ ဒီဆယ်ခုက ချိတ်ဆက်ပြီးလည်ပတ်သွားရင် ကမ္ဘာတစ်ခုလည်ပတ်နေသလို စနစ်မျိုး ရလာလိမ့်မယ်"

"အဲ့ဒီကိုယ်ပွားဆယ်ခုကို ပေါင်းစည်းပြီးတော့ မြှားတစ်စင်းဖန်တီးနိုင်မယ်ဆိုရင် အဲ့မြှားရဲ့အစွမ်းက ထင်မထားလောက်အောင် ကြောက်စရာကောင်းမှာပဲ"

ချင်းယွင်ကျိ၏မျက်လုံးများ လင်းလက်သွားသည်။

အမှန်တော့ ကျန်းယန်သည် ထိုသဘောတရားများထဲမှ တချို့တဝက်မျှကိုသာနားလည်ပြီး သူနားလည်သလောက်သာ ရှင်းပြနိုင်ခြင်းဖြစ်သည်။ သို့သော် ချင်းယွင်ကျိကတော့ ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်သို့ ရောက်ပြီးသားကျင့်ကြံသူတစ်ဦးပင်။

ကောင်းကင်နှင့်မြေကမ္ဘာ၏ဥပဒေများနှင့် မဟာတာအိုသဘောတရားအပေါ် သူ၏နားလည်သဘောပေါက်မှုက ကျန်းယန်ထက် များစွာသာလွန်ပေသည်။

ယခု ကျန်းယန်၏ အကြမ်းဖျင်းလမ်းပြမှုမျှဖြင့် ချင်းယွင်ကျိသည် သူ၏ကိုယ်ပွားဆယ်ခုကို လက်တွေ့ထုတ်သုံးလို့ရနိုင်မည့်နည်းလမ်းအား ချက်ချင်း နားလည်သိမြင်သွားပြီဖြစ်၏။

"ငါတစ်ချက်စမ်းကြည့်လိုက်မယ်"

ချင်းယွင်ကျိက ခေါင်းညိတ်ကာ ဆိုသည်။

"ကျန်တာကိုတော့ မင်းပဲကြည့်စီစဥ်လိုက်၊ ဒီကြားထဲ ငါ့ကိုလာမနှောင့်ယှက်နဲ့ဦး၊ အချိန်ကျတဲ့အခါ ငါပြန်ထွက်လာခဲ့မယ်"

"အောင်မြင်ဖို့ဆုတောင်းပေးပါတယ်၊ ဆရာ"

ကျန်းယန်က ပြုံးရွှင်စွာနှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။

တစ်ဆက်တည်းမှာပင် ချင်းယွင်နေ့စဥ်သတင်းစာတွင် ကြေညာချက်များ ဝင့်ကြွားစွာပါဝင်လာပြီဖြစ်သည်။

စီးချင်းထိုးပွဲစိန်ခေါ်ကြောင်း ကြေညာချက်ကို ထုတ်ပြလိုက်သည်နှင့် ကမ္ဘာကြီးတစ်လုံး အံ့သြလှုပ်ရွကုန်ကြသည်။

ချင်းယွင်ကျိသည် ကပ်‌ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ကို မကြာသေးခင်ကမှ ချိုးဖျက်နိုင်ခဲ့သူဖြစ်ပါလျက် ထိုအဆင့်တွင် အရိုးဆွေးအောင်နေထိုင်ခဲ့ပြီးဖြစ်သော ကျွမ်းကျင်သူတစ်ယောက်ကို စီးချင်းထိုးတိုက်ခိုက်ဖို့ စိန်ခေါ်ရဲလေသလော။

ထို့အပြင် ကျောင်းထိုင်ဆရာတော်သည် အင်အားအကြီးဆုံးဟုသတ်မှတ်ခံထားရသော လူနည်းစုထဲမှ တစ်ဦးအပါအဝင်ပင်။

သူတော်စင်သခင် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကို မချိုးဖျက်မီအချိန်က ကျောင်းထိုက်ဆရာတော်သည် ဤလောကတွင် ဒုတိယစွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်ခဲ့လေသည်။ ဤချင်းယွင်ကျိက ထိုသို့သောပုဂ္ဂိုလ်ကိုမှ ယှဥ်ပြိုင်စီးချင်းထိုးလိုသည်ပင်။

ထိုသတင်းသည် ဂိုဏ်းပေါင်းစုံဆီပျံ့နှံ့သက်ရောက်သွားခဲ့သော်ငြား ထူးထူးခြားခြားတုံ့ပြန်မှုတော့မရှိ။

လူအချို့ကတော့ ချင်းယွင်နေ့စဥ်သတင်းစာကား လူထုကိုအုတ်အုတ်ကျက်ကျက်ဖြစ်အောင် တမင် သတင်းမှားလွှင့်နေခြင်းလားဟုပင် မေးခွန်းထုတ်ကြသည်။

မကြာမီအချိန်တွင်ပင် ရှို့ယိဘုရား‌ကျောင်းသည်လည်း ကျောင်းထိုင်ဆရာတော်နှင့် အဇူရာတိမ်ဂိုဏ်းချုပ်တို့ကြားက စီးချင်းထိုးပွဲအကြောင်း ကြေညာထုတ်ပြန်လိုက်လေတော့၏။

ဤသို့ဖြင့် တိုက်ပွဲမှာ အတည်ပြုပြီးဖြစ်သွားခဲ့သည်။

သို့သော် ထိုအတည်ပြုချက်ထွက်ပြီးမှ လူအများက ပိုလို့မယုံချင်ကြတော့။

ကျိုးကျွင်းချန်က ခပ်မဲ့မဲ့ရယ်သည်။

"အခုမှ ကပ်‌‌ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ကုပ်ကပ်တက်လာနိုင်တဲ့ လူသစ်လေးက ဆရာတော်ကိုစိန်ခေါ်ရဲတယ်တဲ့လား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီပဲ"

နှစ်ပတ်အကြာ တိုက်ပွဲကွင်းပြင်တွင် ချင်းယွင်ကျိတစ်ယောက် လူသိရှင်ကြား အရှက်ဗြန်းဗြန်းကွဲတော့မည့်အဖြစ်ကို သူတို့ ပွဲကြည့်အဖြစ် သွားရှုစားရုံသာရှိသည်ပင်။

သူကတော့ ထိုတိုက်ပွဲကို အလေးအနက်မထားခဲ့ပါပေ။

ကွေ့ယွမ်ဘုရားကျောင်း ဆရာတော်၊ မြင့်မြတ်ဝိညာဥ်ဂိုဏ်း၏ ခေါင်းဆောင်နှင့် အခြားဂိုဏ်းချုပ်များမှာ ထိုသတင်းကိုကြားအပြီး ခေါင်းတခါခါဖြင့်သာ ရှိကြလေသည်။

အဇူရာတိမ်ဂိုဏ်းတော့ အောင်မြင်လာပြီးနောက်ပိုင်း စည်းစိမ်ယစ်ကာ မာနမိုးထိမြင့်ကုန်လေပြီဟုသာ တွေးတောကုန်ကြ၏။

လန်ကျားအထွတ်အမြတ်မြေတွင်တော့ သူတော်စင်သခင်က သတင်းကိုကြားအပြီး မျက်မှောင်ကြုတ်လေသည်။

သူလည်း ထိုကိစ္စကိုနားမလည်နိုင်။ ချင်းယွင်ကျိတစ်ယောက် ကျောင်းထိုင်ဆရာတော်ကို စီးချင်းထိုးစိန်ခေါ်သည်အထိ ယုံကြည်မှုတွေလွန်ကဲလေရော့သလား။

သူနှင့်ချင်းယွင်ကျိတို့သည် ရှေ့ဆောင်လမ်းပြများအဖြစ် သတ်မှတ်ခံထားရကာ ကြောက်မက်ဖွယ်တိုက်ရည်ခိုက်ရည်များ ပိုင်ဆိုင်ထားကြသည်မှန်သော်ငြား တစ်ဖက်ဆရာတော်မှာလည်း ဓားသိုင်းလောက၏ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ကြောင်း မေ့လို့မဖြစ်။

လက်ရှိ ဓားသိုင်းကျင့်ကြံရေးလောကတွင် စွမ်းအားအကြီးဆုံးသည် ရှို့ယိဘုရားကျောင်း ဆရာတော်ပင် ဖြစ်သည်မဟုတ်လော။

သို့ပေမဲ့ သူတော်စင်သခင်သည် ချင်းယွင်ကျိနှင့် တာအိုသဘောတရားအကြောင်း ဆွေးနွေးပြောဆိုခဲ့ဖူး‌သောကြောင့် ထိုသူသည် အသားလွတ်မာန်တက်မိုက်မဲမည့်သူမျိုး မဟုတ်ဟု အထင်ရှိသည်။ ချင်းယွင်ကျိ၏ တိုက်ရည်ခိုက်ရည်ကို သူသည်ပင် အံ့သြချီးကျူးခဲ့ရသည်မဟုတ်လော။

ရှို့ယိဘုရားကျောင်းတွင် အားလုံးမှာ ကျောင်းထိုင်ဆရာတော်ကိုသာ အရိပ်တကြည့်ကြည့်ရှိကြ၏။

ဤတိုက်ပွဲကို တစ်ကမ္ဘာလုံးသိအောင် ကြေညာမောင်းခတ်ပြီးလေပြီ။

သူတို့ရှို့ယိဘုရား‌ကျောင်းဘက်က လုံးဝရှုံးနိမ့်လို့မဖြစ်။ သူတို့ရှုံးလျှင် စန်းစုန့်ကိုလက်လွှတ်ရမည်ဖြစ်ကာ ကျင့်ကြံရေးလောကတွင် ပြစရာမျက်နှာမရှိသည်အထိ အရှက်ကွဲရပေမည်။

ကျောင်းထိုင်ဆရာတော်က စိုးရိမ်ပူပန်နေဟန်ရှိသော လက်အောက်ငယ်သားများကို တစ်ချက်လှမ်းကြည့်ပြီး တည်ငြိမ်စွာပြောလာသည်။

"ချင်းယွင်ကျိက လူငယ်ဆိုပေမဲ့ သတ္တိဗျတ္တိနဲ့ ပြည့်စုံသူတစ်ယောက်ပဲ"

"သူတို့ဘက်က အပေးအယူကို ဒီလိုတောင်းဆိုလာမှတော့လည်း ငါ့ဘက်က ဖြည့်ဆည်းပေးရမှာပေါ့"

"ဒီတိုက်ပွဲရဲ့အနိုင်အရှုံးက အလေးအနက်ထားရမယ့်ကိစ္စတစ်ခုပဲ"

"ငါအားဖြည့်ဖို့အတွက် သီးသန့်ကျင့်ကြံရေးဝင်ဦးမယ်။ အချိန်ကျတဲ့အခါထွက်လာမယ်လို့ပဲ သိထားကြပါ"

ဤသို့ဖြင့် ကျောင်းထိုင်ဆရာတော်သည် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားလေတော့၏။

ချင်းယွင်မြို့တော်ထဲတွင်လည်း ချင်းယွင်ကျိနှင့် ကျောင်းထိုင်ဆရာတော်ကြားမှ စီးချင်းထိုးပွဲအကြောင်း ဆွေးနွေးတွတ်ထိုးစရာ လွန်စွာပေါများလို့နေလေသည်။

"အဲ့ဆရာတော်ဆိုတာဘယ်ကလဲ၊ ငါတို့ဂိုဏ်းချုပ်ကိုများ တစ်ယောက်ချင်းယှဥ်ချရဲရတယ်လို့"

"တစ်ဖက်ကဘာကြီးဖြစ်နေနေ ဂိုဏ်းချုပ်ကတော့ လုံးဝရှုံးမှာမဟုတ်ဘူး"

"ငါတို့မှာနောက်ဆုံးမှ ခိုကိုးရာနေရာလေးတစ်ခု ရှာတွေ့ထားစရှိသေးတာကို အဲ့ဒီဆရာတော်ဆိုတာက သက်သက်လာဖျက်ဆီးချင်နေတာပဲ။ နတ်ဘုရားများ တရားမျှတမှုကိုဆောင်ကျဥ်းပေးဖို့ အဲ့ဆရာတော်ခေါင်းကို မိုးကြိုးသာပစ်ချလိုက်စမ်းပါလေ"

"နတ်ဘုရားများ ဂိုဏ်းချုပ်ကိုကောင်းချီးပေးကြပါ။ ဂိုဏ်းချုပ်နိုင်မှဖြစ်မယ်"

ချင်းယွင်မြို့တော်တလွှားတွင်တော့ ထိုစကားများကိုသာ နားနှင့်မဆံ့အောင်ကြားနေရလေသည်။

မရေမတွက်နိုင်သော မြို့သူမြို့သားများ ဤအကြောင်းအရာကိုသာ အာရုံရှိနေကြချိန် ချင်းယွင်မြို့တော်ထဲ ကြောက်မက်ဖွယ်ဖိအားတစ်ခုက အရှိန်အဟုန်ဖြင့် ထိုးတက်လာလေသည်။

"တရားဓမ္မ"

ဝူဖားက လွှတ်ခနဲ အာမေဋိတ်ပြုကာ စိတ်လှုပ်ရှားစွာ အသံတုန်တုန်ဖြင့် ထအော်လေသည်။

"ငါတရားဓမ္မကို မျက်မြင်တွေ့လိုက်ရတယ်။ ငါရှာနေတဲ့ တရားဓမ္မကို ငါတွေ့လိုက်ပြီပဲ"

သူ ကမန်းကတန်းလက်အုပ်ချီကာ ဘုရားစာတရားစာများကို တတွတ်တွတ်ရွတ်ဖတ်လေတော့သည်။

အတိုင်းအဆမဲ့ ဗုဒ္ဓ။

All Chapters