← Chapters

အခန်း ၄၇၆

Vol. 46 Ch. 476

အခန်း ၄၇၆

Vol. 46 Ch. 476

Chapter 476

စိန်ခေါ်ပွဲကို လဝက်အကြာတွင် ကျင်းပတော့မည်ဖြစ်၏။

ကမ္ဘာအနှံ့မှ စွမ်းအားရှင်များအားလုံး ဤစီးချင်းထိုးပွဲကို ကိုယ်တွေ့မျက်မြင် ရှုစားချင်ကြလေသည်။

ကံမကောင်းစွာဖြင့် တစ္ဆေဂိတ်တံခါးကိုဖွင့်မည်ဟု ခြိမ်းခြောက်ကြွေးကြော်ထားခဲ့ခြင်းကြောင့် စွမ်းအားရှင်များမှာ သိလိုစိတ်ပြင်းပြလှပါသော်လည်း အဆောတလျင်လှုပ်ရှားဖို့ စိုးထိတ်နေကြရ၏။

ကပ်‌ဘေးဖြတ်‌ကျော်ခြင်းအဆင့် ကျင့်ကြံသူများမှာ တစ္ဆေဘုံတမန်တော်များ၏တိုက်ခိုက်မှုကို စိုးရိမ်ရသောကြောင့် ဂိုဏ်းများကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ကာကွယ်ရန် တာဝန်ကျနေရှာလေသည်။

ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဥ်ဂိုဏ်းအပါအဝင် ဂိုဏ်းအများစုမှာ ထိုအကြောင်းကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဂိုဏ်းသားများကို တိုက်ပွဲရှုစားရန် မစေလွှတ်နိုင်ပါသော်ငြား တိုက်ပွဲအခြေအနေကို လေ့လာစောင့်ကြည့်ဖို့ ဂိုဏ်းကိုယ်စားလှယ်များကိုတော့ စေလွှတ်လိုက်ကြလေသည်။

တိုက်ပွဲရလဒ်ကို မြန်နိုင်သမျှအမြန်ဆုံး သိရှိပါမှ ရှေ့ဆက်၍ မည်သို့ပြုမူတုံ့ပြန်ရမည်အား ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

အဇူရာတောင်ထွတ်တွင် ကျန်းယန်၊ လင်းယွင်ကျိ၊ စန်းစုန့်နှင့် ဂိုဏ်းသားတစ်အုပ်မှာ ချင်းယွင်ကျိတစ်ယောက် သီးသန့်ကျင့်ကြံရာမှထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ချင်းယွင်ကျိသည် ယုံကြည်မှုအပြည့်ပါသော အပြုံးတစ်ပွင့်ဖြင့် သူ့တို့မျက်စိရှေ့သို့ ပေါ်ထွက်လာခဲ့ကာ ဆိုသည်။

"လုပ်စရာရှိတာတွေအားလုံး စီစဥ်ပြီးကြပြီလား။ ဒါဆို အခုပဲစထွက်ကြတော့တာပဲ"

"အကုန်အဆင်သင့်ဖြစ်ပါပြီ ဆရာ၊ ဆရာရောက်လာဖို့ပဲ လိုတော့တာပါ"

ကျန်းယန်ကဆိုသည်။

"ဆရာဦးလေးတချို့ကတော့ ဂိုဏ်းကိုစောင့်ကြပ်ဖို့ ကျန်ရစ်ခဲ့ကြပါလိမ့်မယ်။ မိစ္ဆာခြောက်ယောက်ကိုလည်း လိုရမယ်ရ ဂိုဏ်းမှာ အသင့်အနေအထားနဲ့ပြင်ခိုင်းထားပါတယ်"

"လေးယောက်ကတော့ ကျွန်တော်တို့ကို တိုက်ပွဲအထိ အဖော်ပြုလိုက်ပါပါလိမ့်မယ်။"

"ဆရာအိုကြီးလည်း ကျွန်တော်တို့နဲ့အတူ လိုက်မှာပါတဲ့"

မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲ၏ အချက်အချာစမှတ်သည် စန်းစုန့်ဖြစ်သောကြောင့် သူကတော့ သေချာပေါက်လူလုံးထွက်ပြရမည်ပင်။

ချင်းယွင်ကျိက ခေါင်းညိတ်လိုက်သည်။

"ဘာမှမစိုးရိမ်ကြနဲ့၊ အားလုံးလည်း စီစဥ်နေရာချပြီးသားဆိုတော့ စထွက်ကြတာပေါ့"

သူ့နောက်တွင် ကျန်းယန်နှင့် ဂူရွှယ်၊ ဂူဒူအာ၊ ဂူယန်၊ ဂူချန် အစပြုသော မိစ္ဆာလေးယောက်နှင့် စန်းစုန့်တို့က အတူလိုက်ပါလာကာ သတ်မှတ်ထားသော တိုက်ပွဲတည်နေရာသို့ ဦးတည်ကြကုန်တော့၏။

တိုက်ပွဲတည်နေရာမှာ အကန့်အသတ်မဲ့ကျယ်ပြောသော ပင်လယ်ပြင်တစ်ခုထက်တွင် ဖြစ်သည်။

ကျန်းယန်တို့အုပ်စု ရောက်ရှိသောအခါ အခြားဂိုဏ်းများမှ လူအမြောက်အများ သူ့တို့ကိုဝိုင်းရံလာကြသည်။ မဟာနှင်းတောင်တန်းအကြီးအကဲနှင့် သူတော်စင်သခင်တို့လို ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျွမ်းကျင်သူများလည်း တိုက်ပွဲအား အနီးကပ်ရှုစားရန်ရောက်ရှိနေကြပြီး ကျင်းတောက်၊ ကျန်းရှန်နှင် ဒေါင်ဘူအာတို့လို ဂိုဏ်းကိုယ်စားလှယ်များကိုလည်း အသီးသီးတွေ့ရသည်။

ပင်လယ်ပြင်၏ အလယ်ဗဟိုတွင် ကျောင်းထိုင်ဆရာတော်မှာ ရောက်နှင့်နေပြီဖြစ်ပြီး ဓားရှည်ကို လက်တွင်စွဲကိုင်လျက် ရပ်စောင့်နေသည်။

"စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးပါဗျာ"

ချင်းယွင်ကျိက ယဥ်ကျေးစွာစကားဆိုသည်။

"ကျုပ်လည်း အခုပဲရောက်တာပါ"

ကျောင်းထိုင်ဆရာတော်က ခပ်တည်တည်သာစကားပြန်၏။

"စလိုက်ကြတော့မလား"

"စကြတာပေါ့"

ဓားအလင်းတန်းတပြက်သည် ပင်လယ်ပြင်ထက်သို့ လက်ခနဲဖြတ်ပြေးကာ မြင့်မားသောရေလှိုင်းများကို ရိုက်ခတ်ဖြစ်ပေါ်စေ၏။

ပြိုင်ပွဲဝင်နှစ်ဦးသည် မည်သည့် အပိုဆာဒါစကားတစ်ခွန်းမှ မဆိုဘဲ တိုက်ပွဲကို ရုတ်ချည်းစတင်ကြလေသည်။

အခြားသော တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများမှာ ရေပြင်အနားသတ်များတွင် စောင့်ကြည့်နေရာမှ ရို့ခနဲ နောက်ဆုတ်သွားမိကြ၏။

ဤသည်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့် ကျင့်ကြံသူနှစ်ဦး အနိုင်အရှုံးကိုဆုံးဖြတ်ကြမည့် စီးချင်းထိုးနယ်မြေဖြစ်သည်။ သူတို့၏အင်အားအဆင့်လောက်မျှဖြင့် အနီးကပ်ကြည့်ဖို့ရန်ပင် မဝံ့ရဲစရာ။

တိုက်ပွဲနယ်မြေသည် လျင်မြန်စွာပင် လူသူကျဲပါးသွားပြီး စောင့်ကြည့်သူဟူ၍ မဟာနှင်းတောင်တန်းအကြီးအကဲ၊ သူတော်စင်သခင်၊ မိစ္ဆာလေးဦးနှင့် သူတို့ဘေးတွင်ရပ်နေသော ကျန်းယန်၊ ထို့နောက် ကြောက်ကြောက်လန့်လန့်မျက်နှာဖြင့် မလှမ်းမကမ်းတွင်ရပ်နေသော စန်းစုန့်တို့သာ ကျန်ရှိတော့လေသည်။

သူတော်စင်သခင်က ကျန်းယန်အနားသို့ လှစ်ခနဲကပ်လာကာ မေးသည်။

"မင်းဆရာက သူ့ကိုယ်သူနိုင်မယ်လို့ထင်သတဲ့လား"

"ရာနှုန်းပြည့်ထင်တယ်တဲ့"

ကျန်းယန်က ခပ်အေးအေးဖြေသည်။

သူတော်စင်သခင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရ၏။

ဒီတော့ ဆိုလိုတာက ကျောင်းထိုင်ဆရာတော် ရှုံးလိမ့်မယ်ပေါ့လေ။

မိစ္ဆာအချို့ပင် ကျန်းယန်ကို အကြည့်တစ်မျိုးဖြင့် အကဲခတ်လာကြသည်။ ဒီလူငယ်လေး ယုံကြည်မှုတွေ အလွန်အကျွံများနေပြီမဟုတ်လား။

ဂူရွှယ်က သူတော်စင်သခင်ကို တစ်ချက်တစ်ချက် အကဲခတ်လို့နေသည်။ ရှေ့ဆောင်လမ်းပြနောက်တစ်ယောက်က ဒီလူတဲ့လား။

ထိုသူသည် သူ၏အရှိန်အဝါကို လုံးလုံးလျားလျား ချိတ်ပိတ်ဖုံးကွယ်ကာ သူ့ဘက်က လှုပ်ရှားမှုတစ်ခုခု မပြုသရွေ့ စွမ်းအားအစစ်အမှန်ကို မည်သူတစ်ဦးတစ်ယောက်မှ ခန့်မှန်းလို့မရစေရန် ဖုံးဖိထားသည်။

ဒီရှေ့ဆောင်လမ်းပြရဲ့ ဉာဏ်အလင်းအဆင့်အတန်း ဘယ်လောက်ရှိမလဲ သိချင်သားပဲ။

ဂူရွှယ်၏အကြည့်က တိုက်ပွဲနယ်မြေ၏ ဗဟိုဆီသို့ ရွှေ့ပြောင်းသွားသည်။

ရှေ့ဆောင်လမ်းပြ နောက်တစ်ယောက်ကတော့ သူတို့မျက်စိရှေ့တွင် စွမ်းအားထုတ်ပြနေလေပြီ။ ထိုသူ မည်မျှအထိစွမ်းဆောင်နိုင်သည်ကို အကဲခတ်ရန်အချိန်ကောင်းပင်။

တိုက်ပွဲမြေပြင်ထက် ချင်းယွင်ကျိ၏ဓားနှင့် ဆရာတော်၏ဓားတို့ ချွမ်ခနဲထိခတ်မိသွားကြသည်။ ‌ထိုထိခတ်မှုမှ ဓားရာရှည်တစ်ချက်သည် ကောင်းကင်ထက်သို့ ပိုင်းဖြတ်တော့မလိုမြင့်တက်သွားကာ ဆရာတော်အသုံးပြုလိုက်သော ဓားတာအိုအစွမ်းကိုလည်း ရှင်းလင်းစွာမြင်နိုင်၏။

တစ်ဖက်က ဓားသိုင်းပညာထုတ်သုံးလာချိန်တွင် ချင်းယွင်ကျိသည်လည်း မိစ္ဆာနှိမ်နင်းရေးလမ်းစဥ်ကို စတင်ဖော်ထုတ်လာသည်။ မူလက လှိုင်းထန်ရိုက်ခတ်နေသော ပင်လယ်ပြင်မှာ တမုဟုတ်ချင်း တိတ်ဆိတ်ငြိမ်သက်သွားလျက်။

ထို့နောက် ချက်ချင်းဆိုသလိုပင် နှစ်ပိုင်းကွဲထွက်သွားလေသည်။

တစ်ဖက်ခြမ်းတွင် အဆုံးမရှိကျယ်ပြောထူထပ်သော ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့်ပင်လယ်၏ ဥပဒေသများအပါအဝင် ကမ္ဘာပေါ်ရှိအရာအားလုံးကို ပိုင်းဖြတ်နင်းချေတော့မည့်အင်အားကို ပြသသည်။ ထို အဆုံးမရှိသောဓားစိတ်ဆန္ဒ၏ အားအင်အောက်တွင် အရာအားလုံး ကြေမွကျိုးပျက်ကာ ဝရုန်းသုန်းကားကျန်ရစ်ခဲ့၏။

မကြာမီတွင် ထိုနေရာတဝိုက်၌ ဓားအလင်းတန်းမှလွဲ တခြားမည်သည့်အရာဝတ္ထုမှမကျန်တော့သည်အထိ ရှင်းလင်းသွားခဲ့သည်။

ဤသည်မှာ ကျောင်းထိုင်ဆရာတော်၏ ဓားတာအိုနယ်ပယ်ပင်။

ပင်လယ်၏ အခြားတစ်ခြမ်းမှာတော့ ပန်းချီကားတစ်ချပ်လို လှပလွန်းနေခဲ့လေသည်။

ပင်လယ်ရေပြင်သာရှိနေခဲ့သောနေရာတွင် တောင်တန်းတောင်ကုန်းများ၊ မြစ်အသွယ်သွယ်နှင့် ရေကန်သာတို့ကို မြင်တွေ့နေရလေသည်။

ထိုနယ်ပယ်နှစ်ခြမ်းမှာ ဦးတိုက်ရင်ဆိုင်နေလျက်သား အခြေအနေဖြစ်၏။

"မင်း ဒီတစ်ခေါက်လည်း တာအိုနယ်ပယ်ကိုထုတ်မသုံးလောက်ဘူးထင်ထားတာဂ

ဆရာတော်က အေးစက်စက်ပြုံးသည်။ သူ၏ အမတသတ်ဖြတ်ဓားဖြင့်ဆိုလျှင် ချင်းယွင်ကျိ၏တာအိုနယ်ပယ်ထဲမှ တောင်တန်းမြစ်ချောင်းများကို တစ်ချက်တည်းနှင့်ပိုင်းဖြတ်နိုင်ပေမည်။

ရုတ်တရတ် ချင်းယွင်ကျိ၏ပုံရိပ်က တာအိုနယ်ပယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

ထိုပုံရိပ်သည် လွှဲခုတ်လာသော အမတသတ်ဖြတ်ဓားကိုရင်ဆိုင်ကာ ဆရာတော်၏တာအိုနယ်ပယ်ထဲသို့ ဦးတည်တိုးဝင်သွားခဲ့၏။

သွေးများ ဖြာခနဲပန်းထွက်လာခဲ့သည်။

ဓားချက်တစ်ချက်တည်းဖြင့် ချင်းယွင်ကျိ၏ခန္ဓာမှာ နှစ်ပိုင်းကွဲထွက်သွားခဲ့၏။

ရုတ်တရတ်ဆန်လှသော အဖြစ်အပျက်ကြောင့် ကြည့်ရှုနေသောပရိတ်သတ်အပေါင်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ဒါ အဆုံးသတ်ပဲလား။

ချင်းယွင်ကျိရဲ့စွမ်းအားကုန်က ဒီလောက်ထိပဲလား။

သူတော်စင်သခင်သည်ပင် ဟန်မဆောင်နိုင်စွာ အံ့သြတုန်လှုပ်သွားခဲ့ရသည်။

ချင်းယွင်ကျိမှာ ဓားချက်တစ်ချက်ဖြင့် ဤသို့သတ်ဖြတ်ခံလိုက်ရပါသည်လော။

ဂူရွှယ်က မျက်မှောင်ကြုတ်သည်။

"သွေးမိစ္ဆာလား၊ စိတ်ဝင်စားစရာပဲ"

ကျန်မိစ္ဆာများမှာတော့ ထူးဆန်းအံ့သြလျက်ရှိကြ၏။ ချင်းယွင်ကျိတစ်ယောက် ပုံမှန်မဟုတ်စွာ တစ်ခုခုလွဲချော်နေသလို သူတို့ခံစားနေရသည်ပင်။

ကျောင်းထိုင်ဆရာတော်လည်း ကြက်သေသေသွားခဲ့ရသည်။

သူ တကယ်ပဲ ချင်းယွင်ကျိကို ဓားချက်တစ်ချက်နဲ့အပြီးသတ်နိုင်ခဲ့တာလား။ မဟုတ်မှ ချင်းယွင်ကျိ သူ့စိန်ခေါ်မှုကိုလက်ခံခဲ့တာ သူ့လက်ချက်နဲ့သေဖို့သက်သက်ပဲလား။

ထိုစဥ် သူ့မျက်နှာအမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ချင်းယွင်ကျိ၏ နှစ်ပိုင်းကွဲသွားသောခန္ဓာသည် တစ်သားတည်း ပြန်လည်ပေါင်းစည်းသွားခဲ့သောကြောင့်ပင်။

ဓားခုတ်ချက်တွင် ဓားစိတ်ဆန္ဒပါဝင်ထားသောကြောင့် နဂိုမူလပုံစံလို အကောင်းပကတိ ပြန်မဖြစ်နိုင်ဘဲ သူ၏ခန္ဓာကိုယ်အလယ်တည့်တည့်တွင် ဓားရာထင်းထင်းကို မြင်နေခဲ့ရသည်။ ထိုသွင်ပြင်ကပင် ပို၍ ထူးဆန်းကြောက်ရွံ့ဖွယ်ကောင်းနေလျက်။

ချက်ချင်းဆိုသလိုပင် ဆရာတော်သည် သူ့ကိုယ်ထဲမှသွေးများ ပေါက်ကွဲထွက်တော့မတတ် ဆူပွက်လာသည်ကို ခံစားမိလိုက်၏။

အသိစိတ်ဝိညာဥ်မှတစ်ဆင့် ကိုယ်တွင်းအခြေအနေကို ပြန်လည်အကဲခတ်ကြည့်သော် မရေမတွက်နိုင်သော သွေးနီရောင် ရောင်ခြည်တန်းများ သူ့ကိုယ်ကို ရစ်ပတ်လွှမ်းခြုံထားသည်အား ချက်ချင်း အာရုံခံမိလိုက်သည်။

သူ ချက်ချင်းပင် အမတသတ်ဖြတ်ဓားချက်တွင် နတ်ဝိညာဥ်စွမ်းအင်ကိုပါပေါင်းထည့်ကာ ထိုသွေးနီရောင်အလင်းတန်းများအား ခုတ်ဖြတ်ချလိုက်သည်။

သွေးရောင်ခြည်တန်းများ ပြတ်တောက်သွားသည့်သခိုက် ဆူပွက်နေသောသွေးကြောများလည်း ချက်ချင်း ငြိမ်သက်သွားခဲ့လေသည်။

ထိုစဥ် ကျောင်းထိုင်ဆရာတော်၏ နတ်ဝိညာဥ်စွမ်းအင်ဖြင့် ဖြည့်သွင်းထားသော ဓားသွားရှည်က ချင်းယွင်ကျိဆီသို့ တည့်တည့်ခုတ်ချလာသည်။

ချင်းယွင်ကျိထံမှ သွေးရောင်အလင်းတန်းတချို့ လင်းလက်သွားပြီး လူတစ်ယောက်လုံး တာအိုနယ်ပယ်ထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

ဆရာတော် မျက်မှောင်ကြုတ်ကာ စတင်စိုးထိတ်စပြုလာသည်။ ချင်းယွင်ကျိ ဘယ်တုန်းက ဒီလိုတွေလုပ်တတ်သွားတာလဲ။

သူ ဓားရှည်ကို နောက်တစ်ကြိမ်လွှဲယမ်းကာ ချင်းယွင်ကျိ၏တာအိုနယ်ပယ်ကို ခုတ်ချလိုက်သည်။

ထိုစဥ် ချင်းယွင်ကျိပြန်ပေါ်လာကာ သူ၏လက်သီးကို အမတသတ်ဖြတ်ဓားချက်တည့်တည့်ဆီသို့ ထိုးသွင်းလျက် ကြားဖြတ်ရပ်တန့်စေလိုက်၏။

ဆရာတော်မှာ ကြီးစွာလန့်ဖျပ်သွားခဲ့ရသည်။ တစ်ဖက်ကျင့်ကြံသူ၏ ခန္ဓာကြံ့ခိုင်မှုမှာ ပို၍ပို၍အားကောင်းလာသည်ကို သူခံစားမိနေသည်ပင်။

သို့သော် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ဦးက အမတသတ်ဖြတ်ဓားကို မည်သို့တောင့်ခံနိုင်ပါအံ့နည်း။

ချင်းယွင်ကျိဆိုသူသည် မည်သို့သောကျင့်ကြံရေးနည်းလမ်းကို အသုံးပြုနေခဲ့ပါသနည်း။

ဘာကြောင့် ထိုသူ၏ကိုယ်ခန္ဓာအင်အားသည် တမုဟုတ်ချင်း တိုးမြင့်အားကောင်းလာရပါသနည်း။

ပရိတ်သတ်ထု၏မျက်နှာအမူအရာမှာလည်း လိုက်မမီနိုင်လောက်အောင် ပြောင်းလဲကုန်ကြသည်။

ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ခန္ဓာ ထိုမျှကြံ့ခိုင်သန်စွမ်းနေခြင်းသည် ပုံမှန်ကိုမဟုတ်ပါပေ။

ကျောင်းထိုင်ဆရာတော်၏ အာရုံခံနိုင်စွမ်းမှာ စုဝေးနေသောသူအပေါင်းကြား အထက်မြက်ဆုံးဖြစ်လေရာ အတုန်လှုပ်ရဆုံးလည်း ဖြစ်ပေတော့၏။

ဓားချက်ကို မည်မျှခုတ်လွှဲနေပါစေ စိန်ကို ကြက်သွန်လှီးဓားဖြင့် ကြိုးစားလှီးဖြတ်နေရသကဲ့သို့။

သူတိုက်ခိုက်နေသည့်သူမှာ လူသားမဟုတ်ဘဲ မှော်လက်နက်ကြီးတစ်ခုပေလားဟု သံသယဝင်လာရသည်။

သို့သော် သူရှေ့မှလူသည် ချင်းယွင်ကျိသာဖြစ်ကြောင်း သူမြင်နိုင်ပေသည်။

ကျောင်းထိုင်ဆရာတော်သည် ချင်းယွင်ကျိ၏ထူးဆန်းမှုကို လျင်မြန်စွာပင် သတိပြုမိသွားခဲ့၏။ ချင်းယွင်ကျိ၏ခန္ဓာကိုယ်သည် သူခုတ်ဖြတ်မရအောင် ကြံ့ခိုင်နေပါသော်ငြား မဟာတာအိုစွမ်းအင် ကင်းမဲ့နေသည်ပင်။ ထိုခန္ဓာသည် ကောင်းကင်နှင့်မြေကမ္ဘာ၏ ဥပဒေသများကို အသက်မသွင်းနိုင်သလို ဝိညာဥ်စွမ်းအင်လည်း အငွေ့အသက်ပင်မပါရှိ။

ချင်းယွင်ကျိက ဖွဖွပြုံး၏။

"ဆရာတော် အရမ်းလောနေတာပဲ။ ကျွန်တော့်ကို အဲ့လောက်တောင်မှတွေ့ချင်နေပြီလား"

All Chapters