အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း (၂၃၁) - သဘောတူညီချက်
ကျူးလင်သည် တပည့်ဖြစ်သူ၏ ဖြူရော်နေသော မျက်နှာကို ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ ပွေ့ချီလိုက်သည်။ ထူထူက သူမ၏ လေးနက်နေသော မျက်နှာအမူအရာကို မြင်သောအခါ လျင်မြန်စွာ ခုန်တက်သွားပြီး ပုခုံးပေါ်တွင် ထိုင်လိုက်လေသည်။ နှစ်မိနစ်အကြာတွင် ကျူးလင်က ဧည့်သည်အခန်းဆီသို့ လျှောက်သွားလေတော့၏။
ရှို့ဝူက သူမ၏ ရင်ခွင်ထဲတွင် သတိလစ်နေသော ကျန်းကျင့်နန်ကို မြင်သောအခါ မေးလိုက်သည်။
"မင်းတပည့်က မင်းရဲ့ဝိညာဥ်သားရဲဖြစ်တဲ့ ရေခဲချီလင် ‘ရွှမ်း’ ဆိုတာကိုတော့ မပြောနဲ့နော်..."
သူ၏စကားကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းကျင့်နန်ကို ကောင်လေး၏ ဘေးတွင် ချထားလိုက်လေသည်။
သူတို့နှစ်ယောက် ကုတင်ပေါ်တွင် ယှဉ်လျက် လဲလျောင်းသွားသည်နှင့် တစ်ပြိုင်နက် ရေခဲပြာရောင်အလင်းတန်းနှင့် အနီရောင်အလင်းတန်းတို့က သူတို့၏ နှလုံးသားများမှ တစ်ချိန်တည်း ပွင့်ဟထွက်ပေါ်လာ၏။
အလင်းတန်းနှစ်ခု ချိတ်ဆက်သွားချိန်တွင် ကျန်းကျင့်နန်နှင့် ကောင်လေး၏ အခြေအနေသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် မြန်ဆန်စွာ တိုးတက်ကောင်းမွန်လာလေသည်။
ကောင်လေး၏ အခြေအနေ ကောင်းမွန်လာသည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်သည်။
"ငါသာ မိစ္ဆာစွမ်းအင်တွေကို စုပ်ယူလိုက်ရင် သူ အဆင်ပြေသွားလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ရှို့ဝူသည် ကောင်လေး၏ မျက်ခုံးနှစ်ခုကြားကို လက်ညှိုးနှင့် လက်ခလယ်တို့ဖြင့် ထောက်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် မိစ္ဆာစွမ်းအင်တစ်စုက ကောင်လေး၏ အထက်ဒန်တျန်မှ ပျံထွက်လာပြီး ရှို့ဝူ၏ လက်ချောင်းထိပ်များဆီသို့ ဝင်ရောက်သွားတော့၏။
ကျူးလင်သည် သူ၏ဘေးတွင် ရပ်နေရင်း ကောင်လေး၏မျက်နှာ ဖြူရော်သွားသည်ကို မြင်လိုက်ရသည်။ သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကောင်လေး၏ စုတ်ပြဲညစ်ပတ်နေသော အဝတ်အစားများကို ဖွင့်လိုက်လေသည်။
ထို့နောက် သူမ၏ လက်ချောင်းများဖြင့် သူ၏ အောက်ဒန်တျန်ကို ထောက်လိုက်ကာ နတ်ဘုရားစွမ်းအင်များကို အောက်ဒန်တျန်အတွင်းသို့ တိုက်ရိုက် ထိုးသွင်းပေးလိုက်တော့သည်။
ရှို့ဝူက ကောင်လေး၏ အထက်ဒန်တျန်မှ မိစ္ဆာစွမ်းအင်များကို စုပ်ယူနေစဉ် ကျူးလင်ကလည်း ကောင်လေး၏ အောက်ဒန်တျန်အတွင်းသို့ နတ်ဘုရားစွမ်းအင်များ ဆက်လက်ထိုးသွင်းပေးနေလေသည်။
သူတို့နှစ်ဦးသည် နှစ်နာရီကျော်ကြာအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီးနောက် ရှို့ဝူက သူ၏ လက်ချောင်းများကို ရုပ်သိမ်းလိုက်ကာ ပြောလိုက်၏။
"သူ့ကိုယ်ထဲက မိစ္ဆာစွမ်းအင်တွေကို ဖယ်ရှားလိုက်ပြီ..."
သူ၏စကားကို ကြားပြီးနောက် ကျူးလင်က သက်ပြင်းချနိုင်သွား၏။
သူမ၏ ခန္ဓာကိုယ် ပြေလျော့သွားသည်နှင့် တစ်ပြိုင်နက် ယိမ်းထိုးသွားကာ ကြမ်းပြင်ပေါ်သို့ မကျမီ ရှို့ဝူက ဖမ်းထိန်းထားလိုက်လေသည်။ ချွေးအေးများဖြင့် ဖုံးလွှမ်းနေသော သူမ၏ ဖြူရော်နေသည့် မျက်နှာကို မြင်သောအခါ ရှို့ဝူမှာ ရင်ကွဲမတတ် ခံစားလိုက်ရတော့သည်။
သူက မျက်မှောင်ကြုတ်လိုက်ပြီးနောက် အပြစ်တင်လိုက်လေသည်။
"တခြားသူတွေကို ဂရုမစိုက်ခင် မင်းကိုယ်မင်း အရင်ဂရုစိုက်ဖို့ ငါ ပြောထားတယ်လေ... ဒါပေမဲ့ အခု မင်း ဘာလုပ်လိုက်တာလဲ... မင်းရဲ့ နတ်ဘုရားစွမ်းအင်တွေ ကုန်ခမ်းသွားရင် မင်း သေသွားလိမ့်မယ်ဆိုတာ မသိဘူးလား..."
သူ့စကားကိုကြားပြီး စိုးရိမ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ကျူးလင်က သူ၏ တွန့်ချိုးနေသော မျက်မှောင်ကို ပြေလျော့သွားစေရန် လက်လှမ်းလိုက်ပြီးနောက် အားနည်းစွာ ပြောလိုက်လေသည်။
"ရှင့်ကို စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ် အားဝူ..."
သူမ၏ ကြင်နာယုယသော ခေါ်သံကို ကြားလိုက်ရသဖြင့် ရှို့ဝူ ပြောချင်သမျှ စကားလုံးများအားလုံးမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားရရှာသည်။
သူက သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်ကာ သူ၏နဖူးဖြင့် သူမ၏နဖူးကို ထိကပ်လိုက်ရင်း အကူအညီမဲ့စွာ ပြောလိုက်တော့၏။
"ငါ မင်းကို ဘာမှမတတ်နိုင်တော့တာပဲ..."
ထိုသို့ပြောပြီးနောက် ရှို့ဝူသည် သူမကို အိပ်ခန်းဆီသို့ ပြန်လည်ပွေ့ချီသွားလေသည်။ သူမကို ကုတင်ပေါ်တွင် ချပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
"မင်း အရင်အနားယူလိုက်ဦး..."
ရှို့ဝူက သူမ၏တပည့်နှင့် ကောင်လေးကို ဂရုစိုက်ပေးမည်ကို သိသောကြောင့် ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်လေသည်။
အချိန်ခဏလေးအတွင်းမှာပင် သူမ အိပ်ပျော်သွားတော့၏။ သူမ အိပ်ပျော်နေစဉ်အတွင်း နတ်ဘုရားစွမ်းအင်များက အောက်ဒန်တျန်အတွင်းသို့ စီးဝင်နေသည်ကို မြင်သောအခါ ရှို့ဝူက သူမကို နမ်းလိုက်ပြီးနောက် ထွက်ခွာသွားလေသည်။
ရှို့ဝူသည် ကျူးလင်၏ အိပ်ခန်းအပြင်ဘက်တွင် ရပ်နေရင်း ဧည့်သည်အခန်းဆီသို့ ကြည့်ကာ တွေးလိုက်လေသည်။
'ရေခဲချီလင်နဲ့ မီးချီလင်က ဘယ်လိုလုပ်ပြီး လူသားတွေအဖြစ် ဝင်စားလာကာ ဒီကမ္ဘာကို ရောက်လာနိုင်ရတာလဲ...’
‘လောကဘုံခြောက်ပါးထဲက တစ်ယောက်ယောက်များ သံသရာကျောက်တုံးကို တစ်ခုခု လုပ်ခဲ့တာလား... တကယ်လို့ ဒီလိုသာဆိုရင် ဒီလိုလုပ်ရတဲ့သူရဲ့ ရည်ရွယ်ချက်က ဘာများလဲ...'
ဤသို့တွေးနေရင်း ရှို့ဝူက အောက်ထပ်သို့ လှမ်းကြည့်လိုက်ရာ လီချိုး အပြင်မှ ပြန်လာသည်ကို မြင်လိုက်ရသည်။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားကာ ပြောလိုက်၏။
"လီချိုး... မင်းကို ငါ မေးစရာတစ်ခုရှိတယ်..."
သူ၏စကားကို ကြားသောအခါ လီချိုးက မော့ကြည့်လိုက်ပြီး ရှို့ဝူ ဒုတိယထပ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည်။ သူက ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး မေးလိုက်သည်။
"မိစ္ဆာနတ်ဘုရား... ခင်ဗျား ဘာမေးချင်တာလဲ..."
လီချိုးက သူ့ကို မိစ္ဆာနတ်ဘုရားဟု ခေါ်လိုက်သည်ကို ကြားသောအခါ ရှို့ဝူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဘာမှမပြောချေ။
သူက လီချိုး၏ အရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် စကားစလိုက်လေသည်။
"မင်းက လောကဘုံခြောက်ပါးထဲက နတ်ဆိုးတွေနဲ့ ဆက်သွယ်လို့ရတယ်လို့ လင်အာ ဆီကနေ ငါကြားထားတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် လီချိုးက မတ်တတ်ရပ်လိုက်ပြီး သူ့ကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။
"ခင်ဗျားက မိစ္ဆာနတ်ဘုရားဆိုတာကို နောက်ဆုံးတော့ ဝန်ခံလိုက်ပြီပေါ့..."
ရှို့ဝူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ထိုင်လိုက်စမ်းပါ..."
လီချိုးသည် အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်ပြီး နတ်ဆိုးလောက၏ အရှင်သခင်ဖြစ်သော်လည်း ရှို့ဝူနှင့် ရင်ဆိုင်ရချိန်တွင် မာနမထောင်လွှားဝံ့သေးချေ။ သူက နှာခေါင်းရှုံ့လိုက်ကာ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး မေးလိုက်လေသည်။
"ကျုပ်က သူတို့နဲ့ ဆက်သွယ်နိုင်တယ်ဆိုရင်ကော ဘာဖြစ်လဲ... ခင်ဗျား ကျုပ်ဆီကနေ ဘာလိုချင်လို့လဲ..."
ရှို့ဝူက ဒုတိယထပ်ရှိ ဧည့်သည်အခန်း၏ တံခါးကို စက္ကန့်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် လီချိုးကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"လင်အာရဲ့ ဝိညာဥ်သားရဲတွေက ဒီကမ္ဘာမှာ လူသားတွေအဖြစ် ဝင်စားလာတယ်... နတ်ဘုရားလောကက သံသရာကျောက်တုံးကို တစ်ယောက်ယောက်များ တစ်ခုခုလုပ်ခဲ့သလား ဆိုတာကို ငါ သိချင်တယ်..."
လီချိုးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်၏။
"ဒီကိစ္စကို ကျုပ်ကို စုံစမ်းခိုင်းချင်တာလား..."
ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
"လောလောဆယ် လောကဘုံခြောက်ပါးထဲက တစ်ယောက်ယောက်ကို မင်းတစ်ယောက်တည်းပဲ ဆက်သွယ်နိုင်တယ်... ဒီကိစ္စကို လျှို့ဝှက်စုံစမ်းဖို့အတွက် မင်းက အကောင်းဆုံးလူပဲ..."
သူ၏စကားကို ကြားသောအခါ လီချိုးက လှောင်ပြုံးပြုံးလိုက်ပြီးနောက် တုံ့ပြန်လိုက်သည်။
"ခင်ဗျားက ကျုပ်ကို ဒီမှော်လက်နက်ထဲမှာ ချိတ်ပိတ်ထားခဲ့ပြီးတော့ ကျုပ်ဆီလာပြီး ကိစ္စတစ်ခုကို စုံစမ်းခိုင်းရဲသေးတယ်ပေါ့လေ...”
“ကျုပ်က အနိုင်ကျင့်ရတာ အရမ်းလွယ်တယ်လို့များ ထင်နေသလား..."
“မိစ္ဆာနတ်ဘုရား... အကူအညီတောင်းမယ်ဆိုရင်လည်း အကူအညီတောင်းတဲ့ပုံစံမျိုး လုပ်သင့်တယ်..."
“ဒီလို အခြေခံယဉ်ကျေးမှုကိုတောင် ခင်ဗျား နားမလည်ဘူးလား..."
ရှို့ဝူက သူ့ကို စက္ကန့်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။
"သံသရာကျောက်တုံးကို စုံစမ်းပေးတဲ့ အခကြေးငွေအနေနဲ့ ငါ့ဆီကနေ မင်း ဘာလိုချင်လဲ..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လီချိုးက ပြန်ဖြေလိုက်၏။
"ကျုပ်ရဲ့ ဝိညာဉ်အပေါ် ချထားတဲ့ အတားအဆီးကို ရုတ်သိမ်းပေး..."
ရှို့ဝူက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ပြဿနာမရှိဘူး... မင်းရဲ့ ဝိညာဉ်အတားအဆီးကို ငါ ရုတ်သိမ်းပေးနိုင်တယ်... ဒါပေမဲ့ ဒီကိစ္စကို အရင်ဆုံး စုံစမ်းဖို့ မင်း ငါ့ကို ကူညီပေးရမယ်..."
လီချိုးသည် သူ၏စကားကို မယုံကြည်သောကြောင့် ခေါင်းခါယမ်းလိုက်ပြီး ငြင်းဆန်လိုက်သည်။
"ခင်ဗျားပြောတာကို ကျုပ် မယုံနိုင်ဘူး... စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင် ရဲ့ မူလဝိညာဉ်ကို အပေါင်ထားပြီး သွေးသစ္စာဆိုရင်တော့ တစ်မျိုးပေါ့..."