← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) - စွန့်ပစ်ထားသော အပန်းဖြေပန်းခြံ

ထိုစကားများကို ချန်ထားရစ်ပြီးနောက် ရှို့ဝူသည် အပေါ်ထပ်သို့ တက်သွားလေသည်။ လီချိုးသည် ရှို့ဝူ၏ ကျောပြင်ကို ကြည့်ရင်း ပါးစပ်မှ သွေးများကို သုတ်လိုက်ကာ အံကြိတ်လျက် ပြောလိုက်၏။

"ဒီကောင် တကယ့်အရူးကောင်ပဲ…"

သူသည် သက်ပြင်းပြင်းချလိုက်ပြီး ကြမ်းပြင်ပေါ်မှ ထရပ်ကာ ဗီလာထဲမှ ထွက်ခွာသွားတော့သည်။

စုံစမ်းစစ်ဆေးမှုကို သူ အမြန်ဆုံး ပြီးစီးလေလေ လောကဘုံခြောက်ပါးသို့ အမြန်ဆုံး ပြန်နိုင်လေလေ ဖြစ်ပေလိမ့်မည်။

သူ လောကဘုံခြောက်ပါးသို့ ပြန်ရောက်သည့်အခါ ကလဲ့စားချေရန်အတွက် မိစ္ဆာဘုံကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

လီချိုးတစ်ယောက် သံသရာကျောက်တုံးကို စုံစမ်းရန် အလုပ်ရှုပ်နေစဉ် ကျူးလင်သည် နောက်ဆုံးတွင် မျက်လုံးပွင့်လာခဲ့ပြီ ဖြစ်သည်။ သူမ နိုးလာသည်ကို မြင်သောအခါ ရှို့ဝူက သူမအား ထိုင်နိုင်ရန် ကူညီပေးပြီး မေးလိုက်၏။

"ဘယ်လိုခံစားရလဲ..."

သူမသည် ဒန်တျန်ကို စစ်ဆေးကြည့်ရာ ကျင့်စဉ်အဆင့်က ထပ်မံတိုးတက်သွားသည်ကို တွေ့ရှိလိုက်သည်။ သူမက သူ့ကို ပြုံး၍ ပြောလိုက်၏။

"ကျွန်မ အဆင်ပြေပါတယ်... နန်နန်နဲ့ ဟိုကောင်လေးရော ဘယ်လိုလဲ..."

ရှို့ဝူသည် သူမအတွက် ရေတစ်ခွက် ငှဲ့ပေးပြီး ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့... သူတို့ အိပ်ပျော်နေတုန်းပဲ..."

ကျူးလင်သည် ရေသောက်ပြီးနောက် ပြောလိုက်၏။

"ကျွန်မ အဲဒီကောင်လေးကို တွေ့တော့ သူက အဆင့်သုံး ဖုတ်ကောင်အုပ်စုနဲ့ တိုက်ခိုက်နေတာ”

“အဲဒီဖုတ်ကောင်တွေအပြင် မိန်းမတစ်ယောက်နဲ့ ယောကျ်ားနှစ်ယောက်က အဝေးမှာ ပုန်းနေပြီး ကောင်လေးနဲ့ ဖုတ်ကောင်တွေရဲ့ တိုက်ပွဲကို စောင့်ကြည့်နေတာကိုလည်း ကျွန်မ မြင်ခဲ့ရတယ်..."

သူမ၏ စကားကို ကြားပြီးနောက် ရှို့ဝူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"အဲဒီလူတွေက လျှို့ဝှက်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေလို့ မင်း ထင်လား..."

ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"အင်း... အဲဒီမိန်းမရဲ့ လက်ထဲမှာ တစ်ခုခု ကိုင်ထားတာကို မြင်ခဲ့တယ်”

“သူတို့က အဲဒီအရာကို သုံးပြီး ဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်ပုံရတယ်”

“ကံကောင်းလို့ သူတို့က အဆင့်သုံး ဖုတ်ကောင်ကိုပဲ ထိန်းချုပ်ထားတာ... မဟုတ်ရင် ကျွန်မ ကောင်လေးကို ကယ်ဖို့ နောက်ကျသွားလိမ့်မယ်..."

ရှို့ဝူက ထပ်မံ မေးလိုက်သည်။

"မင်း အဲဒီကောင်လေးကို ဘယ်မှာ တွေ့ခဲ့တာလဲ..."

သူမက သူ့ကို ကြည့်ပြီး ပြန်ဖြေလိုက်၏။

"ရေခဲနေတဲ့ ရေကန်နားမှာ..."

သူမ၏ အဖြေကို ကြားပြီးနောက် ရှို့ဝူက ပြောလိုက်သည်။

"ရေခဲနေတဲ့ ရေကန်နားမှာဆိုတော့ လျှို့ဝှက်ဓာတ်ခွဲခန်းကလည်း အဲဒီနားမှာပဲ ရှိနေမယ်ထင်တယ်... ကိုယ် လူစုပြီး အဲဒီနေရာကို သွားစစ်ဆေးလိုက်မယ်..."

သူမသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ကောင်းပါပြီ... အဲဒီလူတွေမှာ သူတို့ကို ကာကွယ်ပေးထားတဲ့ အဆင့်မြင့်စွမ်းအားရှင်တွေနဲ့ အဆင့်မြင့်ဖုတ်ကောင်တွေ ရှိနေလို့ ရှင်လည်း သတိထားရမယ်..."

ရှို့ဝူက သူမအား ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"အင်း... ကိုယ် သိပါတယ်...ကိုယ် အခုပဲ သွားပြီး ပြင်ဆင်လိုက်မယ်... မင်းကတော့ ဒီမှာပဲနေပြီး နတ်ဘုရားစွမ်းအင်ကို ပြန်လည်ကုသလိုက်ပါ..."

သူမက ပြုံးလျက် ပြန်ဖြေလိုက်၏။

"အင်း... ကျွန်မ သိပါတယ်..."

ရှို့ဝူသည် သူမ၏ ပြုံးနေသော မျက်နှာလေးကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သူမ၏ ပါးပြင်ကို နမ်းလိုက်ကာ ညင်သာစွာ ပြောလိုက်သည်။

"ကိုယ် အမြန်ဆုံး ပြန်လာခဲ့မယ်..."

ထိုသို့ ပြောပြီးနောက် သူသည် ကျူးလင်အား လှဲလျောင်းစေရန် ကူညီပေးပြီး စောင်ခြုံပေးလိုက်သည်။ သူမ ပြန်လည်အိပ်ပျော်သွားသည်ကို မြင်သောအခါ ရှို့ဝူသည် အိပ်ခန်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့၏။

ပြင်ဆင်မှုများ ပြီးစီးပြီးနောက် ရှို့ဝူသည် ထန်ဝေ့၊ ရန်ယွမ်နှင့် မင်ဝေကြေးစားအဖွဲ့မှ အဖွဲ့ဝင်အချို့နှင့်အတူ ထွက်ခွာသွားလေသည်။

သုံးနာရီအကြာတွင် ထိုအဖွဲ့သည် ရေခဲနေသော ရေကန်၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။ ရှို့ဝူသည် ကားပြတင်းပေါက်မှတစ်ဆင့် ပတ်ဝန်းကျင်ကိုကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ကျုပ် ပတ်ဝန်းကျင် အခြေအနေကို သွားကြည့်လိုက်ဦးမယ်... လျှို့ဝှက်ဓာတ်ခွဲခန်းရှိနိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး သဲလွန်စအချို့ကို ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်လိမ့်မယ်..."

ထန်ဝေ့သည် ပြင်ပရှိ ဖြူလွလွနှင့် ထူထပ်လှသော နှင်းထုကို ကြည့်ကာ ပြောလိုက်သည်။

"လောင်ရှို့... အခု နှင်းတွေ အရမ်းကျနေတော့ ငါတို့ သဲလွန်စတစ်ခုခုရှာဖို့ ခက်ခဲလိမ့်မယ်လို့ ငါထင်တယ်..."

သူ့စကားကို ကြားသောအခါ ရှို့ဝူသည် မျက်မှောင်အနည်းငယ် ကြုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူသည် အဝေးတစ်နေရာတွင် တစ်ခုခုကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။

"အဲဒါ ဘာလဲ..."

ထန်ဝေ့သည် သူ ကြည့်ရာလမ်းကြောင်းအတိုင်း လိုက်ကြည့်သော်လည်း ဘာမှ မမြင်ရပေ။ သူသည် ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းကို ကုတ်ကာ မေးလိုက်၏။

"ငါ ဘာမှမမြင်ရပါလား... မင်း ဘာကို တွေ့လိုက်တာလဲ..."

ရှို့ဝူသည် ဝေါကီတော်ကီကို ယူလိုက်ပြီး ထန်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။

"မင်း ဒီမှာပဲစောင့်နေ... ငါ အရင်သွားကြည့်လိုက်ဦးမယ်..."

ထိုသို့ ပြောပြီးနောက် သူသည် ကားပေါ်မှဆင်းကာ အခြားကားများထဲမှ ရန်ယွမ်နှင့် အခြားလူများကို လက်ဟန်ပြလိုက်၏။ သူ၏ အချက်ပြမှုကို ရရှိပြီးနောက် ရန်ယွမ်က ခေါင်းညိတ်ပြပြီး ဝေါကီတော်ကီကို ကောက်ကိုင်ကာ ပြောလိုက်သည်။

"ကားထဲမှာပဲနေပြီး နောက်ထပ် ညွှန်ကြားချက်ကို စောင့်ကြ..."

နောက်တစ်စက္ကန့်တွင် အခြားအဖွဲ့ဝင်များက ပြန်လည်ဖြေကြားလာကြ၏။

"ဟုတ်ကဲ့... ဗိုလ်ကြီး..."

သည်းထန်စွာ ကျဆင်းနေသော နှင်းများအောက်တွင် ရှို့ဝူသည် ရေခဲနေသော ရေကန်၏ အရှေ့ဘက်ခြမ်းသို့ လျှောက်လှမ်းသွားနှင့်ပြီဖြစ်သည်။

သူသည် ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်ရင်း ထူထပ်သော နှင်းထုပေါ်တွင် ဂရုတစိုက် လျှောက်လှမ်းသွားလေသည်။ ဆယ့်ငါးမိနစ်ကျော်ကြာ လျှောက်လှမ်းပြီးနောက် သူသည် မာကျောသော အရာတစ်ခုကို နင်းမိလိုက်၏။

သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး နှင်းအောက်ရှိ မာကျောသော အရာတစ်ခုကို စမ်းသပ်ကြည့်လိုက်သည်။ နှင်းများကို ဖယ်ရှားပစ်လိုက်ပြီးနောက် ထိုမာကျောသောအရာမှာ လမ်းညွှန်ဆိုင်းဘုတ်တစ်ခု ဖြစ်နေကြောင်း သူ တွေ့ရှိသွားတော့သည်။

'အပန်းဖြေပန်းခြံလား...'

ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများကို ဖတ်ပြီးနောက် ရှို့ဝူသည် သူ၏ ဝေါကီတော်ကီကို ထုတ်ယူကာ ပြောလိုက်သည်။

"ငါ တစ်ခုခု တွေ့ပြီ... ဒီနေရာက ကမ္ဘာပျက်ကပ်မတိုင်ခင်က အပန်းဖြေပန်းခြံတစ်ခု ဖြစ်ခဲ့ပုံရတယ်..."

ကားများထဲတွင် ရှိနေကြသော ထန်ဝေ့၊ ရန်ယွမ် နှင့် မင်ဝေကြေးစားအဖွဲ့ဝင်များသည် သူ၏ စကားကို ကြားလိုက်ရသည်။ ထန်ဝေ့သည် ကားထဲရှိ ဝေါကီတော်ကီကို ကောက်ကိုင်ကာ ပြောလိုက်၏။

"လောင်ရှို့... တစ်ယောက်တည်း မသွားနဲ့... ငါတို့ကို စောင့်ဦး..."

နောက်တစ်စက္ကန့်တွင် ရှို့ဝူက ပြန်လည်ဖြေကြားလိုက်သည်။

"ကောင်းပြီ..."

အခြားသူများကို စောင့်ဆိုင်းနေစဉ် ရှို့ဝူသည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။

စက္ကန့်အနည်းငယ်အကြာတွင် သူသည် မြေအောက်၌ ကြီးမားလှသော မိစ္ဆာစွမ်းအင်ထုကြီးကို ရှာဖွေတွေ့ရှိလိုက်သည်။ မိစ္ဆာစွမ်းအင်၏ ပြင်းအားကို ကြည့်ခြင်းအားဖြင့် ထိုနေရာတွင် အဆင့်မြင့် ဖုတ်ကောင်အုပ်စုကြီး ရှိနေရမည်ဟု ရှို့ဝူ ခန့်မှန်းမိလိုက်၏။

ထန်ဝေ့နှင့် အခြားလူများ မရောက်ရှိသေးသည်ကို မြင်သောအခါ ရှို့ဝူသည် မိစ္ဆာစွမ်းအင်များကို စုပ်ယူလိုက်ပါက ဘာဖြစ်လာမည်ကို သိရှိရန် ဆုံးဖြတ်လိုက်သည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ကာ ထိုအဆင့်မြင့် ဖုတ်ကောင်များထံမှ မိစ္ဆာစွမ်းအင်များကို တိုက်ရိုက် ရှူသွင်းစုပ်ယူလိုက်လေတော့သည်။

နောက်တစ်စက္ကန့်တွင် သူ၏ အောက်ဒန်တျန်အတွင်းရှိ မိစ္ဆာအမြုတေသည် စတင်လည်ပတ်လာခဲ့သည်။

မိစ္ဆာအမြုတေသည် ပိုမိုမြန်ဆန်စွာ လည်ပတ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအင်များသည်လည်း သူ၏ မိစ္ဆာအမြုတေထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။

ရှို့ဝူက မိစ္ဆာစွမ်းအင်ကို စုပ်ယူနေစဉ် မြေအောက်လျှို့ဝှက်ဓာတ်ခွဲခန်းအတွင်း၌ နှိုးဆော်သံတစ်ခု စတင်မြည်ဟီးလာခဲ့သည်။

ဝူး... ဝူး... ဝူး...

သိုလှောင်ခန်းအတွင်း အလုပ်လုပ်နေသော သိပ္ပံပညာရှင်တစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာသော နှိုးဆော်သံကြောင့် အံ့အားသင့်သွားရသည်။

စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် သူသည် သတိပြန်ဝင်လာကာ သူ၏ လက်ထဲရှိ စောင့်ကြည့်ရေး ကိရိယာကို အမြန်ကြည့်လိုက်၏။ စခရင်ပေါ်တွင် ပြသထားသော အချက်အလက်များကို မြင်လိုက်ရသောအခါ သူသည် နှလုံးပြုတ်မတတ် ကြောက်လန့်တုန်လှုပ်သွားတော့သည်။

All Chapters