← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) - နောက်ကွယ်က ကြိုးကိုင်သူ

ဖန်သားပြင်ပေါ်တွင် ပြသနေသော စွမ်းအင်ဆုံးရှုံးမှု အရှိန်နှုန်းကို ကြည့်ကာ လူငယ်သိပ္ပံပညာရှင်သည် နံရံအနီးရှိ အရေးပေါ်ခလုတ်ကို အလျင်အမြန် နှိပ်လိုက်လေသည်။

သူက အရေးပေါ်ခလုတ်ကို နှိပ်လိုက်သည့် စက္ကန့်ပိုင်းအတွင်း၌ပင် လျှို့ဝှက်ဓာတ်ခွဲခန်း တစ်ခုလုံး၌ အချက်ပေးဥဩသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ မကြာမီမှာပင် အစောင့်တစ်စုသည် အသက်လတ်ပိုင်း သိပ္ပံပညာရှင်တစ်ဦးကို သိုလှောင်ခန်းသို့ ခေါ်ဆောင်လာကြသည်။

အသက်လတ်ပိုင်း သိပ္ပံပညာရှင်သည် လူငယ်သိပ္ပံပညာရှင်ကို မကျေမနပ်ကြည့်ကာ မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်ပျက်နေတာလဲ..."

လူငယ်သိပ္ပံပညာရှင်သည် သူ့ကို အချက်အလက်များ ပြသရင်း ပြောလိုက်၏။

"ပရော်ဖက်ဆာလီ... ဒါကို တစ်ချက်လောက် ကြည့်ပေးပါဦး..."

လီဝမ်မောက်သည် သူ၏လက်ထဲမှ စောင့်ကြည့်ကိရိယာကို လှမ်းယူကာ ဖန်သားပြင်ကို ကြည့်လိုက်သည်။ ဖန်သားပြင်ပေါ်ရှိ စွမ်းအင်လှုပ်ခတ်မှုများနှင့် စွမ်းအင်ဆုံးရှုံးမှုများကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏မျက်နှာသည် ချက်ချင်း ဖြူလျော်သွားလေတော့၏။

သူသည် စောင့်ကြည့်ကိရိယာမှ မျက်လုံးများကို လွှဲလိုက်ပြီး သိုလှောင်ခန်းအတွင်း သပ်ရပ်စွာ စီရီထားသော အဆင့်မြင့် ဖုတ်ကောင်များကို ကြည့်လိုက်သည်။

ထိုဖုတ်ကောင်များ၏ ခန္ဓာကိုယ်များမှာ လျင်မြန်သော အရှိန်နှုန်းဖြင့် စတင်ပုပ်ပွလာသည်ကို မြင်လိုက်ရသဖြင့် သူသည် စတင်ထိတ်လန့်လာ၏။

လီဝမ်မောက်သည် စောင့်ကြည့်ကိရိယာကို လူငယ်သိပ္ပံပညာရှင်ထံသို့ ပြန်လည်ပေးအပ်ကာ ပြောလိုက်သည်။

"မင်း ဒီမှာပဲနေပြီး ဖြစ်ပျက်သမျှကို အသေးစိတ် မှတ်တမ်းတင်ထားလိုက်... ငါ သခင်လေးဆီကို ချက်ချင်းသွားပြီး သတင်းပို့လိုက်ဦးမယ်..."

လူငယ်သိပ္ပံပညာရှင်သည် ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ဟုတ်ကဲ့... ပရော်ဖက်ဆာလီ..."

သိုလှောင်ခန်းထဲမှ ထွက်ခွာလာပြီးနောက် လီဝမ်မောက်သည် ထိန်းချုပ်ခန်းသို့ ရောက်ရှိလာသည်။

သူက တံခါးသော့ပေါ်သို့ သူ၏ကိုယ်ပိုင်ကတ်ကို တင်ကာ ဖိနှိပ်လိုက်ရာ အချက်ပြသံတစ်ချက် ထွက်ပေါ်လာပြီးနောက် သတ္တုတံခါးချပ်သည် အလိုအလျောက် ပွင့်သွားလေသည်။

ကျယ်ဝန်းလှသော ထိန်းချုပ်ခန်းထဲသို့ ဝင်ရောက်သွားစဉ် လီဝမ်မောက်သည် ရေတွက်၍မရနိုင်သော ဖန်သားပြင်များနှင့် ကွန်ပျူတာများရှေ့တွင် အလုပ်များနေသော အမျိုးသားတစ်ဦးကို လှမ်းကြည့်လိုက်၏။

သူသည် ထိုအမျိုးသားအနီးသို့ လျှောက်သွားကာ ပြောလိုက်သည်။

"သခင်လေးချန်ယွင်... သိုလှောင်ခန်းထဲမှာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပွားနေပါတယ်..."

ထိုစကားကို ကြားသောအခါ လေ့ချန်ယွင်သည် သူ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ရှေ့ရှိ ရေတွက်မရနိုင်သော ဖန်သားပြင်များဆီသို့ မျက်လုံးများ ပြန်လည်ပို့ဆောင်လိုက်၏။

သိုလှောင်ခန်းထဲမှ အရေးပေါ်အခြေအနေကို သူက လုံးဝဂရုမစိုက်သည့်အလား မြင်တွေ့ရသဖြင့် လီဝမ်မောက်က တောင်းပန်တိုးလျှိုးစွာ ပြောလိုက်ရရှာသည်။

"သခင်လေးချန်ယွင်... သိုလှောင်ခန်းထဲက စွမ်းအင်ဆုံးရှုံးမှုကို ဖြေရှင်းပေးပါဦး... မဟုတ်ရင် ကျွန်တော်တို့ရဲ့ စမ်းသပ်ခံပစ္စည်းတွေ အားလုံး ဆုံးရှုံးရပါလိမ့်မယ်..."

လီဝမ်မောက်သည် စိုးရိမ်တကြီးဖြင့် စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းနေပြီးနောက်တွင်မှ လေ့ချန်ယွင်က အေးစက်စက် ပြောလိုက်လေသည်။

"ဒီလိုသေးငယ်တဲ့ ကိစ္စလေးကိုတောင် မဖြေရှင်းနိုင်တဲ့ လူတွေကို ငါ မလိုအပ်ဘူး..."

လီဝမ်မောက်သည် သူ၏အေးစက်လှသော အသံကို ကြားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားကာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရရှာ၏။

အေးစက်စက် အကြည့်တစ်ချက်က မိမိထံသို့ ကျရောက်လာသည်ကို ခံစားမိသဖြင့် လီဝမ်မောက်က မော့ကြည့်လိုက်ရာ လေ့ချန်ယွင်သည် သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအေးစက်လှည့်စားပြီး ရက်စက်လှသော မျက်လုံးများကို မြင်လိုက်ရသဖြင့် သူသည် အလျင်အမြန်ပင် မျက်လုံးများကို ပြန်လည်နှိမ့်ချလိုက်ကာ ပြောလိုက်တော့သည်။

"ကျွန်တော် နားလည်ပါပြီ... ဒါကို အမြန်ဆုံး ဖြေရှင်းလိုက်ပါ့မယ်..."

ထိုသို့ ပြောပြီးနောက် လီဝမ်မောက်သည် ထပ်မံ၍ မနေရဲတော့ချေ။

လီဝမ်မောက်က အစောင့်များနှင့်အတူ ထွက်ခွာသွားသည်ကို ကြည့်ကာ လေ့ချန်ယွင်သည် လျင်မြန်စွာပင် ကုဒ်အချို့ကို ရိုက်နှိပ်လိုက်သည်။ အချက်ပြသံတစ်ချက် ထွက်ပေါ်လာပြီးနောက် အဓိကဖန်သားပြင်ကြီးပေါ်ရှိ ပြသမှုသည် ပြောင်းလဲသွားလေ၏။

သူသည် ဖန်သားပြင်ကို လှမ်းကြည့်လိုက်ရာ လျှို့ဝှက်ဓာတ်ခွဲခန်း၏ အပြင်ဘက် မလှမ်းမကမ်းတွင် ရပ်နေသော အလွန်ချောမောသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

ထိုအမျိုးသားက မျက်လုံးများကို မှိတ်လျက် ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ လေ့ချန်ယွင်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် အခြားဖန်သားပြင်များဆီသို့ အကြည့်ကို ပို့လိုက်၏။

ချောမောသော အမျိုးသားဆီသို့ ဦးတည်လျှောက်လှမ်းလာသော အမျိုးသား၊ အမျိုးသမီး နှစ်ဆယ်ကျော်ကို မြင်သောအခါ သူသည် အေးဆေးစွာဖြင့် ကုဒ်အချို့ကို ရိုက်နှိပ်ကာ အချက်ပေးသံကို ပိတ်လိုက်လေသည်။

ထိုသို့ လုပ်ဆောင်ပြီးနောက်တွင်မူ သူသည် ထိုလူများကို လျစ်လျူရှုကာ သူ၏သုတေသန လုပ်ငန်းများကိုသာ ဆက်လက်လုပ်ဆောင်နေတော့၏။

တစ်ချိန်တည်းမှာပင် ထန်ဝေ့သည် ရှို့ဝူက မျက်လုံးများကိုမှိတ်ကာ မလှုပ်မယှက် ရပ်နေသည်ကို မြင်သဖြင့် မေးလိုက်လေသည်။

"လောင်ရှို့... ဘာဖြစ်လို့လဲ... မင်း ဘာလုပ်နေတာလဲ..."

ထိုမေးခွန်းကို ကြားသောအခါ ရှို့ဝူသည် မိစ္ဆာစွမ်းအင်များကို စုပ်ယူနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ထန်ဝေ့ထံသို့ လှည့်ကြည့်ကာ ပြောလိုက်၏။

"ဘာမှမဟုတ်ပါဘူး..."

ရန်ယွမ်သည် မြေပြင်ပေါ်ရှိ လမ်းညွှန်ဆိုင်းဘုတ်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ ဒီပန်းခြံကို သိတယ်..."

ထန်ဝေ့သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း ပြောလိုက်၏။

"ဗိုလ်ကြီးရန်က ပန်းခြံကို လာဖူးလိမ့်မယ်လို့ မထင်ထားမိဘူး... မင်းက ဒီလိုနေရာမျိုးမှာ အချိန်ဖြုန်းရတာကို သဘောကျမယ့် လူတစ်ယောက်နဲ့ မတူဘူးနော်..."

ရန်ယွမ်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ငါ ဒီပန်းခြံကို တစ်ခါမှ မရောက်ဖူးပါဘူး... ဒါပေမဲ့ ကမ္ဘာမပျက်ခင်တုန်းက ဒီပန်းခြံက အရမ်းနာမည်ကြီးတယ်လို့ ကြားဖူးတယ်... လူအများစုက အားလပ်ရက်တွေဆိုရင် သူတို့ရဲ့ ကလေးတွေကို ဒီနေရာကို ခေါ်လာတတ်ကြတယ်လေ..."

သူ၏စကားကို ကြားပြီးနောက် ဝေ့ပိုင်သည် တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်၏။

"ငါလည်း ဒီနေရာကို သိတယ်... ဒီပန်းခြံထဲမှာ ကလေးအများကြီး ပျောက်ဆုံးခဲ့ဖူးတယ်လို့ ကြားဖူးတယ်..."

ထိုစကားကို ကြားသောအခါ ရှို့ဝူက မေးလိုက်သည်။

"ဒီပန်းခြံရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား..."

ဝေပိုင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

"ငါ့မှတ်ဉာဏ် မမှားဘူးဆိုရင်တော့ ဒီပန်းခြံကို လေ့အုပ်စုက တည်ဆောက်ခဲ့တာပဲ..."

ဝေ့ပိုင်၏ အဖြေကို ကြားလိုက်ရသဖြင့် ရှို့ဝူ၏မျက်လုံးများ လှုပ်ခတ်သွားပြီး မေးလိုက်သည်။

"လေ့အုပ်စုလား... ဆေးဝါးလုပ်ငန်းနဲ့ ဆေးရုံလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ လေ့အုပ်စုကို ပြောတာလား..."

ဝေ့ပိုင်သည် ရှို့ဝူကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ဟုတ်တယ်... ဒီပန်းခြံရဲ့ ပိုင်ရှင်က လေ့အုပ်စုဖြစ်နေတာကို သိလိုက်ရတုန်းက လေ့အုပ်စုက နောက်ဆုံးတော့ ဆေးဘက်ဆိုင်ရာနဲ့ ဆေးရုံလုပ်ငန်းတွေအပြင် တခြားစီးပွားရေးနယ်ပယ်ထဲကိုပါ တိုးချဲ့လာခဲ့ပြီလို့ ငါ တွေးမိခဲ့တာ..."

သူ၏စကားများကို ကြားရသဖြင့် ရှို့ဝူသည် မျက်မှောင်ကြုတ်သွားကာ လေးနက်စွာ တွေးတောနေတော့သည်။ ထန်ဝေ့သည် သူ၏လေးနက်သော အမူအရာကို ကြည့်ကာ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မေးလိုက်၏။

"လောင်ရှို့... မင်းက ကလေးတွေကို ပြန်ပေးဆွဲသွားတဲ့ နောက်ကွယ်က ကြိုးကိုင်သူက လေ့အုပ်စုလို့ ထင်နေတာလား..."

ရှို့ဝူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ်..."

ဘေးတွင် ရပ်နေသော လျန်မင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးမြန်းလိုက်၏။

"ဘာဖြစ်လို့ အဲဒီလို ထင်ရတာလဲ... ဒါက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်တာပဲ..."

“ဒီပန်းခြံမှာ တစ်ရက်ကို လာလည်တဲ့လူ ငါးသောင်းကျော် ရှိတယ်လေ... လူစည်ကားတဲ့ နေရာတွေမှာ ကလေးတွေ လမ်းပျောက်တာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး...”

“ဒါတင်မကသေးဘူး... ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကလေးသူခိုး ဂိုဏ်းတွေကလည်း အရမ်းသောင်းကျန်းခဲ့ကြတာလေ..."

သူ၏မေးခွန်းကို ကြားသောအခါ ရှို့ဝူသည် သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ဆီကို ပူးပေါင်းဖို့ ရောက်လာကြတဲ့ ဒုတိယအသုတ် အဆင့်မြင့်ဖုတ်ကောင်တွေကို မင်းတို့ မမြင်လိုက်ဘူးလား..."

သူ၏မေးခွန်းကို ကြားရသဖြင့် အခြားလူများကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။ ရှို့ဝူသည် သူတို့ကို ကြည့်ကာ ဆက်လက်ပြောလိုက်၏။

"သူတို့ရဲ့ ပုံပန်းသဏ္ဌာန်အရဆိုရင်တော့ အဲဒီအဆင့်မြင့် ဖုတ်ကောင်တွေက ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားချိန်မှာ အရမ်းငယ်ဦးမယ့်ပုံပဲ...”

“ကူးစက်ခံရလို့ ဖုတ်ကောင်ဖြစ်သွားတဲ့ သာမန်ဖုတ်ကောင်တွေနဲ့ မတူဘဲ သူတို့ကတော့ လူတွေရဲ့ တမင်တကာ ပြုလုပ်ခြင်းခံရလို့ ဖုတ်ကောင်ဖြစ်သွားကြတာ..."

ဤစကားကို ကြားလိုက်ရသဖြင့် ရန်ယွမ်၏ မျက်လုံးများ ကျယ်သွားရရှာသည်။ သူသည် ရှို့ဝူကို လှမ်းကြည့်ကာ အံ့ဩတကြီး မေးလိုက်၏။

"ဗိုလ်ကြီးရှို့... အဲဒီဖုတ်ကောင်တွေက အဓမ္မပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးတွေလို့ မင်း ထင်နေတာလား..."

ရှို့ဝူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ်... အဲဒီအဆင့်မြင့်ဖုတ်ကောင်တွေရဲ့ ခေါင်းဆောင်က အဆင့်ကိုး ဖုတ်ကောင်တစ်ကောင်ပဲ...”

“ဗိုလ်ကြီးရန်လည်း ဒါကို သိလိမ့်မယ်လို့ ငါ ယုံကြည်တယ်... ဘာလို့လဲဆိုတော့ မင်းက ရန်ကျားရှန့်ရဲ့ အစ်ကိုကြီး ဖြစ်နေလို့ပဲလေ...”

“မင်း သူ့ရဲ့ အသက်အစစ်အမှန်ကို သိတယ်မဟုတ်လား...”

“သူတို့ ဘယ်လိုကြောင့် ဖုတ်ကောင်တွေ ဖြစ်သွားကြလဲဆိုတာက ငါတို့ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်းပဲ...”

“လူတွေကို ဖုတ်ကောင်အဖြစ် ပြောင်းလဲပစ်ရတဲ့ အဲဒီလူတွေရဲ့ ရည်ရွယ်ချက်ကို ငါ စုံစမ်းစစ်ဆေးချင်တယ်..."

All Chapters