အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) - နိုးထလာခြင်း
ခေါင်းဆောင်များက ဆုံးဖြတ်ပြီးကြပြီဖြစ်၍ အားလုံးကလည်း သဘောတူညီကြလေသည်။ နာရီဝက်ခန့် ကြာပြီးနောက် သူတို့သည် ကစားကွင်းဟောင်းကြီးမှ ထွက်ခွာခဲ့ကြ၏။ မော်တော်ယာဉ် ဝူလင်စခန်းသို့ ပြန်လည်မောင်းနှင်လာစဉ် ရှို့ဝူသည် ကစားကွင်းဟောင်းဆီသို့ ပြန်လည်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။
ဝူလင်စခန်းသို့ ပြန်လည်ရောက်ရှိသောအခါ လူလုပ်ရေကန်အနီးရှိ ဗီလာတစ်ခုတွင် ကျင့်ကြံသူ တစ်ဆယ်ကျော် နေထိုင်နေကြကြောင်း ရှို့ဝူ သိရှိလိုက်ရ၏။ သူသည် ကင်းလှည့်နေသော အစောင့်တစ်ဦးကို တားဆီးကာ မေးမြန်းလိုက်သည်။
"လူလုပ်ရေကန်အနီးက ဗီလာမှာ လူသစ်တစ်စု ရောက်နေကြတာလား..."
အစောင့်က ခေါင်းညိတ်ပြလျက် ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ကဲ့... သူတို့က ဒီနေ့ မွန်းတည့်ချိန်လောက်မှာ ရောက်လာကြတာပါ...”
“မမလေးကျူးက သူတို့ကို စခန်းမှာ နေထိုင်ခွင့်ပြုလိုက်တယ်လို့ ပြောပါတယ်... သူတို့ရဲ့ ပုံပန်းသဏ္ဌာန်ကြောင့် ရောက်ခါစက တော်တော်လေးကို ဆူညံပွက်လောရိုက်သွားသေးတယ်လို့ ကြားမိတယ်..."
ထိုအဖြေကို ကြားရသောအခါ ရှို့ဝူသည် ခေါင်းညိတ်ပြလိုက်သည်။
"ငါ နားလည်ပါပြီ... ကျေးဇူးတင်ပါတယ်..."
အစောင့်က ဦးခေါင်းခါယမ်းလျက် ပြန်လည်ပြောဆိုလိုက်၏။
"ကိစ္စမရှိပါဘူး... ဗိုလ်ကြီးရှို့..."
ကျူးလင်နှင့် ထိုကျင့်ကြံသူများအကြား မည်သို့ပတ်သက်မှုရှိသည်ကို သိလိုစိတ် ပြင်းပြလာသဖြင့် ရှို့ဝူသည် သူမအား တိုက်ရိုက် မေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။
သူတို့၏ ဗီလာသို့ ရောက်ရှိလာသောအခါ ဧည့်ခန်းအတွင်း၌ ထန်ဝေ့၊ ကျီယန်နှင့် ကျူးလင်တို့ ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။
ထန်ဝေ့သည် ရှို့ဝူ ဝင်ရောက်လာသည်ကို မြင်သောအခါ ပါးစပ်ထဲရှိ ခေါက်ဆွဲများကို မျိုချလိုက်ပြီး လှမ်းမေးလိုက်သည်။
"လောင်ရှို့... မင်း အသင့်စားခေါက်ဆွဲပြုတ် စားဦးမလား..."
အိုးထဲတွင် ကျန်ရှိနေသော အသင့်စားခေါက်ဆွဲများကို တစ်ချက်ကြည့်ကာ ရှို့ဝူက ပြန်လည်ပြောလိုက်၏။
"ငါ ဗိုက်မဆာသေးဘူး..."
ထိုသို့ ပြောပြီးနောက် သူသည် ကျူးလင်၏ ဘေးတွင် ထိုင်လိုက်ပြီး သူမဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"လင်းအာ... ဒီနေ့ မွန်းတည့်ချိန်က စခန်းကို ကျင့်ကြံသူတစ်စု ရောက်လာတယ်လို့ ကြားတယ်...”
“အခု သူတို့က လူလုပ်ရေကန်နားက ဗီလာမှာ နေနေကြတာလေ... ပြီးတော့ သူတို့ကို စခန်းမှာ နေခွင့်ပြုခဲ့တာက မင်းလို့လည်း ကြားမိတယ်...”
“သူတို့ကို ဘာလို့ နေခွင့်ပေးခဲ့လဲဆိုတာ ကိုယ့်ကို ပြောပြနိုင်မလား..."
ကျူးလင်သည် သူ့အား ကြည့်လျက် ပြန်လည်ပြောဆိုလိုက်သည်။
"ကျွန်မမှာ ထွေထွေထူးထူး အကြောင်းပြချက် မရှိပါဘူး... သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေ တိုးတက်မလာရင် သူတို့ရဲ့ ပါရမီတွေက အလဟဿ ဖြုန်းတီးရာ ရောက်သွားလိမ့်မယ်လို့ပဲ တွေးမိလို့ပါ..."
သူမ၏ စရိုက်ကို သိရှိနားလည်သောကြောင့် ရှို့ဝူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြောလိုက်၏။
"ဒီလူတွေက ကျင့်ကြံသူတွေဖြစ်ပြီး နတ်ဘုရားစွမ်းအင်ကို အာရုံခံနိုင်ကြတယ်... မင်း သိတဲ့အတိုင်း လောဘဆိုတာ လူသားတွေရဲ့ သဘာဝပဲလေ...”
“သူတို့ရဲ့ လောဘက ကြီးထွားလာရင် ရည်မှန်းချက်တွေလည်း ရှိလာလိမ့်မယ်... အဲ့ဒီအချိန်ကျမှ သူတို့ကို ငါတို့တွေ ကာကွယ်တားဆီးဖို့ဆိုတာ နောက်ကျသွားလိမ့်မယ်..."
အခြားဆိုဖာတစ်ခုပေါ်တွင် ထိုင်နေသော ထန်ဝေ့သည် ပါးစပ်ထဲရှိ ခေါက်ဆွဲများကို အလျင်အမြန် မျိုချလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
"ကျင့်ကြံသူတွေလား... အခု ငါတို့စခန်းမှာ တကယ်ပဲ ကျင့်ကြံသူတစ်စု နေထိုင်နေကြတာလား..."
ဘေးနားတွင် ထိုင်နေသော ကျီယန်သည် ရှို့ဝူ၏ မျက်နှာအမူအရာကို တစ်ချက်အကဲခတ်လိုက်ပြီး စိတ်လှုပ်ရှားနေသော ထန်ဝေ့ကို ကြည့်လျက် ခေါင်းခါယမ်းလိုက်ကာ ခြေထောက်ကို သာသာလေး ကန်လိုက်၏။
အကြောင်းပြချက်မရှိဘဲ အကန်ခံလိုက်ရသဖြင့် ထန်ဝေ့သည် ကျီယန်ဘက်သို့ လှည့်ကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"မင်း ငါ့ကို ဘာလို့ ကန်တာလဲ..."
ကျီယန်သည် အိုးကို မကာ ကျန်ရှိနေသော ခေါက်ဆွဲအားလုံးကို ထန်ဝေ့၏ ပန်းကန်လုံးထဲသို့ သွန်ထည့်ပေးလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"ခေါက်ဆွဲတွေ ပွမသွားခင် မြန်မြန်စားလိုက်စမ်းပါ..."
ပွတက်လာတော့မည့် ခေါက်ဆွဲများကို ကြည့်ကာ ထန်ဝေ့သည် သူ၏ ညစာကို အလျင်အမြန်ပင် အပြတ်ရှင်းလိုက်တော့၏။
ကျူးလင်သည် ရှို့ဝူ၏ အမူအရာကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ လူသားအားလုံးက အတူတူပဲလို့ ကျွန်မ မတွေးချင်ဘူး..."
“သူတို့က လောဘစိတ်နဲ့ မွေးဖွားလာကြပေမဲ့ သူတို့ရဲ့ စစ်မှန်တဲ့ စရိုက်က ဝိညာဉ်အပေါ်မှာပဲ မူတည်ပါတယ်...”
“တကယ်လို့ ဝိညာဉ်က သန့်စင်နေမယ်ဆိုရင် သူတို့ မကောင်းမှုတွေ လုပ်မှာမဟုတ်ဘူး..."
ထိုသို့ ပြောပြီးနောက် ကျူးလင်သည် ရှို့ဝူ၏ လက်သန်းလေးကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။
"သူတို့ကို အခွင့်အရေးတစ်ကြိမ်လောက် ပေးလို့ရမလား... တကယ်လို့ နောင်ကျရင် သူတို့က ကျွန်မတို့ကို လာပြီး ဒုက္ခပေးမယ်ဆိုရင် အဲ့ဒီအခါကျ ကျွန်မကိုယ်တိုင်ပဲ ရှင်းပစ်ပါ့မယ်..."
ထိုစကား ထွက်ပေါ်လာသည်နှင့် ထန်ဝေ့သည် သူမအား လက်မထောင်ပြလျက် ပြောဆိုလိုက်လေသည်။
"ရှောင်လင်... မင်းက တကယ်ကို ပြတ်သားပြီး မိုက်တာပဲ... ငါတော့ အရမ်းသဘောကျတာပဲ..."
ကျူးလင်သည် သူ့အား ပြုံးပြလျက် ပြန်လည်ပြောဆိုလိုက်သည်။
"ကျွန်မက အမှန်တရားကိုပဲ ပြောတာပါ..."
ထိုစကားကို ကြားသောအခါ ထန်ဝေ့က ပြောလိုက်သည်။
"ငါက မင်းရဲ့ ဒီလိုပုံစံလေးကိုပဲ သဘောကျတာ..."
ထန်ဝေ့ ညစာစားသောက်ပြီးနောက် သူတို့ လေးဦးလုံးသည် ကိုယ့်အခန်းကိုယ် ပြန်ကာ အနားယူလိုက်ကြ၏။
သုံးရက်မြောက်နေ့ နံနက်ခင်းသို့ ရောက်သောအခါ ကျူးလင်သည် အပြင်ဘက်မှ ဆူညံသံများကြောင့် မျက်လုံးများကို ဖွင့်လိုက်သည်။
အပြင်ဘက်မှ အောင်ပွဲခံ အော်ဟစ်သံများကို ကြားရသောအခါ သူမသည် အနည်းငယ် စိတ်ဝင်စားသွား၏။ သူမသည် ကြမ်းပြင်ပေါ်မှ ထရပ်ကာ မှန်ပြတင်းပေါက်ကြီးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ပြတင်းပေါက်နားတွင် မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ လူအများအပြားသည် စိုက်ပျိုးရေးခြံဘက်သို့ ဦးတည်လျှောက်လှမ်းနေကြသည်ကို မြင်လိုက်ရ၏။ သူမသည် ထိုနေရာတွင် ခေတ္တမျှ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် တွေးတောလိုက်သည်။
'ဒီနေ့က သီးနှံတွေ ရိတ်သိမ်းရမယ့်နေ့လား...'
ရက်များကို ရေတွက်ကြည့်ပြီးနောက် သူမသည် ပြုံးလိုက်ပြီး စိတ်ကြည်လင်စွာဖြင့် တွေးလိုက်ပြန်သည်။
'ဒီနေ့တော့ ရိက္ခာပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့်ပုံပဲ...'
ထိုသို့ တွေးတောရင်း သူမသည် အိပ်ခန်းထဲမှ ထွက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မီးဖိုချောင်ထဲတွင် ယုံချီကို တွေ့ရသဖြင့် သူမက မေးမြန်းလိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ... ယုံချီ... ရှို့ဝူနဲ့ အခြားလူတွေရော ဘယ်သွားကြလဲ..."
သူမ၏ မေးခွန်းကို ကြားသောအခါ ယုံချီသည် ပန်းကန်ဆေးနေသည်ကို ရပ်တန့်လိုက်ပြီး သူမဘက်သို့ လှည့်လျက် ပြောလိုက်၏။
"မင်္ဂလာနံနက်ခင်းပါ... အစ်မကြီးကျူးလင်... အစ်ကိုကြီးကျီယန်ကတော့ စိုက်ပျိုးရေးခြံကို သွားမယ်လို့ ပြောပါတယ်..."
“အစ်ကိုကြီးရှို့ဝူနဲ့ အစ်ကိုကြီးထန်ဝေ့တို့ကတော့ အရုဏ်မတက်ခင်ကတည်းက ဘာမှမပြောဘဲ ထွက်သွားကြတာပါ..."
ကျူးလင်သည် သူ့အား ပြုံးပြလျက် သူမ၏ ဝိညာဉ်နန်းတော်ထဲမှ သစ်သားသေတ္တာငယ်လေးတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။
"ဒါဆိုလည်း ဟုတ်ပါပြီ... ဒါက မင်းအတွက်... မနေ့က ထူထူ လုပ်ထားတဲ့ သစ်သီးသကြားလုံးတွေလေ... မင်းရဲ့ မောင်နှမတွေနဲ့ အတူတူ ခွဲဝေစားလို့ရတယ်..."
ထိုသစ်သီးသကြားလုံးများသည် ထူထူ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ကြားသောအခါ ယုံချီ၏ မျက်လုံးများ တောက်ပသွားပြီးနောက် ပြောဆိုလိုက်လေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်... အစ်မကြီးကျူးလင်..."
သေတ္တာငယ်လေးကို ထမင်းစားပွဲပေါ်တွင် ထားခဲ့ပြီးနောက် ကျူးလင်သည် ကျန်းကျင့်နန်နှင့် တတိယအဆင့် ဖုတ်ကောင်များထံမှ ကယ်တင်လာခဲ့သော ကောင်လေးတို့၏ အခြေအနေကို သွားရောက်ကြည့်ရှုလိုက်သည်။
သူတို့ သတိလစ်မေ့မြောသွားသည်မှာ သုံးရက်မြောက် ရှိပြီ ဖြစ်၏။ သူမ၏ တွက်ချက်မှုအရ သူတို့သည် ယနေ့တွင် နိုးထလာသင့်ပေသည်။
ဧည့်သည်နားနေခန်းထဲသို့ ဝင်လာသောအခါ ကျူးလင်သည် ကျန်းကျင့်နန်နှင့် ထိုကောင်လေးတို့၏ နှလုံးသားချင်း ချိတ်ဆက်မှု ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူမသည် ကုတင်အနီးသို့ လျှောက်သွားကာ ဘေးနားရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူတို့၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
သူမ ကျန်းကျင့်နန်၏ သွေးခုန်နှုန်းကို စမ်းသပ်နေဆဲဖြစ်စဉ်မှာပင် ထိုကောင်လေး နိုးထလာခဲ့လေသည်။
သူသည် စိမ်းသက်နေသော မျက်နှာကျက်ကြီးကို မြင်လိုက်ရသည့် တစ်ခဏချင်းမှာပင် ချက်ချင်းပင် တိုက်ခိုက်မည့် အနေအထားသို့ ပြင်လိုက်၏။ သို့သော် သူ၏ ဓားမြှောင်ကို ရှာမတွေ့သောအခါ သူ၏ မျက်ဝန်းများ မှောင်မိုက်သွားတော့သည်။