← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း (၂၄၀) - ပထမဆုံး ရိတ်သိမ်းမှု

ကောင်လေးသည် မိမိပတ်ဝန်းကျင်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီမှာပင် ကုတင်ဘေးမှ ထွက်ပေါ်လာသော အလွန်ကြည်လင်ပြီး ရင်းနှီးလှသည့် တည်ငြိမ်အေးဆေးသော အသံတစ်သံကို ကြားလိုက်ရလေသည်။

"မင်းက အခုမှနိုးလာတာဆိုတော့ ဒဏ်ရာတွေက မသက်သာသေးဘူး... ခန္ဓာကိုယ်ကို အများကြီး မလှုပ်ရှားနဲ့ဦး..."

သူမ ပြောသည်ကို ကြားပြီးနောက် ကောင်လေးသည် သူမရှိရာသို့ လှည့်ကြည့်လိုက်လေသည်။

သူမ၏ မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးသူများကဲ့သို့ ကြောင်အသွားခြင်းမျိုး မရှိဘဲ ကောင်လေး၏ မျက်လုံးများသည် မယုံကြည်နိုင်လောက်အောင် ဝိုင်းစက်သွားပြီး မျက်ရည်များက ပန်းပွင့်ဖတ်များ ကြွေကျသကဲ့သို့ စီးကျလာတော့၏။

သူ၏ ထူးဆန်းသော တုံ့ပြန်မှုကို မြင်သောအခါ ကျူးလင်သည် ဇဝေဇဝါဖြင့် မျက်တောင်တခတ်ခတ် လုပ်ရင်း မေးလိုက်လေသည်။

"ဒဏ်ရာက နာနေသေးလို့လား... ဘာလို့ငိုနေတာလဲ..."

သူမ၏ မေးခွန်းကို ကြားပြီး သူမအသံထဲမှ စိုးရိမ်ပူပန်မှုကို ခံစားမိသောအခါ ကောင်လေးသည် နှုတ်ခမ်းကို ဟလိုက်သော်လည်း အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ ထွက်မလာရှာပေ။

ကျူးလင်သည် သူ့ကို စကားမပြောတတ်ဟု ထင်လိုက်သဖြင့် ကျန်းကျင့်နန်အား စောင်ခြုံပေးလိုက်ပြီးနောက် ကောင်လေးကို ကြည့်ကာ မေးလိုက်လေသည်။

"စာရေးတတ်လား..."

ကောင်လေးသည် သူမ၏ မေးခွန်းကို ကြားသောအခါ သူမက သူ့ကို စကားမပြောတတ်ဟု ထင်နေကြောင်း သဘောပေါက်သွားလေသည်။

သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ညစ်ပတ်ပေရေနေသော အင်္ကျီဖြင့် မျက်ရည်များကို သုတ်လိုက်ကာ ရှေးဟောင်းနတ်ဘုရား ဘာသာစကားဖြင့် အက်ကွဲကွဲအသံဖြင့် ပြောလိုက်လေသည်။

"သခင်မလေး... ကျွန်တော်က ဟော်ယန်ပါ..."

ကျူးလင်သည် သူ၏ စကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်လုံးများ ဝိုင်းစက်သွားပြီး အံ့ဩတကြီး မေးလိုက်လေသည်။

"မင်းက တကယ်ပဲ အတိတ်ကို မှတ်မိနေတာလား..."

ဟော်ယန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

"ဟုတ်ကဲ့... သခင်လေး... ကျွန်တော်နဲ့ ရွှမ်း သေဆုံးသွားပြီးတဲ့နောက် တစ်ယောက်ယောက်က ကျွန်တော်တို့ရဲ့ ဝိညာဉ်အပိုင်းအစတွေကို စုစည်းပေးခဲ့တာ...”

“အဲဒီလူက ဘယ်သူလဲဆိုတာ ကျွန်‌တော်မသိပေမဲ့ သူက မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုတာတော့ သိတယ်..."

ကျူးလင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်လေသည်။

"မင်းက ဘာလို့ အဲဒီလောက်အထိ သေချာနေရတာလဲ..."

ဟော်ယန်က ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"သခင်မလေး... ကျွန်တော့်ရဲ့ ဝိညာဉ်က ရွှမ်းထက် ပိုသန်မာတယ်ဆိုတာ မေ့သွားပြီလား..."

“ကျွန်‌တော့်ရဲ့ ဝိညာဉ်က ကွဲအက်နေခဲ့ရင်တောင် ကျွန်တော်က အသံတွေကို ကြားနိုင်ပြီး အသိစိတ်ရှိနေတုန်းပဲ..."

“ကျွန်တော် သံသရာထဲ မဝင်ခင်မှာ အဲဒီလူ ပြောတာကို ကြားခဲ့တယ်... သူက ကျွန်တော်နဲ့ ရွှမ်းကို သခင်မ‌လေးနဲ့ အမြန်ဆုံး တွေ့ဆုံစေချင်ပြီး အချိန်မနှောင်းခင် သခင်မလေး လောကဘုံခြောက်ပါးဆီ ပြန်သွားနိုင်ဖို့ ကူညီပေးချင်တယ်လို့ ပြောခဲ့တာ...”

“ကျွန်တော် ဒီလောကထဲကို စရောက်ကတည်းက သခင်မလေးနဲ့ ရွှမ်းကို ရှာဖို့ ဘယ်တုန်းကမှ မရပ်နားခဲ့ဘူး... ကံကောင်းထောက်မစွာပဲ နောက်ဆုံးတော့ သခင်မ‌လေးကို ရှာတွေ့ခဲ့ပြီ..."

သူ၏ စကားများကို ကြားပြီးနောက် ကျူးလင်သည် စိတ်ထဲမှ တွေးလိုက်လေသည်။

'အဲဒီလူက ဘယ်သူလဲဆိုတာ ငါမသိပေမဲ့ ငါ့ကို ကူညီပေးရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ...'

သူမ တွေးတောနေသည်ကို မြင်သောအခါ ဟော်ယန်က ပြောလိုက်လေသည်။

"သခင်မလေး... ကျွန်တော် ဒီလောကမှာ မိဘမဲ့ကလေးတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့တာ...”

“ဒီလောကက ကျွန်‌တော့်ရဲ့နာမည်က ရှောက်ယွီဇီ...”

“အဲဒီလူက ဘယ်သူလဲဆိုတာ ကျွန်တော်တို့မသိသလို လောကဘုံခြောက်ပါးထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလည်း မသိရသေးဘူး...”

“ကျွန်‌တော်တို့ သတိထားသင့်တယ်လို့ ထင်တယ်... ဒါကြောင့် ဒီလောကမှာတော့ ကျွန်‌တော့်ကို ယွီဇီလို့ပဲ ခေါ်ပေးပါ..."

ထိုသို့ပြောပြီးနောက် သူသည် ဘေးတွင် လဲလျောင်းနေသော ကျန့်ကျင့်နန်ကိုကြည့်ကာ မေးလိုက်လေသည်။

"သူက ကျွန်တော့်ရဲ့ အမြွှာညီလေး ရွှမ်းလား..."

ကျူးလင်သည် သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။

"ဟုတ်တယ်... ဒီလောကမှာတော့ ရွှမ်းက သူ့ရဲ့ အတိတ်ဘဝ အမှတ်ရစရာတွေကို ဆုံးရှုံးသွားခဲ့ပြီ... ပြီးတော့ သူက ဒီလောကမှာ အမေတစ်ယောက်လည်း ရှိသေးတယ်..."

ရှောက်ယွီဇီသည် သူ၏ အမြွှာညီကို ကြည့်ကာ မေးလိုက်လေသည်။

"ဒီလောကမှာ သူ့ရဲ့ နာမည်က ဘယ်သူလဲ..."

ကျူးလင်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်လေသည်။

"ကျန်းကျင့်နန်... သူက ငါ့ရဲ့ တပည့်ပဲ..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှောက်ယွီဇီသည် လက်ကို ဆန့်ထုတ်ကာ ကျန်းကျင့်နန်၏ ပါးပြင်ကို တို့ထိလိုက်ပြီး ပျော်ရွှင်စွာ ပြုံးလျက် ပြောလိုက်လေသည်။

"ရွှမ်း... မင်း အသက်ရှင်နေသေးတာ တကယ်ကို ကောင်းတာပဲ..."

သူ၏ မျက်နှာက ဖြူလျော်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ကျူးလင်သည် နတ်ဘုရားစမ်းရေ အနည်းငယ်ကို ထုတ်ယူလိုက်လေသည်။ သူမသည် ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ပေးလိုက်ပြီး ပြောလိုက်လေသည်။

"မင်းက လှုပ်ရှားဖို့ အားနည်းလွန်းနေသေးတယ်... ဒီနတ်ဘုရားစမ်းရေတွေကို သောက်ပြီး ကောင်းကောင်း အနားယူလိုက်ဦး..."

နတ်ဘုရားစမ်းရေများကို ကြည့်ကာ ရှောက်ယွီဇီ၏ မျက်လုံးများ တောက်ပသွားပြီး မေးလိုက်လေသည်။

"သခင်မလေး... သခင်မ‌လေးရဲ့ ကျင့်စဉ်တွေက ပြန်လည်ကောင်းမွန်လာပြီလား..."

ကျူးလင်က အသာအယာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"ငါ့ရဲ့ ကျင့်စဉ်တွေက နည်းနည်းပဲ ပြန်ကောင်းလာသေးတာ... ကျင့်စဉ်တွေ အပြည့်အဝ ပြန်ကောင်းလာဖို့ကတော့ အဝေးကြီး လိုပါသေးတယ်..."

ထိုသို့ပြောပြီးနောက် ကျူးလင်သည် ရှောက်ယွီဇီ၏ တွေးတောနေသော မျက်နှာပေးကို မြင်ကာ မေးလိုက်လေသည်။

"မင်း အခုမှနိုးတာဆိုတော့ စားစရာတစ်ခုခု စားချင်လား..."

ရှောက်ယွီဇီက ခေါင်းခါပြကာ ပြောလိုက်လေသည်။

"သခင်မလေး... ကျွန်တော် စားဖို့မလိုတော့ပါဘူး... ကျွန်‌တော်က ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ..."

ကျူးလင်သည် ခေါင်းညိတ်ပြကာ မတ်တတ်ထရပ်လိုက်ပြီး သူ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။

"ဒါဆိုရင်တော့ မင်း အခုလောလောဆယ် အနားယူလိုက်ဦး..."

သူ အဆင်ပြေကြောင်း သေချာသွားပြီးနောက် ကျူးလင်သည် ဧည့်ခန်းထဲမှ ထွက်ခွာသွားလေသည်။ ကုတင်ပေါ်တွင် ထိုင်လျက် ရှောက်ယွီဇီသည် သူ၏ အမြွှာညီကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ရွှမ်း... ငါတို့ လောကဘုံခြောက်ပါးဆီ အမြန်ဆုံး ပြန်သွားရမယ်... မဟုတ်ရင် အချိန်နှောင်းသွားလိမ့်မယ်..."

မှန်ပြတင်းပေါက်မှတစ်ဆင့် အုံ့မှိုင်းနေသော ဆောင်းရာသီ ကောင်းကင်ယံကို ကြည့်ကာ သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းကင်ဧကရာဇ်က ငါတို့ လောကဘုံခြောက်ပါးဆီ မပြန်နိုင်ခင်အထိ ကြံ့ကြံ့ခံနိုင်ပါစေလို့ မျှော်လင့်ရတာပဲ...”

“မဟုတ်ရင် ရှေးဟောင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးသာ အောင်မြင်စွာ ပြန်လည်ရှင်သန်လာမယ်ဆိုရင် သက်ရှိအားလုံး ကပ်ဘေးဆိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်..."

ဗီလာမှ ထွက်လာပြီးနောက် ကျူးလင်သည် လူအုပ်နောက်သို့ လိုက်ပါရင်း စိုက်ပျိုးရေးခြံဘက်သို့ လျှောက်လှမ်းခဲ့လေသည်။

သူမ ရောက်သွားချိန်တွင် အလုပ်သမားများသည် ကောက်ပဲသီးနှံများ၏ တစ်ဝက်ကျော်ကို ရိတ်သိမ်းပြီးနေပြီ ဖြစ်၏။

မြင့်မားစွာ စုပုံထားသော အာလူးများ၊ ပြောင်းဖူးများနှင့် ဆန်စပါးများကို ကြည့်ကာ ကျူးလင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားလေသည်။

ထိုနေရာတွင် မတ်တတ်ရပ်ကာ လူတိုင်း၏ တုံ့ပြန်မှုများကို စောင့်ကြည့်နေရင်း ကျူးလင်သည် လူအုပ်ထဲ၌ သံသယဖြစ်ဖွယ်ကောင်းသော လူအချို့ကို တွေ့ရှိခဲ့လေသည်။

ကျူးလင်သည် သူတို့ကို ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ကျီယန်အား သွားရှာလေသည်။ သူမသည် မိနစ်အနည်းငယ်ကြာအောင် ရှာဖွေပြီးနောက် စိုက်ပျိုးရေးခြံအနီးရှိ စီမံခန့်ခွဲရေးရုံးတွင် သူ့ကို တွေ့ရှိခဲ့၏။

သူမ ရောက်လာသည်ကို မြင်သောအခါ ကျီယန်က ပြုံးလျက် ပြောလိုက်လေသည်။

"မင်္ဂလာမနက်ခင်းပါ ရှောင်လင်... မနက်စောစောစီးစီး ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ..."

သူမသည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ပြောလိုက်လေသည်။

"မင်္ဂလာမနက်ခင်းပါ ကျီယန်... ငါ အခုပဲ စိုက်ပျိုးရေးခြံဘက်က ပြန်လာတာ... သံသယဖြစ်စရာ လူအချို့ကို တွေ့ခဲ့လို့..."

သူမ၏ စကားကို ကြားသောအခါ ကျီယန်သည် လုပ်လက်စများကို ရပ်တန့်လိုက်ပြီး မျက်လုံးများပင့်ကာ သူမကို ကြည့်လျက် မေးလိုက်လေသည်။

"သံသယဖြစ်စရာလူတွေ ဟုတ်လား..."

ကျူးလင်သည် သူ့ကို ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

"အင်း... သူတို့ စိုက်ပျိုးရေးခြံနဲ့ ကောက်ပဲသီးနှံ သိုလှောင်ရုံပတ်ပတ်လည်မှာ လျှောက်သွားနေကြတာကို ငါ မြင်ခဲ့တယ်... ကြည့်ရတာ အရမ်း သံသယဖြစ်စရာ ကောင်းတယ်..."

သူမ၏ စကားကို ကြားပြီးနောက် ကျီယန်သည် နက်နက်နဲနဲ တွေးလိုက်လေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။

"အဲဒီလူတွေက တကယ်ပဲ ငါတို့စခန်းအထိ လူလွှတ်ပြီး ရိက္ခာလာခိုးရဲတယ်ပေါ့... ကြည့်ရတာ သူတို့ တကယ်ပဲ မျှော်လင့်ချက်ကင်းမဲ့နေပြီး ဆက်ပြီး သည်းမခံနိုင်တော့တဲ့ ပုံပဲ..."

ကျူးလင်က သူမ၏ မျက်ခုံးကို အနည်းငယ်ပင့်ကာ မေးလိုက်လေသည်။

"ရှင်က အဲဒီသံသယဖြစ်စရာ လူတွေအားလုံးကို သိနေတာလား..."

All Chapters