← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃ - ရှီကျင့်စီရင်စု

[ယခင် ဝေမင်းဆက်တုန်းက အင်ပါယာမှာ အရှေ့ဘက်နေပြည်တော်နှင့် အနောက်ဘက်နေပြည်တော်ဟူ၍ နေပြည်တော်နှစ်ခုရှိခဲ့သည်။ အရှေ့ဘက်နေပြည်တော်က အင်ပါယာနေပြည်တော်ဖြစ်ပြီး အနောက်ဘက်နေပြည်တော်က ရှီကျင့်ဖြစ်သည်။

ရှီကျင့်သည် ချီမင်းဆက်အပါအဝင် မင်းဆက်အတော်များများ၏ နေပြည်တော်ဟောင်းအဖြစ် ရပ်တည်ခဲ့ဖူးသည်။ ၎င်းသည် ကြီးကျယ်ခမ်းနား၍ ထိုအချိန်တုန်းက လောကမှာ အကြီးမားဆုံး နေပြည်တော်ဖြစ်ခဲ့သည်ဟု ဆိုကြလေသည်။

သို့သော် ရှီကျင့်သည် ချီမင်းဆက်နှင့် ကျင်းမင်းဆက်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများစွာအပြင် ကံဆိုးမိုးမှောင်ကျမှုများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ယခင် ဝေမင်းဆက်မှာတုန်းကလည်း ဤမြို့တော်သည် စစ်ပွဲများစွာကို တွေ့ကြုံခဲ့ရ၏။ အရင်တုန်းက မြေကမ္ဘာဆရာသခင်သည် ပုန်ကန်ထကြွမှုတစ်ခုကို ပူးပေါင်းကြံစည်ပြီး ပြည်နယ်နှစ်ခုကိုဖြတ်ကျော်၍ ရှီကျင့်ကို သိမ်းပိုက်ခဲ့သည်။ သူက ထန်ထိုက်ယွင်ကို တွဲဖက်ခေါင်းဆောင်အဖြစ်ပင် တင်မြှောက်ခဲ့၏။

ထိုအချိန်တုန်းက လူငယ်ရွှမ်အရှင်မြတ်သည် လျန်ကျိုသို့ ရောက်လာပြီး ကမ္ဘာမြေပေါ်က ငရဲခန်းကို တွေ့မြင်ခဲ့၏။ ထိုသို့ဖြင့် သူ၏ ရည်မှန်းချက်က တောက်လောင်၍ လောကသို့ တည်ငြိမ်အေးချမ်းမှု ဆောင်ကြဉ်းပေးလာခဲ့၏။

ဧကရာဇ်ထျန်ပေါင် စိုးစံသည့် တတိယမြောက်နှစ်မှာ ထန်ထိုက်ယွင်က သူမ၏ စစ်တပ်ကို ဦးဆောင်၍ ရှုကျိုးသို့ ကျူးကျော်ပြီး အင်ပါယာစစ်တပ်ကို အနိုင်ယူခဲ့သည်။ ထန်ထိုက်ယွင်သည် တစ်နှစ်တည်းနှင့် တောင်ပိုင်း ရှင်းကျန့်မှာရှိသော မျိုးနွယ်စု ၁၆ စုကို အောင်နိုင်ခဲ့သည်။ သူတို့က လွတ်လပ်ရေးရပြီး သူတို့၏ ကိုယ်ပိုင်တိုင်းပြည်ကို တည်ထောင်ခဲ့ကြသည်။ အဲဒါကို ကျိုးအင်ပါယာဟု နာမည်ပေးပြီး ရှီကျင့်ကို ထိုအင်ပါယာ၏ နေပြည်တော်အဖြစ် ထားရှိခဲ့သည်။

ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ကို ဦးဆောင်၍ ကွန်ဖြူးရှပ်ကျောင်းတော်ကို အနိုင်ယူပြီး ဝေမင်းဆက်ကို မဟာရွှမ်မင်းဆက်နှင့် အစားထိုးလိုက်စဉ်မှာတောင် ကျိုးအင်ပါယာက အနောက်မြောက်ဘက်ကို အခိုင်အမာသိမ်းယူထားသေးသည်။

စစ်သေနာပတိချင်ရှန့်သည် ဝေမင်းဆက်၏ အပြစ်သားကနေ မဟာရွှမ်မင်းဆက်၏ သူရဲကောင်းအဖြစ် ပြောင်းလဲသွားပြီးနောက် သူက သူ့စစ်တပ်ကို ဦးဆောင်၍ တာအိုဂိုဏ်းတော်နှင့် ပူးပေါင်းဆောင်ရွက်ကာ အနောက်မြောက်ဘက်ကို ပြန်လည်ရယူခဲ့၏။

အခြေအနေမကောင်းတော့သည်ကိုတွေ့မြင်သော ထန်ထိုက်ယွင်က ရွှမ်အရှင်မြတ်နှင့် သဘောတူညီမှု ရယူပြီး အနောက်ဘက်ဒေသသို့ ထွက်ပြေးတိမ်းရှောင်သွာခဲ့သည်။ ရလဒ်ကတော့ ထန်ထိုက်မိသားစုသည် ကွန်ဖြူးရှပ်ထန်ထိုက်မိသားစုနှင့် တာအိုထန်ထိုက်မိသားစုဟူ၍ ကွဲထွက်သွား၏။

ကျန်းယွဲ့လု၏ မိခင် ထန်ထိုက်ချုံးသည် ကွန်ဖြူးရှပ်ထန်ထိုက်မိသားစုမှာ မွေးဖွားခဲ့သည်။ သို့သော် သူမသည် တာအိုမိသားစုနှင့် လက်ထပ်ထိမ်းမြားပြီး တာအိုတပည့်ဂိုဏ်းသားတစ်ဦးဖြစ်လာ၏။ တာအိုထန်ထိုက်မိသားစုက ပင်လယ်ရပ်ခြားသို့ ထွက်ခွာသွားပြီး အနောက်တိုင်းမှာ ခြေကုပ်ရယူထားပြီဟု ဆိုကြလေသည်။

မဟာရွှမ်မင်းဆက်က အနောက်မြောက်ဘက်ကို ပြန်လည်ရရှိပြီးနောက် ဆယ်နှစ်ကြာ ပြန်လည်အားဖြည့်ပြီးမှ ရွှေပြည်သစ်ကိုတိုက်ထုတ်ကာ ရှီကျိုးကို ပြန်ရယူ၍ ရှီကျိုး နယ်ခြားစောင့်ကွပ်ကဲရေးအဖွဲ့ကို တည်ထောင်လိုက်ကြ၏။

ရှီကျင့်က ကျိုးအင်ပါယာ၏ နေပြည်တော်ဖြစ်ခဲ့ဖူးသည်ကို ထောက်ထားပြီး မဟာရွှမ်မင်းဆက်သည် ရှီကျင့်ကို ရှီကျင့်စီရင်စုအဖြစ် အမည်ပြန်ပေးထားခဲ့သည်။

ချင်ကျိုးတာအိုစံအိမ်နှင့် ဝူရှုနန်းတော် နှစ်ခုစလုံးက ရှီကျင့်စီရင်စုမှာ တည်ရှိလေသည်။ ဝူရှုနန်းတော်သည် တစ်ခါက ချီမင်းဆက်၏ တော်ဝင်နန်းတော်ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ထန်ထိုက်ယွင်က သိမ်းပိုက်ခဲ့သည်။ ထို့နောက် ၎င်းသည် တာအိုဂိုဏ်းတော်၏ လက်ထဲသို့ ကျဆင်းသွားခဲ့၏။ ဒဏ္ဍာရီအရ ဝူရှုနန်းတော်မှာ သုခဘုံတစ်ခု ရှိခဲ့ဖူးသော်လည်း အဲဒါက ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုလေသည်။ သို့သော် ထိုသုခဘုံက ပြိုကျသွားသလား သို့မဟုတ် တခြားအကြောင်းအရင်းများကြောင့် ပျောက်ကွယ်သွားသလား မည်သူကမှ မသိကြပေ။]

တီဖေးတောင်သည် ရှီကျင့်စီရင်စု၏ အပြင်ဘက်အစပ်မှာ တည်ရှိသည်။ ထို့ကြောင့် ချီရွှမ်းစုက တီဖေးတောင်၏ နယ်နိမိတ်ထဲကနေ ထွက်ခွာသည်နှင့် သူက ရှီကျင့်စီရင်စု၏ နယ်မြေထဲသို့ ဝင်ရောက်သွားမည်ဖြစ်၏။

ဖုန့်ပိုက သူ့နောက်သို့လိုက်နေပြီး သူက ဖုန့်ပို၏ ဖမ်းဆီးမှုကနေ အမှုမဲ့အမှတ်မဲ့ဖြင့် နှစ်ကြိမ်လွတ်မြောက်ခဲ့သည်ကို ချီရွှမ်းစုက မသိရှိသော်လည်း ကောင်းကင်ဘုံနန်းတော်အား ဆန့်ကျင်မိထားသည်ကို မမေ့လျော့ပေ။ ထို့ကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားဆဲဖြစ်သည်။

ထို့ကြောင့် ချီရွှမ်းစုက လူများသောနေရာများကနေ ဖြတ်သွားရမည့်လမ်းကြောင်းကို ရွေးချယ်ထားခြင်းဖြစ်၏။ လူဦးရေ ပိုမိုထူထပ်လေ အင်ပါယာနန်းတော်နှင့် တာအိုဂိုဏ်းတော်၏ အုပ်ချုပ်မှုက ပို၍ တင်းကျပ်လေဖြစ်သည်။ ထိုနေရာမှာ လျှို့ဝှက်အသင်းအဖွဲ့ဝင်များက မဆင်မခြင် ပြုမူလှုပ်ရှားရဲလိမ့်မည်မဟုတ်ပေ။

ချီရွှမ်းစုက ရှီကျင့်သို့ ဦးတည်နေသည်ကို ဖုန့်ပိုက ပြောနိုင်၏။ ဤကောင်လေးက လိမ်မာပါးနပ်စွာဖြင့် ဤကဲ့သို့ လူနေထူထပ်သောနေရာများကို ရွေးချယ်သွားလာနေသည့်အတွက် သူက ကျိန်ဆဲနေမိ၏။

ရှီကျင့်စီရင်စုသည် တီဖေးတောင်ကဲ့သို့ အမာခံနယ်မြေမဟုတ်သော်လည်း ထိုနေရာမှာ တစ်ယောက်ယောက်ကို သတ်ဖြတ်ဖို့က အန္တရာယ်များနေဆဲပင်။ ဖုန့်ပိုသည် သူ၏ သရုပ်သကန်ကို ဖုံးကွယ်၍ ရှီကျင့်စီရင်စုသို့ ခိုးဝင်နိုင်သော်လည်း ချီရွှမ်းစုကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်မှသာ ရပေလိမ့်မည်။ သူက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အချိန်မီ နောက်ပြန်ဆုတ်ရမည်ဖြစ်၏။ မဟုတ်ပါက ဝိုင်းပတ်ပိတ်ဆို့ခံရကာ အန္တရာယ်ကျရောက်နိုင်၏။

ချီရွှမ်းစုက တာအိုဂိုဏ်းတော် သို့မဟုတ် အင်ပါယာနန်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဖုန့်ပိုက တထစ်ချ မှတ်ယူထား၏။ ထို့ကြောင့် ချီရွှမ်းစုက ဤအင်အားစုကြီးများကနေ အကူအညီရှာလိမ့်မည်ဟု သူလက်ခံယုံကြည်ထားသည်။ ဖုန့်ပိုမသိသည်မှာ ချီရွှမ်းစု၏ လက်ရှိသရုပ်သကန်က လိမ်ညာလှည့်စားထားခြင်းမျှသာဖြစ်သည်။

များစွာထည့်တွက်စဉ်းစားပြီးနောက် ဖုန့်ပိုသည် ရှီကျင့်မြို့တော်မှာ သူ၏ လှုပ်ရှားမှုကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်၏။ အထူးသဖြင့် ချီရွှမ်းစုသည် သူ့လက်ထဲကနေ နှစ်ကြိမ်လွတ်မြောက်ခဲ့ပြီဖြစ်သောကြောင့် သူက ထပ်မံ၍ ပြဿနာရှာမည်ကို စိုးရိမ်နေသည်။ ဖုန့်ပိုက ဤကောင်လေးကို ရှင်းထုတ်ပစ်ဖို့ စိတ်မရှည်နိုင်တော့ပေ။

နောက်ပြီး သူက ချီရွှမ်းစုနောက်သို့ ဆက်လိုက်နေမည်ဆိုလျှင် သူတို့က ယုံကျိုး၊ ရှီကျိုး၊ လျန်ကျိုးနှင့် အခြားနေရာဒေသများကဲ့သို့ လူဦးရေထူထပ်သောအလယ်ပိုင်းလွင်ပြင်ဒေသများသို့ ဝင်ရောက်သွားပေလိမ့်မည်။ ထိုနေရာမှာ တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်က ပို၍ ဩဇာအာဏာကြီးမားကြသည်။ ယင်းသည် နေရာတိုင်းမှာ စစ်ဆေးရေးဂိတ်များရှိသည့် ချွမ်ကျန်းဂိုဏ်း၏ ဩဇာအာဏာလွှမ်းမိုးရာနေရာလည်းဖြစ်သည်။

ချီရွှမ်းစုက ပေမန်တောင်လမ်းကြောင်းကနေ သွားနေသည်ကို ဖုန့်ပိုကလည်း သတိထားမိ၏။ ယင်းသည် တီဖေးတောင်ပြီးလျှင် ချွမ်ကျန်းဂိုဏ်း၏ ဒုတိယအကျော်ကြားဆုံးတောင်ဖြစ်၏။ ဤနေရာသည် အရင်တုန်းက ကောဇောက်ဂိုဏ်း၏ အခြေစိုက်စခန်းလည်းဖြစ်ခဲ့သည်။ ဟွာရှန်ခန်းမသည် ထိုနေရာမှာ ကြီးမားသော ထုတ်လုပ်ရေးရုံသုံးခုနှင့် သုခဘုံတစ်ခုကိုလည်း တည်ဆောက်ထားသည်။

ပေမန်တောင်ကိုလွန်လျှင် လုံမန်စီရင်စုနှင့် ဝမ်ရှန်းတာအိုနန်းတော်ရှိလေသည်။ အဆင့် ၄ သို့ မတိုးမြှင့်ခင် အဆင့်မြင့်တာအိုဆရာများအားလုံးသည် အထက်နန်းတော်မှာ လေ့ကျင့်ရသည့်အတွက် ဝမ်ရှန်းတာအိုနန်းတော်သည် တာအိုဂိုဏ်းတော်အတွင်း ထူးခြားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထား၏။ ယင်းကို တာအိုဂိုဏ်းတော်၏ အချက်အချာဧရိယာဆိုရပေမည်။ သူက ထိုနေရာမှာ လှုပ်ရှားမှုပြုလုပ်မည်ဆိုလျှင် ဖုန့်ပိုအနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ ပို၍ခက်ခဲပေလိမ့်မည်။

နောက်ထပ်အကြောင်းအရင်းမှာ ခြေရာကောက်အစီအရင်က ဆုတ်ယုတ်လာပြီဖြစ်သောကြောင့် ဖုန့်ပိုနှင့် ချီရွှမ်းစုကြား အချိတ်အဆက်သည် တစ်နေ့ထက်တစ်နေ့ လျော့ကျလာနေ၏။ ဖုန့်ပိုက ရှီကျင့်စီရင်စုမှာ ဤတစ်ခေါက်လှုပ်ရှားမှုမပြုလုပ်လျှင် ချီရွှမ်းစုကို မျက်ခြည်ပြတ်သွာနိုင်သည်။

ထို့ကြောင့် ဖုန့်ပိုသည် အန္တရာယ်ကိုစွန့်စား၍ ချီရွှမ်းစုကို တတ်နိုင်သမျှမြန်မြန်သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်၏။ သူက အောင်အောင်မြင်မြင်သတ်ဖြတ်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော် မအောင်မြင်ဘူးဆိုလျှင်လည်း ချီရွှမ်းစုနှင့်ဆင်တူသည့် လူတစ်ယောက်ကို ခေါင်းဖြတ်သတ်ပြီး ပုံပျက်ပန်းပျက်ဖြစ်အောင် မီးရှို့ပစ်ရပေမည်။ ထိုလုပ်ရပ်သည် သူ့လက်အောက်ငယ်သားများကို ဖြေရှင်းချက်ပေးနိုင်ပြီး ကောင်းကင်ဘုံနန်းတော်အတွင်း စိတ်ဓာတ်ရေးရာကို မြှင့်တင်ပေးနိုင်ပေမည်။ တစ်ခုတည်းသောအားနည်းချက်မှာ ပုံပျက်ပန်းပျက် ဦးခေါင်းတစ်လုံးကို ယူသွားမည်ဆိုလျှင် သူ့လက်အောက်ငယ်သားများက မလွဲမသွေသံသယဝင်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် ဒေသခံယဇ်ပလ္လင်အသစ်တစ်ခုကိုဖွင့်လှစ်ဖို့က နှောင့်နှေးကြန့်ကြာသွားပေမည်။

အခြားတစ်ဘက်မှာတော့ ချီရွှမ်းစုက ခရီးဆက်နေပြီး နောက်ဆုံးမှာ ရှီကျင့်မြို့တော်ကို ရောက်လာ၏။

ယခင် ဝေမင်းဆက်၏ အရံမြို့တော်နှင့် ကျိုးအင်ပါယာ၏ နေပြည်တော်အနေဖြင့် ရှီကျင့်သည် ချီဖျင်စီရင်စုနှင့် ထျန်ရွှေစီရင်စုတို့ထက် ပို၍စည်ပင်ထွန်းကား၏။ သို့သော်လည်း ၎င်းသည် ရှန်ချင်းစီရင်စုနှင့် ကျန်းနန်စီရင်စုတို့ကို မယှဉ်နိုင်သေးပေ။

ချီရွှမ်းစုက သူ့မြင်းကိုဆွဲ၍ မြို့ဂိတ်တံခါးရှေ့မှာရပ်ပြီး ရှီကျင့်မြို့ရိုးကို မော့ကြည့်လိုက်၏။ မြို့ရိုးက ဘယ်နှင့်ညာသို့ အဆုံးမရှိသွယ်တန်းသွားပြီး ကောင်းကင်ကို ဖုံးအုပ်ထားသည်ဟု ထင်ရသည်။ မြို့ရိုးထိပ်မှာ မြင်းခြောက်ကောင်ယှဉ်ပြေးနိုင်သည်ဟု ဆိုလေသည်။

နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသော ဤမြို့ရိုးက တင်းကျပ်လေးလံသောအငွေ့အသက်ကို ထုတ်ဖော်ပေးနေ၏။

ဤမြို့သည် မင်းဆက်များစွာနှင့်အတူ သူရဲကောင်းများနှင့် ပါရမီရှင်များစွာ၏ အောင်မြင်ခြင်း၊ ကျရှုံးခြင်းများကို တွေ့မြင်ထားခဲ့ဖူးသည်။

All Chapters