← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄ - အကွက်ချကြံစည်ခြင်း

ရှီကျင့်သို့ ဝင်ရောက်သည့်အခါ ဒေသခံအစိုးရကနေ ထုတ်ပေးထားသည့် ခရီးသွားလာခွင့်ကို လိုအပ်လေသည်။ သို့သော် ဝတ်ရုံနက်များသည် ဒေသခံအစိုးရ သို့မဟုတ် တာအိုဆရာများ၏ ထိန်းချုပ်မှုအောက်မှာ ရှိမနေပေ။ ထို့ကြောင့် တာအိုဆရာများသည် သူတို့၏ ရာထူးအဆောင်အယောင် သို့မဟုတ် အထောက်အထားများကို ပြရပြီး ချီရွှမ်းစုကတော့ ချင်ဝူပင်းပေးထားသည့် ဝတ်ရုံနက်တံဆိပ်ပြားဖြင့် ဂိတ်စောင့်တပ်သားများကို ဖြတ်ကျော်လာ၏။ ထိုသို့ဖြင့် သူက မည်သည့်အဟန့်အတားမှမရှိဘဲ မြို့ထဲကို ဝင်ရောက်လာသည်။

စစ်ပွဲများစွာတွေ့ကြုံပြီးနောက် ရှီကျင့်၏ မူလရှေးဟောင်းမြို့တော်ကို ဆက်လက်၍ မတွေ့မြင်ရတော့ပေ။ အတိတ်ကာလက စည်ပင်ထွန်းကားမှုက မြှုပ်နှံခံလိုက်ရပြီး အရင်က ရှိခဲ့ဖူးသောအရာများ ဘာမှမကျန်တော့ပေ။

လက်ရှိရှီကျင့်သည် အရင်တုန်းက ထွန်းတောက်ခဲ့သော နေပြည်တော်ကို ဆက်လက်၍ မယှဉ်နိုင်တော့ပေ။ အရင်တုန်းက အဆောက်အအုံများ၏ ထက်ဝက်သာကျန်ရှိတော့ပြီး ကျန်အရာများက စစ်ပွဲကာလများမှာ ဖျက်ဆီးခံခဲ့ရ၏။

ကြီးမားကျယ်ပြန့်သော ဧရိယာကြောင့် ရှီကျင့်မြို့တော်မှာ ကျောက်စိမ်းနေပြည်တော်ကဲ့သို့ အချိုးညီတည်ဆောက်ပုံနှင့် သေသပ်သော အခင်းအကျင်းများရှိသည်။

အပြင်မြို့၏ တစ်ဖက်တစ်ချက်စီမှာ ဂိတ်တံခါးသုံးခုရှိပြီး ပင်မလမ်းခြောက်လမ်းက မြို့တော်ဂိတ်တံခါး ၁၂ ခုနှင့် ချိတ်ဆက်ထား၏။ တောင်မြောက်ကျူးချွယ်လမ်းသည် အလယ်ကနေ ပိုင်းဖြတ်ထားသော မျဉ်းတစ်ကြောင်းကဲ့သို့ဖြစ်ပြီး နန်းမြို့တော်၏ ချန်ထျန်းဂိတ်တံခါး၊ အင်ပါယာမြို့တော်၏ ကျူးချွယ်ဂိတ်တံခါးနှင့် အပြင်မြို့တော်၏ မင်သဲဂိတ်တံခါးတို့နှင့် ချိတ်ဆက်နေသည်။ ဤတောင်မြောက် ကျူးချွယ်လမ်းသည် ရှီကျင့်ကို အချိုးညီအပိုင်းနှစ်ပိုင်းအဖြစ် ခွဲထုတ်လိုက်ပြီး တစ်ခြမ်းချင်းစီမှာ အရှေ့ဈေးနှင့် အနောက်ဈေးဟူ၍ ကိုယ်ပိုင်ဈေးအသီးသီးရှိကြသည်။

မြို့အတွင်းမှာ တောင်မြောက်လမ်း ၁၁လမ်းနှင့် အရှေ့အနောက်လမ်း ၁၄ လမ်းရှိပြီး လူနေဧရိယာများကို သေသပ်ညီညာသော မြို့ကွက် ၁၁၀ အဖြစ် ခွဲထုတ်ထားရာ စစ်တုရင်ခုံတစ်ခုနှင့် ဆင်တူလေသည်။

နန်းမြို့တော်သည် ရှီကျင့်၏ အလယ်ဗဟိုမြောက်ပိုင်းမှာ တည်ရှိပြီး နန်းမြို့တော်၏ အလယ်မှာ ထိုက်ကျိနန်းတော်ရှိလေသည်။ အရှေ့ဘက်မှာ အရှေ့နန်းတော်နှင့် အနောက်ဘက်မှာ ယဲ့ထင်နန်းတော်တို့ရှိပြီး အမှုထမ်းအများစုနေထိုင်ရာနေရာဖြစ်၏။

အင်ပါယာမြို့သည် နန်းမြို့၏ တောင်ဘက်နှင့် ချိတ်ဆက်နေပြီး ဘယ်ဘက်မှာ ဘိုးဘေးဘုရားကျောင်းနှင့် ညာဘက်မှာ မြေဆီလွှာနှင့် ကောက်ပဲသီးနှံယဇ်ပလ္လင်ရှိသည်။ ထိုနေရာများမှာ အမျိုးမျိုးသော အစိုးရရုံးတော်များလည်းရှိလေသည်။

ထန်ထိုက်ယွင်သည် ဤနေရာကို သိမ်းပိုက်ခဲ့ပြီးနောက် အဲဒါကို ယွီရှုနန်းတော်ဟု ပြန်လည်အမည်ပေးခဲ့၏။ ဤအမည်ကို ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။

ဤနေရာသည် ချင်ကျိုးတာအိုစံအိမ်နှင့် ဝူရှုနန်းတော်၏ အချက်အချာနေရာဖြစ်သည်။ ထို့ကြောင့် ဤနေရာမှာ အုပ်ချုပ်ရေးအဖွဲ့နှစ်ဖွဲ့ရှိနေသည်။ ဝူရှုနန်းတော်သခင်က အရှေ့နန်းတော်မှာ စံမြန်းပြီး ချင်ကျိုးတာအိုစံအိမ်သခင်က ယဲ့ထင်နန်းတော်မှာ စံမြန်းသည်။ ဝူရှုနန်းတော်သည် ရှန်ချင်းနန်းတော်ထက် ပို၍ခမ်းနားလေသည်။ မည်သို့ပင်ဆိုစေ ရှန်ချင်းနန်းတော်ကို တောင်တစ်လုံးပေါ်မှာ တည်ဆောက်ထားပြီး တာ့ကျန်းစံအိမ်နှင့် ကပ်လျက်ဖြစ်ကာ ၎င်းရရှိနိုင်သော နေရာအကျယ်အဝန်းက အကန့်အသတ်ရှိသည်။

ဝူရှုနန်းတော်ကတော့ အင်ပါယာနေပြည်တော်မှ အင်ပါယာနန်းတော်ကို တုပထားခြင်းဖြစ်သည်။ ၎င်း၏ ထက်ဝက်က ဖျက်ဆီးခံထားရလျှင်တောင် အဆမတန်ကျယ်ပြန့်သော ဧရိယာတစ်ခုကို ယူထားဆဲဖြစ်၏။ အရှေ့နန်းတော်နှင့် အနောက်နန်းတော်အကြား အလယ်ရင်ပြင်က ပင်မခန်းမသည် တစ်ထပ်အဆောက်အအုံသာဖြစ်သော်လည်း ယင်းက ၂၂၀ ပေ မြင့်မားပြီး အချင်း ၈ ပေရှိသော တိုင်လုံး ၃၆၅ လုံးဖြင့် ထောက်ကန်ပေးထား၏။

အလင်းရောင်မလုံလောက်ခြင်းနှင့် ငွားငွားစွင့်စွင့်အမြင့်ကြောင့် လူတစ်ယောက်က ခန်းမထဲသို့ဝင်ရောက်ပြီးနောက် မော့ကြည့်သည့်အခါ ခန်းမ၏ အမိုးခုံးကို တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။ သူတွေ့မြင်ရမည်မှာ ညကောင်းကင်ယံက ကြယ်များကဲ့သို့ မျက်နှာကျက်ကနေ တွဲလျောင်းချိတ်ဆွဲထားသော မီးလင်းပုလဲများစွာနှင့် ပိန်းပိတ်နေသောအမှောင်ထုသာဖြစ်လေသည်။

ပင်မခန်းမထဲမှာ ပြတင်းပေါက်အနည်းငယ်သာထားရှိရာ နေ့ဘက်မှာပင် မှိန်ပျပျအလင်းရောင်သာ ရရှိလေသည်။ ထိုသို့ဖြင့် ဤခန်းမကို ညနန်းတော်ဟု ခေါ်ဆိုကြသည်။

ချီရွှမ်းစုသည် ညနန်းတော်အကြောင်း အရင်က ကြားဖူးထားပြီး အဲဒါကို တွေ့မြင်ချင်မိ၏။ မြို့ထဲကို ဝင်ရောက်လာပြီးနောက် သူက ကျူးချွယ်လမ်းအတိုင်း တစ်နာရီကျော်ကြာအောင်လျှောက်ပြီး နောက်ဆုံးမှာ ယွီရှုနန်းတော်၏ ဂိတ်တံခါးဝကို ရောက်ရှိလာသည်။

နန်းမြို့ကို မြစ်တစ်စင်းက ကျုံးတစ်ခုလို ရစ်ပတ်ထား၏။ မြင်းလေးကောင် ဘေးချင်းယှဉ်သွားနိုင်သည့် တံတားဖြောင့်တစ်စင်းက နန်းမြို့တော်နှင့် အပြင်မြို့တော်ကို ချိတ်ဆက်ပေးထားလေသည်။ တံတား၏ ဘေးတစ်ဖက်တစ်ချက်စီမှာ စိတ်ဝိညာဉ်တပ်သားများက မတ်တတ်ရပ်၍ မည်သူမဆို စိတ်ကြိုက် ဝင်ထွက်သွားလာခြင်း မပြုလုပ်နိုင်အောင် ပိတ်ပင်တားမြစ်ကြ၏။ ချီရွှမ်းစုက အနည်းငယ်စိတ်ပျက်သွားရသည်။ အရင်တုန်းကဆို သူ၏ တာအိုသရုပ်သကန်အထောက်အထားဖြင့် ထိုနေရာကို အလွယ်တကူဝင်ရောက်နိုင်မည်ဖြစ်၏။ သို့သော် ယခု သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ ကံကောင်းစွာဖြင့် ညနန်းတော်က အတော်လေးမြင့်မားပြိး သူ အပြင်ကနေ ပုံပန်းသဏ္ဍာန်ကို အကြမ်းဖျင်းကြည့်ရှုနိုင်သည်။ ထို့သို့ဖြင့် ချီရွှမ်းစုသည် ခဏမျှရပ်တန့်၍ အဲဒါကို ရှုစားပြီးနောက် ထွက်ခွာသွား၏။

ချီရွှမ်းစု၏ အပြုအမူသည် ဤနေရာမှာ တွေ့မြင်နေကျဖြစ်ပြီး စိတ်ဝိညာဉ်တပ်သားများက သူ့ကို အာရုံသိပ်မစိုက်ကြပေ။

ဝူရှုနန်းတော်ကနေ လမ်းတစ်ဘက်ခြမ်းမှာ ထိုက်ဖျင်တည်းခိုခန်းရှိသည်။ ဝူရှုနန်းတော်သို့ အလည်အပတ်လာရောက်သောသူများက နန်းတော်ထဲသို့ဝင်ရောက်ဖို့ ခွင့်ပြုချက်မရခင် ထိုက်ဖျင်တည်းခိုခန်းကနေ စောင့်ကြပေလိမ့်မည်။ ဝူရှုနန်းတော်နှင့် ချင်ကျိုးတာအိုစံအိမ်မှ တပည့်ဂိုဏ်းသားများစွာကလည်း သောက်ကြစားကြဖို့အတွက် ထိုက်ဖျင်တည်းခိုခန်းကို လာရောက်တတ်ကြသည်။ သူတို့အများစုက သုံးနိုင်ဖြုန်းနိုင်ကြသူများဖြစ်၏။

သာမန်တည်းခိုခန်းတစ်ခုသည် ဤစီးပွားရေးလုပ်ငန်းကို မှီခိုခြင်းဖြင့် တစ်ဘဝလုံးစာသုံးမကုန်နိုင်မည့် အသပြာကို ရှာဖွေနိုင်ပေလိမ့်မည်။ သို့သော်လည်း အခြားသောတည်းခိုခန်းများက ဤကဲ့သို့အချက်အချာကျသောနေရာကို မရရှိနိုင်ကြပေ။ တာအိုဂိုဏ်းတော်ကနေ လည်ပတ်သော လုပ်ငန်းများသာလျှင် ဤကဲ့သို့အထူးအခွင့်အရေးကို ခံစားခွင့်ရနိုင်ကြပေလိမ့်မည်။

ချီရွှမ်းစုက ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ကို မကြာသေးခင်ကမှ ရရှိထားရာ သူ့ကိုယ်သူ သုံးနိုင်ဖြုန်းနိုင်သည်ဟု ခံစားမိနေ၏။

ထိုက်ဖျင်တည်းခိုခန်းက အတော်လေးဈေးကြီးသော်လည်း ယင်းသည် ဝူရှုနန်းတော်နှင့် ကပ်လျက်မှာရှိသောကြောင့် သူက ထိုနေရာမှာ စိတ်အေးချမ်းသက်သာစွာဖြင့် အနားယူနိုင်ပေမည်။

သို့သော် ဤတစ်ခေါက်မှာ ချီရွှမ်းစု အတွက်မှားသွားခဲ့၏။ သူက ထိုက်ဖျင်တည်းခိုခန်းထဲ ဝင်ရောက်သွားပြီးနောက် ခဏမှာပင် ဆံဖြူလူအိုကြီးတစ်ဦးက သူ့နောက်ကနေ လိုက်ပါဝင်ရောက်လာ၏။ ဤလူအိုကြီးသည် တစ်ချိန်လုံး သူ့နောက်ကိုလိုက်နေသည့် ဖုန့်ပိုပင်ဖြစ်လေသည်။

ဤထိုက်ဖျင်တည်းခိုခန်းသည် ကြီးမားကျယ်ပြန့်သော ဧရိယာတစ်ခုကို သိမ်းယူထားသည်။ သူတို့သည် ဘေးပတ်ဝန်းကျင်က ဆိုင်များကိုပင် ဝယ်ယူ၍ ပင်မအဆောက်အအုံများကြား နံရံများကို ဖြိုချခဲ့သည်။ ထို့နောက် ဤနေရာကို ထူးခြားဆန်းသစ်သော စားသောက်ဆိုင်ကြီးတစ်ဆိုင်အဖြစ် မွမ်းမံပြင်ဆင်ခဲ့လေသည်။ ဒုတိယထပ်မှာ ပိုင်းခြားထားသည့် ဇိမ်ခံသီးသန့်အခန်းများစွာ ရှိသည်။ ပထမထပ် ဧည့်ကြိုခန်းမှာလည်း လိုက်ကာများပိုင်းခြားပေးထားပြီး ဧည့်သည်များက တစ်သီးတစ်သန့်စီသောက်စား၍ ပြောဆိုဆွေးနွေးနိုင်ကြသည်။

တည်းခိုဆောင်များအားလုံးကိုတော့ ပင်မအဆောက်အအုံ၏ နောက်ဘက်မှာထားရှိပြီး သီးခြားခြံဝန်းငယ်များစွာဖြင့် ပိုင်းခြားထား၏။ အကြီးမားဆုံးခြံဝန်းမှာ လူများစွာတည်းခိုနိုင်ကြသည်။ ချီရွှမ်းစုက တစ်ယောက်တည်းဖြစ်သောကြောင့် အသေးငယ်ဆုံးခြံဝန်းကို တစ်ရက်လျှင် ထိုက်ဖျင်ဒင်္ဂါး ၅ ပြားဖြင့် ငှားရမ်းလိုက်၏။

ချီရွှမ်းစုသည် ကောင်းကောင်းအနားယူဖို့ ရှီကျင့်မှာ နှစ်ရက်သာတည်းခိုရန် စီစဉ်ထား၏။ ငှားရမ်းထားသော တည်းခိုဆောင်ထဲသို့ သူရောက်လာပြီးနောက် ခြုံထည်နှင့် ဘေးလွယ်အိတ်ကို ချွတ်လိုက်သည်နှင့် အပြင်ကနေ တံခါးခေါက်သံထွက်ပေါ်လာ၏။

ဤတည်းခိုခန်းသည် ဝူရှုနန်းတော်နှင့် မျက်နှာချင်းဆိုင်မှာရှိသောကြောင့် တည်းခိုခန်းမှ စားပွဲထိုးတစ်ဦးရောက်လာခြင်းဖြစ်မည်ဟု တွေးမိရင်း ချီရွှမ်းစုက သတိကိုလျှော့ချထား၏။ သူ့က ရှေ့ကိုသွားပြီး တံခါးဖွင့်ပေးလိုက်၏။

တံခါးကို ဖွင့်လိုက်သည်နှင့် အေးစက်နေသောလေက သူ့ကျောရိုးကနေ နွယ်တက်ပြီး သူ့ဦးခေါင်းနောက်မှာ ပေါက်ကွဲကာ သူ့ကို ခေါင်းနပန်းကြီးသွားစေသည်ဟု ခံစားလိုက်ရ၏။

မုတ်ဆိတ်ဖြူ၊ ဆံဖြူနှင့် အစိမ်းရောင်ဝတ်လူအိုကြီးတစ်ဦးက တံခါးအပြင်ဘက်မှာ မတ်တတ်ရပ်နေသည်ကို ချီရွှမ်းစု တွေ့မြင်လိုက်ရ၏။ ဤလူအိုကြီးက သာမန်လူမဟုတ်သည်မှာ သိသာထင်ရှားလေသည်။

ဤလူသည် ကျိုးဝါတောင်မှ လင်းယုန်နှင့်ခွေး သတ်ဖြတ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့သည့် ကောင်းကင်ဘုံနန်းတော်မှ လေနတ်ဘုရားဖုန့်ပိုဖြစ်သည်ကို ချီရွှမ်းစုက ချက်ချင်းပင် မှတ်မိသိရှိသွား၏။

လူမြင်ကွင်းမှာ ပုန်းရှောင်မည့်စိတ်ကူးက ချီရွှမ်းစုမှာသာရှိနေခြင်းမဟုတ်ပေ။ ဖုန့်ပိုမှာလည်း ထိုကဲ့သို့သောအကြံရှိနေပြီး ချီရွှမ်းစုကို မရမက သတ်ဖြတ်ဖို့အတွက် နောက်ယောင်ခံလိုက်လာ၏။ သတ်ဖြတ်လိုသူနှင့် ဤကြုံတွေ့မှုမှာ ချီရွှမ်းစုက လုံးဝအငိုက်မိသွား၏။

အစိမ်းရောင်ဝတ်လူအိုကြီးက အရင်စတင်ပြောလိုက်သည်။

“ငါက ဘေးအခန်းက ဧည့်သည်ပါ”

သူတို့သည် ထိုက်ဖျင်တည်းခိုခန်းမှာ ရက်အနည်းငယ်မျှသာ တည်းခိုကြသည်ဖြစ်သောကြောင့် ဤအကြောင်းပြချက်က လက်ခံနိုင်ဖွယ်ရာမရှိပေ။ သူတို့သည် အိမ်အသစ်သို့ရွှေ့ပြောင်းခြင်းမဟုတ်ရာ အိမ်နီးချင်းများကဲ့သို့ လာရောက်လည်ပတ်စရာအကြောင်းမရှိချေ။

သို့သော်လည်း ဖုန့်ပိုသည် ပိုကောင်းသောအကြံကိုမထုတ်နိုင်ခဲ့ပေ။ ဤနေရာသည် ဝူရှုနန်းတော်နှင့် နီးကပ်လွန်းသောကြောင့် သူက ချီရွှမ်းစုကို အကောင်းဆုံးဘယ်လိုသတ်ဖြတ်ပြီး ဤနေရာကနေ ချောချောမွေ့မွေ့ထွက်ပြေးလွတ်မြောက်နိုင်မလဲ စဉ်းစားရသည်။ ချီရွှမ်းစုကို တိတ်တဆိတ်သတ်ဖြတ်နိုင်မှသာ ထွက်ပြေးလွတ်မြောက်ဖို့အတွက် လုံလောက်သည့်အချိန်ရပေလိမ့်မည်။ ဤနေရာမှာ ရုတ်ရုတ်သဲသဲဖြစ်သွားမည်ဆိုလျှင် သူက ဤတည်းခိုခန်းမှာ ပိတ်မိသွားမှာစိုးရိမ်ရ၏။

ဤအကြောင်းပြချက်က သိပ်ပြီးယုတ္တိမရှိသည်ကို သိရှိထားသော်လည်း အနည်းဆုံးတော့ ဤလူငယ်လေးက သိပ်ပြီးစိုးရိမ်နေမည်မဟုတ်ဟု ဖုန့်ပိုက တွေးမိ၏။ သူတို့သည် ဝူရှုနန်းတော်နှင့် နီးကပ်စွာရှိနေသောကြောင့် လူအများစုက သူတို့၏ သတိကို လျှော့ချထားပေလိမ့်မည်။ ဤနေရာမှာ တစ်ယောက်ယောက်က လူသတ်မှုကျူးလွန်မည်ဟု မည်သူကမှ တွေးမိမည် မဟုတ်ပေ။

ဖုန့်ပိုအတွက်မှားသွားသည်မှာ ချီရွှမ်းစုက သူ့ကို ကောင်းကင်သက်ရှိဖုန့်ပိုအဖြစ် မှတ်မိသိရှိနေခြင်းဖြစ်၏။

ချီရွှမ်းစုသည် အဋ္ဌမထျန်းယန်ပြောသော လင်းယုန်နှင့်ခွေးသတ်ဖြတ်ခြင်းအစည်းအဝေးအကြောင်း စူးစမ်းလိုစိတ်ဖြစ်မိပြီး ကျိုးဝါတောင်သို့ သွားရောက်ကြည့်ရှုခဲ့၏။ ထိုသို့ဖြင့် ဖုန့်ပိုကို သူ အဝေးကနေ တွေ့မြင်ခဲ့ရသည်။ ဝတ်ရုံနက်များက ဖီးနစ်မျက်လုံးဗုံးနှင့် ဖြိုခွင်းတိုက်ခိုက်စဉ် သူ သေလုမတတ်ဖြစ်ခဲ့ရသော ထိုနေ့ကို ကောင်းကောင်းမှတ်မိနေ၏။

ဖုန့်ပိုသည် ကောင်းကင်ဘုံနန်းတော်မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ချီရွှမ်းစုသည် မကြာသေးခင်ကမှ ကောင်းကင်ဘုံနန်းတော်မှ ကျားဇီကို သတ်ဖြတ်ခဲ့လေသည်။ ထို့ကြောင့်ဖုန့်ပိုက ဘာရည်ရွယ်ချက်နှင့်ရောက်လာသည်ကို သူက ခန့်မှန်းမိသွားပြီဖြစ်၏။

ထိုအချိန်တုန်းက ကျိုးဝါတောင်တွင် လူတစ်ထောင်ကျော်ရှိနေခဲ့၏။ ဖုန့်ပိုသည် လူအုပ်ကြီးကို အာရုံစိုက်နေခဲ့ပြီး သူတို့ကြားက ချီရွှမ်းစုကို သတိမထားမိခဲ့ပေ။

ချီရွှမ်းစုသည် သူ့ကို မမှတ်မိသောကြောင့် သူ၏ ရည်ရွယ်ချက်ကို သတိထားမိမည်မဟုတ်ဟု ဖုန့်ပိုက တွေးထား၏။ သို့သော် ချီရွှမ်းစု၏ တံခါးဝမှာ ပေါ်ထွက်လာသည်နှင့် ဖုန့်ပို၏ အကြံအစည်က ထုတ်ဖော်ပြီးသားဖြစ်သွားလေသည်။ ထို့ကြောင့် ဤအချိန်မှာ ဖုန့်ပိုက မသိနားမလည်သောလူဖြစ်လာ၏။

သူ၏ အားသာချက်က ကျင့်ကြံမှုအဆင့်နှင့် လိမ်မာပါးနပ်မှုမဟုတ်ဘဲ မြေပြင်တည်နေရာနှင့် ပြင်ပအကူအညီဖြစ်သည်ကို ချီရွှမ်းစုက ကောင်းကောင်းသိရှိထား၏။

သူတို့သည် ဝူရှုနန်းတော်နှင့် မျက်နှာချင်းဆိုင် ချင်ကျိုးတာအိုစံအိမ်အနီးမှာ ရှိနေသောကြောင့် ဤနေရာက ချီရွှမ်းစုအတွက် ပို၍အခွင့်သာစေ၏။

တာအိုဂိုဏ်းတော်သည် ကောင်းကင်ဘုံနန်းတော်မှ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးကို သူတို့၏ မျက်စိအောက်ကနေ လွတ်မြောက်ခံမည်မဟုတ်သောကြောင့် သူက ပြင်ပအကူအညီတောင်းနိုင်မည်ကို ချီရွှမ်းစုက ယုံကြည်မှုရှိနေသည်။

တကယ့်လက်တွေ့မေးခွန်းမှာ သူက တာအိုဂိုဏ်းတော်ကို ဘယ်လိုအကူအညီတောင်းမလဲဆိုတာပင်။ တကယ်ဆို တာအိုဂိုဏ်းတော် သတိထားမိအောင်လုပ်ဖို့က မခက်ခဲပေ။ ချီရွှမ်စုသည် ကျန်ရှိနေသော ဖီးနစ်မျက်လုံးကျည်ဆန်နှစ်တောင့်ကို ဖောက်ခွဲပစ်နိုင်၏။ သို့သော်လည်း ကျဉ်းမြောင်းသော ဤအဆောက်အအုံထဲမှာ သူကိုယ်တိုင် ဒဏ်ရာမရရှိဟု အာမမခံနိုင်ပေ။ ချီရွှမ်းစုသည် ဖီးနစ်မျက်လုံးကျည်ဆန်၏ အဖျက်စွမ်းအားဖြင့် သူ့ခန္ဓာကိုဘ်၏ ခံနိုင်စွမ်းကို စမ်းသပ်မကြည့်ရဲပေ။

ဒါ့အပြင် သူ ထိုသို့လုပ်ပါက ဖုန့်ပိုသည် ထိတ်ထိတ်ပျာပျာနှင့် သူ့ကို ချက်ချင်းပင် သတ်ဖြတ်ပစ်ပေလိမ့်မည်။ ချီရွှမ်းစုသည် ဖီးနစ်မျက်လုံးကျည်ဆန်၏ ပေါက်ကွဲအားကို ခံနိုင်ရည်ရှိမည်ဆိုလျှင်ပင် ကောင်းကင်သက်ရှိတစ်ဦး၏ ပြင်းထန်ကြမ်းတမ်းသော ရိုက်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူ၏ အရံနှလုံးကိုလည်း မှီခို၍မဖြစ်ပေ။ သူ ကြယ်တာရာပင်လယ်ထဲ ကျဆင်းခဲ့စဉ်က အသက်ရှင်နိုင်ရုံသာရှိခဲ့၏။ ဖုန့်ပိုက သူ့ကို ခေါင်းဖြတ်မည်ဆိုလျှင် ဘာဖြစ်မလဲ။ သူ့အရံနှလုံးက သူ့ကို နောက်ထပ်ခေါင်းတစ်လုံး ထပ်ထွက်လာစေမည်ဟု မထင်ပေ။

ဤကိစ္စသည် သေရေးရှင်ရေးပြဿနာဖြစ်လာသောကြောင့် ချီရွှမ်းစုက မဆင်မခြင်မပြုမူရဲပေ။

ဖုန့်ပိုသတိမထားမိအောင် ချီရွှမ်းစုက သူ့ကိုယ်သူတည်ငြိမ်စေဖို့ ဖိအားပေးထား၏။ သူက လူအိုကြီးကို အထဲသို့ပင်ဖိတ်ခေါ်ပြီး မေးလိုက်၏။

“ဆရာကြီး… ဘာကိစ္စများ ရှိလို့လဲ”

ဖုန့်ပိုက ပြောလိုက်၏။

“ငါ့မှာ ဘာမှလုပ်စရာမရှိဘူးလေ… အဲဒါကြောင့် မင်းနဲ့ခဏတဖြုတ်စကားပြောမလားလို့.. မင်းစိတ်မရှိဘူးမလား”

“အာ… ဘယ်ကသာ… ပြဿနာမရှိပါဘူး”

ချီရွှမ်းစုက ပြုံးပြလိုက်၏။

ယောကျ်ားနှစ်ဦးသည် အမှတ်မထင်ဆုံတွေ့သော သူစိမ်းနှစ်ဦးကဲ့သို့ဖြစ်၏။ သို့သော်လည်း သူတို့မှာ အကြံကိုယ်စီရှိနေကြသည်။

ချီရွှမ်းစုသည် သူ့အသက်ကိုယ်သူ ကယ်တင်ဖို့ တာအိုဂိုဏ်းတော်ကို ဘယ်လိုသတိပေးရမလဲ စဉ်းစားနေစဉ် ဖုန့်ပိုကတော့ တာအိုဂိုဏ်းတော်သတိမထားမိစေဘဲ ချီရွှမ်းစုကို ဘယ်လိုသတ်ဖြတ်ရမလဲ တွေးနေ၏။

ဖုန့်ပိုအတွက်တော့ ရှန်းထျန်သက်ရှိတစ်ဦးကို သတ်ဖြတ်ရသည်က အခက်အခဲမရှိပေ။ ခက်ခဲသည့်အပိုင်းက မထိမခိုက် ဘယ်လိုလွတ်မြောက်အောင် ထွက်ပြေးမလဲဆိုတာပင်။

ဖုန့်ပို ထိုက်ဖျင်တည်းခိုခန်းထဲ ဝင်ရောက်လာပြီးနောက် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုခဲ့၏။ အတည်းခိုခန်းထဲမှာ ကျင့်ကြံမှုအဆင့်မြင့်မားသည့် လူများစွာကို သူသတိထားမိခဲ့သည်။ သူတို့ထဲမှတချို့က ဧည့်သည်များဖြစ်ပြီး တချို့က ထိုက်ဖျင်တည်းခိုခန်းမှ အမှုထမ်းများဖြစ်ကြသည်။

ဖုန့်ပိုသည် ချီရွှမ်းစုကို ထက်ပိုင်းဖြတ်ဖို့အတွက် မိုးမြေအမြုတေကို ဆင့်ခေါ်နိုင်၏။ သို့သော် အဲဒါကို အခြားသူများမသိအောင် ဖုံးကွယ်ထားဖို့ ခက်ခဲပေလိမ့်မည်။ သူက ကောင်းကင်သက်ရှိ ချီသန့်စင်သူတစ်ဦးဖြစ်ရာ မိုးမြေအမြုတေကိုအသုံးပြုခြင်းမရှိဘဲ တစ်ချက်တည်းနှင့် အပြီးသတ်သတ်ဖြတ်နိုင်မည်ဟု အာမမခံနိုင်ပေ။ ဤကောင်လေးက ရုတ်ရုတ်သဲသဲဖြစ်အောင် မွှေနှောက်သွားမည်ဆိုလျှင် ဖုန့်ပိုက ဤနေရာမှာ ပိတ်မိသွားပေလိမ့်မည်။ ထို့ကြောင့် ဖုန့်ပိုသည် ချောင်းမြောင်းတိုက်ခိုက်ဖို့ကိုသာ ရွေးချယ်ရပေမည်။ ဤသည်မှာ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို ချောင်းမြောင်းနေခြင်းနှင့်တူသည်။

All Chapters