အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း ၂၅၅ - သေရေးရှင်ရေး
ချီရွှမ်းစု၏ လိမ်မာပါးနပ်မှုနှင့်ပင် မထိမခိုက်လွတ်မြေက်နိုင်မည့်အဖြေကို စဉ်းစားမရသေးပေ။
အကောင်းဆုံးနည်းလမ်းမှာ ဖုန့်ပိုကို အရင်စတင်တိုက်ခိုက်ပြီး အသည်းအသန်ထွက်ပြေးဖို့ပင်။ ထိုသို့ဖြင့် နည်းပါးလျှင်တောင် သူ့မှာ အသက်ရှင်ဖို့အခွင့်အရေးတစ်ခု ရှိလာပေလိမ့်မည်။
ချီရွှမ်းစု ငှားရမ်းထားသည့် တည်းခိုဆောင်မှာ အိပ်ခန်းနှစ်ခန်းနှင့် မြင်းထားလို့ရသည့် ခြံဝင်းငယ်တစ်ခုပါသည်။ အိမ်စေများက ဤနေရာကို နေ့တိုင်းလာရောက်၍ သန့်ရှင်းရေး လုပ်ပေလိမ့်မည်။
ချီရွှမ်းစုက ဖုန့်ပိုကို ဧည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်၏။ သူ ဘေးလွယ်အိတ်နှင့် ပစ္စည်းတချို့ကို စားပွဲပေါ်မှာ ပြီးစလွယ်ပစ်တင်ထားမိသည့်အတွက် အားနာသည့်ဟန်ဖြင့် ပြောလိုက်၏။
“ကျုပ်လည်း အခုမှရောက်တာဆိုတော့ ပစ္စည်းတွေသိမ်းဖို့တောင် အချိန်မရလိုက်ဘူး”
ထိုသို့ပြောပြီးနောက် ချီရွှမ်းစုက ရှေ့ကိုတက်လှမ်း၍ စားပွဲပေါ်က သူ၏ ဘေးလွယ်အိတ်ကို ယူစဉ် ဖုန့်ပိုက ယဉ်ကျေးစွာဖြင့် ထိုနေရာမှာ မတ်တတ်ရပ်နေ၏။ ရလဒ်ကတော့ ချီရွှမ်းစုသည် ဖုန့်ပိုကို ကျောပေးလျက်သားဖြစ်သွား၏။
အချိန်ကိုက်ရလာသည့် ဤအခွင့်အရေးကို သတိထားမိပြီး ဖုန့်ပိုက ချက်ချင်းပင် သူ့မျက်လုံးနှစ်ဖက်ကို မှေးကျဉ်းကာ သူ၏ လက်ဝါးဖြင့် လေပြည်တစ်ချက်ကို ဆင့်ခေါ်လိုက်၏။
ဖုန့်ပို၏ ကျင့်ကြံမှုအဆင့်သက်သက်အရ မိုးမြေအမြုတေကို အသုံးပြုခြင်းမရှိလျှင်ပင် ချောင်းမြောင်းတိုက်ခိုက်မှုမှာ ယွီရှုအဆင့်ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို အလွယ်တကူသတ်ဖြတ်နိုင်သည်။
ပြောရမည်ဆိုလျှင် ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားများမှာသာ မသေနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ ဒူပေနာပေ ခံနိုင်ရည်ရှိသည့် ကိုယ်ကာယများရှိသည့်အတွက် ဤမျှအထိ ဒုက္ခခံဖို့ ထိုက်တန်လေသည်။ ချီရွှမ်းစုက အားနည်းသော ဂမ္ဘီရဝိဇ္ဇာတစ်ဦး သို့မဟုတ် နတ်ဆရာတစ်ဦးဖြစ်မည်ဆိုလျှင် ဖုန့်ပိုက သိပ်ပြီး စိုးရိမ်နေစရာမလိုပေ။ သို့သော် ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည်လည်း ဖျက်ဆီး၍မရနိုင်လုနီးပါး ကောင်းကင်သက်ရှိ ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို မယှဉ်နိုင်ပေ။
နောက်ခဏ၌ ဖုန့်ပိုက လှုပ်ရှားမှုပြုလုပ်လိုက်၏။ သူ့လက်ဖဝါးထဲရှိလေပြည်က အဆက်မပြတ်လည်ပတ်နေသော လွန်စူးတစ်ခုအဖြစ်ပြောင်းပြီး ချီရွှမ်းစု၏ နောက်ကျောကို ချိန်ရွယ်လိုက်၏။
ဖုန့်ပိုထင်မှတ်ထားသည့်အတိုင်း ချီရွှမ်းစုမှာ တုံ့ပြန်ဖို့အချိန် လုံးဝမရပေ။
လေအားလွန်စူးသွားက ချီရွှမ်းစု၏ နောက်ကျောကနေ နှလုံးကိုထိုးဖောက်သွား၏။ ဖုန့်ပိုမျှော်လင့်ထားသည့် သွေးသံရဲရဲမြင်ကွင်းက ပေါ်ထွက်မလာဘဲ လေအားလွန်စူးက မည်သည့်ခုခံမှုမှမရှိဘဲ ချီရွှမ်းစုကို ထိုးဖောက်သွား၏။
ထို့နောက် ချက်ချင်းပင် ချီရွှမ်းစုသည် မီးခိုးမျှင်များအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲပြီး ပျောက်ကွယ်သွား၏။
ဤသည်မှာ လေလွင့်ကျင့်ကြံသူတစ်ဦး၏ ပုစဉ်းအခွံလဲနည်းစနစ်ဖြစ်သည်ကို နားလည်သိရှိသွားပြီး ဖုန့်ပို၏ အမူအရာက သိသိသာသာပြောင်းလဲသွား၏။
ကိုယ်ခံပညာသိုင်းသမားက လေလွင့်ကျင့်ကြံသူတစ်ဦးရဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းရည်တွေကို ဘယ်လိုလုပ်ပြီး ကျင့်ကြံထားနိုင်တာလဲ။
ထိုသည်မှာ ဖုန့်ပိုမျှော်လင့်ထားသည်ထက် တကယ်ပင်ကျော်လွန်နေ၏။
လေလွင့်ကျင့်ကြံသူ၏ ပုစဉ်းအခွံလဲနည်းစနစ်ကို အလွယ်တကူမထုတ်ဖော်နိုင်ဘဲ နတ်သက်ကြွေအင်မော်တယ်၏ ပုံရိပ်ယောင်ခန္ဓာနည်းစနစ်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်သည်။ လူတစ်ယောက်၏ ပင်ကိုယ်ချီနှင့်သွေးချီကို ပေါင်းစည်း၍ ချီဟိုင်သွေးကြောဆုံမှတ်ထဲမှာ သိုလှောင်ကာ လိုအပ်သည့်အခါ ထုတ်ဖော်ဖို့အတွက် အတုအယောင်ခန္ဓာတစ်ခုကို ဖန်တီးထားရသည်။
အစစ်အမှန်ခန္ဓာနှင့် အတုအယောင်ခန္ဓာသည် တူညီသောအရင်းအမြစ်ကနေ လာသောကြောင့် သူတို့၏ အော်ရာများက တူညီနေပြီး ခွဲခြားရန် ခက်ခဲစေ၏။
ချီရွှမ်းစုသည် ဖုန့်ပို၏ သရုပ်သကန်နှင့် ရည်ရွယ်ချက်ကို စောစောက သတိထားမိသွားပြီဖြစ်ရာ သူက သူ့သတိကို တင်ထား၏။
ဖုန့်ပိုက အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည်။ ဤလူငယ်က သူ၏သရုပ်သကန်ကို သိရှိသွားပြီကို သူချက်ချင်းပင် နားလည်သဘောပေါက်လိုက်၏။ မဟုတ်ပါက ဤလူငယ်သည် ဤမျှထိ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်လိမ့်မည်မဟုတ်ပေ။
လူငယ်က တာအိုဂိုဏ်းတော်ကို အော်ဟစ်၍ အကူအညီမတောင်းသည့်အတွက် ဖုန့်ပိုက စိတ်သက်သာရာရသွားစဉ် ပေါက်ကွဲမှုတစ်ခုထွက်ပေါ်၍ အခန်းတစ်ဝက်က ပြိုကျပျက်စီးသွား၏။ ချီရွှမ်းစုက ဖီးနစ်မျက်လုံးကျည်ဆန်ကို ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။
စောစောက ချီရွှမ်းစု သူ့ဘေးလွယ်အိတ်ကိုဆွဲယူ၍ ဖုန့်ပိုကို အာရုံလွှဲထားတုန်းမှာ ပုစဉ်းအခွံလဲနည်းစနစ်ကိုသုံး၍ ဤနေရာမှာ အတုအယောင်ခန္ဓာတစ်ခုကို ချန်ထားခဲ့သည်။ သူက ဖုန့်ပိုနှင့်လူချင်းခွာ၍ ဖီးနစ်မျက်လုံးကျည်ဆန်ထဲ ချီတချို့ကိုထည့်သွင်းကာ လက်ပစ်ဗုံးတစ်လုံးလို ပစ်ထုတ်လိုက်၏။
သို့သော် အဲဒါက ဖီးနစ်မျက်လုံးဗုံးမဟုတ်သည့်အတွက် ကောင်းကင်သက်ရှိတစ်ဦးကို ထိခိုက်အောင်လုပ်နိုင်မည်ဟု ချီရွှမ်းစု တွက်မထားပေ။ သူလိုချင်သည်မှာ အုန်းအုန်းကျက်ကျက်အခြေအနေတစ်ခုဖြစ်သည်။
ပြင်းထန်ကြမ်းတမ်းသောပေါက်ကွဲသံက ထိုက်ဖျင်တည်းခိုခန်းမှာ ဟိန်းထွက်သွား၏။ တထောင်းထောင်းထလာသော မီးခိုးလုံးများနှင့် ဖုန်လုံးများကြားကနေ ချီရွှမ်းစုက ခေါင်မိုးပေါ်ကို ခုန်တက်၏။ တစ်ချိန်တည်းမှာ နောက်ဆုံးလက်ကျန် ဖီးနစ်မျက်လုံးကျည်ဆန်ကို ဆွဲထုတ်လိုက်၏။
ပေါက်ကွဲမှုက ထွက်ပေါ်လာသောမီးခိုးများမစဲသေးခင် ဖုန့်ပိုကလည်း ခေါင်မိုးပေါ်ကို ခုန်တက်လာလေပြီ။
ချီရွှမ်းစုထင်မှတ်ထားသည့်အတိုင်း ဖီးနစ်မျက်လုံးကျည်ဆန်တစ်ထောင့်က ဖုန့်ပိုကို ထိခိုက်အောင်မလုပ်နိုင်ပေ။ ဖုန့်ပိုက ဒဏ်ရာအပြင်းအထန်မရရှိသလို မည်သည့်အရာနှင့်မှ ချုပ်နှောင်မခံထားရပေ။ သူ၏ ကျင့်ကြံမှုနှင့် ကိုယ်ကာယက အကောင်းဆုံးအခြေအနေမှာ ရှိနေဆဲဖြစ်၏။ ဤအခြေအနေမှာ ဖီးနစ်မျက်လုံးကျည်ဆန်ကို ဖုန့်ပို၏ ခန္ဓာကိုယ်ထဲမှာ ဖောက်ခွဲမည်ဆိုလျှင်ပင် အဲဒါက သူ့ကိုသတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဒါ့အပြင် ဤဖီးနစ်မျက်လုံးကျည်ဆန်က သူ့ခန္ဓာကိုယ်အပြင်ဘက်မှာ ပေါက်ကွဲသွားခြင်းဖြစ်၏။ အဲဒါက သူ့ချီဒိုင်းကာကိုပင် ဖျက်ဆီးဖို့မလုံလောက်ပေ။
ချီရွှမ်းစုက တွေဝေခြင်းမရှိ နောက်ဆုံး ဖီးနစ်မျက်လုံးကျည်ဆန်ထဲသို့ ချီကိုထည့်သွင်းပြီး ဖုန့်ပိုရှိရာသို့ ပစ်ထုတ်လိုက်၏။ ဖုန့်ပိုက ဖီးနစ်မျက်လုံးကျည်ဆန်ကို ဖောက်ခွဲခွင့်ပေးလိုက်၏။ သူ့လက်ကိုသာဝေ့ယမ်း၍ မိုးမြေအမြုတေကို စုစည်းပြီး လူတစ်ယောက်အရပ်လောက် လခြမ်းကွေးသဏ္ဍာန် အစိမ်းရောင်ဓားချီကို စုဖွဲ့လိုက်၏။ ထို့နောက် ဤဓားချီဖြင့် ချီရွှမ်းစုကို ထိုးညွှန်လိုက်၏။ ဤဓားချီဖြင့် ထိခတ်ခံရလျှင် နှစ်ပိုင်းလှီးဖြတ်ခံရပေလိမ့်မည်။ ထိုအခါ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ပြန်လည်ကုသနိုင်စွမ်းနှင့် သူ၏ အရံနှလုံးနှင့်ပင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ချီရွှမ်းစုက ပြန်လှန်တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘဲ ပုစဉ်းအခွံလဲနည်းစနစ်မှ သူ၏ နောက်ဆုံးအတုအယောင်ကိုယ်ပွားကို အသုံးပြုပြီးနောက် ခြံဝင်းထဲကိုခုန်ဆင်းကာ အသက်လုပြေးလိုက်၏။
ချီရွှမ်းစု၏ အတုအယောင်ခန္ဓာက အစိမ်းရောင်ဓားချီနှင့် ထိတွေ့မိသည့်ခဏမှာပင် အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွား၏။ မျှော်လင့်ထားပြီးသားဖြစ်ပြီး ဖုန့်ပိုက အေးစက်စွာသာ နှာတစ်ချက်မှုတ်၏။ သူ၏ ညာဘက်လက်ခလယ်နှင့် လက်ညှိးကိုသုံးပြီး ချီရွှမ်းစုကို ထိုးညွှန်ကာ အစိမ်းရောင်ဓားချီကို ချီရွှမ်းစုရှိရာဘက်သို့ နောက်တစ်ဖန်လှည့်ဝင်သွားစေ၏။
ချီရွှမ်းစုက ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ ဓားချီထက်ပိုမသာနိုင်ပေ။ အဲဒါကိုရှောင်တိမ်းဖို့ အတတ်နိုင်ဆုံးကြိုးစားသော်လည်း အစိမ်းရောင်ဓားချီက သူ့ကို ပွတ်တိုက်သွားဆဲဖြစ်၏။
ဒုတ်…
လက်တစ်ဖက်က မြေပြင်ပေါ် ပြုတ်ကျသွား၏။
ဓားချီနှင့် အနည်းငယ်မျှ ထိတွေ့ရုံဖြင့် သူ့လက်တစ်ဖက်ကို ပေးဆပ်လိုက်ရ၏။ ဓားချီက သူ့ကို တည့်တည့်ထိမှန်လျှင် မလွဲမသွေ သေရပေလိမ့်မည်။
ချီရွှမ်းစုက ချက်ချင်းပင် ချွေးပြန်လာ၏။ ဤဓားချီက အလျားလိုက်မဟုတ်ဘဲ ဒေါင်လိုက်လာသည်မှာ သူ့အတွက်ကံကောင်းသွားခြင်းဖြစ်၏။ အဲဒါက အလျားလိုက်လာမည်ဆိုလျှင် သူ့ခန္ဓာကိုယ်သည် ခါးလယ်ကနေ လှီးဖြတ်ခံရပေလိမ့်မည်။
ပြတ်တောက်သွားသောလက်ကိုတော့ ချီရွှမ်းစုက အသက်ဘေးနှင့် ကြုံတွေ့နေရချိန်မှာ ဂရုစိုက်မနေနိုင်ပေ။ သူ့လက်သည် ထက်ရှသောဓားချီဖြင့် တိတိရိရိလှီးဖြတ်ခံလိုက်ရခြင်းဖြစ်ပြီး နာကျင်မှုကို ချက်ချင်းမခံစားရဘဲ ထုံကျင်၍သာနေ၏။
ချီရွှမ်းစုက ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားခြင်းမဟုတ်သည့်အတွက် သူ့စိတ်က ရှင်းလင်းနေဆဲဖြစ်၏။ ခြံဝင်းတံခါးကနေ ပြေးထွက်ပြီးနောက် သူက ဘေးတစ်ဘက်သို့ လှိမ့်ချပြီး နံရံနောက်မှာ ဝင်ပုန်းလိုက်၏။
နောက်ခဏ၌ အစိမ်းရောင်ဓားချီက သူ့ခေါင်းပေါ်ကနေ အလျားလိုက်ဖြတ်သွားပြီး ခြံဝင်းတံခါးနှင့်တံတိုင်းကို ထောပတ်တုံးတစ်တုံးလို လှီးဖြတ်သွား၏။
ချီရွှမ်းစုက မြေပြင်မှာ ဝပ်နေခြင်းမရှိလျှင် သူ့ခန္ဓာကိုယ်သည် နောက်ဘက်မှာရှိသော ခြံဝင်းတံတိုင်းကဲ့သို့ နှစ်ပိုင်းလှီးဖြတ်ခံရပေလိမ့်မည်။ ဖုန့်ပိုသည် ချီရွှမ်းစုကို သတ်ဖြတ်ဖို့ သုံးကြိမ်ကြိုးစားခဲ့ပြီဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။ သူက ဒေါသချောင်းချောင်းထွက်နေသော်လည်း ယခုချက်ချင်းမထွက်ခွာဘူးဆိုလျှင် စစ်ကူများရောက်ရှိလာသည်နှင့် ရှီကျင့်စီရင်စုမှာ သူပိတ်မိသွားပေလိမ့်မည်။
ထို့ကြောင့် ဖုန့်ပိုက ချီရွှမ်းစုရှိရာဘက်သို့ စိမ်းစိမ်းဝါးဝါးတစ်ချက်စိုက်ကြည့်ပြီးနောက် လေပြင်းတစ်ချက်တိုက်ခတ်၍ ပျောက်ကွယ်သွား၏။
နောက်ခဏ၌ သက်တံတစ်ခုလို ကောင်းကင်ထက်က ဓားပျံများကို ချီရွှမ်းစုတွေ့မြင်ရ၏။ လေခွင်းသံနှင့်အတူ အဖြူရောင်ကိုဝတ်ဆင်ထားသည့် လူဆယ်ဦးကျော်က ဓားပျံများကို စီးနင်းလာကြ၏။
ပုံမှန်အားဖြင့် ကောင်းကင်သက်ရှိများသာပျံသန်းနိုင်ကြသည်။ သို့သော် ဤလူအများစုသည် အစစ်အမှန်ကောင်းကင်သက်ရှိများမဟုတ်ကြပေ။ သူတို့သည် ထူးခြားသောရတနာများ၏ အကူအညီဖြင့် ခဏတဖြုတ်ပျံသန်းနိုင်ရုံသာဖြစ်၏။
ဤလူအုပ်စုသည် ဝူရှုနန်းတော်ကနေ ပျံသန်းထွက်ခွာလာပြီးနောက် သူတို့ထဲမှတစ်ဝက်က ဖုန့်ပိုနောက်သို့ပြေးလိုက်သွားပြီး ကျန်တစ်ဝက်က ချီရွှမ်းစုနှင့်မလှမ်းမကမ်းမှာ ဆင်းသက်လိုက်ကြ၏။ သူတို့က ချီရွှမ်းစုကို မျက်နှာချင်းဆိုင်၍ အတန်းလိုက်ရပ်နေကြပြီး သူတို့တစ်ယောက်ချင်းစီမှာ နတ်ဘုံနတ်နန်းအော်ရာနှင့် တစ်မူထူးခြားသော သွင်ပြင်ဟန်ပန်များရှိနေကြ၏။
လောကရှိ အကြီးမားဆုံးမြို့တော်ထဲမှ တစ်ခုအနေဖြင့် ရှီကျင့်စီရင်စုမှာ အလွှာပေါင်းစုံများမှ နယ်ခံများနှင့် ဧည့်သည်များရှိကြသည်။ ဒါ့အပြင် လောကရှိ အကြီးမားဆုံးမှောင်ခိုဈေးသုံးခုထဲမှ တစ်ခုသည် ဤနေရာမှာ တည်ရှိလေသည်။ ထို့ကြောင့် လျှို့ဝှက်အသင်းအဖွဲ့ဝင်များနှင့် ကျန်းဟူလောကသားများစွာသည် ဤနေရာမှာ မကြာခဏသွားလာလှုပ်ရှားတတ်ကြ၏။ ထို့ကြောင့် လုံလောက်သည့်အသပြာဖြင့် မက်လုံးပေးပါက စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်ပြီး အန္တရာယ်ကိုစွန့်စားမည့်သူများအမြဲတမ်းရှိလေသည်။
(ကျန်းဟူကို တချို့က သိုင်းလောကလို့ ပြန်ဆိုကြပါတယ်။ တကယ်တော့ ကျန်းဟူဆိုတာ နန်းတွင်းအရာရှိလောကနဲ့ ဥပဒေရဲ့ ပြင်ပမှာရှိပြီး၊ ကိုယ့်နည်းကိုယ်ဟန် ကိုယ့်ဥပဒေနဲ့ လှုပ်ရှားနေကြတဲ့ လူပေါင်းစုံ ပါဝင်တဲ့ အစစ်အမှန်အပြင်လောကကို ဆိုလိုတာပါ။ သိုင်းသမားတွေ၊ ကျင့်ကြံသူတွေ၊ အစွန်းရောက်တွေ၊ သူခိုးဓားပြတွေ၊ မှောင်ခိုသမားတွေ စသဖြင့် အကုန်လုံးက ကျန်းဟူလောကထဲမှာ ရှိနေတာပါ။ မိသားစုကို သတ်သွားတဲ့သူတွေကို အရာရှိတွေထံ မတိုင်ကြားဘဲ တိတ်တဆိတ်လက်စားချေသတ်ဖြတ်ကလည်း ကျန်းဟူရဲ့ ဓလေ့တစ်ခုပါပဲ။)
ဤကဲ့သို့သောမြို့ကြီးတစ်မြို့မှာ ပဋိပက္ခများနှင့် တိုက်ခိုက်မှုများက မကြာခဏဖြစ်ပွားတတ်သည်။ ပညာရှင်များကြား ဤတိုက်ခိုက်မှုများသည် တစ်ခါတစ်ရံအပြစ်မဲ့ပြည်သူများကို ရောပါငြိစွန်းစေတတ်၏။ ထို့ကြောင့် သူတို့ကို တင်းတင်းကျပ်ကျပ်ပိတ်ပင်တားမြစ်ထားသည်။ သို့သော်လည်း ဤကဲ့သို့သောအခြေအနေမှာ စွမ်းအားကြီးမားသောရန်သူများကို တားဆီးဖို့ ဖီးနစ်စိမ်းတပ်ဖွဲ့၏ ခွန်အားက အကန့်အသတ်ရှိနေ၏။ ဝတ်ရုံနက်များကလည်း အဖျက်စွမ်းအားကြီးမားသော ခဲယမ်းလက်နက်များကို အသုံးပြုဖို့နေနေသာ မြို့ထဲကို အလုံးအရင်းဖြင့် ဝင်ရောက်နိုင်ခြင်းပင် မရှိပေ။
ရွှမ်အရှင်မြတ်နှင့် ဧကရာဇ်ကောင်းကျူကြား သဘောတူညီချက်အရ တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်သည် အခြေခံအားဖြင့် တစ်ဘက်တည်းသားများဖြစ်ကြသည်။ ထို့ကြောင့် ဤကဲ့သို့သော ပဋိပက္ခမျိုး ပေါ်ထွက်လာသည့်အခါ တာအိုဂိုဏ်းတော်က ဝင်ပါလာပေလိမ့်မည်။ ချွမ်ကျန်းဂိုဏ်း၏ ထောက်ပံ့မှုနှင့်အတူ ချီကျိုးတာအိုစံအိမ်သည် ဤကဲ့သို့သောအရေးကိစ္စများကို တာဝန်ယူဖို့ ထျန်ကန်းခန်းမကို တုပထားသည့် ထူးခြားသော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။ ဤလက်ရွေးစင်အဖွဲ့ကို ထျန်ကန်းခန်းမငယ်ဟု ခေါ်ဆိုလေသည်။