အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း ၂၅၇ - စည်းမျဉ်းဥပဒေများ
တချို့ကိစ္စများသည် အခြေခံမူဝါဒရေးရာကိစ္စများအဖြစ် ရှုမြင်ခံရသည်နှင့် ပြဿနာက တဟုန်ထိုး ကြီးမားသွားနိုင်သည်။
အင်ပါယာနန်းတော်စစ်သားတစ်ဦးကို သူ့နေရာသူသိရှိစေရန် ဆုံးမပေးခြင်းအဖြစ် ဤကိစ္စကိုလျှော်ပစ်နိုင်သည်။ သို့သော်လည်း အဲဒါကို တာအိုဂိုဏ်းတော်၏ နာမည်ဂုဏ်သတင်းအား ပျက်စီးထိခိုက်စေသည့် ဩဇာအာဏာအလွဲသုံးစားလုပ်မှုအဖြစ် ချဲ့ကားပစ်လို့လည်းရလေသည်။
ထို့ကြောင့် အနည်းငယ်ဆူပူကြိမ်းမောင်းရုံဖြင့် ပြီးသွားမည့်ကိစ္စက ကြီးလေးသောအပြစ်ဒဏ်အဖြစ်လည်း ပြောင်းလဲသွားနိုင်သည်။ ထိုကဲ့သို့ ပြုမူဖို့ သူ့ကို ဘယ်သူအခွင့်အာဏာပေးထားသလဲဟု ဖေးရှောင်လိုက လူငယ်ကို မေးခွန်းထုတ်သည့်အချိန်မှာ သူက လူငယ်ကို ချည်ပြီးတုပ်ပြီး ဖြစ်သွားလေပြီ။
ဤကဲ့သို့သောအခြေအနေမှာ ချင်ကျိုးတာအိုစံအိမ်သခင်သည် ဤလူငယ်ကို ကာကွယ်မပေးဘဲ ကိုယ်လွတ်ရုန်းထွက်လိုပေလိမ့်မည်။
ဖေးရှောင်လိုက လူငယ်ကိုမေးလိုက်၏။
“မင်းနာမည် ဘယ်သူလဲ”
လူငယ်၏ နှုတ်ခမ်းက အနည်းငယ်တုန်ယင်၍ လေသံမျှနှင့် ပြန်ဖြေလိုက်၏။
“သူတော်စင်… ကျုပ်နာမည်က စန်လီပါ”
“စန်လီလား… ကျင့်ဝတ်ထုံးတမ်းဆိုတဲ့ အဓိပ္ပါယ်ပေါ့… နာမည်က ကောင်းသားပဲ.. ဒါပေမဲ့ မင်းနဲ့တော့ လုံးဝမလိုက်ဖက်ဘူး”
ဖေးရှောင်လိုက အရွှန်းဖောက်ပြီးနောက် ဆက်ပြောလိုက်၏။
“အဲဒီ… အသုဘဝတ်စုံကို ချွတ်ပြီး ပြစ်မှုစီရင်ရေးဌာနမှာ ဖြောင့်ချက်သွားပေးလိုက်”
စန်လီက လှုပ်ရှားခြင်း မရှိချေ။ ထျန်ကန်းခန်းမငယ်မှ ကျန်အဖွဲ့ဝင်များကလည်း မလှုပ်မယှက်ရပ်နေကြ၏။
ထျန်ကန်းခန်းမငယ်သည် ချင်ကျိုးတာအိုစံအိမ်မှာ ထူးခြားသောအဆင့်အတန်းတစ်ခုရှိပြီး အခြားသူများထက် အမြဲတမ်းသာလွန်ခဲ့လေသည်။ ချင်ကျိုးလက်ထောက်ခန်းမသခင် အတော်များများပင် ထျန်ကန်းခန်းမငယ်နှင့်ပတ်သက်သည့် အရေးကိစ္စများမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ ထျန်ကန်းခန်းမငယ်ကို တာဝန်ယူထားသည့် ချင်ကျိုး ဒုတိယလက်ထောက်ခန်းမသခင်သာလျှင် သက်ဆိုင်ရာအရေးကိစ္စများကို ချင်ကျိုးတာအိုစံအိမ်သခင်ထံ တိုက်ရိုက်တင်ပြပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုသော် သူတို့က သူတော်စင်တစ်ပါးကို စိုးရွံ့ကြ၏။ သို့သော်လည်း သူတော်စင်ဖေးသည် သူတို့ကို တစ်ခုခုလုပ်ဖို့ ဩဇာအာဏာမရှိချေ။ အလွန်ဆုံး ဖေးရှောင်လိုက သူတို့ကို ပြစ်တင်ကြိမ်းမောင်း၍ ချင်ကျိုးတာအိုစံအိမ်သို့ သတင်းပေးရုံသာလုပ်နိုင်ပေလိမ့်မည်။ သည့်ထက်မက ပြုလုပ်လာပါက သူက အကန့်အသတ်ကို ကျော်လွန်ပြီး စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာကျပေလိမ့်မည်။
ဖေးရှောင်လိုက လူအိုကြီးကို မမှိတ်မသုန်စိုက်ကြည့်နေ၏။
လူအိုကြီးက အံကိုကြိတ်ကာပြောလိုက်၏။
“သူတော်စင်ဖေး.. ခင်ဗျားက ထျန်ကန်းခန်းမငယ်ရဲ့ အဖွဲ့ဝင်တွေကိုအပြစ်ပေးချင်တယ်ဆိုရင် အဲဒါကို ချင်ကျိုး ဒုတိယလက်ထောက်ခန်းမသခင်ထံ အရင်တင်ပြရလိမ့်မယ်… ချင်ကျိုးတာအိုစံအိမ်သခင်ရဲ့ ခွင့်ပြုချက်မရှိရင် ချင်ကျိုး လက်ထောက်ခန်းမသခင်ခေါင်းဆောင်တောင်မှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး”
ဖေးရှောင်လိုက ထေ့ငေါ့လိုက်၏။
“မင်းတို့က ချင်ကျိုးတာအိုစံအိမ်သခင်ရဲ့နာမည်ကိုသုံးပြီး အလွဲသုံးစားလုပ်ချင်နေကြတာလား”
ဤတစ်ခေါက်မှာတော့ လူအိုကြီးက ခေါင်းငုံ့ကာ ဦးညွှတ်သွား၏။
“သူတော်စင်ဖေး… ကျုပ် မလုပ်ရဲပါဘူး”
ဤစကားလုံးများကိုရင်းနှီးနေသည်ဟု ချီရွှမ်းစုခံစားမိ၏။ စောစောက စန်လီသည် ထိုစကားလုံးများဖြင့် သူ့ကို ပုတ်ခတ်စွပ်စွဲခဲ့၏။ ယခု ဖေးရှောင်လိုက ထိုစကားနှင့်ပင် ဝတ်ရုံဖြူများကို ပြန်လည်ထိုးနှက်နေ၏။
ဖေးရှောင်လိုက ပြောလိုက်၏။
“မင်းတို့ လုပ်ရဲတာ မလုပ်ရဲတာက ကိစ္စမရှိဘူး”
ဖေးရှောင်လိုက ဒေါသချောင်းချောင်းထွက်သွားလိမ့်မည်ဟု လူအိုကြီးက တွေးထင်ထားခဲ့၏။ ဖေးရှောင်လိုက ထိုမျှအထိ တည်ငြိမ်နေမည်ဟု သူ မျှော်လင့်မထားပေ။ သူက ဆက်ပြောလိုက်ရ၏။
“သူတော်စင်ဖေး… စည်းမျဉ်းစည်းကမ်းတွေက ကျောက်ထက်အက္ခရာတင်ထားပြီးသားဆိုတာ ခင်ဗျားနားလည်မယ်လို့ ကျုပ်ထင်ပါတယ်”
ဖေးရှောင်လိုက ဝတ်ရုံဖြူအုပ်စုကို စူးစူးရဲရဲတစ်ချက်ကြည့်ပြီး သူ့အကြည့်က စန်လီပေါ်ကျရောက်လာ၏။
“စည်းမျဉ်းစည်းကမ်းလား… ဟမ့်”
“စည်းမျဉ်းစည်းကမ်းတွေရှိတယ်ဆိုတာ အခုတော့ မင်းတို့သိသွားပြီပေါ့… ဒါဆို စောစောကကျ ဘာလို့ စည်းမျဉ်းစည်းကမ်းအတိုင်းမလိုက်နာကြတာလဲ… စည်းမျဉ်းစည်းကမ်းတွေက မင်းတို့ဘက်မှာရှိနေရင် မင်းတို့က အဲဒါကို ကျောက်ထက်အက္ခရာတင်ထားပြီးသားလို့ပြောကြတယ်… ဒါပေမဲ့ မင်းတို့ထက် နိမ့်ကျတဲ့သူတွေနဲ့ဆက်ဆံတဲ့အခါမှာတော့ မင်းတို့ရဲ့စကားက ဥပဒေဖြစ်လာတာလား”
စန်လီသည် မကြာသေးခင်ကမှ အဆင့် ၄ သို့ တိုးမြှင့်ပေးခံထားရပြီး ဂုဏ်ယူဝင့်ကြွားနေခဲ့၏။ လူတိုင်းက သူ့ကို ပညာရှိလို့ ခေါ်ဝေါ်ကြရပေလိမ့်မည်။ သို့သော် ချီရွှမ်းစု၏ ပါးရည်နပ်ရည်မရှိမှုမှာ သူက မသိနားမလည်သောထိုစစ်သားကို အပြစ်ပေးလိုခဲ့သည်။ ဖေးရှောင်လိုက ဘယ်ကရယ်မသိ ပေါ်ထွက်လာပြီး သူ့ကိုအငိုက်ဖမ်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် စစချင်းသူက ကြောက်လန့်နေခဲ့၏။ သို့သော်လည်း ယခုအချိန်မှာ သူ၏ စိုးရိမ်စိတ်ကို လျှော့ချထားပြီဖြစ်၏။
“သူတော်စင်… ခင်ဗျားပြောတာက မသင့်လျော်ပါဘူး”
စန်လီက ခွန်းတုံ့ပြန်လိုက်၏။
ဖေးရှောင်လိုက သူ့ကို အကဲခတ်ကြည့်နေ၏။
“ကဲ… ပြောစမ်းပါဦး”
စန်လီက သူ့သတ္တိကိုစုစည်းပြီး ပြောလိုက်၏။
“သူတော်စင်ဖေး… ခင်ဗျားက စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့အတွက် ကျုပ်ကို အပြစ်ပေးချင်တယ်… ဒါပေမဲ့ ကျုပ်ကို အပြစ်ပေးမယ်ဆိုရင် အဲဒါက ချင်ကျိုး ဒုတိယလက်ထောက်ခန်းမသခင်ကို ကျော်ပြီးလုပ်တာပဲ… အဲဒါက စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်နေတယ်”
ဖေးရှောင်လိုက တည်ငြိမ်စွာပြောလိုက်၏။
“အဲလိုလား… ငါက ဘယ်စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်တာလဲ… အဲဒါ တာအိုဂိုဏ်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းလား… ချွမ်ကျန်းဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းလား… ဒါမှမဟုတ် ချင်ကျိုးတာအိုစံအိမ်ရဲ့ စည်းမျဉ်းစည်းကမ်းလား”
သူ့အနာဂတ်ကို ထိခိုက်လာပြီဆိုမှတော့ စန်လီက ပြန်လည်တိုက်ခိုက်ရပေတော့မည်။
“အဲဒါ ချင်ကျိုးတာအိုစံအိမ်ရဲ့ စည်းမျဉ်းစည်းကမ်းပေါ့”
ဖေးရှောင်လိုက ရယ်မောလိုက်၏။
“ငါက ချုံးယန်ထာဝရနန်းတော်ကဆိုတော့ ငါ့မှာ မင်းကို အပြစ်ပေးခွင့်ရှိတယ်… ဒါပေမဲ့မင်းက အဲလို ပြောလာပြီဆိုမှတော့ မင်းပြောနေတဲ့ စည်းမျဉ်းစည်းကမ်းက ဘာလဲ အဖြူအမည်းသဲကွဲသွားအောင် ငါ့ကိုပြစမ်းပါဦး… ကဲ သွား… ချင်ကျိုးတာအိုစံအိမ်ကနေ တံဆိပ်တုံးထုထားတဲ့ ထောက်ခံစာယူလာခဲ့… မင်းမှာ ၂နာရီအချိန်ရတယ်… ငါမင်းကို ဒီကစောင့်နေမယ်”
စန်လီက ဆွံ့အမှင်တက်သွား၏။
ဖေးရှောင်လိုက လှောင်ရယ်လိုက်သည်။
“ဒါပေမဲ့ မင်း အဲဒီထောက်ခံစာကို ရမှာမဟုတ်လောက်ဘူး… အဲဒီအတိအလင်းထုတ်ဖော်မထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုတာ အစကတည်းက အကျိုးအကြောင်းဆီလျော်မှုမရှိလို့ စာရွက်ပေါ်မှာချရေးလို့မရဘူး… ဘယ်သူကမှလည်း အဲဒါကို ချရေးရဲမှာမဟုတ်ဘူး”
ဗရုတ်သုတ်ခပုံစံနှင့် ဤသူတော်စင်က ထိုမျှအထိ ထိုးနှက်လာလိမ့်မည်ဟု စန်လီက ထင်မှတ်မထားပေ။ သူက အပြစ်ဒဏ်ကို လက်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပြီး ခွန်းတုံ့ပြန်လိုက်၏။
“အဲဒီအကြောင်း ချင်ကျိုးတာအိုစံအိမ်သခင် အရင်က ထုတ်ဖော်ပြောဆိုဖူးတယ်”
“အဲတော့ ဘာဖြစ်လဲ”
ဖေးရှောင်လိုက ရွှင်မြူးစွာဖြင့် မေးလိုက်၏။
“သူက မဟာအကြီးအကဲလား… အဲလိုမျိုး နှုတ်မိန့်ပြန်တမ်းဆိုတာ ရှိလို့လား… စာရွက်ပေါ်မှာ ချရေးမထားရင် အဲဒါကို စည်းမျဉ်းစည်းကမ်းလို့ သတ်မှတ်လို့မရသေးဘူး”
စန်လီက ထပ်မံ၍ ပြောတော့မည့်ဆဲဆဲမှာ လူအိုကြီးက ကြားဖြတ်ပြောလိုက်၏။
“ဂျူနီညီစန်… တော်ပြီမပြောနဲ့တော့”
ဤလူငယ်ပါရမီရှင်များသည် ထျန်ကန်းခန်းမငယ်၏ ဂုဏ်ကျက်သရေ၏ အရိပ်အောက်မှာ ကျင့်သားရနေကြပြီး သူတို့ကိုယ်သူတို့ အခြားသူများထက် သာလွန်သည်ဟု မှတ်ထင်နေကြသည်။ ထို့ကြောင့် သူတို့က မောက်မာ၍ ယုံကြည်မှုလွန်ကဲနေကြ၏။ သို့သော် လက်ရှိအခြေအနေ၏ အတိမ်အနက်ကို လူအိုကြီးက နားလည်သဘောပေါက်ထား၏။
ဖေးရှောင်လိုက သာမန်သူတော်စင်တစ်ပါးသာဖြစ်ပြီး ချင်ကျိုးတာအိုစံအိမ်သခင်နှင့် မယှဉ်နိုင်သော်လည်း သူက နာမည်ဂုဏ်သတင်းကြီးမားသော ဖေးမိသားစုမှဖြစ်နေသည်။
ထို့ကြောင့်ပင် လူအများစုသည် လီထျန်ကျန်းက သူတော်စင်တစ်ပါးမဟုတ်လျှင်တောင် မဆန့်ကျင်ရဲကြခြင်းဖြစ်၏။ ကျန်းယွဲ့လုက လီထျန်ကျန်းနှင့် တစ်ယောက်ချင်းတိုက်ခိုက်ပြီး အနိုင်ယူ၍ မထိမခိုက်ရှိနေခဲ့သည်မှာ ကျန်းယွဲ့လုကိုယ်တိုင်ကလည်း နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုကနေလာသောကြောင့်ဖြစ်သည်။ အခြားတစ်ယောက်သာဆိုလျှင် လီမိသားစုက ထိုကိစ္စကို အသာတကြည်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ထို့နည်းတူစွာ ဖေးရှောင်လိုကလည်း ဖေးမိသားစုမှဖြစ်သည်။ ဖေးမိသားစုသည် သူတော်စင် ၇ပါးရှိသည့် လီမိသားစုလောက် မကျော်ကြားသော်လည်း လျှော့တွက်၍ မရနိုင်ပေ။ ချွမ်ကျန်းဂိုဏ်းမှာ ဒုတိယမြောက်ဩဇာအာဏာအရှိဆုံး သူတော်စင်တန်ဟွားသည် ဖေးမိသားစုမှာ မွေးဖွားခဲ့သည်။ သတ္တမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် ရေပန်းစားနေသော ထိုသူက ဖေးရှောင်လို၏ အစ်ကိုကြီးလည်းဖြစ်သည်။
စန်လီမှာ တောင့်တင်းသော နောက်ခံ သို့မဟုတ် လွှမ်းမိုးမှုမရှိချေ။ ဤကိစ္စက ရွှေနန်းမြင့်မျှော်စင်သို့ ရောက်ရှိသွားမည်ဆိုလျှင် သူ့မှာ အနိုင်ရဖို့အခွင့်အရေးမရှိသလောက်ပင်။
ဖေးရှောင်လိုက လူအိုကြီးနှင့် ကျန်ဝတ်ရုံဖြူများကို တစ်ချက်ကြည့်ကာပြောလိုက်၏။
“ဒီကို လာပြီး သူ့ရဲ့ဝတ်ရုံဖြူကိုချွတ်လိုက်… သူ့ကို ချင်ကျိုးတာအိုစံအိမ်ရဲ့ ပြစ်မှုစီရင်ရေးဌာနဆီပို့ပြီး စံအိမ်သခင်ကို အဲဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်”
ထျန်ကန်းခန်းမငယ်သည် သူတို့အချင်းချင်းကြားမှာ ယှဉ်ပြိုင်နေကြသော်လည်း ပြင်ပအဖွဲ့များနှင့် ရင်ဆိုင်ရသည့်အခါမှာ စည်းလုံးမှုရှိကြလေသည်။ ထို့ကြောင့် မည်သူကမှ ဖေးရှောင်လို၏ အမိန့်ကိုမနာခံဘဲ ဖီဆန်သည့်အနေဖြင့် သူတို့၏ ခေါင်းများကို ငုံ့ထားကြ၏။
ဖေးရှောင်လိုက လှောင်ရယ်လိုက်၏။
“ချိုးဖောက်လို့မရတဲ့အဖွဲ့တစ်ဖွဲ့ဆိုတာ… ဘာလဲ နောက်ဆုံး ငါသိသွားပြီ.. ကဲ ဒီလိုဆိုမှတော့ ဝူရှုနန်းတော်က ငါ့လူတွေကို ခေါ်ရတော့မှာပေါ့”
ချွမ်ကျန်းဂိုဏ်းမှာ ချုံးယန်ထာဝရနန်းတော်သည် အဆင့်အတန်းအရ ဒေသဆိုင်ရာတာအိုစံအိမ်များထက် ပိုမိုမြင့်မားလေသည်။ ဝူရှုနန်းတော်သည် ချုံးယန်ထာဝရနန်းတော်၏ အရံအဖွဲ့တစ်ခုဖြစ်သည်။ ထို့ကြောင့် ဖေးရှောင်လိုမှာ ဝူရှုနန်းတော်မှ အမှုထမ်းများကို အမိန့်ပေးစေခိုင်းနိုင်သည့် အခွင့်အာဏာရှိလေသည်။
ထို့နောက် ဖေးရှောင်လိုက မိခင်-ကလေးအဆောင်တစ်ခုကိုထုတ်ယူပြီး ထွန်းညှိလိုက်၏။
ဤတည်းခိုခန်းသည် ဝူရှုနန်းတော်နှင့် သိပ်မကွာဝေးသောကြောင့် အနက်ရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသည့် စိတ်ဝိညာဉ်တပ်သားတပ်ဖွဲ့က သိပ်မကြာခင် ရောက်ရှိလာ၏။ ထိုတပ်ဖွဲ့၏ ခေါင်းဆောင်က ဒုတိယအဆင့် စိတ်ဝိညာဉ်တပ်သားတစ်ဦးဖြစ်သည်။
ဖေးရှောင်လိုက စန်လီကို လက်ညှိုးထိုးပြလိုက်၏။
“ဒီလူက သူ့ရဲ့ရာထူးနဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး တာအိုဂိုဏ်းတော်ရဲ့ နာမည်ဂုဏ်သတင်းကို ပျက်စီးထိခိုက်စေတယ်… သူ့ကို ဝူရှုနန်းတော်ရဲ့ ပြစ်မှုစီရင်ရေးဌာနဆီ ခေါ်သွားလိုက်… နန်းတော်သခင်က အဲဒီအမှုကို ကိုင်တွယ်ပါစေ”
“ကောင်းပါပြီ သူတော်စင်”
စိတ်ဝိညာဉ်တပ်သားက ဖေးရှောင်လို၏ အမိန့်ကိုနာခံပြီး စန်လီထံသို့ လျှောက်လှမ်းသွား၏။
ကျန်ရှိနေသော ထျန်ကန်းခန်းမငယ်အဖွဲ့သားများက လှုပ်လှုပ်ယွယွဖြစ်သွားကြသော်လည်း ဖေးရှောင်လို၏ အကြည့်အောက်မှာ သူတို့က ချက်ချင်းပင် ငြိမ်သက်သွားကြ၏။
ဖြစ်ပျက်နေသည့်အရာကို စန်လီက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။ ဝတ်ရုံဖြူကို သူ့ဘာသာသူ အရင်စတင်ချွတ်ပြီး ခုခံငြင်းဆန်ရဲခြင်း မရှိတော့ပေ။
ဖေးရှောင်လိုက စန်လီအနားကို ရောက်လာပြိး အသံနှိမ့်ကာ ပြောလိုက်၏။
“ပြစ်မှုစီရင်ရေးဌာနမှာ သွားပြီးတော့ပျော်လိုက်ဦး… သူတော်စင်တစ်ပါးက မင်းကိုယ်စား ထွက်ပြောလာမယ်ဆိုရင် မြေကမ္ဘာဆရာသခင်ရှေ့မှာ ငါသူနဲ့ ငြင်းခုံပေးမယ်”
စိတ်ဝိညာဉ်တပ်သားများက စန်လီကို ထိုက်ဖျင်တည်းခိုခန်းကနေ ခေါ်ထုတ်သွားစဉ် သူ စိတ်ပျက်အားငယ်လာပြီဖြစ်၏။
အခြားသော ထျန်ကန်းခန်းမငယ်အဖွဲ့ဝင်များမှာ ကွဲပြားသောအမူအရာများရှိနေကြ၏။ တချို့က တိတ်တဆိတ် အူမြူးအားရ၍ တချို့က စိုးရိမ်ပူပန်နေပြီး တချို့က တုန်လှုပ်နေကြ၏။ သို့သော်လည်း သူတို့အားလုံးက ခေါင်းငုံ့ကာ ထိုနေရာမှာ ရပ်နေကြ၏။
ဖေးရှောင်လိုက သူတို့ကို ဖြည်းဖြည်းချင်းအကဲခတ်ကြည့်ပြီး ပြောလိုက်၏။
“ငါ မင်းတို့တွေကို လက်ပူးလက်ကြပ်မိတာတောင် မင်းတို့တွေအားလုံးက ဒီလောက်ထိပေါ်ပေါ်ထင်ထင်ခုခံဆန့်ကျင်ကြတယ်… ဒါ မင်းတို့တွေ ဘယ်လောက်တောင် မောက်မာခက်ထန်ပြီး သမာသမတ်မကျလည်းဆိုတာ ပြနေတယ်… ဒါပေမဲ့ မပူပါနဲ့ ငါဒီနေ့ မြင်တဲ့ကြားတဲ့အရာမှန်သမျှကို မြေကမ္ဘာဆရာသခင်ဆီ တင်ပြပေးမယ်… ဒီကြားထဲ မင်းတို့ရဲ့ ကျောထောက်နောက်ခံတွေနဲ့ အဆက်အသွယ်တွေကို ကောင်းကောင်းရှာထားကြတော့… မင်းတို့တွေက သူတော်စင်ဆိုတဲ့ ငါရဲ့ဘွဲ့ကိုဖြုတ်ချနိုင်မဲ့ ကျောထောက်နောက်ခံတွေကို ရှာထားနိုင်ရင်အကောင်းဆုံးပဲ”
“သူတော်စင်… ကျုပ်တို့ မလုပ်ရဲပါဘူး”
ထျန်ကန်းခန်းမငယ်အဖွဲ့ဝင်များက တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။ အသံတချို့က ကျယ်လောင်ပြီး တချို့က လေသံမျှသာဖြစ်၏။
ဖေးရှောင်လိုကို ဖြုတ်ချခြင်းက သူတော်စင်တန်ဟွားကို ဆန့်ကျင်ခြင်းဟု အဓိပ္ပါယ်ရသည်။ သူတော်စင်စီဟန်နှင့် သူတော်စင်ချင်းဝေပင်လျှင် သူတော်စင်တန်ဟွားကိုဖြုတ်ချဖို့ လုံလောက်အောင်မသန်မာကြပေ။ ထိုသို့ပြုလုပ်နိုင်သည့်သူက မဟာအကြီးအကဲဖြစ်လာဖို့ လုံလောက်အောင် ဩဇာအာဏာကြီးမားသူ ဖြစ်ပေလိမ့်မည်။
ဖေးရှောင်လိုက လက်ခါပြပြီး ထျန်ကန်းခန်းမငယ်အဖွဲ့ဝင်များကို ထွက်ခွာခိုင်းလိုက်၏။
ထျန်ကန်းခန်းမငယ်အဖွဲ့ဝင်များက သုတ်သီးသုတ်ပျာဖြင့် ထွက်ခွာသွားကြ၏။
အားလုံးထွက်ခွာသွားသည့်အခါမှ ဖေးရှောင်လိုက နောက်ဆုံး ချီရွှမ်းစုဘက်ကို လှည့်ကြည့်လိုက်၏။ ချီရွှမ်းစု၏ လက်ပြတ်ကို သတိထားမိပြီး သူက ဖြစ်ပျက်ခဲ့သည့်အရာကို မမေးမြန်းဘဲ သက်ပြင်းချကာပြောလိုက်၏။
“လာ ငါ့နောက်ကလိုက်ခဲ့”