← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈ - အခွင့်အရေးပေးခြင်း

တာအိုဂိုဏ်းတော်မှာ ချီရွှမ်းစုကို သေပြီဟု ယူဆထားကြသည်။ ကျန်းယွဲ့လု၏ မရမက ခေါင်းမာမှုမှာ ထျန်ကန်းခန်းမသည် ချီရွှမ်းစု၏ နေရာကို ထိန်းသိမ်း၍ လူပျောက်စာရင်းသာ သွင်းထားသော်လည်း လက်ထောက်ခန်းမသခင်ကျန်းသည် မျှော်လင့်ချက်ပါးပါးကလေးနှင့် သူမကိုယ်သူမ နှစ်သိမ့်ဖို့ ကြိုးစားနေခြင်းမျှသာ ဖြစ်သည်ဟု လူတိုင်းက နားလည်ထားကြ၏။

မည်သို့ပင်ဆိုစေ ချီရွှမ်းစုသည် ကျန်းယွဲ့လုကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံခဲ့ပြီး သူမက ယူကျုံးမရ ဖြစ်နေမည်ဟု လူတိုင်းက ခန့်မှန်းမိကြ၏။

ဤအချက်ကို ချီရွှမ်းစုကလည်း နားလည်သဘောပေါက်ထားပြီး တာအိုဆရာအသိအကျွမ်းများနှင့် ထိတွေ့ဆက်ဆံရဲခြင်း မရှိချေ။

ဖေးရှောင်လို ပေါ်ထွက်လာသည့်အချိန်မှာ ချီရွှမ်းစု၏ ပထမဆုံးတုံ့ပြန်မှုက ဝမ်းသာသွားခြင်းဖြစ်၏။ သို့သော် သူအသက်ရှင်နေသေးသည်ကို ကြည့်ပြီး ဖေးရှောင်လိုက မည်ကဲ့သို့ တုံ့ပြန်မည်ကို သူ မသိသောကြောင့် စိုးရိမ်ပူပန်လာမိ၏။

ဖေးရှောင်လို၏ တည်ငြိမ်နေသော တုံ့ပြန်မှုကို အကဲခတ်ပြီးနောက် အချက်အလက်များကို ချက်ချင်းပင် ဆက်စပ်မိသွား၏။ ဖေးရှောင်လိုနှင့် အစ်မချီမှာ ဆက်ဆံရေးကောင်းတစ်ခု ရှိထားကြသည်။ ထို့ကြောင့် ဖေးရှောင်လိုသည် ချင်းဖျင်အသင်းနှင့် တစ်နည်းတစ်ဖုံ ပတ်သက်ဆက်စပ်နေမည်ဟု ချီရွှမ်းစု ပုံဖော်မိ၏။ ဖေးရှောင်လိုကလည်း ချင်းဖျင်အသင်းဝင်တစ်ဦး သို့မဟုတ် တာအိုဂိုဏ်းတော်အတွင်း ချင်းဖျင်အသင်း၏ အဆက်အသွယ်များထဲမှ တစ်ဦးဖြစ်နိုင်ပေသည်။

ဤအကြောင်းကို စဉ်းစားရင်း ချီရွှမ်းစုက သိပ်ပြီး စိုးရိမ်ပူပန်မနေတော့ပေ။ သူ့လက်ပြတ်ကို ကိုင်ပြီး ဖေးရှောင်လိုနောက်ကနေ လိုက်ပါသွား၏။

ဤအချိန်မှာ ထိုက်ဖျင်တည်းခိုခန်း၏ အမှုထမ်းကလည်း ရောက်လာလေသည်။ ဤနေရာမှာ မျက်နှာပြခဲသည့် ခေါင်းဆောင်အမျိုးသမီးသည် ဖေးရှောင်လိုကို မှတ်မိပြီး နှုတ်ဆက်လိုက်၏။

ဤခေါင်းဆောင်အမျိုးသမီးသည် ကြော့ရှင်းသော ခန္ဓာကိုယ်၊ ကလက်တက်တက် အမူအရာနှင့် ချောမောလှပလေသည်။ လုံးဝ ကွဲလွဲနေသော အော်ရာနှစ်ခုကို သူမထံမှာ လိုက်ဖက်ညီစွာ တွေ့မြင်ရခြင်းက ထူးဆန်းလေသည်။

ဖေးရှောင်လို၏ မျက်နှာကလည်း တင်းမာမနေတော့ပေ။ သူက ရှေ့ကို လျှောက်လှမ်းသွားပြီး ခေါင်းဆောင်အမျိုးသမီးနှင့် စနောက်ပြောဆိုလိုက်၏။ နောက်ဆုံးမှာတော့ ချီရွှမ်းစုအတွက် တည်းခိုခန်းထဲက အကောင်းဆုံးအခန်းအား ပေးဖို့ သူမကို တောင်းဆိုလိုက်၏။

ခေါင်းဆောင်အမျိုးသမီးက လွယ်လင့်တကူ လက်ခံပြီး ချီရွှမ်းစုကို တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွား၏။

ဤအချိန်အတောအတွင်း ချီရွှမ်းစုက သူ့အရင်အခန်းကို ပြန်သွားပြီး အပျက်အစီးပုံများကြားမှာ သူ့ပစ္စည်းများကို လိုက်လံကောက်ယူနေ၏။ သူ့ပစ္စည်းများကို ဘေးလွယ်အိတ်ထဲ ပြန်ထည့်ပြီး အခန်းသစ်ရှိရာသို့ လျှောက်လှမ်းသွား၏။

ကံကောင်းစွာဖြင့် သူ့မြင်းက ပေါက်ကွဲမှုမှာ မထိမခိုက် လွတ်မြောက်သွားခဲ့၏။ သူက အနည်းငယ် ကြောက်လန့်နေရုံမျှသာဖြစ်သည်။ ဤအဆင့်ဝင်မြင်းသည် ပိန်ပါး၍ အားနည်းသည့်ပုံပေါ်သော်လည်း အတော်လေး ဉာဏ်ကောင်းပြီး မြင်းဇက်ကြိုးကို ဆွဲစရာမလိုဘဲ ချီရွှမ်းစုနောက်ကို လိုက်လာ၏။

ခြံဝင်းသစ်ကို ရောက်လာပြီးနောက် ချီရွှမ်းစုကို ထိုင်ဖို့ ဖေးရှောင်လိုက အမူအရာပြလိုက်၏။ သူက အရင်ဆုံး ချီရွှမ်းစု၏ ဒဏ်ရာကို စမ်းကြည့်၍ ရစ်သိုင်းနေသော ဓားချီများကို ဖယ်ရှားပြီးနောက် ချီရွှမ်းစု၏ လက်ပြတ်ကို ဒဏ်ရာနှင့် ပြန်ဆက်ပေးလိုက်၏။

ဒဏ်ရာက သူ့ဘာသာသူ ဖြည်းဖြည်းချင်း စတင်ကုသနေ၏။ ပြတ်တောက်သွားသော မရီးဒျန်၊ အရိုး၊ အဆစ်၊ အသားနှင့် အရေပြားတို့က ဒဏ်ရာကနေ အသွင်ပြောင်းစုဖွဲ့၍ လက်ပြတ်ရှိရာသို့ ဆန့်တန်းသွား၏။

ဖေးရှောင်လိုက သက်ပြင်းချကာ ပြောလိုက်၏။

“အခန့်သင့်တာပဲ... ဒဏ်ရာဒဏ်ချက်တွေက ဘယ်လောက်ပဲ ပြင်းထန်ပါစေ... အဲ့ဒါက ကိုယ်ခံပညာသိုင်းသမားရဲ့ ပြန်လည်ကုစားနိုင်စွမ်းနဲ့ဆို ဘာမှမဟုတ်ဘူးနဲ့တူတယ်... မင်းသာ တခြားလမ်းစဉ်ကို လိုက်စားထားမယ်ဆိုရင်... ဟွာရှန်ခန်းမကို မဖြစ်မနေ သွားရလိမ့်မယ်”

ချီရွှမ်းစုက ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် သူတော်စင်ဖေး”

“ငါ့ကို ဘာလို့ ကျေးဇူးတင်နေမှာလဲ... အဲ့ဒီဘဝင်ရူးတွေက တခြားတစ်ယောက်ယောက်ကို အနိုင်ကျင့်နေမယ်ဆိုရင်တောင် ငါ သူတို့ကို ဒီတိုင်းလွှတ်ပေးမှာ မဟုတ်ဘူး”

ဖေးရှောင်လိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

“ဩဇာအာဏာကို အလွဲသုံးစားလုပ်တာက တာအိုဂိုဏ်းတော်ရဲ့ နာမည်ဂုဏ်သတင်းကို ပျက်စီးထိခိုက်စေရုံပဲ ရှိမယ်... အဲ့လိုဆို သာမန်အရပ်သားတွေက ငါတို့ကို ဘယ်လိုထင်ကြမလဲ... သူတို့က အကျင့်ပျက်ခြစားနေရင် တာအိုဂိုဏ်းတော်တစ်ခုလုံးက အကျင့်ပျက်ခြစားနေတယ်လို့ သာမန်အရပ်သားတွေက တွေးထင်ကြလိမ့်မယ်... နောက်ဆုံးတော့ အဲ့ဒီဘဝင်ရူးတွေကပဲ အကျိုးအမြတ်ရသွားမှာ... တာအိုဂိုဏ်းတော်ကတော့ သူတို့ရဲ့ မကောင်းတဲ့ အပြုအမူတွေရဲ့ နောက်ဆက်တွဲကို ခံယူရလိမ့်မယ်”

“အဲ့လိုလူမျိုးတွေက သူတို့အတွက်ပဲသူတို့ စဉ်းစားတတ်ကြတာ... သူတို့အတွက် အကျိုးအမြတ်ရှိသရွေ့ သူတို့က ဘယ်အဖွဲ့အစည်းမှာ ရောက်နေလဲဆိုတာကို ဂရုစိုက်မှာ မဟုတ်ဘူး... ငါတို့က အခုအချိန်မှာ သန်မာလို့ ဒီနေ့မှာ သူတို့က တာအိုဂိုဏ်းတော်ထံ သစ္စာခံကောင်းခံထားကြလိမ့်မယ်... ဒါပေမဲ့ ဘယ်အချိန်မှာ သူတို့က ငါတို့ကို သစ္စာဖောက်ပြီး ကွန်ဖြူးရှပ်ကျောင်းတော်ကို ဝင်ရောက်မလဲ… မဟာယာနဗုဒ္ဓဂိုဏ်းကို ဝင်ရောက်မလဲဆိုတာ မသိနိုင်ဘူး”

“သူတို့တွေက တာအိုဂိုဏ်းတော်အတွက်... ကြီးကြီးမားမား အကျိုးဆောင်ပေးဖို့ ငါမျှော်လင့်မထားဘူး... သူတို့ရဲ့ အကျိုးအမြတ်အတွက် တာအိုဂိုဏ်းတော်ကို ပစ္စည်းကိရိယာတစ်ခုအဖြစ် အသုံးပြုမသွားဖို့ မျှော်လင့်ထားရုံပဲ... တာအိုဂိုဏ်းတော်က အရည်အချင်းပြည့်မီတဲ့ အရိုက်အရာဆက်ခံသူ မရှိဘဲ တစ်နေ့မှာ ကွန်ဖြူးရှပ်ကျောင်းတော်လို တူညီတဲ့ လမ်းကြောင်းပေါ် ရောက်မသွားဘူးလို့ မပြောနိုင်ဘူး... အဲ့ဒါကို ငါ့အတွက်နဲ့ ငါ့ရဲ့မျိုးဆက်တွေအတွက် လုပ်နေတာ... ဒီလို အပြုအမူမျိုးကို ငါ သည်းမခံနိုင်ဘူး”

ပေါ့ပျက်ပျက်နိုင်သော ဖေးရှောင်လိုထံမှာ ဤကဲ့သို့သော ထင်မြင်ချက်ကို ကြားရလိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားပေ။

“ကျုပ် သဘောတူလက်ခံတယ်”

ချီရွှမ်းစုက ထောက်ခံပေးလိုက်၏။

ဖေးရှောင်လိုသည် သူ့လက်ကို ခဏကိုင်ကြည့်၍ မရီးဒျန်များကို ရှင်းလင်းပေးရန် ချီရွှမ်းစုထံ ချီအနည်းငယ် လွှဲပြောင်းပေးလိုက်၏။ နောက်ဆုံးမှ ချီရွှမ်းစု၏ လက်ကို လွှတ်ပေးပြီး ပြောလိုက်၏။

“မင်းလက်က ပြန်ဆက်သွားပြီ... ဒါပေမဲ့ အနည်းဆုံး အပြည့်အဝ ပြန်ကောင်းဖို့ဆိုရင် လဝက်လောက် အချိန်ယူရလိမ့်မယ်”

ချီရွှမ်းစုက သူ့ကို ထပ်မံ၍ ကျေးဇူးတင်စကား ပြောလိုက်၏။

ဖေးရှောင်လိုက စကားများသော လူတစ်ယောက်ဖြစ်ပြီး ယခင်စကားလမ်းကြောင်းဆီ ပြန်ခေါ်သွားလေသည်။

“ငါ အတွေးအခေါ်ဆိုင်ရာ ကွန်ဖြူးရှပ်စာအုပ် နည်းနည်းပါးပါး ဖတ်ဖူးတယ်... လူတွေက မရောင့်ရဲတတ်တဲ့ သတ္တဝါတွေပဲ... အဲ့ဒါကြောင့် လူမှုအဖွဲ့အစည်းမှာ လောဘက အထင်ရှားဆုံး ဖြစ်နေတာ... နန်းတွင်းအရာရှိတွေကြားက အကျင့်ပျက်ခြစားမှုတွေနဲ့ သာမန်အရပ်သားတွေကြားက သူခိုးတွေက အဲ့ဒါရဲ့ ပြယုဂ်ပဲ... ဒါပေမဲ့ အဲ့ဒီလောဘက နေ့အလင်းရောင်ကို မကြည့်နိုင်ဘူး... အဲ့ဒါကြောင့်... နေရောင်ထွက်လာတာနဲ့ အဲ့ဒါတွေက ငုပ်လျှိုးသွားလိမ့်မယ်”

ဖေးရှောင်လို ပြောနေသည့်အရာကို ချီရွှမ်းစုက နားလည်ပုံရပြီး မေးလိုက်၏။

“မဟာအကြီးအကဲက ‘နေ’ဖြစ်တယ်လို့ ခင်ဗျားပြောတာလား”

ဖေးရှောင်လိုက လက်ခုပ်တီးကာ ချီးကျူးလိုက်၏။

“ဒီကောင်လေး ဉာဏ်ကောင်းသားပဲ”

လာမည့် မဟာအကြီးအကဲ ရွေးချယ်တင်မြှောက်ခြင်းက အရေးပါသည့်အကြောင်း ဖေးရှောင်လို ပြောနေသည်ကို ချီရွှမ်းစု နားလည်သဘောပေါက်သည်။

ချီရွှမ်းစုသည် တာအိုဂိုဏ်းတော်နှင့် ကင်းကွာနေသော်လည်း လာမည့် မဟာအကြီးအကဲ ယှဉ်ပြိုင်မှုအကြောင်း ကြားနေရဆဲဖြစ်၏။

သို့သော် ချီရွှမ်းစုက ထိုအကြောင်းကို သိပ်ပြီး ဂရုစိုက်မနေပေ။ မဟာအကြံအစည်ကိစ္စများမှာ သူက နယ်ရုပ်တစ်ရုပ်အဖြစ်ပင် စာရင်းဝင်ဖို့ မလုံလောက်ပေ။ သူက နယ်ရုပ်တစ်ရုပ် ဖြစ်မည်ဆိုလျှင်ပင် မဟာအကြီးအကဲက စစ်သူကြီးဖြစ်ပြီး သူကတော့ အလွန်ဆုံး အမြောက်ဆံတစ်ခုသာ ဖြစ်ပေလိမ့်မည်။ အနိုင်ရသူ ဘယ်သူမဆို ကစားပွဲတစ်ခုလုံး၏ ရလဒ်ကို အဆုံးအဖြတ်ပေးပေလိမ့်မည်။

ဤကဲ့သို့ အလှမ်းကွာလွန်းသော ကိစ္စများအား စဉ်းစားနေသည်က အကျိုးမရှိသည်ကို ချီရွှမ်းစု သိရှိထား၏။ သူ့ရည်မှန်းချက်အတိုင်း အရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လှမ်းနေမည့် လွတ်လပ်ပေါ့ပါးသော နယ်ရုပ်တစ်ရုပ် ဖြစ်ချင်ရုံသာ။

သူက စကားလမ်းကြောင်းပြောင်းကာ မေးလိုက်၏။

“သူတော်စင်ဖေး... ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲ”

ဖေးရှောင်လိုက ပြန်ပြောလိုက်၏။

“ချွမ်ကျန်းဂိုဏ်းရဲ့ တပည့်ဂိုဏ်းသားတစ်ဦးအနေနဲ့ ဝူရှုနန်းတော်မှာ ငါ့ကိုမြင်ရတာ ထူးဆန်းနေလို့လား”

ချီရွှမ်းစုက ရှင်းအောင် ထပ်ပြောလိုက်၏။

“သူတော်စင်ဖေး… ကျုပ် အသက်ရှင်နေသေးတာကို ခင်ဗျား မအံ့ဩတဲ့ပုံပဲ”

ဖေးရှောင်လိုက ရှင်းပြလိုက်၏။

“မင်းရဲ့အခြေအနေအကြောင်း သခင်မချီက ငါ့ကိုသတင်းပေးပြီးသွားပြီ... သူ့ကို မျက်နှာသာပြန်ပေးတဲ့အနေနဲ့ မင်းကို စောင့်ကြည့်ခိုင်းထားတယ်... မင်း မသေမပျောက်ဖို့နဲ့ ဒုက္ခိတမဖြစ်ဖို့ သူ ငါ့ကို မှာထားတယ်”

အစ်မချီ၏ အမြော်အမြင်ရှိမှုမှာ ချီရွှမ်းစုက ရင်ထဲ လှုပ်ခတ်သွားရုံသာမက အံ့အားလည်းသင့်သွား၏။

သခင်မချီက သံယောဇဉ် ကြီးမားတတ်သူ မဟုတ်ပေ။ လောကရှိ မိခင်များစွာကဲ့သို့ပင် သူမသည် ချီရွှမ်းစုကို ဆူပူအော်ငေါက်၍ သူ့ငွေများကို သိမ်းဆည်းထား၏။ သို့သော် သူမသည် သူ မသိသော နည်းလမ်းများဖြင့် သူ့ကို ဂရုစိုက်ပေးနေဆဲဖြစ်၏။

ဤအကြောင်း ဖေးရှောင်လိုသာ ပြောမပြလျှင် အစ်မချီသည် သူတော်စင်တစ်ပါးနှင့် သူ့အား စောင့်ကြည့်ခိုင်းထားသည်ကို သိရလိမ့်မည် မဟုတ်ပေ။ ဤကြင်နာမှုအတွက် သူ ဖေးရှောင်လိုထံ ကျေးဇူးကြွေးတင်ရှိနေသလိုသာ ခံစားရပေမည်။

ဖေးရှောင်လိုက အစ်မချီထံ အကြွေးတင်နေလိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားပေ။

ဖေးရှောင်လိုသည် ဤလူငယ်၏ အမူအရာကို တွေ့မြင်သောအခါ ညင်သာစွာ ချောင်းဟန့်လိုက်၏။

“အရင်တုန်းက သခင်မချီနဲ့ ငါက စီးပွားရေးအတူလုပ်ပြီး ငွေတွေ ဆုံးရှုံးခဲ့ရတယ်ဆိုတာ ငါပြောဖူးတယ်မလား... အဲ့ဒီကိစ္စမှာ အဓိက တာဝန်ရှိတဲ့သူက ငါပဲ... အဲ့ဒါကြောင့်... ငါ သူ့ကို ကျေးဇူးကြွေးတင်နေတယ်”

အစ်မချီလည်း အရင်တုန်းက သူတော်စင်တစ်ပါး ဖြစ်ခဲ့သလားဟု ချီရွှမ်းစု စဉ်းစားမိ၏။

ဖေးရှောင်လိုက မေးလိုက်သည်။

“မင်းနဲ့ ထျန်ကန်းခန်းမငယ်က အဖွဲ့ဝင်တွေကို စောစောက ငါမြင်တယ်... ဘာဖြစ်ခဲ့ကြတာလဲ”

ချီရွှမ်းစုက ဖြစ်ပျက်ခဲ့သည်ကို အသေးစိတ် ပြန်ပြောပြလိုက်၏။

ဤစကားကို ကြားပြီး ဖေးရှောင်လိုက အလေးအနက် စဉ်းစားတွေးတောသွား၏။

“အို... လက်စသတ်တော့ ကောင်းကင်ဘုံနန်းတော်ရဲ့ လေနတ်ဘုရား ဖုန့်ပိုကိုး... ထျန်ကန်းခန်းမငယ် အဖွဲ့ဝင်တွေက မောက်မာကောင်း မောက်မာကြလိမ့်မယ်... ဒါပေမဲ့ သူတို့က အစွမ်းအစတော့ ရှိတယ်... မဟုတ်ရင် ချင်ကျိုးတာအိုစံအိမ်သခင်က ဒီလောက်နှစ်တွေအများကြီး သူတို့ကို အလိုလိုက်ထားမှာ မဟုတ်ဘူး... အခု သူ့နောက်ကို သူတို့လိုက်သွားပြီဆိုတော့ ဖုန့်ပိုက အလွယ်တကူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

ချီရွှမ်းစုသည် သူ၏ ရန်သူစာရင်းထဲမှာ ကျောက်ဖူအန်၊ ကိုယ်တော်ယန်ရှို၊ ဝမ်ရှို့ဝူနှင့် ယွဲ့ရွှယ်လီတို့နှင့်အတူ ဖုန့်ပို၏ နာမည်ကို တိတ်တဆိတ် မှတ်သားထားလိုက်၏။ သူ တစ်နေ့မှာ လက်စားချေဖို့ လုံလောက်အောင် သန်မာလာရပေမည်။

တကယ်ဆို ချီရွှမ်းစုသည် ဤစာရင်းထဲမှာ ဝူလောနှင့် အယူဝါဒဂိုဏ်းများ၏ နောက်ကွယ်မှ ထိုဆရာကြီးတချို့ကိုလည်း ရေးမှတ်ထားချင်၏။ သို့သော် ပြန်လည်စဉ်းစားပြီးနောက် အဲ့ဒါက အလှမ်းကွာလွန်းသေးသည်ဟု ခံစားရ၏။ အဲ့ဒါကို လောလောဆယ် ဘေးဖယ်ထားပြီး ဩဇာအာဏာနေရာတစ်ခုကို သူ ရလာမှ စဉ်းစားတာ ပိုကောင်းပေမည်။

သူ့လက်ကို လှုပ်ရှားကြည့်ရာ နာကျင်မှု အနည်းငယ် ခံစားရ၏။ သို့သော် သူ့လက်က ဘေးမှာ တွဲလောင်းကျ၍ စိတ်ရှိတိုင်း မလှုပ်ရှားနိုင်ရုံမျှသာ ဖြစ်သည်ကို သတိထားမိ၏။ သူက နာကျင်မှုကို ခံစားရသောကြောင့် ကြီးကြီးမားမား ပြဿနာမရှိဟု ညွှန်ပြနေ၏။

ဖေးရှောင်လိုက ရုတ်တရက် ကိစ္စတစ်ခုကို မှတ်မိသွားပြီး ပြောလိုက်၏။

“ဒါနဲ့ သခင်မချီက မင်းကို တာအိုဂိုဏ်းတော်ဆီ ပြန်ခေါ်သွားဖို့ ငါ့ကို အပ်နှံထားတယ်... ငါ လူတချို့နဲ့ ဆက်သွယ်ပြီး မင်းပြန်လာဖို့ သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခု ရှာရမယ်... လိုအပ်ရင် ငါ့အစ်ကိုကိုပါ အကူအညီတောင်းသင့်တောင်းရမယ်... ဒါပေမဲ့ အဲ့ဒါက အချိန်တော့ ယူရလိမ့်မယ်... ငါ ဒီဘက်မှာ စီစဉ်နေတုန်း မင်း လုပ်စရာရှိတာကို လွတ်လွတ်လပ်လပ် လုပ်ထားနှင့်ဦး”

ဤစကားက ချီရွှမ်းစုကို အတော်လေး အံ့အားသင့်သွားစေ၏။

သူက စိတ်ရင်းဖြင့် ပြောလိုက်၏။

“သူတော်စင်ဖေး... ကျေးဇူးတင်ပါတယ်ဗျာ”

ဖေးရှောင်လိုက လက်ကာပြပြီး သတိပေးလိုက်၏။

“ဒါပေမဲ့ မိန်းကလေးကျန်းကို အရူးလုပ်ရတာက လွယ်မှာ မဟုတ်ဘူးနော်... သူ့ကို ဘယ်လို ယုံအောင် လုပ်ရမလဲ မင်းဘာသာ စီစဉ်ရမယ်... အဲ့ဒီကိစ္စမှာတော့ ငါ မင်းကို ကူညီပေးမှာ မဟုတ်ဘူး”

All Chapters