အခန်း ၂၅၉
Vol. 26 Ch. 259
အခန်း ၂၅၉ - ပြန်လည်အားဖြည့်ခြင်း
ဖေးရှောင်လိုက သိပ်ကြာကြာမနေဘဲ ဝူရှုနန်းတော်သို့ ပြန်သွား၏။ အရာရာတိုင်း အစီအစဉ်အတိုင်းဖြစ်လာမည်ဆိုလျှင် ချင်ကျိုး ဒုတိယလက်ထောက်စံအိမ်သခင်သည် ဤအကြောင်းကို ကြားသိ၍ သိပ်မကြာခင် ဖေးရှောင်လိုထံ အလည်အပတ်ရောက်လာပေလိမ့်မည်။
ချင်ကျိုးဒုတိယစံအိမ်သခင်သည် ဖေးရှောင်လိုနှင့် ငြင်းခုံလိမ့်မည်မဟုတ်သလို စန်လီအတွက် ရပ်တည်ပေးလိမ့်မည်လည်း မဟုတ်ပေ။ သူက အခြေအနေကို နားလည်သဘောပေါက်ဖို့နှင့် ဖေးရှောင်လို၏ စိတ်သဘောထားကို သိရဖို့သာ ပို၍စိတ်ဝင်စားနေ၏။ ဖေးရှောင်လိုက ဤဖြစ်ရပ်ကိုသုံးပြီး သူ့ကိုပစ်မှတ်ထားမလား သို့မဟုတ် ဖေးရှောင်လိုက ဒီအတိုင်း စန်လီကိုပဲ ပစ်မှတ်ထားခြင်းလား သူသိချင်နေ၏။ ထိုနှစ်ခုကြားမှာ ကြီးမားသောကွာခြားချက်ရှိသည်။
ဖေးရှောင်လိုသည် ချွမ်ကျန်းဂိုဏ်း၏ ပိုင်နက်နယ်မြေအတွင်း အမျိုးမျိုးသော တာအိုစံအိမ်များနှင့် နန်းတော်များကို စုံစမ်းစစ်ဆေးရန် မြေကမ္ဘာဆရာသခင်၏ အမိန့်ဖြင့် ရှီကျင့်စီရင်စုကို ရောက်လာခြင်းဖြစ်သည်။ တရားဥပဒေနှင့် ဆန့်ကျင်သော အမူအကျင့်များမရှိနေတာ သေချာစေရပေမည်။
ဤသည်က သာမန်လုပ်ထုံးလုပ်နည်းတစ်ခုမျှသာဖြစ်၏။ သတ္တမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် ယှဉ်ပြိုင်မှုက အရှိန်အဟုန်မြင့်တက်လာစဉ် အရေးကြီးသော ဤအချိန်အတောအတွင်း မြေကမ္ဘာဆရာသခင်သည် ချွမ်ကျန်းဂိုဏ်း၏ အတွင်းရေးကိစ္စများကို အားတက်သရော ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်မရှိချေ။ ဖေးရှောင်လိုကလည်း မြေကမ္ဘာဆရာသခင်၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ထားပြီး တာအိုစံအိမ်များနှင့် နန်းတော်များကို တမင်သက်သက်အမှားရှာလိမ့်မည် မဟုတ်ပေ။
သို့သော် ဖေးရှောင်လိုက သိပ်ပြီး ဝတ်ကျေတန်းကျေလည်း မလုပ်နိုင်ပေ။ တစ်ပတ်ခန့်ကင်းလှည့်ပြီးနောက် မည်သည့်ပြဿနာမှ ရှာမတွေ့ဘူးဆိုလျှင်လည်း အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ ယခု ထျန်ကန်းခန်းမငယ်သည် အာဏာအလွဲသုံးစားလုပ်နေသည်ကို တွေ့မြင်ရသောကြောင့် ဤကိစ္စကို အနည်းငယ်ဇာချဲ့ပစ်ဖို့ သူ ဆုံးဖြတ်လိုက်၏။
ချင်ကျိုး ဒုတိယလက်ထောက်စံအိမ်သခင်က ဤကိစ္စကို မဖြစ်မနေလက်ခံရသည်။ ပုံမှန်အားဖြင့် ဂိုဏ်းတွင်းစစ်ဆေးမှုများတွင် စံအိမ်သခင်များသည် သူတို့၏ လက်အောက်ငယ်သားများကို သတိထားပြုမူလှုပ်ရှားဖို့ မှာထားရသည်။ လက်အောက်ငယ်သားများကိုထိန်းချုပ်ခြင်းမှာ ပေါ့လျော့မိသည့်အတွက် သူ့ကိုယ်သူသာအပြစ်တင်ရပေမည်။
ဤတစ်ခေါက်မှာ ထျန်ကန်းခန်းမငယ်က ပေါ့ဆ၍ လက်ပူးလက်ကြပ်အမိဖမ်းခံခဲ့ရ၏။ သူ့ကို ပြဿနာရှာသည့်အတွက် ချင်ကျိုး ဒုတိယလက်ထောက်စံအိမ်သခင်သည် စန်လီကိုပင် မုန်းတီးကောင်းမုန်းတီးနေပေလိမ့်မည်။ ဤကိစ္စတွင် သူက တာဝန်ပေါ့လျော့မှုအတွက် အရေးယူခံရနိုင်သည်။
ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများနှင့် အထက်အဆင့်များမှာ တန်ခိုးရှင်သူတော်စင်များ၏ ရာထူးနေရာက ၃၆ နေရာအဖြစ် အကန့်အသတ်ရှိနေသောကြောင့် အကျိုးဆောင်မှုနှင့် ပြစ်မှုစနစ်က သူတို့ပေါ်မှာ သိပ်ပြီးထိရောက်မှုမရှိတော့ပေ။ ရာထူးကနေ လျှောချခံရခြင်းက ဖြစ်ခဲပြီး ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲအများစုသည် သူတို့၏ အမှုထမ်းသက်တမ်းတစ်လျှောက် တူညီသောနေရာမှာသာ ရှိနေကြပေလိမ့်မည်။
လူတစ်ယောက်၏ အဆင့်သည် များသောအားဖြင့် ဒုတိယအဆင့်မှာ ရပ်တန့်သွားတတ်သော်လည်း ဒုတိယလက်ထောက်ကနေ လက်ထောက်ခေါင်းဆောင်အဖြစ် တိုးပေးခြင်းကဲ့သို့ ရာထူးနေရာအရွှေ့အပြောင်းများက ရှိတတ်လေသည်။ စံအိမ်သခင် သို့မဟုတ် နန်းတော်သခင်နေရာများကို ကိုင်စွဲထားသည့် သာမန်သူတော်စင်တချို့လည်း ရှိနေကြ၏။
ထို့ကြောင့် ချင်ကျိုး ဒုတိယလက်ထောက်စံအိမ်သခင်သည် တာဝန်ပျက်ကွက်မှုနှင့် သို့မဟုတ် ပေါ့ဆမှုနှင့် အရေးယူခံရမည်ဆိုလျှင် သူ၏ ရာထူးတိုးအခွင့်အရေးပေါ် သက်ရောက်မှုရှိလာပေလိမ့်မည်။
ဖေးရှောင်လိုက ထျန်ကန်းခန်းမငယ်ကို ပစ်မှတ်ထားနေသည့်အတွက် ချီရွှမ်းစုက ဝမ်းသာရုံသာဖြစ်၏။ ထိုသို့ဖြင့် ထိုလူများသည် သူ့ကို တုံ့ပြန်တိုက်ခိုက်ဖို့ အားလပ်တော့မည်မဟုတ်ပေ။ မည်သူကမှလည်း စန်လီဘက်ကနေ ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။
ဖေးရှောင်လို ထွက်ခွာသွားပြီးမကြာခင် တန်းခိုခန်း၏ ခေါင်းဆောင်အမျိုးသမီးက ရောက်ချလာ၏။
အချိန်အများစုမှာ ချီရွှမ်းစုသည် တည်းခိုခန်းမှ စားပွဲထိုးများ သို့မဟုတ် ကြီးကြပ်သူများနှင့်သာ ထိတွေ့ဆက်ဆံခွင့်ရပေလိမ့်မည်။ ဒါ့အပြင် ထိုက်ဖျင်တည်းခိုခန်းလို ကြီးမားသောအဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ဖြစ်သူက ပေါ်ထွက်လာခဲသည်။ သို့သော် ဤတစ်ခေါက်မှာ ခေါင်းဆောင်အမျိုးသမီးသည် ချီရွှမ်းစုကို လာတွေ့ခြင်းဖြစ်၏။ ဖေးရှောင်လိုနှင့် သူ၏ ဆက်ဆံရေးကြောင့် ဖြစ်ပေမည်။
ခေါင်းဆောင်အမျိုးသမီးက ချီရွှမ်းစုကို အလေးပြုလိုက်၏။
“မင်္ဂလာပါသခင်လေး… ကျွန်မနာမည်က လျှိုယွီချွန်းပါ”
ချီရွှမ်းစုက လက်တစ်ဖက်နှင့် အတတ်နိုင်ဆုံးပြန်လည်အလေးပြုလိုက်၏။
“သခင်မ… ဒီလိုခေါ်ဝေါ်တာကို ကျုပ်လက်မခံရဲပါဘူး… ကျုပ် ဒဏ်ရာရထားလို့ ကောင်းကောင်းအလေးမပြုနိုင်တာ ခွင့်လွှတ်ပေးပါ”
လျှိုယွီချွန်းက ချီရွှမ်းစုကို အကဲခတ်ကြည့်ပြီးမေးလိုက်၏။
“ရှင့်နာမည်ကို သိလို့ရမလား”
ချီရွှမ်းစုက ပြန်ဖြေလိုက်၏။
“ကျုပ်နာမည် ဝေဝူကွေ့ပါ”
လျှိုယွီချွန်းက ခေါင်းညိတ်၍ အကဲစမ်းမေးလိုက်၏။
“ရှင်က သူတော်စင်ဖေးနဲ့ အသိအကျွမ်းလား”
ချီရွှမ်းစုက ဤမေးခွန်းကိုမျှော်လင့်ထား၍ အဖြေတစ်ခုကို စဉ်းစားထားပြီးသားဖြစ်၏။
“ကျုပ်အမေနဲ့ သူတော်စင်ဖေးက မိတ်ဆွေဟောင်းတွေပါ”
“ဪ… ကျွန်မသိပြီ”
လျှိုယွီချွန်းက သူတို့၏ ဆက်ဆံရေးကို နားလည်သဘောပေါက်သွား၏။
“ဒါဆို ရှင်က သူ့ရဲ့ဂျူနီယာပေါ့… ရှင်တို့နှစ်ယောက်က မိတ်ဆွေတွေဖြစ်မယ်လို့ ကျွန်မထင်နေတာ”
ချီရွှမ်းစုက ထင်မြင်ချက်မပေးချေ။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ သူတော်စင်တစ်ပါးနှင့် မိတ်ဆွေဖြစ်နေမည်ဆိုလျှင် ယုတ္တိတန်လိမ့်မည်မဟုတ်ပေ။ သို့သော် သူ့မိခင်က ဖေးရှောင်လိုနှင့် မိတ်ဆွေများဖြစ်သည်ဆိုလျှင် အကျိုးသင့်အကြောင်းသင့်ရှိလေသည်။ တကယ်လည်း အဲဒါက အမှန်ပင်ဖြစ်၏။ ဖေးရှောင်လိုသည် အစ်မချီကြောင့်သာ ချီရွှမ်းစုကို ကောင်းကောင်းပြုမူဆက်ဆံခြင်းဖြစ်၏။ ဖေးရှောင်လိုသဘောကျချီးကျူးသည့် တစ်ဦးတည်းသောဂျူနီယာက ပါရမီရှင်ကျန်းယွဲ့လု ဖြစ်လေသည်။
ချီရွှမ်းစုသည် ကြုံရာကျပန်းသူစိမ်းများကို မလိုအပ်သည့်အရာများ ရှင်းမပြချင်သောကြောင့် အစ်မချီကို သူ့မိခင်အဖြစ် သတ်မှတ်ထား၏။ သူ့အမေနှင့် ဖေးရှောင်လိုက မိတ်ဆွေများဖြစ်သည်ဟု ဆိုခြင်းဖြင့် ခေါင်းဆောင်အမျိုးသမီးက သူ့ကို ဆက်မေးမြန်း၍ မရတော့ပေ။
ချွမ်ကျန်းဂိုဏ်းမှာ ဝေမိသားစု တကယ်ပဲရှိသလားဟု လျှိုယွီချွန်းက စတင်၍ စဉ်းစားကြည့်နေ၏။
ရွှမ်အရှင်မြတ် တာအိုဂိုဏ်းတော်ကို ပြန်လည်အသက်သွင်းခဲ့သည့်အချိန်တုန်းက ဝေမိသားစုရှိခဲ့သည်ကို သူမအမှတ်ရသွား၏။ သို့သော်လည်း ဝေမိသားစုမှာ မိသားစုဝင်အနည်းငယ်သာရှိပြီး ဒီဘက်မျိုးဆက်မှာ ထူးချွန်ထက်မြတ်သည့် ယောကျ်ားသားများစွာ မရှိချေ။ သို့သော်လည်း ဝေမိသားစုမှ အမျိုးသမီးများက တကယ်ပင်အင်အားကြီးမားကြသည်။ ဝေမိသားစု၏ သမီးတော်များထဲမှတစ်ဦးသည် တော်ဝင်မိသားစုနှင့် လက်ဆက်၍ နန်းတွင်းကိုယ်လုပ်တော်တစ်ဦးဖြစ်လာခဲ့သည်။
လျှိုယွီချွန်း၏ တွေဝေရှုပ်ထွေးသောအမူအရာကို သတိထားမိပြီး ချီရွှမ်းစုက ထပ်ပြောလိုက်၏။
“ကျုပ် ငယ်ငယ်ကတည်းက အဖေမရှိတော့ဘူး… အဲဒါကြောင့် ကျုပ်အမေရဲ့ မျိုးရိုးနာမည်ကို ယူထားတာ”
လျှိုယွီချွန်းက ခေါင်းညိတ်ပြလိုက်၏။ အဲဒါက အဓိပ္ပါယ်ရှိလေသည်။
ချီရွှမ်းစုပြောသည်က အလိမ်အညာသက်သက်မဟုတ်ပေ။ သူ့ဆရာက သူ့အတွက် ဖခင်တစ်ဦးကဲ့သို့ဖြစ်ပြီး သူ ငယ်ရွယ်တုန်းမှာပင် သူ့ဆရာက ကွယ်လွန်သွားခဲ့၏။ ဤနာမည်တုကိုလည်း အစ်မချီကပင် ပေးထားခြင်းဖြစ်ရာ ချီရွှမ်းစုပြောသည့်စကားကို အမှန်ဟုဆိုနိုင်၏။
အခြေအနေအရ မလွဲမသွေလိမ်ညာရသော်လည်း မုသားစကားများကို ကြုံရာကျပန်းဆွဲထုတ်လို့မရဟု အစ်မချီက သင်ကြားပေးထား၏။ အကောင်းဆုံးမုသားမှာ အမှန်တရားတချို့ရောထားသည့် မုသားဖြစ်လေသည်။ ထိုအခါ အခြားသူများအနေဖြင့် အမှားနှင့်အမှန်ကိုခွဲထုတ်ဖို့ ခက်ခဲသွားပေမည်။
လျှိုယွီချွန်းက ချီရွှမ်းစု၏ နောက်ခံကို အစ်မေးပြီးနောက် မတ်တတ်ထရပ်ကာ ပြန်ဖို့လုပ်လိုက်၏။
“သခင်လေးဝေ… တစ်ခုခုလိုအပ်တာရှိရင် အားမနာဘဲပြောပါ… အခု ကျွန်မသွားလိုက်ပါဦးမယ်”
ချီရွှမ်းစုသည် သူမထွက်ခွာသွားသည်ကို ခြံဝင်းတံခါးကနေ ပျောက်ကွယ်သွားသည်အထိ ကြည့်ပြီး အလေးအနက်စဉ်းစားတွေးတောနေမိ၏။