အခန်း ၁၀၅၅
Vol. 51 Ch. 1055
အခန်း(၁၀၅၅)
ကောင်းကင်လမ်းစဉ်အဘိုးအိုသည် ထိုအချိန်က အိုချီဟွာ သူ့အား အကြောင်းစုံ ရှင်းရှင်းလင်းလင်း မပြောခဲ့မိသဖြင့်သာ ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရခြင်းဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် တွေးတောလိုက်သည်။
သူသည် အိုယန်ယွန်းအား တစ်ချက်ကြည့်လိုက်ပြီးမှ ချင်ယွမ်ဖုန်းဆီသို့ အကြည့်လွှဲကာ "သခင်လေးချင်၊ ကျွန်ုပ်က ဒီကို အထူးတလည် လာရောက်လည်ပတ်ရင်း သခင်လေးနဲ့ လက်ရည်တမ်း စမ်းသပ်ချင်လို့ ရောက်လာတာပါ၊ အပြန်အလှန် ပညာဖလှယ်ရင်း လေ့ကျင့်ချင်လို့ပါ" ဟု ဆိုလိုက်သည်။
ကောင်းကင်လမ်းစဉ်အဘိုးအို၏ စကားကြောင့် သူ၏တပည့်ဖြစ်သူသည် ချက်ချင်းပင် သဘောပေါက်သွားကာ အလျင်အမြန်ပင် "သခင်လေးချင်၊ သခင်လေးရဲ့ ကျော်ကြားမှုက အရင်ကတည်းက ကြားသိထားရတာပါ၊ အခုလို နာမည်ကြားရတာက မိုးခြိမ်းသံလိုပဲ ကြားနေရတာပါဗျာ။ ဒါပေမဲ့ သခင်လေးရဲ့ စွမ်းအားအစစ်အမှန်ကို ကျွန်တော်တို့ မသိရသေးလို့ ဆရာ့နဲ့အတူ လိုက်လာပြီး လမ်းညွှန်မှု တောင်းခံတာပါ။ ခုနက ကျွန်တော် အနည်းငယ် စိတ်မြန်လက်မြန် ဖြစ်သွားမိတယ်၊ ခွင့်လွှတ်ပေးပါဦး" ဟု ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ တစ်ဖက်လူက ထိုသို့ ပြောလာသည့်အခါ သူအနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ချေ။ ထို့ကြောင့် သူက "လမ်းညွှန်မှု တောင်းခံဖို့ ရောက်လာတာဆိုတော့လည်း သူ့ကို လွှတ်ပေးလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဧည့်သည်ဆိုတာ ဧည့်သည်ပါပဲ" ဟု ပြောလိုက်သည်။
အိုယန်ယွန်းသည် ချင်ယွမ်ဖုန်း၏ စကားကို ကြားလိုက်သည်နှင့် ချက်ချင်းပင် ခြေထောက်ဖြင့် တစ်ဖက်လူအား ကန်ထုတ်လိုက်ပြီး "ချင်အကို မျက်နှာကို ထောက်ထားလို့ ဒီတစ်ခါတော့ လွှတ်ပေးလိုက်တယ်" ဟု ပြောလိုက်သည်။
အား...
ထိုလူမှာ အော်ဟစ်သံနှင့်အတူ လူးလှိမ့်သွားပြီး ကောင်းကင်လမ်းစဉ်အဘိုးအို၏ ခြေရင်းသို့ ရောက်သွားသည်။ ကောင်းကင်လမ်းစဉ်အဘိုးအိုသည် မျက်လုံးကို အနည်းငယ် လျှော့ချလိုက်ပြီး အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်ကာ "အသုံးမကျတဲ့ကောင်" ဟု ဆိုလိုက်သည်။
"ဆရာ... ကျွန်တော်..." ထိုတပည့်ဖြစ်သူက တစ်စုံတစ်ခု ပြောချင်နေသော်လည်း အိုယန်ယွန်းက သူ့အား တစ်ချက်တည်းဖြင့် ဖြိုချသွားသည်ကို ပြန်တွေးမိသဖြင့် ဘာမှ ဆက်မပြောနိုင်တော့ပေ။ ထိုမိန်းကလေးနှင့် ယှဉ်လျှင် သူမှာ တကယ်ပင် အသုံးမကျသူ ဖြစ်နေသည်။ ထို့နောက် သူ့နောက်မှ စီနီယာအစ်ကိုများက သူ့အား ဆွဲခေါ်သွားကြသည်။
ချင်ယွမ်ဖုန်းသည် ကောင်းကင်လမ်းစဉ်အဘိုးအိုအား ခဏမျှ စိုက်ကြည့်နေမိသည်။ သူ၏ အတွေးများက လည်ပတ်နေသည်။ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူက တစ်ဖက်လူအား တိုက်ရိုက်ပင် မေးမြန်းလိုက်သည်၊ "ကောင်းကင်လမ်းစဉ် အကြီးအကဲ၊ ဒီတစ်ခေါက် ရောက်လာတာကို ကြယ်အရှင်သခင်အို သိရဲ့လား"
ကောင်းကင်လမ်းစဉ်အဘိုးအိုသည် မသိစိတ်ဖြင့် "သိတာပေါ့..." ဟု ပြန်ဖြေလိုက်မိသည်။
"ကောင်းကင်လမ်းစဉ် အစ်ကိုကြီး" သူ စကားစပြောမည့်အချိန်တွင်ပင် နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး အားကောင်းလှသော အရှိန်အဝါတစ်ခု နီးကပ်လာသည်။ ထိုသူမှာ အိုချီဟွာ ဖြစ်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ပန်ဆင်ထားလျက် "ဟားဟား၊ ဘာလို့ ကြိုမပြောဘဲ ရောက်လာတာလဲ" ဟု ဆိုလိုက်သည်။
ကောင်းကင်လမ်းစဉ်အဘိုးအိုသည် ချင်ယွမ်ဖုန်းအား ခပ်ရွံ့ရွံ့ကြည့်လိုက်ပြီးမှ "ကျွန်တော် ရုတ်တရက် ရောက်လာတာမို့ ကြယ်အရှင်သခင်အိုကတော့ သိမှာမဟုတ်ပါဘူး" ဟု ပြန်ပြောလိုက်သည်။
ချင်ယွမ်ဖုန်းသည် အင်းဟုသာ တုံ့ပြန်လိုက်သည်။
ချက်ချင်းပင် အိုချီဟွာသည် ကောင်းကင်လမ်းစဉ်အဘိုးအို၏ ရှေ့သို့ ရောက်လာပြီး လက်ဆုပ်လက်ကိုင်ပြုကာ နှုတ်ဆက်သည်။ တစ်ဖက်လူကလည်း ပြန်လည်နှုတ်ဆက်သော်လည်း အိုချီဟွာအား ကြည့်သည့်အခါ သူ၏အမူအရာမှာ မသက်မသာ ဖြစ်နေသည်။
အကြောင်းမှာ သူသည် ချင်ယွမ်ဖုန်း၏ ပရိယာယ်ထဲသို့ အနည်းငယ် အဝင်ခံမိပြီး အိုချီဟွာက သူ့အား စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ပေါက်ကြားသွားလုနီးပါး ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ အိုချီဟွာ၏ ရည်ရွယ်ချက်မှာ သူ၏တစ်ဆင့်ခံ စိန်ခေါ်မှုမှတစ်ဆင့် ချင်ယွမ်ဖုန်း၏ စွမ်းအားကို တိုင်းတာရန် ဖြစ်ပေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းမှာ သံသယ ဝင်နေနှင့်ပြီးဖြစ်သည်။ ကောင်းကင်လမ်းစဉ်အဘိုးအို၏ မျက်ဝန်းထဲတွင် တစ်စုံတစ်ခု ထူးဆန်းနေပြီး ပြောမပြနိုင်သော လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်း သူ မြင်နေရသည်။
အိုချီဟွာ ရောက်လာသည်ကို မြင်သောအခါ အိုယန်ယွန်းက အမြန်ရှေ့တိုးလာပြီး "ဖေဖေ၊ သူ့ကို ကုဇေကြယ်ဆီ နောက်တစ်ခါ မလာရတော့ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ သူက ဒီကို ရောက်နေပြန်တာလဲ" ဟု မေးလိုက်သည်။
"အို" အိုချီဟွာက "ကောင်းကင်လမ်းစဉ် အစ်ကိုကြီးက အဲ့ဒီတုန်းက မှားယွင်းမှုအနည်းငယ် ရှိခဲ့တာပါ။ နောက်တော့ သူလည်း ပြင်ဆင်မယ်လို့ ပြောလာတာမို့ အမှားသိပြီး ပြင်ဆင်နိုင်တာက အကောင်းဆုံးပါပဲ။ ပြီးတော့ ဖေဖေကလည်း ကျဉ်းမြောင်းတဲ့သူ မဟုတ်ဘူးလေ၊ ဘယ်လိုလုပ် သူတစ်ပါးကို မသည်းခံဘဲ ရှိမလဲ။ ဟားဟား၊ ယွန်းအာ၊ နင်က ခုထိ ငယ်သေးတယ်၊ တချို့စည်းမျဉ်းတွေကို နားမလည်သေးတာပါ" ဟု ဆိုလိုက်သည်။
"ဟွန့်၊ ကျွန်မတော့ သူတို့ကို ကြည့်မရဘူး။ အမြန်ဆုံး ထွက်သွားခိုင်းလိုက်ပါ" အိုယန်ယွန်းက ဒေါသတကြီး ပြောလိုက်သည်။
"ယွန်းအာ၊ ဒါ လူကြီးတွေရဲ့ ကိစ္စ၊ ကလေးတွေ ကြားဝင်မပြောနဲ့" အိုချီဟွာက ဆိုသည်။
အိုယန်ယွန်းက "သမီးကို သူတို့က အခုလေးတင်ပဲ အနိုင်ကျင့်သွားတာလေ၊ ဖေဖေက ဘာမှ မလုပ်ပေးဘူးလား။ ဖေဖေက တကယ်ပဲ သမီးအဖေ ဟုတ်ရဲ့လား" ဟု ပြန်ပြောသည်။
ထိုစကားကြောင့် အိုချီဟွာ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုပြောင်းလဲမှုမှာ အလွန်လျင်မြန်သဖြင့် ဖမ်းမိရန် ခက်ခဲသော်လည်း ထိုအချိန်တွင် အိုချီဟွာအား စောင့်ကြည့်နေသည့် ချင်ယွမ်ဖုန်းကမူ ထူးဆန်းသော အကြည့်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ထိုအကြည့်ကို ဖော်ပြရန် ခက်ခဲသော်လည်း ပြန်လည် စဉ်းစားကြည့်သောအခါ ချင်ယွမ်ဖုန်းသည် ထိုအထဲတွင် နက်ရှိုင်းသော စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုများကို ခံစားမိလိုက်သည်။
ထိုအကြည့်မှာ ဖခင်တစ်ယောက်က သမီးတစ်ယောက်အား ပေးသင့်သည့် အကြည့်မျိုး မဟုတ်ပေ။
ငါ မြင်တာ မှားနေတာလား။ ချင်ယွမ်ဖုန်း ကိုယ့်ကိုယ်ကိုယ် တွေးတောမိသည်။
ထို့နောက် အိုချီဟွာသည် ကောင်းကင်လမ်းစဉ်အဘိုးအိုအား တစ်ချက်ကြည့်လိုက်သည်။ ကောင်းကင်လမ်းစဉ်အဘိုးအိုမှာ အခြေအနေအရ ရှေ့သို့ အတင်းတိုးလာကာ "သခင်လေးချင်၊ ခုနကကိစ္စအတွက် တကယ်ပဲ တောင်းပန်ပါတယ်။ ကျွန်ုပ်ရဲ့ အသုံးမကျတဲ့ တပည့်ကို သေချာဆုံးမလိုက်ပါ့မယ်။ ကျွန်ုပ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပြီးပါပြီ၊ သခင်လေးချင်နဲ့ လက်ရည်တမ်း အနည်းငယ် စမ်းသပ်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။
ချင်ယွမ်ဖုန်းက လျစ်လျူရှုဟန်ဖြင့် "အဆင်မပြေဘူး၊ ကောင်းကင်လမ်းစဉ် အကြီးအကဲ။ ဒီကိစ္စအတွက်ပဲ ရောက်လာတာဆိုရင်တော့ ပြန်တာပဲ ကောင်းမယ်" ဟု ပြောလိုက်သည်။
"အမ်" ကောင်းကင်လမ်းစဉ်အဘိုးအိုမှာ ချင်ယွမ်ဖုန်းက သူ့အား တကယ်ပင် ငြင်းပယ်လိမ့်မည်ဟု မထင်ထားပေ။
ထိုစကားမှာ သာမန် အကြောင်းပြချက်သာ ဖြစ်သော်လည်း အနီးတွင် အိုချီဟွာ ရှိနေသဖြင့် သူမှာ ဆက်လက် ဖိအားပေးရတော့မည့် အနေအထား ဖြစ်သည်။ သူက "သခင်လေးချင်က ကျဉ်းမြောင်းတဲ့သူ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ကျွန်ုပ်က သခင်လေးနဲ့ လက်ရည်စမ်းချင်ရုံ သက်သက်ပါ..." ဟု ဆိုသည်။
"ညီအစ်ကိုချင်က မင်းနဲ့ လက်ရည်မစမ်းချင်ဘူးလို့ ပြောပြီးပြီလေ။ မင်း နားမှာ အညှော်တွေ ပိတ်နေတာလား။ မကြားဘူးလား" ဘေးမှနဂါးကပင် ဤအဘိုးအိုအား စိတ်ပျက်လာသည်။
ကောင်းကင်လမ်းစဉ်အဘိုးအို၏ မျက်နှာမှာ ချက်ချင်းပင် ဒေါသထွက်လာသည်။ သူမှာ စီနီယာတစ်ယောက် ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ချင်ယွမ်ဖုန်းထက် အနည်းငယ် နိမ့်ကျနိုင်သော်လည်း မည်သူကမျှ သူ့အား ယခုကဲ့သို့ စော်ကားရဲသူ မရှိခဲ့ပေ။ သူ၏ အမူအရာ ပြောင်းလဲသွားသည်ကို အိုချီဟွာက ချက်ချင်း သတိပြုမိသွားပြီး ကြားဝင်ဖြေရှင်းပေးလိုက်သည်။ "ဒါက ညီအကိုနဂါး ဖြစ်မှာပါ၊ ဟားဟား၊ ဒီကို ရောက်နေတာ ကြာပြီ ဆိုပေမဲ့ နာမည်ပဲ ကြားဖူးပြီး လူချင်း မတွေ့ဖူးပါဘူး။ ဒီနေ့တော့ တကယ်တွေ့ရပါပြီ၊ မင်္ဂလာပါ။"
"မင်္ဂလာပါ"ဟု အကိုနဂါးက ဆိုသည်။
အိုချီဟွာက "ခင်ဗျားနဲ့ သခင်လေးချင်က ညီအစ်ကိုတွေလို့ ကြားမိပါတယ်။ သိတဲ့အတိုင်းပဲ သခင်လေးချင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က သားရဲတိုက်ပွဲရုံမှာ နာမည်ကြီးခဲ့တာလေ။ အခုဆိုရင် သူ့နာမည်ကြောင့် ဒီကို လာချင်တဲ့သူတွေ အများကြီးပါပဲ၊ ကောင်းကင်လမ်းစဉ် အစ်ကိုကြီးကလည်း တစ်ယောက်အပါအဝင်ပါ။ သူက စိတ်ရင်းနဲ့ လာတာမို့ ကျွန်တော်တို့ သူ့ကို ခက်ခဲအောင် မလုပ်သင့်ပါဘူး၊ ဟုတ်တယ်မလား" ဟု ဆိုသည်။
"အဟွတ် အဟွတ်" ကောင်းကင်လမ်းစဉ်အဘိုးအိုက အမြန်ရှေ့တိုးလာပြီး "သခင်လေးချင်၊ ဘာအဆင်မပြေတာလဲတော့ မသိဘူး၊ ကုဇေကြယ်ကို ရောက်လာဖို့က မလွယ်လှပါဘူး၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါဦး" ဟု ပြောသည်။
ချင်ယွမ်ဖုန်းသည် ကောင်းကင်လမ်းစဉ်အဘိုးအိုအား တစ်ချက်၊ အိုချီဟွာအား တစ်ချက် ကြည့်လိုက်မိသည်။ ကောင်းကင်လမ်းစဉ်အဘိုးအို၏ ဇွဲကောင်းနေခြင်းမှာ အိုချီဟွာ၏ အစီအစဉ် ဖြစ်နေမည်မှာ သေချာသည်။ အိုချီဟွာက ဘာကြောင့် သူ့အား လက်ရည်စမ်းခိုင်းနေရသနည်း။ သူ့အား တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းလား။ ဤကောင်းကင်လမ်းစဉ်အဘိုးအိုကို ရှေ့ပြေးအနေနဲ့ စေလွှတ်ပြီးမှ အခွင့်အရေးစောင့်ကြည့်နေခြင်းလား။
ဘာပဲဖြစ်ဖြစ်၊ အိုချီဟွာ၏ အပြုအမူက ပြောင်းလဲသွားပြီမို့ သူ သတိထားရတော့မည်။ ဤလူမှာ အိုဇာကြီး ဖြစ်သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ခဏမျှ တွန့်ဆုတ်သွားပြီးမှ ကောင်းကင်လမ်းစဉ်အဘိုးအိုအား "တောင်းပန်ပါတယ်၊ ကောင်းကင်လမ်းစဉ် အကြီးအကဲ။ လက်ရည်စမ်းဖို့ကိစ္စဆိုရင်တော့ တကယ်ပဲ အဆင်မပြေပါဘူး။ ပြန်သာ ပြန်ကြပါတော့။ ဒါပေမဲ့ ကျွန်တော့်ကို ဒုက္ခပေးဖို့ ရည်ရွယ်တာဆိုရင်တော့ တိုက်ရိုက်သာ အရေးယူလိုက်ပါ" ဟု ပြောလိုက်သည်။