← Chapters

အခန်း ၁၀၆၁

Vol. 51 Ch. 1061

အခန်း ၁၀၆၁

Vol. 51 Ch. 1061

အခန်း(၁၀၆၁)

အိုယန်ယွန်း၏ ခွန်အားမှာ အိုချီဟွာထက် များစွာအားနည်းနေသည်။ သူမ၏ ဝိညာဉ်ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသော်ငြား အိုချီဟွာ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရရှာသည်။

အစပိုင်းတွင် အိုချီဟွာ၏ မျက်ဝန်း၌ ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သော်လည်း သားနှစ်ယောက်၏ ခွင့်လွှတ်ပေးရန် တောင်းပန်စကားကို ကြားလိုက်ရသည့်အခါ သူ၏ အကြည့်တို့ ယိုင်နဲ့သွားပြီးနောက် အိုယန်ယွန်းကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

ညီအစ်ကိုနှစ်ယောက်သည် သူတို့၏ ညီမငယ်ကို ဖမ်းဆီးရန် ရှေ့သို့ အပြေးအလွှား ရောက်ရှိသွားကြသည်။

"ငါ နင်တို့ကို အရင်က အဲ့လောက်တောင် အလိုလိုက်ထားတာကို အပြင်လူတစ်ယောက်အတွက်နဲ့ ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့။ ဒီနေ့ကစပြီး နင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်တော့" ဟု အိုချီဟွာက ဒေါသတကြီး ပြောဆိုသည်။

ထို့နောက် သားနှစ်ယောက်ကို ကြည့်၍ "မင်းတို့နှစ်ယောက်လည်း မင်းတို့ရဲ့ နေ့စဉ်ဘဝမှာ ဘာတွေမှားယွင်းနေသလဲဆိုတာကို သေချာစဉ်းစားကြည့်ကြ။ ဒါ့အပြင် ဒီနေ့ကိစ္စဟာ ကျန်းပန်နဲ့ ချင်ယွမ်ဖုန်းတို့ကြားက အာဃာတဟောင်းပဲ။ ဘယ်သူမှ ဝင်မပါနဲ့" ဟု ထပ်လောင်းပြောသည်။

သူ၏ သားနှစ်ယောက်မှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေကြသည်။ အကြောင်းမှာ ဤတိုက်ပွဲသည် ချင်ယွမ်ဖုန်းအတွက် အလွန်အမင်း မမျှတသော အခြေအနေဖြစ်နေသည်ကို သူတို့ မြင်နေရသောကြောင့်ဖြစ်သည်။

သို့သော် သူတို့တွင် ဖခင်ဖြစ်သူ၏ စကားကို နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

"သခင်လေးချင် ကျွန်တော် တောင်းပန်ပါတယ်။ ခင်ဗျားတို့နှစ်ယောက်လုံးက ကျွန်တော့်ရဲ့ မိတ်ဆွေတွေပါ။ ကျွန်တော်ကတော့ ဒီကိစ္စကို ရပ်တန့်ဖို့ အကြံပေးချင်ပေမဲ့ ခင်ဗျားတို့ကို ယုံကြည်အောင် ပြောနိုင်မယ် မထင်ဘူး။ ဘယ်သူ့ဘက်ကမှလည်း ကူညီနိုင်မှာ မဟုတ်ဘူး" ဟု အိုချီဟွာက ဆိုသည်။

ချင်ယွမ်ဖုန်းက "ရပါတယ် ကျွန်တော်တို့ ကိစ္စကို ကျွန်တော်တို့ပဲ ဖြေရှင်းလိုက်ပါ့မယ်" ဟု ပြန်ပြောသည်။

အိုချီဟွာသာ ဝင်မပါပါက ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့ ပူးပေါင်းတိုက်ခိုက်ပါက ကျန်းပန်ကို အနိုင်ရရန် အခွင့်အရေးရှိပေသည်။ သူတို့နှစ်ယောက်သည် ပြိုင်ဘက်ကို ရှေ့နောက်မှ တပြိုင်နက် တိုက်ခိုက်လိုက်သောအခါ သူတို့၏ ပုံရိပ်တို့မှာ တိုက်ရိုက် လည်ပတ်သွားကြသည်။

ထိုချက်ချင်းမှာပင် မိုးကြိုးနတ်ဘုရား ပုတီးစေ့အတွင်း စုပ်ယူထားသော မိုးကြိုးစွမ်းအားတို့သည် အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ကျန်းပန်ကို ဝန်းရံထားသော အလယ်ဗဟိုတွင် ကြီးမားသည့် မိုးကြိုးကန်ကြီးကို ဖြစ်ပေါ်စေသည်။

ကျန်းပန်သည် အန္တရာယ်ကို ခံစားမိသည်။ ချင်ယွမ်ဖုန်း တစ်ယောက်တည်းသာ တိုက်ခိုက်ပါက သူ ခုခံနိုင်သေးသော်လည်း ယခုအခါ ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့ တပြိုင်နက် တိုက်ခိုက်နေသဖြင့် သူတို့ဖန်တီးထားသော မိုးကြိုးတားဆီးခြင်း အစီအရင်သည် သူ့ကို ဖိနှိပ်ရာ၌ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သူသည် ထိုဝိုင်းရံမှုမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း ဖုံးကွယ်ထားသော ပေါက်ကွဲသံနှင့်အတူ ကျန်းပန်မှာ ချက်ချင်းပင် နောက်သို့ လွင့်စင်သွားသည်။

"ငါ့အတွက် လမ်းဖွင့်ပေးစမ်း" ဟု ကျန်းပန် အော်ဟစ်လိုက်ပြီး လရောင်ဓားကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။ ထို့နောက် မကြုံစဖူးသော စွမ်းအားကို စုစည်းလိုက်ရာ လရောင်ဓား၏ အရွယ်အစားမှာ အဆပေါင်းများစွာ ကြီးထွားလာသည်။

ချက်ချင်းပင် သူ၏ ဗဟိုချက်မှ အတိုင်းအဆမရှိသော ဓားချီများ စီးဆင်းလာပြီး နဂါးများကဲ့သို့ ကခုန်ကာ ပတ်ဝန်းကျင်ကို ထိုးဖောက်လိုက်သည်။

ပြင်းထန်သော ဓားချီနှင့် သူ၏ ကျင့်စဉ်စွမ်းအားတို့ ပေါင်းစပ်လိုက်သောအခါ ဤမိုးကြိုးကန်ကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားမျိုး ဖြစ်ပေါ်လာသည်။

သို့သော် ဤအချိန်တွင် သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေသော ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တပြိုင်နက် လက်ကွက်ဖော်လိုက်ကြသည်။

ချက်ချင်းပင် သူတို့ကြား၌ အလင်းဖြူတန်းတစ်ခု ဖြတ်သန်းသွားကာ ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်။ ခဏအကြာတွင် ကောင်းကင်နှင့် မြေပြင်တို့ မှောင်မည်းသွားပြီး မိုးကြိုးစွမ်းအားတို့မှာ ကောင်းကင်သို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်မှ တည်ရှိနေသော ပုံးတစ်လုံးစာမျှ ထူထဲသည့် မိုးကြိုးတိုင်ကြီးမှာ လောကကို ဖျက်ဆီးပစ်မည့် စွမ်းအားဖြင့် အောက်သို့ ပြုတ်ကျလာသည်။

"မိုးကြိုးနတ်ဘုရား အရှင်လတ်လတ် ချေမှုန်းခြင်း"

ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့ တပြိုင်နက် အော်ဟစ်လိုက်ကြသည်။ မိုးကြိုးတိုင်ကြီးမှာ ကျန်းပန်၏ အနီးသို့ ရောက်ရှိလာသည်။ ကျန်းပန်သည် ကြီးမားသော စွမ်းအားကို ခံစားမိပြီး ရှောင်ရှားရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ တင်းကျပ်စွာ ဆွဲငင်ခြင်း ခံထားရသလို ခံစားရသည်။

အနီးကပ် ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်တွင် ပင့်ကူအိမ်ကဲ့သို့ ငွေရောင်မျဉ်းကြောင်းများ မသိမသာ ဖုံးလွှမ်းနေပြီး ကောင်းကင်မှ ကျရောက်လာသော မိုးကြိုးတိုင်နှင့် တုံ့ပြန်မှုဖြစ်ပေါ်ကာ သူ့ကို ချက်ချင်းပင် ဝန်းရံသွားသည်။

"မဖြစ်ဘူး" ဟု ကျန်းပန် အသည်းအသန် ရုန်းကန်သော်လည်း လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ သူ သတိပြုမိချိန်၌ နားကွဲမတတ် ပေါက်ကွဲသံနှင့်အတူ မိုးကြိုးမှာ ရိုက်ခတ်သွားပြီဖြစ်သည်။

အကယ်၍သာ ဝန်းရံထားသော အစီအရင် မရှိပါက ဤနေရာရှိ အဆောက်အအုံများအားလုံး ပျက်စီးသွားပေလိမ့်မည်။ အစီအရင်သည် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်သော်လည်း ဤအချိန်၌ သူကိုယ်တိုင်လည်း ပြဲထွက်သွားပြီး မြေပြင်ပေါ်တွင် အောက်ခြေမရှိသကဲ့သို့ ထင်ရသော ကြီးမားသည့် စက်ဝိုင်းပုံ ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

မီးခိုးငွေ့နှင့် ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားသောအခါ အိုချီဟွာသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး ကျန်းပန်မှာ မြေကြီးပေါ်မှ ထရန် အနည်းငယ် ခက်ခဲနေသော်လည်း သူ၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

အကယ်၍သာ သူ၏ ကျင့်စဉ်အဆင့်သာ မမြင့်မားပါက ဤအပေါက်ကြီးမှာ သူ့အသက်ကိုပင် နှုတ်ယူသွားနိုင်ပေလိမ့်မည်။

"ကျန်းပန် မင်းရှုံးသွားပြီ" ဟု ချင်ယွမ်ဖုန်း၏ ပုံရိပ်မှာ ရုတ်တရက် ပေါ်လာပြီး သူ၏ လက်ထဲမှ ထိုက်ရွှီဓားမှာ ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲသွားကာ သူ့ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

ကျန်းပန်၏ မျက်ဝန်းတို့မှာ ပြင်းထန်စွာ တုန်ရီသွားသည်။ သူ၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်နေပြီဖြစ်ရာ ချင်ယွမ်ဖုန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သည်မှာ သဘာဝပင် ဖြစ်သည်။

သူသည် ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ပြီးနောက် ဝုန်းခနဲ အသံနှင့်အတူ နေရာမှ ပျောက်ကွယ်သွားသည်။

"သူ ထွက်ပြေးသွားပြီ" ဟု အကိုနဂါးက စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး လိုက်လံ ဖမ်းဆီးရန် ပြင်ဆင်သည်။

ချင်ယွမ်ဖုန်းက သူ့ကို တားဆီးလိုက်ပြီး "ထောင့်စွန်းရောက်နေတဲ့ ရန်သူကို နောက်ကနေ လိုက်မသတ်နဲ့" ဟု ပြောသည်။

ဤအချိန်တွင် အနီးအနားရှိ အိုချီဟွာမှာ အံ့အားသင့်နေသည်။ ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့ ပူးပေါင်း၍ ကျန်းပန်ကို ထွက်ပြေးအောင် ဖိအားပေးနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ကောင်းကင်လမ်းစဉ် အဘိုးအိုသည် အမှန်တကယ်တွင် ချင်ယွမ်ဖုန်းကို ဒုက္ခပေးရန် ရည်ရွယ်ထားသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားနှင့် မျက်နှာပျက်သွားသည်။

သူ့နောက်မှ တပည့်တစ်ယောက်က "ဆရာ ဘာဆက်လုပ်ကြမလဲ" ဟု မေးမြန်းသည်။

ကောင်းကင်လမ်းစဉ် အဘိုးအို၏ လက်ဝါးမှာ အနည်းငယ် တုန်ရီနေပြီး "ဘာဆက်လုပ်ရမှာလဲ။ ဘယ်သူမှ သတိမထားမိခင် ဒီနေရာကနေ အမြန် ထွက်သွားကြရအောင်။ မဟုတ်ရင် သူတို့ နောက်မှ ငါတို့ကို လာရှာလိမ့်မယ်" ဟု ပြောသည်။ သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လျင်မြန်စွာ ပျံသန်းသွားပြီးနောက် တပည့်အချို့မှာလည်း သူ့နောက်သို့ ချက်ချင်းပင် လိုက်ပါသွားကြသည်။

"ဆရာ ကျွန်တော်တို့ တကယ်ပဲ ဒီအတိုင်း ထွက်သွားကြမှာလား။ အဲ့ဒီသခင်လေးဆီမှာ ရတနာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့သာ ကြယ်အရှင်သခင် အိုနဲ့ ပူးပေါင်းလိုက်ရင် သူ့ကို ကိုင်တွယ်ရတာ ပြဿနာ မဟုတ်တော့ဘူး" ဟု တပည့်တစ်ယောက်က ဆိုသည်။

ကောင်းကင်လမ်းစဉ် အဘိုးအိုမှာ အလွန် ဒေါသထွက်သွားသဖြင့် ရပ်တန့်၍ သူ့ကို ရိုက်ပုတ်ချင်စိတ်ပေါက်သွားပြီး အေးစက်စက် လေသံဖြင့် "အိုချီဟွာသာ ပူးပေါင်းချင်ရင် ကျန်းပန်နဲ့ အရင်ကတည်းက ပူးပေါင်းပြီးပြီ မဟုတ်လား။ အဲ့ဒီမြေခွေးအိုကြီးက အတော်လေး လိမ္မာပါးနပ်တယ်။ သူ အကြွင်းမဲ့ ယုံကြည်မှု မရမချင်း လွယ်လွယ်နဲ့ လှုပ်ရှားမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

တပည့်ဖြစ်သူမှာ နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

---

အိုချီဟွာ၏ မိသားစု၊ ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့သာ ကျန်ရစ်ခဲ့သည်။ အိုချီဟွာက ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် မှိုင်းညှိုးသွားကာ သူ၏ သားများကို "ဒီနေ့ဖြစ်ရပ်တွေက ငါ့ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ငါ သခင်လေးချင်ကို ဆက်ပြီး ဧည့်ခံနိုင်တော့မှာ မဟုတ်ဘူး။ မင်းတို့နှစ်ယောက်ကပဲ ငါ့ကိုယ်စား ဧည့်ခံပေးကြ" ဟု ပြောသည်။

သူ၏ သားနှစ်ယောက်က ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေသည်။

အိုချီဟွာ ပြောပြီးနောက်တွင် ကြီးမားသည့် တောင်ကြီးတစ်ခုဆီသို့ ပျံသန်းသွားသည်။ ထိုတောင်အတွင်းရှိ လိုဏ်ဂူမှာ သူ ပုံမှန်အားဖြင့် တရားကျင့်ကြံလေ့ရှိသည့် နေရာဖြစ်သည်။

ဤဖြစ်ရပ်ပြီးနောက်တွင် သူနှင့် ချင်ယွမ်ဖုန်းတို့ကြား၌ ပြောစရာ စကား မရှိတော့ပေ၊ သူတို့နှစ်ဦးကြားတွင် အက်ကွဲကြောင်း စတင် ဖြစ်ပေါ်လာပြီဖြစ်သည်။

အိုယန်ယွန်းမှာ ငိုချင်စိတ်ကို မနည်းထိန်းထားရင်း ဘေးတွင် ရပ်နေသည်။ တစ်ဖက်တွင် သူမ၏ အချစ်ဆုံးသူငယ်ချင်း ချင်ယွမ်ဖုန်းရှိပြီး အခြားတစ်ဖက်တွင် ဖခင်ရှိနေသည်။ သူတို့နှစ်ယောက်ကြားတွင် ပဋိပက္ခ ဖြစ်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

မိန်းကလေးတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို သူမ မဖြေရှင်းတတ်ပေ။

"ညီမလေး ဒီကိစ္စက ငါတို့ ဝင်ပါလို့ ရတဲ့အရာ မဟုတ်ဘူး။ ငါတို့ လုပ်နိုင်တာက သူတို့ရဲ့ ဆက်ဆံရေးကို တတ်နိုင်သလောက် မျှတအောင် လုပ်ပေးဖို့ပဲ" ဟု အိုချန်ဂီက ပြောဆိုပြီးနောက် ချင်ယွမ်ဖုန်းဆီသို့ လျှောက်သွားကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

သို့သော် ဤအချိန်တွင် အကိုနဂါးမှာ သူတို့ရှေ့သို့ ပေါ်လာပြီး သူတို့ကို အေးစက်စက် စိုက်ကြည့်နေသည်။

All Chapters