← Chapters

အခန်း ၁၀၆၇

Vol. 51 Ch. 1067

အခန်း ၁၀၆၇

Vol. 51 Ch. 1067

အခန်း(၁၀၆၇) ကျန်းယန်

သို့သော်လည်း ယခုအချိန်တွင် ချင်ယွမ်ဖုန်း မည်သို့ပင် ပြောဆိုပါစေ ဖြစ်ပျက်ခဲ့သည့် အမှန်တရားကို ပြောင်းလဲနိုင်ခြင်း မရှိပေရာ အဆုံးသတ်၌ အိုယန်ယွန်းအနေဖြင့် ယင်းရလဒ်ကို လက်ခံအသိအမှတ်ပြုရန် လိုအပ်ချေသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် အိုယန်ယွန်းသည် ကျောက်ဆစ်ရုပ်တုကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် စကားတစ်ခွန်းမှ မဆိုဘဲ ထိုင်နေခဲ့ပြီး သူမ၏ မျက်ဝန်းများသည် အရောင်အဆင်း ကင်းမဲ့နေသည့်နှယ် ဖြစ်နေချေသည်။

သို့သော် ကွက်တိ ယနေ့တွင်ပင် သူမ၏ မျက်ဝန်းများသည် အနည်းငယ် လှုပ်ရှားလာပြီးနောက် ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် လျှံတက်လာချေသည်။ ချင်ယွမ်ဖုန်းသည် ထိုစွမ်းအားကြောင့် ရုတ်တရက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။

ထို့နောက်ချက်ချင်းပင် အိုယန်ယွန်း၏ ခန္ဓာကိုယ်မှ ကျောက်စိမ်းကဲ့သို့သော ရောင်ဝါများ ဖြာထွက်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဖောက်ထွင်းမြင်ရသည့် အဖိုးတန် ကျောက်စိမ်းအလား ပြောင်းလဲသွားပုံရချေသည်။

မူလက အရောင်အဆင်း ကင်းမဲ့နေသည့် သူမ၏ မျက်ဝန်းများသည် တဖြည်းဖြဖြည်းနှင့် အမူအရာ ပြန်လည် ထင်ဟပ်လာသည်။ ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော သူမ၏ အသံက

"အတိတ်တုန်းက ငါ့ရဲ့ ကံကြမ္မာကို ကောင်းကင်က ဆုံးဖြတ်ခဲ့တာ။ ဒီနေ့ကစပြီး ငါ့ရဲ့ ကံကြမ္မာကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်"

ချင်ယွမ်ဖုန်းကလည်း

"နင် ကြီးပြင်းလာပြီပဲ"

အိုယန်ယွန်းက ခေါင်းညိတ်ပြချေသည်။ သူမသည် ယင်းကိစ္စ၏ ရိုက်ခတ်မှုဒဏ်မှ လုံးဝ ရုန်းထွက်နိုင်ခြင်း မရှိသေးသော်လည်း အနည်းဆုံးတော့ လက်ခံနိုင်စွမ်း ရှိလာပြီး မိမိကိုယ်ပိုင် လွတ်လပ်သော အတွေးအခေါ်များကို စတင် မွေးမြူနိုင်ခဲ့ချေပြီ။

---

ထိုအချိန်တွင် အဓိကခန်းမ မြို့တော်၌ လျန်ဟွာကို ရှာဖွေတွေ့ရှိသွားပြီး သူမအား ယာယီ ပုန်းအောင်းနေစေခဲ့ချေသည်။

သို့သော်လည်း ဤကာလအတွင်း ချင်ယွမ်ဖုန်း၏ ကျော်ကြားမှုသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ လူတိုင်းနီးပါးသည် သူက ကျန်းပန်ကို အနိုင်ယူခဲ့သည့် အကြောင်းကို သိရှိနေကြချေပြီ။

အိုချီဟွာသည် ထိုအကြောင်းကို ကြားရသောအခါ စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း သူ၏ လက်ရှိ အဓိကထားရမည့် ကိစ္စမှာ မီးလျှံနဂါးသားရဲကြီးကို ဖြေရှင်းရန် ဖြစ်ချေသည်၊ အဘယ်ကြောင့်ဆိုသော် ထိုနဂါးသားရဲသည် တစ်ကိုယ်လုံး ရတနာများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်၏။

သို့သော် ထိုစဉ်မှာပင် အဖြူရောင် အလင်းတန်းတစ်ခုသည် သူ၏ ဂေဟာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာချေသည်။ အစောင့်များသည် ရောက်ရှိလာသူကို တားဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း တစ်ဖက်လူ၏ အရှိန်မှာ ၎င်းတို့ လိုက်ပါနိုင်သည့် အဆင့်မျိုး လုံးဝ မဟုတ်ကြောင်း တွေ့ရှိသွားကြသည်။

၎င်းတို့က ချက်ချင်းပင် "ကြယ်အရှင်သခင် ဂေဟာကို ကျူးကျော်သူဟာ ဧကန်မုချ သေရမယ်" ဟု အော်ဟစ်လိုက်ကြချေသည်။ သတိပေးပြီးနောက်တွင် ရေတွက်၍မရသော မှော်ရတနာများစွာကို ထိုအဖြူရောင် ပုံရိပ်ဆီသို့ ပစ်လွှတ်လိုက်ကြသည်။

သို့သော်လည်း မှော်ရတနာများသည် အဖြူရောင် ပုံရိပ်ကို မထိမှန်နိုင်ခင်မှာပင် ချက်ချင်း လွင့်စင်သွားရချေသည်။

ခဏမျှအတွင်း အဆင့်မြင့်အဆင့် နတ်ဘုရားတစ်ပါး၏ ပြင်းထန်သော စွမ်းအားသည် ပေါ်လွင်ထင်ရှားသွားချေသည်။ ကြယ်အရှင်သခင် ဂေဟာရှိ အစောင့်များသည် ချက်ချင်းပင် အံ့အားသင့်ကုန်ကြသည်။ ထိုလူ၏ အစွမ်းမှာ ဤမျှအထိ ထိတ်လန့်ဖွယ် ကောင်းနေပြီဖြစ်ရာ ၎င်းတို့အနေဖြင့် မတားဆီးနိုင်တော့ကြောင်း သိလိုက်ကြချေပြီ။

ခဏအကြာတွင် အဖြူရောင် အလင်းတန်းသည် အိုချီဟွာ၏ ရှေ့မှောက်၌ ပေါ်လာပြီးနောက် အလင်းများ ပျောက်ကွယ်သွားကာ ဝတ်ရုံဖြူဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်ထွက်လာချေသည်။ သူက အိုချီဟွာကို ကြည့်ကာ တည်ငြိမ်စွာဖြင့်

"ကြယ်အရှင်သခင် အို... မတွေ့တာ ကြာပြီပဲ။ ကုဇေကြယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အခုဆို တော်တော်လေး စည်ကားနေပြီပဲ။ ကြည့်ရတာ ကြယ်အရှင်သခင်ရဲ့ ပံ့ပိုးမှုတွေက မရှိမဖြစ် လိုအပ်ခဲ့ပုံရတယ်"

အိုချီဟွာသည် အနည်းငယ် ဆွံ့အသွားပြီးနောက် အံ့အားသင့်စွာဖြင့်

"ကျန်းယန်... တကယ်ပဲ မင်းပါလား"

တစ်ဖက်လူက ခေါင်းညိတ်ပြီး

"အမှန်ပဲ"

အိုချီဟွာသည် မျက်မှောင်ကုတ်လိုက်မိချေသည်။ ဤကျန်းယန်နှင့် ကျန်းပန်တို့သည် စီနီယာအကိုနှင့် ဂျူနီယာညီလေး တော်စပ်ကြသည်။ ၎င်းတို့သည် ယခင်က တစ်ကြိမ် ဆုံတွေ့ဖူးပြီး ကျန်းယန်၏ အစွမ်းမှာလည်း မနိမ့်ပါးချေ။ သူသည် ယခုကဲ့သို့သော အချိန်တွင် ကျန်းယန် မိမိ၏ ဂေဟာသို့ ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ သို့သော် ခဏအကြာတွင် အိုချီဟွာက ပြုံးလျက်

"သခင်လေး ကျန်း... ကျွန်ုပ်တို့ ကုဇေကြယ်ကို ကြိုဆိုပါတယ်။ မင်း ရောက်လာတာ တကယ်ကိုပဲ ဒီနေရာလေးကို ဂုဏ်တက်စေပါတယ်"

ကျန်းယန်က ပြုံးလိုက်ချေသည်။ သူ ပြုံးလိုက်သောအခါ အမူအရာမှာ နေရောင်ခြည်ကဲ့သို့ နူးညံ့လှသည်။ ထို့နောက် သူက

"ကြယ်အရှင်သခင် အို... ငါ မင်းကို မေးစရာ ကိစ္စတစ်ခု ရှိတယ်"

သူ ပြောနေစဉ်မှာပင် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်ချေသည်။ အိုချီဟွာသည် ယင်းကို လှမ်းယူပြီးနောက် ခဏမျှ ဆွံ့အသွားရသည်၊ အဘယ်ကြောင့်ဆိုသော် ထိုသိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်၏။

ထို့နောက် ကျန်းယန်၏ စကားကို ကြားလိုက်ရသည်။

"ငါ သိချင်တာက ငါ့ရဲ့ ဂျူနီယာညီလေး ကျန်းပန် အခု ဘယ်မှာလဲ"

အိုချီဟွာ၏ မျက်ဝန်းများတွင် အံ့အားသင့်မှုများ ထင်ဟပ်သွားချေသည်။ မျှော်လင့်ထားသည့်အတိုင်း သူသည် သူ၏ ဂျူနီယာညီလေး ကျန်းပန်အတွက် ရောက်လာခြင်း ဖြစ်သည်။ သူသည် မူလက ကျန်းပန် ယခုတစ်ကြိမ် ပြန်လာခြင်းက မိမိအား ချင်ယွမ်ဖုန်းကို ရင်ဆိုင်ရန် ကူညီပေးနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ကျန်းပန်သည် ကျန်းယန်ကိုပါ ဆွဲခေါ်လာလိမ့်မည်ဟု မည်သူ သိနိုင်ပါအံ့နည်း။

ပြီးတော့ ထိုနှစ်ယောက်ကြားက ဆက်ဆံရေးမှာ အမြဲတမ်း မသင့်မြတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့ချေသည်။ အကယ်၍ ထိုနှစ်ယောက်သည် ကုဇေကြယ်ပေါ်တွင် တိုက်ပွဲဖြစ်ပွားပါက သူသည် အစွမ်းထက်သော ကူညီပံ့ပိုးသူတစ်ဦးကို ဆုံးရှုံးရပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် လက်ရှိတွင် တစ်နေရာရာ၌ ပုန်းအောင်းနေသော်လည်း အိုချီဟွာကမူ သူသည် အချိန်မရွေး ပေါ်လာနိုင်သည်ဟု ခံစားနေရချေသည်။

သူ့အနေဖြင့် ကျန်းပန်ကို ကူညီသူအဖြစ် လိုအပ်နေသေးသော်လည်း ကျန်းယန် ကျန်းပန်ကို လိုက်ရှာနေခြင်းကိုမူ မတားဆီးနိုင်ချေ။ အကယ်၍ သူသာ မပြောပြပါက ကျန်းယန်သည် သူနှင့် ရန်သူ ဖြစ်သွားတန်ရာသည်။ အကယ်၍ ချင်ယွမ်ဖုန်းသာ ဤအခိုက်အတန့်တွင် ပေါ်လာပါက သူသည် ဆုတ်ခွာစရာ လမ်းရှိတော့မည် မဟုတ်ချေ။

ထို့ကြောင့် ခဏမျှ ဝေခွဲမရ ဖြစ်ပြီးနောက် အိုချီဟွာက

"သူ့ရဲ့ သားရဲတိုက်ပွဲရုံက ကုဇေကြယ်ပေါ်မှာပဲ ရှိတာ။ ငါ့အထင်တော့ သူ အဲဒီနေရာမှာပဲ ရှိနေလိမ့်မယ်"

"ကောင်းပြီ... သွားစို့"

ကျန်းယန်သည် စကားပြောပြီးသည်နှင့် တိုက်ရိုက် ပျံသန်း ထွက်ခွာသွားချေသည်။

အိုချီဟွာသည် ချက်ချင်းပင် မျက်မှောင်ကို ပြင်းထန်စွာ ကုတ်လိုက်မိချေသည်၊ အဘယ်ကြောင့်ဆိုသော် ကိစ္စရပ်များသည် သူ့အတွက် ဆိုးဝါးလာနေပြီဖြစ်ကြောင်း သူ ကြိုတင် သိမြင်နေသောကြောင့် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဤကျန်းယန် ရောက်ရှိလာခြင်းသည် ပြောင်းလဲမှုများစွာကို သယ်ဆောင်လာခဲ့ချေပြီ။ ကျန်းယန်နှင့် ကျန်းပန်တို့အကြားတွင် နက်ရှိုင်းသော ရန်ငြိုး ရှိကြောင်း သူ ကြားသိထားချေသည်။ အကယ်၍ ကျန်းယန်က ကျန်းပန်ကို သတ်ဖြတ်လိုက်ပါက သူသည် ချင်ယွမ်ဖုန်းနှင့် ချင်ယွမ်ဖုန်း၏ နောက်ကွယ်တွင် ရှိနေသော လျှို့ဝှက်အင်အားစုကို မည်သို့ ရင်ဆိုင်ရပါအံ့နည်း။

မဖြစ်နိုင်ပေ။

အိုချီဟွာအနေဖြင့် ယခုအချိန်တွင် ကျန်းယန်ကို တားဆီးရန် မဖြစ်နိုင်တော့သော်လည်း သူ၏ အကြည့်ကို အနည်းငယ် ရွှေ့လိုက်ပြီး ရုတ်တရက် သူ၏ ယုံကြည်ရသော လူယုံတစ်ဦးကို ဆင့်ခေါ်လိုက်ချေသည်။ ထို့နောက် သူက

"ဖောင်ဖျက်ကျွန်းကို သွားပြီးတော့ အထီးကျန်ကြယ် ဘိုးဘေးကို ပင့်ဖိတ်ခဲ့စမ်း။ ငါ့မှာ သူ့ရဲ့ အကူအညီ လိုအပ်နေလို့ပါလို့ ပြောလိုက်၊ သူ ရောက်လာရင်တော့ အဖိုးတန် ဆုလာဘ်တွေ သေချာပေါက် ပေးမယ်လို့လည်း ပြောလိုက်ပါ"

ထိုလူယုံသည် သူကိုယ်တိုင် လေ့ကျင့်ပေးထားသူ ဖြစ်ပြီး သာမန် အစောင့်များနှင့် မတူညီပေရာ သူ၏ အမိန့်ကို ကြားရပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားချေသည်။

အိုချီဟွာ၏ စိတ်အခြေအနေသည် ယခုအခါ အလွန် ရှုပ်ထွေးနေချေသည်။ သူသည် မူလက အထီးကျန်ကြယ် ဘိုးဘေးကို မပင့်ဖိတ်ချင်ခဲ့ပေ၊ အဆုံးသတ်တွင် ဤအထီးကျန်ကြယ် ဘိုးဘေးသည် ကြင်နာတတ်သော လူစားမျိုး မဟုတ်ချေ။ လုံလောက်သော အကျိုးအမြတ်များကသာ သူ့ကို ထိန်းချုပ်ထားနိုင်ပေလိမ့်မည်၊ သို့မဟုတ်ပါက ၎င်းသည် ဝံပုလွေကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ အခြားနည်းလမ်း မရှိတော့ချေ။ ချင်ယွမ်ဖုန်းနှင့် ဤနေရာသို့ ရောက်ရှိလာသော ကျန်းယန်တို့ကို ရင်ဆိုင်ရန်အတွက် သူသည် အထီးကျန်ကြယ် ဘိုးဘေးကို ပင့်ဖိတ်ပြီး လုံလောက်သော အကျိုးအမြတ်များ ပေးရန်သာ ရှိချေတော့သည်၊ ကုဇေကြယ်ရှိ သိုင်းပညာရှင် အချို့ကို စနစ်တကျ စတင် အသုံးချရမည် ဖြစ်လင့်ကစားပေါ့။

မည်သို့ပင်ဖြစ်စေ ကုဇေကြယ်ကို ဤအဆင့်အထိ ဖွံ့ဖြိုးအောင် လုပ်ဆောင်ထားခဲ့ပြီးဖြစ်ရာ တစ်ခုခု ဖြစ်ပွားလာပါက ၎င်းတို့ကို အသုံးပြုရမည်သာ ဖြစ်ချေသည်။

အိုချီဟွာသည် မိမိကိုယ်မိမိ အကြပ်အတည်းတစ်ခုထဲသို့ တွန်းပို့ခံလိုက်ရသကဲ့သို့ ခံစားနေရချေသည်။

---

ထိုအချိန်တွင် သားရဲတိုက်ပွဲရုံ၌ ချင်ယွမ်ဖုန်းနှင့် အိုယန်ယွန်းတို့သည် ဤနေရာတွင် ပေါ်လာခဲ့ကြချေပြီ။ အိုချီဟွာနှင့် ကျန်းပန်တို့သည် ထိုနှစ်ယောက် ယခုကဲ့သို့သော နေရာမျိုးတွင် ပေါ်လာလိမ့်မည်ဟု သေချာပေါက် ထင်မှတ်ထားကြလိမ့်မည် မဟုတ်ပေ။

ဆီမီးခွက်အောက်က မှောင်မိုက်ခြင်း ဆိုသည်မှာ ဤအရာကိုပင် အတိအကျ ဆိုလိုခြင်းပင်။ အိုယန်ယွန်းသည် အနည်းငယ် တိတ်ဆိတ်သွားပြီး စကားများများ မပြောလိုတော့ချေ။

ချင်ယွမ်ဖုန်းသည်လည်း စကားအများကြီး မဆိုခဲ့ပေ။ ၎င်းတို့နှစ်ဦးသည် စားသောက်ဆိုင်တွင် ထိုင်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေကြချေသည်။

သားရဲတိုက်ပွဲရုံရှိ ဤစားသောက်ဆိုင်၏ စီးပွားရေးမှာ ယခုအချိန်တွင် အလွန် ကောင်းမွန်နေပြီး လွတ်နေသော နေရာဟူ၍ မရှိသလောက်ပင် ဖြစ်ချေသည်။ ချင်ယွမ်ဖုန်းနှင့် အိုယန်ယွန်းတို့သည် စားသောက်ဆိုင်အတွင်း သွားလာနေကြသော လူများ၏ စကားဝိုင်းများကို နားထောင်နေကြပြီး ထို့ကြောင့် ဤကာလအတွင်း ကုဇေကြယ်ပေါ်တွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့ သိရှိနိုင်ချေသည်။

ကွက်တိ ထိုစဉ်မှာပင် ဝတ်ရုံဖြူဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စားသောက်ဆိုင်ထဲသို့ လျှောက်လှမ်းဝင်ရောက်လာပြီး မော့ကြည့်ကာ အတွင်းပိုင်းကို ဝေ့ဝဲရှာဖွေလိုက်ရာ လွတ်နေသော ထိုင်ခုံ မရှိကြောင်း တွေ့ရှိသွားချေသည်။ သို့သော် အဆုံး၌ သူ၏ အကြည့်သည် အနည်းငယ် ရွှေ့လျားသွားပြီး လူနှစ်ဦးသာ ထိုင်နေသည့် စားပွဲတစ်ခုပေါ်သို့ ကျရောက်သွားချေသည်။ ထို့နောက် သူသည် တည့်တည့် လျှောက်လှမ်းလာပြီး ၎င်းတို့နှစ်ဦး၏ ဘေးတွင် ဝင်ထိုင်ကာ စကားဆိုလိုက်ချေသည်။

"ခွင့်လွှတ်ပါ... လွတ်တဲ့ ထိုင်ခုံ မရှိတော့လို့။ ငါ ဒီမှာ ထိုင်လို့ ရမလား"

ထိုလူနှစ်ဦးမှာ အတိအကျပင် ချင်ယွမ်ဖုန်းနှင့် အိုယန်ယွန်းတို့ ဖြစ်ကြချေသည်။ ၎င်းတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အိုယန်ယွန်းက တည်ငြိမ်စွာဖြင့်

"နင် သဘောအတိုင်းပဲ"

All Chapters