အခန်း ၁၀၇၁
Vol. 51 Ch. 1071
အခန်း(၁၀၇၁)
ဝိညာဉ်ဖမ်းအဆောင်အလံ
ယင်း၏ စကားကို ကြားရသောအခါ အိုချီဟွာ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသော်လည်း ၎င်း၏ နောက်ကွယ်မှ သိုင်းပညာရှင် စစ်တပ်ကြီးမှာမူ ချက်ချင်းပင် တင်းမာသွားချေသည်။
အကြောင်းရင်းကိုမူ မသိရသော်လည်း ထိုသိုင်းပညာရှင်များသည် အထီးကျန်ကြယ် ဘိုးဘေးအား ကြည့်ရှုရင်း ကျောချမ်းဖွယ်ရာ အအေးဓာတ်တစ်ချက် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသလို ခံစားလိုက်ရသည်။
ထိုသို့သော အချိန်၌ အထီးကျန်ကြယ် ဘိုးဘေးသည် မိမိတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။
ဦးဆောင်လာသော သိုင်းပညာရှင်တစ်ဦးသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြယ်အရှင်သခင်အား လှမ်း၍ ပြောလိုက်သည်မှာ "ကြယ်အရှင်သခင်..."
အိုချီဟွာသည် ၎င်းအား ဂရုမစိုက်ဘဲ အထီးကျန်ကြယ် ဘိုးဘေးကိုသာ စိုက်ကြည့်ရင်း ပြောလိုက်သည်မှာ "ညီအစ်ကို အထီးကျန်ကြယ်... ဒါတွေက ငါ မင်းအတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်အချို့ပဲ... စိတ်ကြိုက် သုံးဆောင်ပါ... ငါတို့တွေ အဓိကမြို့တော်ကို ရောက်သွားရင် မင်း ဝါးမြိုဖို့အတွက် သိုင်းပညာရှင်တွေ အများကြီး ရှိနေဦးမှာပါ... အလုပ်ပြီးမြောက်သွားတဲ့အခါ ငါ ပေးထားတဲ့ ကတိကို သေချာပေါက် တည်စေရမယ်"
"ဘာ..."
သိုင်းပညာရှင် စစ်တပ်ကြီးသည် ချက်ချင်းပင် ဆွံ့အမှင်တက်သွားချေသည်။
သူတို့သည် အိုချီဟွာ၏ နောက်သို့ လိုက်ပါလာခဲ့ကြသည်မှာ မူလက အထီးကျန်ကြယ် ဘိုးဘေးအား ကြိုဆိုရန်အတွက် ဖြစ်သော်လည်း အိုချီဟွာသည် သူတို့အား အထီးကျန်ကြယ် ဘိုးဘေးထံသို့ လက်ဆောင်အဖြစ် ပူဇော်ပတ်သတ်ပြီးသား ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ကြပေ။
ခဏချင်းတွင်ပင် အားလုံး၏ စိတ်နှလုံးထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။
---
အထီးကျန်ကြယ် ဘိုးဘေးသည် ထိုလူများထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားချေသည်။
ထိုသိုင်းပညာရှင်များသည် မူလက ကုဇေကြယ်၏ ဒေသခံ နေထိုင်သူများ ဖြစ်ကြသည်။
သူတို့သည် အိုချီဟွာ၏ သိုင်းပညာရှင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ကြခြင်းမှာ တစ်ဖက်တွင် မိမိတို့၏ မိခင်မြေကို ကာကွယ်ရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူတို့၏ နေ့စဉ် ကျင့်ကြံခြင်း လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် စစ်သည်လစာ အနည်းငယ် ရရှိရန် ဖြစ်သည်။
အိုချီဟွာသည် သူတို့အား အခြားသူတစ်ဦးထံသို့ ရောင်းစားလိမ့်မည်ဟု သူတို့ မည်သို့မျှ မထင်မှတ်ထားခဲ့ကြချေ။
"ဒါဆိုရင်တော့ ငါလည်း အားနာမနေတော့ဘူး" အထီးကျန်ကြယ် ဘိုးဘေးက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
"ဟဲဟဲဟဲ" အိုချီဟွာသည်လည်း လိုက်၍ ရယ်မောလိုက်၏။
"ကြယ်အရှင်သခင်... ဒါ မဟုတ်နိုင်တာ... ဒါ အမှန်တရား မဟုတ်ဘူး" တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။
သို့သော် ထိုအချိန်၌ အထီးကျန်ကြယ် ဘိုးဘေးသည် လက်နှစ်ဖက်ဖြင့် ဝိညာဉ်လက်တံဆိပ်တော်တစ်ခုကို ပြုလုပ်ပြီးသား ဖြစ်နေကာ ချက်ချင်းပင် ကြီးမားလှသော ဝိညာဉ်ဖမ်းအဆောင်အလံကြီးတစ်ခုသည် ၎င်း၏ လက်ထဲမှ ပျံသန်းထွက်ပေါ်လာချေသည်။
ထိုဝိညာဉ်ဖမ်းအဆောင်အလံကြီး၏ အပေါ်တွင်မူ မြောက်မြားစွာသော လူဦးခေါင်းခွံကြီးများ လွင့်မျောနေပြီး ဦးခေါင်းခွံတစ်ခုချင်းစီသည် ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်နေကာ ထိုသိုင်းပညာရှင် စစ်တပ်ကြီးအား ချက်ချင်းပင် ပစ်မှတ်ထား သော့ခတ်လိုက်သလို ဖြစ်နေတော့သည်။
"သိမ်းဆည်းစမ်း"
အထီးကျန်ကြယ် ဘိုးဘေးသည် ခပ်တိုးတိုး အော်ဟစ်လိုက်ရင်း ဝိညာဉ်လက်တံဆိပ်တော်ကို ထိန်းချုပ်ကာ ဝိညာဉ်ဖမ်းအဆောင်အလံကြီးကို ဖြန့်ကြက်လိုက်ချေသည်။
ဝိညာဉ်ဖမ်းအဆောင်အလံကြီးသည် ချက်ချင်းပင် ကျယ်ပြန့်လာပြီး မိုးကောင်းကင်နှင့် နေမင်းကို ကွယ်ဆို့ကာ အဆက်မပြတ် ဆန့်ထွက်လာတော့သည်။
ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ဦးခေါင်းခွံကြီးများသည်လည်း ပို၍ ပို၍ များပြားလာချေသည်။
ခဏမျှ ကြာပြီးနောက် ယင်းသည် သိုင်းပညာရှင် အားလုံးကို လွှမ်းခြုံအုပ်မိုးသွားတော့သည်။
ထို့နောက်တွင်မူ အထီးကျန်ကြယ် ဘိုးဘေးသည် ဟင်းလင်းပြင်ထဲသို့ ပျံသန်းတက်လှမ်းသွားပြီး ဝိညာဉ်ဖမ်းအဆောင်အလံကြီးကို ထိန်းချုပ်ကာ အောက်ခြေရှိ သိုင်းပညာရှင် စစ်တပ်ကြီးထံသို့ ဖိနှိပ်ချေမှုန်းလိုက်တော့သည်။
---
"ပြေးကြစမ်း"
ဤအချိန်သို့ ရောက်ရှိလာသောအခါမှသာ သိုင်းပညာရှင်များသည် အကယ်၍ ဤနေရာမှ အမြန်ဆုံး မထွက်ခွာပါက သေခြင်းတရားသာ ရှိတော့မည်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြချေသည်။
သို့သော် သူတို့ သဘောပေါက်သည့် အချိန်သည်ကား နောက်ကျသွားခဲ့ပြီ ဖြစ်သည်၊ အကြောင်းမူကား ဝိညာဉ်ဖမ်းအဆောင်အလံကြီးသည် သူတို့အား အကြွင်းမဲ့ လွှမ်းခြုံထားပြီးသား ဖြစ်နေကာ ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည့် ဦးခေါင်းခွံကြီးများသည် ဥက္ကာခဲများကဲ့သို့ သူတို့ထံသို့ ချက်ချင်းပင် တိုးဝင်လာသောကြောင့် ဖြစ်သည်။
ဂျွတ်... ဂျွတ်... ဂျွတ်...
အချို့သော သိုင်းပညာရှင်များသည် ထွက်ပြေးစရာ လမ်းမရှိတော့သည်ကို မြင်သောအခါ ရန်သူ၏ တိုက်ခိုက်မှုကို တွန်းလှန်ရန်အတွက် မိမိတို့၏ ရတနာလက်နက်များကို အလျင်အမြန် ထုတ်ဖော်လိုက်ကြသည်။
သို့သော်လည်း ထိုဦးခေါင်းခွံကြီးများသည် အလွန်အမင်း မာကျောလှပြီး တစ်ချက်မျှ ကိုက်ခဲလိုက်ရုံဖြင့် သိုင်းပညာရှင်များ၏ ရတနာလက်နက်များကို တိုက်ရိုက် ကြေမွပျက်စီးသွားစေချေသည်။
ထိုဦးခေါင်းခွံကြီးများကို မည်သို့ သန့်စင်သွန်းလုပ်ထားသည်ကိုမူ မသိရသော်လည်း ဤဦးခေါင်းခွံကြီးများကို ပိုင်ဆိုင်ထားသော အထီးကျန်ကြယ် ဘိုးဘေးသည် သေချာပေါက် အစွမ်းထက်လှသော တိုက်ခိုက်ရေးစွမ်းအား တစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းပင်။
သိုင်းပညာရှင်များ၏ ရတနာလက်နက်များသည် ယင်းတို့ကို မတွန်းလှန်နိုင်ဘဲ နောက်ဆက်တွဲအနေဖြင့် သူတို့ကိုယ်တိုင်ပင်လျှင် ဘေးဒုက္ခနှင့် ရင်ဆိုင်လိုက်ရတော့သည်။
ထိုဦးခေါင်းခွံကြီးများသည် သူတို့အား တိုက်ရိုက် ဆုတ်ဖြဲကိုက်ခဲကြချေသည်။
ခဏချင်းတွင်ပင် စူးစူးဝါးဝါး အော်ဟစ်သံများ လွှမ်းမိုးသွားကာ အသားစများနှင့် သွေးစက်များ လွင့်စင်ထွက်ပြေးပြီး အကြောများနှင့် အရိုးများ ကျိုးကြေကုန်တော့သည်။
မြောက်မြားစွာသော သိုင်းပညာရှင်များသည်လည်း ထိုခဏချင်း၌ပင် ပျက်သုဉ်းသွားခဲ့ရချေသည်။
သူတို့၏ အနှစ်သာရသွေးများနှင့် အသားစများသည် အစွမ်းထက်လှသော ဝိညာဉ်ဖမ်းအဆောင်အလံကြီး၏ တိုက်ရိုက် စုပ်ယူခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်း၌ပင် အေးစက်လှသော လေပြင်းများ တိုက်ခတ်လာပြီး သေဆုံးသွားသော သိုင်းပညာရှင်များ၏ ဝိညာဉ်များသည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ ဝိညာဉ်ဖမ်းအဆောင်အလံကြီး၏ ဖမ်းဆီးခြင်းကို ချက်ချင်းပင် ခံလိုက်ရတော့သည်။
အထီးကျန်ကြယ် ဘိုးဘေးသည် ဤမြင်ကွင်းကို ကျေနပ်အားရစွာဖြင့် ကြည့်ရှုနေမိသည်၊ အကြောင်းမူကား အိုချီဟွာ၏ ယခင်က စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများကြောင့် ၎င်းအနေဖြင့် သိုင်းပညာရှင်များကို ဤမျှ လွတ်လွတ်လပ်လပ် ဝါးမြိုခွင့်မရခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့်ပင်။
ဝိညာဉ်ဖမ်းအဆောင်အလံကြီး၏ အောက်၌ ဝိညာဉ်များ၏ ညည်းတွားတမ်းတသံများကို ကြားရသည်မှာ အခြားသူများအတွက် ကြောက်မက်ဖွယ်ရာ ကောင်းလှသော်လည်း အထီးကျန်ကြယ် ဘိုးဘေးအတွက်မူ သာယာနာပျော်ဖွယ်ကောင်းသော တေးသံတစ်စုံကဲ့သို့ ဖြစ်နေသည်။
၎င်းသည် လူသားများ သေဆုံးခါနီးအချိန်၌ ထိတ်လန့်တုန်လှုပ်ပြီး ကူကယ်ရာမဲ့စွာ အော်ဟစ်သံများကို ကြားရသည်ကို လွန်စွာ နှစ်သက်လှ၏။
---
သို့သော်လည်း ဝိညာဉ်ဖမ်းအဆောင်အလံကြီးသည် ထိုလူအားလုံးကို လွှမ်းခြုံထားပြီး ယခင် အော်ဟစ်သံများ ထွက်ပေါ်နေစဉ်အတွင်း မည်သူမျှ မလွတ်မြောက်နိုင်ခဲ့သော်လည်း ဤအရာများ မဖြစ်ပျက်မီကပင် အခြေအနေမှာ မဟန်တော့သည်ကို ကြိုတင်ရိပ်မိနေသူအချို့ ရှိနေခဲ့သည်။
သူတို့သည် မည်သည့်အသံမျှ မထွက်ပေါ်စေဘဲ မိမိတို့၏ ခွန်အားအားလုံးကို စုစည်းကာ အထီးကျန်ကြယ် ဘိုးဘေး တိုက်ကွက်ဖော်ဆောင်လိုက်သည့် ခဏ၌ပင် ချက်ချင်း အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားကြချေသည်။
အဝေးဆီ၌ ရှိနေသည်မှာ ကုဇေကြယ်၏ အဓိကမြို့တော် ဖြစ်သည်။
ယခုအခါ အပြင်ဘက်၌ ထိုသို့သော အခြေအနေမျိုး ဖြစ်ပွားနေပြီဖြစ်ရာ သူတို့အနေဖြင့် လူတိုင်းအား ဤကိစ္စကို အသိပေးရန်အတွက် ချက်ချင်း ပြန်သွားရမည်ဖြစ်ပြီး လူများအားလုံး အိုချီဟွာ၏ မုန်းတီးဖွယ်ရာ မျက်နှာဖုံးကို မြင်တွေ့စေရမည် ဖြစ်သည်။
သူတို့ မူလက ကြည်ညိုလေးစားခဲ့ကြသော ကြယ်အရှင်သခင်သည် အမှန်စင်စစ်အားဖြင့် မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် မည်သူ့ကိုမဆို စနစ်တကျ စစ်မြေပြင်သို့ ပို့ဆောင်ဝါးမြိုစေမည့် လျှို့ဝှက်ဆိုးသွမ်းသော လူယုတ်မာတစ်ဦးမျှသာ ဖြစ်ချေသည်။
ထွက်ပြေးသွားသော သိုင်းပညာရှင် အရေအတွက်မှာ ဒါဇင်အနည်းငယ်မျှ ရှိသည်။
အထီးကျန်ကြယ် ဘိုးဘေးသည် ထွက်ပြေးသွားသော သိုင်းပညာရှင်များကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် ၎င်းတို့ကို ဖမ်းဆီးရန် လက်ကို ဆန့်ထုတ်လိုက်ချေသည်။
ချက်ချင်းပင် ၎င်း၏ လက်ဖဝါးထဲမှ စစ်မှန်သော နဂါးပုံရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး ယင်းသည် ဧရာမ မြွေဟောက်နက်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်ကာ ပျံသန်းနေစဉ်အတွင်း အဆက်မပြတ် ကွဲပြားသွားပြီး ထွက်ပြေးနေသော သိုင်းပညာရှင်များကို ပြင်းထန်စွာ ဆုတ်ဖြဲကိုက်ခဲတော့သည်။
အချို့သော သိုင်းပညာရှင်များသည် နောက်ကွယ်မှ ၎င်း၏ လိုက်လံတိုက်ခိုက်မှုကို မတွန်းလှန်နိုင်ဘဲ ဧရာမ မြွေဟောက်နက်ကြီးနှင့်တူသော ပုံရိပ်၏ ကိုက်ခဲခြင်းကို တိုက်ရိုက်ခံလိုက်ရကာ အထီးကျန်ကြယ် ဘိုးဘေး၏ ဘေးနားသို့ ပြန်လည် ဆွဲခေါ်ခြင်း ခံလိုက်ရချေသည်။
သူတို့သည် သေဆုံးရန် ကံကြမ္မာအုပ်မိုးနေဆဲ ဖြစ်သော်လည်း သိုင်းပညာရှင် အနည်းငယ်မှာမူ သူတို့၏ နှိုင်းယှဉ်ချက်အရ သန်မာလှသော အရည်အချင်းများကို အားကိုးကာ ကံကောင်းထောက်မစွာဖြင့် ဧရာမ မြွေဟောက်နက်ကြီးနှင့်တူသော ပုံရိပ်ကို တွန်းလှန်နိုင်ခဲ့ကြသည်။
သူတို့ ပိုမိုဝေးကွာသွားသည်နှင့်အမျှ ထိုပုံရိပ်၏ တိုက်ခိုက်မှု နယ်ပယ်သည်လည်း ကန့်သတ်ချက် ရှိနေပုံရကာ တဖြည်းဖြည်းချင်း ယင်း၏ စွမ်းအားများ လျော့နည်းလာပြီးနောက် သူတို့အား လွှတ်ပေးလိုက်တော့သည်။
အထီးကျန်ကြယ် ဘိုးဘေးသည် သူတို့အား ယာယီအားဖြင့် လျစ်လျူရှုထားလိုက်ပြီး ဖမ်းဆီးရမိထားသော သိုင်းပညာရှင် ဒါဇင်ကျော်ကို ဝိညာဉ်ဖမ်းအဆောင်အလံကြီး၏ အောက်သို့ တိုက်ရိုက် ပစ်ချလိုက်ချေသည်။
ဤအချိန်၌ ဝိညာဉ်ဖမ်းအဆောင်အလံကြီး၏ အတွင်းဘက်တွင်မူ သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပြီး အေးစက်လှသော လေပြင်းများကလည်း ဟိန်းဟောက်နေတော့သည်။
အထီးကျန်ကြယ် ဘိုးဘေး၏ "သိမ်းဆည်းစမ်း" ဟူသော အော်ဟစ်သံနှင့်အတူ ဝိညာဉ်ဖမ်းအဆောင်အလံကြီးသည် တိုက်ရိုက် ကျုံ့ဝင်သွားပြီးနောက် အထီးကျန်ကြယ် ဘိုးဘေး၏ ဦးခေါင်းထက်တွင် လည်ပတ်နေတော့သည်။
အထီးကျန်ကြယ် ဘိုးဘေးသည် ဝိညာဉ်ဖမ်းအဆောင်အလံကြီး၏ အောက်တွင် ရပ်တန့်နေပြီး ယင်း၏ အတွင်းဘက်မှ ထူးဆန်းသော စွမ်းအင်တစ်ရပ်ကို အဆက်မပြတ် စုပ်ယူနေချေသည်။
ဤစွမ်းအင်သည် ဝိညာဉ်ဖမ်းအဆောင်အလံကြီးမှ စုပ်ယူထားသော သိုင်းပညာရှင် စစ်တပ်ကြီး၏ အနှစ်သာရသွေးများနှင့် ဝိညာဉ်စွမ်းအားများ ဖြစ်ကြပြီး အထီးကျန်ကြယ် ဘိုးဘေးသည် ဤရည်ရွယ်ချက်အတွက်သာ သူတို့အား ဝါးမြိုခဲ့ခြင်း ဖြစ်သည်။
---
ခဏမျှ ကြာပြီးနောက်။
အထီးကျန်ကြယ် ဘိုးဘေးသည် ၎င်း၏ မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်နှာထက်၌ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ပေါက်လာကာ ပြောလိုက်သည်မှာ "ဒီလိုမျိုး အရသာရှိတဲ့ စားသောက်ပွဲကြီးကို မသုံးဆောင်ရတာ ကြာပြီပဲ... ကြယ်အရှင်သခင် အို... ငါတို့ အဓိကမြို့တော်ထဲကို ဝင်သွားတဲ့အခါ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်"
အိုချီဟွာသည် မိမိ၏ သိုင်းပညာရှင် စစ်တပ်ကြီး ချက်ချင်းပင် သုတ်သင်ချေမှုန်းခံလိုက်ရသည်ကို မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ကြည့်ရှုနေခဲ့သည်။
၎င်းအစား သူသည် ပြုံးရွှင်စွာဖြင့် ရှေ့သို့ လျှောက်လှမ်းသွားပြီး ပြောလိုက်သည်မှာ "ညီအစ်ကို အထီးကျန်ကြယ်... စိတ်အေးအေးထားပါ... မင်းအတွက် အကျိုးအမြတ်တွေ သေချာပေါက် မနည်းစေရဘူး... ဒါပေမဲ့ ချင်ယွမ်ဖုန်းလို့ အမည်ရတဲ့ ထိုလူငယ်လေးနဲ့ ကျန်းယန်လို့ ခေါ်တဲ့ ထိုကောင်... မင်း သူတို့ကို ရှင်းလင်းပစ်ဖို့ ငါ့ကို သေချာပေါက် ကူညီရမယ်"
အထီးကျန်ကြယ် ဘိုးဘေးက ပြောလိုက်သည်မှာ "ချင်ယွမ်ဖုန်းနဲ့ ကျန်းယန်... မင်း ပြောတော့ သူတို့ နှစ်ယောက်လုံးက ပါရမီရှင်တွေဆို... အဲဒါသာ အမှန်ဆိုရင်တော့ လွန်စွာ ကောင်းမွန်တာပေါ့... ဘာပဲဖြစ်ဖြစ် လူသန်းပေါင်းများစွာထဲကမှ တစ်ယောက်ပဲရှိတဲ့ ပါရမီရှင်တစ်ယောက်က ဒီလို သာမန် သိုင်းပညာရှင်တွေထက်စာရင် အများကြီး ပိုပြီး အရသာရှိတယ်... ဩော်... ဒါနဲ့... ကောင်လေး အနည်းငယ်ကတော့ အဓိကမြို့တော်ဆီကို အရင် ထွက်ပြေးသွားကြပြီ... မင်း မစိုးရိမ်ဘူးလား"
အိုချီဟွာသည် ၎င်း ဆိုလိုသည့် အဓိပ္ပာယ်ကို သိရှိသဖြင့် ခေါင်းကို ခါယမ်းလိုက်ရင်း ပြုံးလိုက်တော့သည်။