အခန်း ၈၉
Vol. 10 Ch. 89
မဟာကြေးမုံအမွေအနှစ် | စာစဥ်(၁၀)
အခန်း - (၈၉)
အနောက်ဘက်သို့ စစ်ချီခြင်း (အတွဲ ၂ အစ)
လီရှန်းဖျင်သည် သမီးဖြစ်သူ လီကျင်းထျန်းကို ပြန်လွှတ်လိုက်ပြီးနောက် စိတ်ထဲတွင် အလွန်အမင်း မအေးမချမ်းဖြစ်နေခဲ့ကာ အပ်ဖျားများပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေခဲ့ရသည်။ သူသည် ကုတင်ပေါ်တွင်ထိုင်ကာ ကျင့်ကြံရန် ကြိုးပမ်းလိုက်သော်လည်း စိတ်မတည်ငြိမ်နိုင်ဘဲ ဖြစ်နေခဲ့ရသည်။ လီရှန်းဖျင်သည် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သဖြင့် နောက်ဆုံးတွင် ထရပ်လိုက်ပြီး လေးနက်သောအသံဖြင့် ဆင့်ခေါ်လိုက်သည်။
“တစ်ယောက်ယောက် လာခဲ့စမ်း”
ချန်တုန်းဟယ်သည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ တဲအပြင်ဘက်တွင် စောင့်ကြပ်နေခဲ့ရာ အသံကြားသည်နှင့် တဲအတွင်းသို့ ဝင်လာပြီး ပြန်ထူးလိုက်သည်။
“မိသားစုခေါင်းဆောင်”
“ကင်းထောက်တွေဆီက ဘာသတင်းထူးသေးလဲ။”
ချန်တုန်းဟယ်က ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်သည်။
“ဘာသတင်းမှ မရသေးပါဘူး”
“လီချွမ်းခိုရွာဆီက နောက်ဆုံးသတင်းရခဲ့တာ နှစ်နာရီတောင် ရှိနေပြီ မဟုတ်လား။ တစ်ယောက်ယောက်ကို လွှတ်ပြီး သွားစစ်ဆေးခိုင်းလိုက်”
လီရှန်းဖျင်သည် အမိန့်အတိုင်းလုပ်ဆောင်ရန် ထွက်ခွာသွားသော ချန်တုန်းဟယ်ကိုကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။
“ကျားနီရှီက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရန်သူ့တပ်ကို လျှပ်တပြတ် တိုက်ခိုက်ချေမှုန်းထားတာ။ ဒီနေ့ပဲ အရှေ့ဘက်ကို ဘယ်လိုလုပ်ပြီး စစ်ချီလာနိုင်မှာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။ သူ့ရဲ့လက်အောက်က စစ်သည်တွေအားလုံးက မသေနိုင်၊ မမောပန်းနိုင်တဲ့ စစ်သည်တွေမို့လို့လား။ ဒါ့အပြင် အနောက်ဘက်က တောင်တန်းတွေထဲမှာ ငါချထားတဲ့ ကင်းထောက်တွေချည်းပဲ။ ဘာသံမှမထွက်ဘဲ ဖြတ်သွားစရာ အကြောင်းလုံးဝမရှိဘူး။”
လီရှန်းဖျင်သည် ထရပ်ကာ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည်။ တဟုန်းဟုန်း တောက်လောင်နေသော မီးဖိုကို စိုက်ကြည့်လိုက်စဉ် သူ၏မျက်ဝန်းများထဲ၌ ရဲရဲနီနေသော မီးလျံများ ထင်ဟပ်သွားခဲ့သည်။ သူသည် နှလုံးခုန်သံမြန်သွားကာ စိတ်ထဲတွင် ‘သွားပြီ’ ဟု ရေရွတ်လိုက်မိသည်။
“ဒီလူက မြောက်ဘက်ခြေရင်းမှာ ဆယ်စုနှစ်တစ်ခုကျော်တိုင်တိုင် တိုက်ပွဲဝင်ခဲ့ပြီး တစ်ပွဲပြီးတစ်ပွဲ အနိုင်ယူနိုင်ခဲ့တာ။ သူ့ကို သာမန်အမြင်နဲ့ တိုင်းတာလို့ မရနိုင်ဘူး။ စစ်သည်ဗိုလ်ပါတွေကို မြစ်တစ်ဖက်ကမ်းဆီ အရင်ဆုံး ပြန်ဆုတ်ခိုင်းတာ ပိုကောင်းလိမ့်မယ်။”
လီရှန်းဖျင်သည် လက်ထဲမှ ဓားရှည်ကို သိမ်းဆည်းလိုက်ပြီးနောက် ရင်းတိုက်လေးကို ကျောတွင်လွယ်ကာ အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
“စစ်ဗုံတွေတီးစမ်း။”
ချက်ချင်းပင် စစ်သည်တစ်ယောက် ပြေးသွားခဲ့ပြီး ဒုန်းဒုန်းဟူသော ဗုံသံများ အရပ်ရပ်မှ ထွက်ပေါ်လာကာ စခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တော့သည်။ လီရှန်းဖျင်က စစ်တဲအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် အလောတကြီး ပြေးဝင်လာသော ချန်တုန်းဟယ်နှင့် မျက်နှာချင်းဆိုင် တိုးမိသွားခဲ့သည်။
“မိသားစုခေါင်းဆောင်!”
ချန်တုန်းဟယ်က အရှေ့သို့တိုးကာ တုန်လှုပ်ချောက်ချားနေသောအသံဖြင့် လီရှန်းဖျင်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်၊ လီချွမ်းခိုရွာကို ယွဲ့တောင်တပ်တွေ သိမ်းပိုက်လိုက်ပါပြီ။ ကျွန်တော်တို့ လွှတ်လိုက်တဲ့ ကင်းထောက်တွေလည်း အကုန်လုံး အသတ်ခံလိုက်ရပါတယ်။ မြစ်တစ်ဖက်ကမ်းမှာ ရန်သူ့စစ်သည် နှစ်ထောင်၊ သုံးထောင်လောက် တပ်စွဲထားပြီး တံတားတော်တော်များများကိုလည်း ဖျက်ဆီးပစ်လိုက်ပါပြီ။ ကျွန်တော်တို့ ဆုတ်ခွာရမယ့်လမ်း ပိတ်သွားပါပြီ!”
ထိုသတင်းသည် လီရှန်းဖျင်ကို နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ခဏတာမျှ မည်သည့်စကားမှ မပြောနိုင်တော့ဘဲ ကြောင်အကာ ရပ်နေမိသည်။
သူသည် လက်ထဲမှ ဓားရှည်ကို ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ တကျိကျိမြည်သံ ထွက်ပေါ်လာပြီး လက်ချောင်းငါးချောင်းစလုံး ဖြူဖျော့သွားခဲ့ရသည်။
“ဒီသတင်း စစ်သည်တွေကြားထဲ မပျံ့နှံ့သေးဘူး မဟုတ်လား”
ချန်တုန်းဟယ်က ကပျာကယာ ခေါင်းခါယမ်းလိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“မပျံ့သေးပါဘူး၊ ကျွန်တော် ဒီသတင်းကို ပိတ်ဆို့ထားပါတယ်။ စစ်သည်တွေရဲ့ စိတ်ဓာတ် ယိမ်းယိုင်သွားမှာစိုးလို့ ဘယ်သူ့ကိုမှ အသိမပေးရဲပါဘူး။”
လီရှန်းဖျင်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး အမိန့်ပေးလိုက်သည်။
“တပ်တွေကို ပြန်စုစည်းလိုက်”
ချန်တုန်းဟယ်သည် လေးနက်သော မျက်နှာထားဖြင့် ထွက်ခွာသွားခဲ့ပြီး လီရှန်းဖျင်ကမူ မျက်လုံးများကိုပိတ်ကာ တိတ်တဆိတ် စတင်တွေးတော တွက်ချက်လိုက်တော့သည်။
“ဒီစစ်သည် တစ်ထောင်ကိုသုံးပြီး အရှေ့ဘက်ကိုကူးပြီး လီချွမ်းခိုရွာကို ပြန်ပြီးသိမ်းယူဖို့ မဖြစ်နိုင်ဘူး။ ကျားနီရှီကလည်း ဒီစစ်သည် နှစ်ထောင်တည်းကိုပဲ ခေါ်ပြီးလာမှာမဟုတ်ဘူး။ ဒါ့အပြင် သူက ချီကျင့်ကြံခြင်းအဆင့်မှာ ရှိနေတာ…”
“ကျားနီရှီက ရန်သူ့တပ်ကို အပြင်းအထန် ချေမှုန်းပြီးတာနဲ့ ဒီကို ချက်ချင်း လျှပ်တပြတ် တိုက်ခိုက်လာတာမို့ သူ့ရဲ့နောက်ပိုင်းက ဧကန်မုချ မတည်ငြိမ်နိုင်သေးဘူး။ အနောက်ဘက်ကို စစ်ချီပြီး အခြေအနေကို စမ်းသပ်တာ ပိုကောင်းလိမ့်မယ်။ ဒီနေရာမှာ အချိန်ကြာကြာ ပိုနေလေလေ၊ ပိုပြီး အန္တရာယ်များလေလေပဲ။”
လီရှန်းဖျင်သည် ဖြည်းညှင်းစွာဖြင့် တဲနောက်ဘက်ဆီသို့ လျှောက်လှမ်းသွားကာ တောင်လိုပုံသော ကောက်ပဲသီးနှံပုံကြီးကို စိုက်ကြည့်ရင်း ခဏမျှ သေချာစွာ တွက်ချက်လိုက်သည်။ ထို့နောက် ခါးတွင်ချိတ်ထားသော သိုလှောင်အိတ်က မြင့်တက်လာခဲ့ပြီး ထိုတောင်လိုပုံနေသော ဆန်စပါးများနှင့် ပဲမျိုးစုံတို့သည် သိုလှောင်အိတ်အတွင်းသို့ တဖြည်းဖြည်း စီးဝင်သွားကြတော့သည်။ ထိုတာအိုကျင့်ကြံသူ အဘိုးကြီး၏ သိုလှောင်အိတ်သည် ခြံဝင်းတစ်ခုစာခန့် ကျယ်ဝန်းသဖြင့် ဤဆန်စပါး ရိက္ခာများအားလုံးကို ထည့်ထားနိုင်ပေသည်။
လီရှန်းဖျင်သည် ကလန်စစ်သည်များ၏ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ အံကြိတ်လျှက် အမိန့်ပေးလိုက်တော့သည်။
“အနောက်ဘက်ကို စစ်ချီကြမယ်။”
စစ်သည်ဗိုလ်ပါများအားလုံး စခန်းကို ချက်ချင်းပင် ရုပ်သိမ်းလိုက်ကြသည်။ ဤသို့ဖြင့် ကလန်စစ်သည် ၈၀၀ နှင့် ယွဲ့တောင်စစ်သည် ၂၀၀၊ စုစုပေါင်း လူအင်အား ၁၀၀၀ ခန့်သည် နောက်ကိုလှည့်မကြည့်တော့ဘဲ အနောက်ဘက်ရှိ တောအုပ်ကြီးအတွင်းသို့ တိုးဝင်သွားခဲ့ကြတော့သည်။
xxxxxxxxxx
ကျားနီရှီ၏ တပ်ဖွဲ့သည် လီကျင်းရွာ၏ နယ်မြေအတွင်းသို့ ခြေချမိရုံမျှဖြင့် သူ၏ ချီကျင့်ကြံခြင်းအဆင့်က အမှားအယွင်းမရှိ ပေါ်ထွက်သွားခဲ့သဖြင့် လုကျန်းရှန်းကို ရုတ်တရက် နိုးထသွားစေခဲ့သည်။ လုကျန်းရှန်းသည် နတ်ဘုရားအာရုံဖြင့် အောက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
“ကြည့်ရတာ ကျားနီရှီက လီချွမ်းခိုရွာကို ထိန်းချုပ်ပြီးပြီဆိုတော့ အရှေ့ဘက်ကို ချီတက်လာပြီး လီကျင်းမြို့ကို သိမ်းပိုက်တော့မှာပဲ။”
လုကျန်းရှန်းသည် နတ်ဘုရားအာရုံကို အစွမ်းကုန် ဖြန့်ကျက်လိုက်ပြီး လီမိသားစု၏ လူအများကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။
လီထုန်ယာသည် ဇနီးဖြစ်သူ လျိုရို့ရွှမ်နှင့်အတူ ကျူတောထဲတွင် ရှိနေခဲ့ပြီး ညီဖြစ်သူလီရှန်းဖျင် ချီကျင့်ကြံခြင်းအဆင့်သို့ အဆင့်တက်နိုင်ရန်အတွက် မြစ်တွင်းက သန့်စင်သောချီများကို စုဆောင်းပေးနေခဲ့သည်။ ၎င်းတို့နှစ်ဦးသည် လက်ဟန်များကို ဖော်ဆောင်ကာ အာရုဏ်တက်ချိန်တွင် သန့်စင်သောချီများ အထက်သို့တက်လာပြီး ညစ်ထေးသောချီများ အောက်သို့ဆင်းမည့် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေကြသည်။
လီရွှမ်ရွှမ်နှင့် လီရွှမ်ဖုန်းတို့ကမူ အနောက်ဘက်ရှိ လီတောက်ခိုရွာတွင် နတ်ဆိုးများကို နှိမ်နင်းပြီးစီးသွားခဲ့သဖြင့် ရွာထဲက ဒဏ်ရာရရှိထားသော လူများကို ကူညီပေးနေကြသည်။ နတ်ဆိုးသတ္တဝါများက လမ်းများကို ဖျက်ဆီးပစ်ခဲ့သဖြင့် လူအင်အားသုံး၍ ပြန်လည်ပြုပြင်ရန် လိုအပ်နေသေးသည်။
လီကျင်းတောင်ပေါ်ရှိ ထျန်းယွင်နှင့် ရန်ဖျင်အာတို့သည် မီးဖိုဘေးတွင် ဝိုင်းထိုင်ကာ စကားပြောဆိုနေကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အသက်အရွယ် ကြီးရင့်လာခဲ့ကြပြီဖြစ်ကာ အထူးသဖြင့် ရန်ဖျင်အာသည် အသက်လေးဆယ်ကျော် ရှိနေပြီဖြစ်သဖြင့် ကြက်အိပ်ကြက်နိုးလောက်သာ အိပ်ပျော်တတ်တော့သည်။
လီကျင်းထျန်းသည် ပြတင်းပေါက်နားတွင် မှီကာ သူမ၏ ဝိုင်းစက်နေသော မျက်ဝန်းအစုံထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် အဝေးဆီသို့ လှမ်းကြည့်နေခဲ့သည်။ ညဉ့်နက်သန်းခေါင် လေညင်းကလေးသည် သူမ၏ ဆံပင်နက်များကို ဖြည်းညှင်းစွာ လွင့်ပျံစေခဲ့ပြီး သူမဘေးနားရှိ လီရွှမ်လင်မှာမူ ကုတင်ထက်တွင် ငြိမ်သက်စွာ အိပ်ပျော်နေခဲ့သည်။
လုကျန်းရှန်းသည် လီမိသားစု၏ ကျင့်ကြံသူများအားလုံးကို မြင်တွေ့နိုင်သော်လည်း သူ၏နတ်ဘုရားအာရုံမှာမူ လီကျင်းမြို့၏ ပိုင်နက်အတွင်း၌သာ လှည့်လည်သွားလာနိုင်ပေသည်။ သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အမြင်လှည့်စားအတတ်ကိုသုံးကာ ကုတင်ထက်တွင် အိပ်ပျော်နေသော လီရွှမ်လင်၏ စိတ်ထဲသို့ ပုံရိပ်များကို ပို့လွှတ်ပေးလိုက်သည်။
လုကျန်းရှန်း၏ နတ်ဘုရားအာရုံသည် သာမန်ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံထက် များစွာသာလွန်ပေသည်။ ထို့အပြင် လီရွှမ်လင်မှာလည်း ယခုလက်ရှိတွင် ဝိညာဉ်သန္ဓေသားဖွဲ့တည်ခြင်းအဆင့် ဒုတိယအဆင့်မျှသာ ရှိသေးသော ကျင့်ကြံသူကလေးတစ်ဦးသာဖြစ်ရာ လုကျန်းရှန်းသည် ချက်ချင်းပင် လီရွှမ်လင်၏ အိပ်မက်ကမ္ဘာကို ချောချောမွေ့မွေ့ ထိန်းချုပ်နိုင်လိုက်တော့သည်။
xxxxxxxxxx
“ချလွမ်”
လီရွှမ်လင်သည် အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေရာမှ စူးရှလှသော ကြွေထည်ပစ္စည်း ကွဲအက်သံကို ကြားလိုက်ရသည်။ သူသည် အိပ်မက်ထဲမှ ချက်ချင်း လန့်နိုးလာခဲ့ပြီး တစ်ကိုယ်လုံး ချွေးစေးများဖြင့် ထထိုင်လိုက်ကာ ဟာလာဟင်းလင်း ဖြစ်နေသော ပြတင်းပေါက်ကို ငေးမောကြည့်နေမိသည်။
ဖြူဝင်းသွယ်လျသော လက်ကလေးနှစ်ဖက်သည် မြေပြင်ပေါ်ရှိ လက်ဖက်ရည်ခွက် အပိုင်းအစများကို ဂရုတစိုက် ကောက်ယူနေခဲ့သည်။ လီကျင်းထျန်းက အားနာဟန်ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။
“လင်အာ... မမ မင်းအိပ်နေတာကို နှောင့်ယှက်မိသွားပြီ။”
မျက်နှာနှင့် တစ်ကိုယ်လုံးတွင် ချွေးများ စိုရွှဲနေခဲ့သော လီရွှမ်လင်သည် တိုက်ခတ်လာသော လေအေးများကြောင့် ချက်ချင်းပင် သတိဝင်လာခဲ့ကာ ခြောက်ကပ်ကပ်အသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“မမ... ကျွန်တော် အိပ်မက်မက်တယ်… လူသေတွေ အများကြီးပဲ။ ကျားနီရှီက ဦးလေးကို အနိုင်ယူပြီးတော့ သူ့စစ်သည်တွေနဲ့ တောင်ပေါ်ကိုတက်လာပြီး မိသားစုထဲက လူတွေအများကြီးကို သတ်ပစ်လိုက်ကြတယ်။”
လီကျင်းထျန်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာခဲ့သည်။ လီရွှမ်လင်၏ စကားလုံးများသည် သူမ တစ်ညလုံး အိပ်မပျော်ဘဲ ဖြစ်နေခဲ့ရသည့် စိုးရိမ်စိတ်ကို တည့်တည့်ထိမှန်သွားခဲ့သည်။ သူမသည် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ရင်း လီရွှမ်လင်ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
လီရွှမ်လင်က ကယောင်ကတမ်းဖြင့် ခေါင်းညိတ်လိုက်ပြီး ငြိမ်သက်စွာဖြင့် ခဏမျှ တွေးတောလိုက်ပြီးနောက် တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော် အပေါ့သွားလိုက်ဦးမယ်။”
ထိုသို့ပြောပြီးသည်နှင့် ကုတင်ထက်မှ လျှောဆင်းကာ တံခါးခုံကို ဖြတ်ကျော်လျှက် လီကျင်းထျန်း၏ အမြင်အာရုံကို ရှောင်ကွင်းပြီး နောက်ဖေးခြံဝင်းဆီသို့ တိတ်တဆိတ် ထွက်လာခဲ့သည်။
နောက်ဖေးခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် အလယ်တွင် အထီးကျန်စွာ ချထားသော ပျက်စီးနေသည့် သစ်သားကုလားထိုင်အိုကြီးကို မြင်တွေ့လိုက်ရသဖြင့် လီရွှမ်လင်သည် နှုတ်ခမ်းကို စူလိုက်ပြီး လီမုထျန်းကို သတိရသွားခဲ့မိသည်။
လီရွှမ်လင်သည် တံခါးကို အားဖြင့်တွန်းဖွင့်လိုက်ရာ မွှေးပျံ့သော စန္ဒကူးရနံ့က သူ့နှာခေါင်းထဲကို တိုးဝင်လာခဲ့သည်။ ဖယောင်းတိုင်မီး၏ မှိန်ဖျော့ဖျော့ အလင်းရောင်ထဲ၌ အေးစက်မြင့်မားလှသော ကျောက်တုံးစင်မြင့်ကြီးကို လှမ်းမြင်လိုက်ရကာ ၎င်း၏အထက်တွင်မူ ညိုပြာရောင် ကြေးမုံက ဖျော့တော့သော ဖြူစင်သည့် လရောင်အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။
သူသည် ခြေဖျားထောက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အနည်းငယ် အေးစက်နေသော လရောင်အလင်းတန်းများကို ဖြတ်ကျော်ကာ ထိုကြေးမုံကို ဂရုတစိုက် မလိုက်သည်။ ထိုအခါမှသာ ဤမှော်ရတနာသည် သူ့လက်ထဲတွင် အလွန်တရာ နွေးထွေးပြီး အလွန်သက်တောင့်သက်သာ ရှိလှကြောင်း သိရှိသွားခဲ့သည်။
လီရွှမ်လင်သည် ဖခင်ဖြစ်သူ၏ စကားများကို ပြန်လည်တွေးတောရင်း လက်ထဲက ကြေးမုံကို မြှောက်လိုက်ပြီး လေးလေးနက်နက် ရွတ်ဆိုလိုက်သည်။
“လီမိသားစုမှ တပည့်တစ်ဦးဖြစ်သော ကျွန်ုပ် လီရွှမ်လင်သည် ဂမ္ဘီရအလင်းကို ရိုသေစွာလေးစားစွာ တောင်းခံအပ်ပါ၏။ ကျွန်ုပ်သည် တာအိုလမ်းစဉ်ကို လိုက်စားရန် မြှုပ်နှံထားပြီး ကျွန်ုပ်၏ ကံကြမ္မာသည် အသင်၏လက်ထဲတွင် အပ်နှံပါ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏သစ္စာစကားကို မဖောက်ဖျက်ဘဲ တည်မြဲပါမည်။ ဤအဆောင်ကို မီးရှို့ခြင်းဖြင့် အထွတ်အထိပ်ယင်ကို ကျေးဇူးတင်ကြောင်းဖော်ပြပါ၏”
လုကျန်းရှန်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး သူ၏အမြင်အာရုံကို ဖွင့်ပေးလိုက်သည်။ လီရွှမ်လင်သည် သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားခဲ့ကာ လေထဲသို့ ပျံတက်သွားပြီး အလွန်မြင့်မားလှသော ကောင်းကင်ယံထက်သို့ ရောက်ရှိသွားကာ ခြေထောက်အောက်ခြေရှိ လီကျင်းမြို့ကလေးကို ငြိမ်သက်စွာ ငုံ့ကြည့်နေသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။
ညကောင်းကင်ယံ လမင်းကြီးက အေးချမ်းလှပြီး လီကျင်းမြို့ကလေးမှာလည်း အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေကြသည်။ လီရွှမ်လင်သည် အဝေးသို့ လှမ်းကြည့်လိုက်ရာ လီချွမ်းခိုရွာတွင် ဆံပင်တိုတိုနှင့် တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်များ ရေးဆွဲထားသော ယွဲ့တောင်သားများ မြေပြင်အနှံ့ ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် သားရေချပ်ဝတ်တန်ဆာများ ဆင်ယင်ထားကာ တောင်ဘက်ဆီသို့ ချီတက်လာနေသော ယွဲ့တောင်စစ်ကြောင်း နှစ်ကြောင်းကိုလည်း တွေ့လိုက်ရသည်။ ၎င်းတို့၏ ဦးတည်ချက်အရ လီကျင်းမြို့ဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေသဖြင့် ၎င်းတို့၏ရည်ရွယ်ချက်မှာ သိသာထင်ရှားနေပေတော့သည်။
လီရွှမ်လင်သည် ချက်ချင်းပင် အထိတ်လန့်တကြားဖြင့် ချွေးစေးများ ထွက်လာခဲ့တော့သည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ထိုအမြင်အာရုံထဲမှ ဆုတ်ခွာလာခဲ့သည်။ လက်ထဲရှိ ကြေးမုံကို ရင်ဘတ်အိတ်ထဲသို့ ထိုးထည့်လိုက်ပြီး နောက်ဖေးခြံဝင်းထဲမှ အလောတကြီး ပြေးထွက်လာခဲ့တော့သည်။
(Note. “အတွဲ - ၂ လကွယ်ည ကောင်းကင်အောက်က ဝေလငါး” စပါပြီ။)