← Chapters

အခန်း ၉၀

Vol. 10 Ch. 90

အခန်း ၉၀

Vol. 10 Ch. 90

အခန်း - (၉၀)

ထွက်ပြေးခြင်း

“မမ... သွားကြစို့။”

လီရွှမ်လင်သည် အလောတကြီးဖြင့် ခြံဝင်းအတွင်းသို့ တိုက်ရိုက်ပြေးဝင်လာခဲ့ပြီး တံခါးခုံကို ဖြတ်ကျော်ကာ လီကျင်းထျန်း၏လက်ကိုဆွဲပြီး အရှေ့ခြံဝင်းဆီသို့ သွားရန်ပြင်လိုက်သည်။ လီကျင်းထျန်းမှာ အလွန်ထိတ်လန့်အံ့ဩသွားခဲ့ပြီး ကြောင်အသွားခဲ့ကာ ထပ်ကာထပ်ကာ မေးမြန်းလိုက်တော့သည်။

“ဘာတွေဖြစ်နေတာလဲ”

“ရှင်းပြဖို့အချိန်မရှိဘူး။ ကျားနီရှီရဲ့တပ်ဖွဲ့တွေက ဆယ့်ငါးမိနစ်အတွင်း လီကျင်းတောင်ကို ရောက်လာလိမ့်မယ်။ ကျွန်တော့်ပြောတာကိုယုံ”

လီကျင်းထျန်းသည် ထိုစကားကြောင့် ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး ကပျာကယာဖြင့် နက်မှောင်သော ဆံနွယ်ရှည်များကို ထုံးနှောင်လိုက်ကာ အိပ်ယာအောက်မှ ဓားမြှောင်တစ်စင်းကို နှိုက်ယူလိုက်သည်။ ထို့နောက် လမ်းလျှောက်ရင်း ဓားမြှောင်ကို အင်္ကျီလက်အိတ်အတွင်း ထည့်ဝှက်လိုက်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“အမေတို့ကိုရော အသိပေးပြီးပြီလား”

လီရွှမ်လင်သည် ဓားရှည်ကို ကျောတွင် ချည်နှောင်လျှက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်တော် စောစောတုန်းက သူတို့ကိုအသိပေးဖို့ ကလန်စစ်သည်တွေကို လွှတ်လိုက်ပြီးပြီ။ ကျွန်တော် မမကိုခေါ်ဖို့ ဘေးခြံဝင်းကို ပြန်မလာခင် သူတို့ကို တောင်အောက်ကို ချက်ချင်း လိုက်ပို့ပေးလိုက်ဖို့ အရှေ့ဘက်မှာကျန်နေတဲ့ စစ်သည်တွေကို ညွှန်ကြားထားခဲ့ပြီးပြီ”

သူတို့နှစ်ဦးသည် ခြေလှမ်းများ အမြန်လှမ်းကာ ဘေးခြံဝင်းထဲမှ ထွက်လာခဲ့ကြသည်။ လီကျင်းထျန်းသည် ကျင့်ကြံသူမဟုတ်သောကြောင့် လမ်းလျှောက်ရာတွင် အလွန်နှေးကွေးလွန်းလှသည်ဖြစ်ရာ လီရွှမ်လင်သည် သူ၏ခြေထောက်များအပေါ်တွင် နတ်ဘုရားရွေ့လျားခြင်းအတတ်ကို အသုံးပြုလိုက်ပြီး လီကျင်းထျန်း၏ခါးကို ပွေ့ချီကာ အလောတကြီးပင် တောင်အောက်သို့ ပြေးဆင်းသွားခဲ့သည်။

လီကျင်းထျန်းသည် လေထဲတွင် လွင့်နေသာ ဆံစများကို နားအနောက်သို့ သပ်တင်လိုက်ပြီး ဘေးတစ်ဖက်တစ်ချက်တွင် လျှပ်စီးပမာ ကျန်ရစ်ခဲ့သော ရှုခင်းများကို စိုက်ကြည့်ရင်း နှလုံးသားထဲတွင် ဖခင်ဖြစ်သူ လီရှန်းဖျင်အတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ လီရွှမ်လင်ကို မော့ကြည့်လိုက်သောအခါ သူမမျက်ဝန်းများထဲ၌ အလွန်အမင်း အားကျမှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

“ငါ့မှာလည်း ဝိညာဉ်အပေါက်တစ်ခုရှိခဲ့ရင်…”

လီရွှမ်လင်သည် အတန်ကြာပြေးလွှားပြီးနောက် ကြေးမုံကို အသုံးပြု၍ ကျားနီရှီ၏ လှုပ်ရှားမှုကို စစ်ဆေးကြည့်လိုက်သောအခါ ယွဲ့တောင်မျိုးနွယ်စုတစ်စုသည် လီကျင်းမြို့ထဲသို့ ဝင်ရောက်နေခဲ့ပြီဖြစ်ပြီး ထွက်ပေါက်အချို့ကို လုံးဝ ထိန်းချုပ်ရန် တာစူနေသည်ကို တွေ့ရှိလိုက်ရသည်။ အခြားမျိုးနွယ်စုတစ်စုကမူ တောင်ပေါ်ရှိလူများ တောင်တစ်ဖက်ခြမ်းမှနေ၍ ကျင်းယန်ရွာဆီသို့ ထွက်ပြေးတိမ်းရှောင်ခြင်းကို တားဆီးရန်အတွက် ကောက်ကျစ်စွာဖြင့် အခြားတစ်ဖက်မှနေ၍ တောင်ပေါ်သို့ တက်ရောက်နေခဲ့သည်။

အကယ်၍ ကြေးမုံကိုသာ အသုံးမပြုခဲ့ပါက လီရွှမ်လင်သည် ထိုစစ်သည်များနှင့် တည့်တည့်သွားတိုးမိသွားမည်မှာ ဧကန်မုချပင်ဖြစ်သည်။ သူသည် ရွေးချယ်စရာမရှိတော့ရာ နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး တိုးညှင်းစွာ ကျိန်ဆဲလိုက်သည်။

“ဒီကျားနီရှီက တကယ်ပဲ ကောက်ကျစ်တာပဲ”

လီရွှမ်လင်သည် အံကြိတ်ကာ လမ်းကြောင်းပြောင်းလိုက်ပြီး ခြေလှမ်းများကို သွက်သွက်လှမ်းကာ ဝိုင်းရံပိတ်ဆို့ခြင်း မခံရမီ တောင်အောက်သို့ သီသီကလေး ဆင်းသွားနိုင်ခဲ့သည်။ သူသည် တောင်ခြေရှိ လီကျင်းမြို့ထဲတွင် ဟောင်းနွမ်းသော ခြံဝင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တံတိုင်းကို ကျော်တက်ကာ ခြံဝင်းထဲသို့ ဝင်လိုက်သည်။

ခြံဝင်းထဲတွင် ဖုန်မှုန့်များ အထပ်လိုက်ဖြစ်နေခဲ့ပြီး အိမ်ရှင်သည် အိမ်မှ အဝေးတွင်ရောက်နေသည်မှာ ကြာနေခဲ့ပြီ ဖြစ်ပုံရသည်။ လီရွှမ်လင်သည် အိမ်တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး လီကျင်းထျန်းနှင့်အတူ အခန်းထဲသို့ ဝင်ရောက်လိုက်ကြသည်။

လီကျင်းထျန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဗီရိုထဲမှ ရိုးရှင်းသော ဝတ်စုံနှစ်စုံကို ထုတ်ယူကာ သူတို့နှစ်ဦးစလုံး လဲလှယ်ဝတ်ဆင်လိုက်ကြသည်။ လီကျင်းထျန်းသည် အသက် ၁၂ နှစ်၊ ၁၃ နှစ်ခန့်သာ ရှိသေးပြီး ဤအိမ်ပိုင်ရှင်၏ သမီးဖြစ်သူနှင့် အရွယ်တူဖြစ်ပုံရကာ ထိုဝတ်စုံက သူမနှင့် ကွက်တိ တော်နေခဲ့သည်။

သို့သော် လီရွှမ်လင်မှာမူ ခန္ဓာကိုယ် အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် လီကျင်းထျန်းသည် ရွေးစရာမရှိတော့ဘဲ ဓားကိုသုံး၍ အဝတ်အစားများကို ဖြတ်ညှပ်ကပ်ပေးလိုက်မှသာ ဝတ်ဆင်နိုင်သော အနေအထားကို ရရှိခဲ့သည်။ ထို့နောက် သူမသည် သူတို့လဲလှယ်လိုက်သော ပိုးထည်ဝတ်ရုံများကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ပစ်ကာ ကုတင်အောက်ခြေသို့ ထိုးထည့်လိုက်သည်။ ထိုစဉ် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။

သူတို့သည် နားစွင့်၍ ခဏမျှ နားထောင်နေလိုက်ကြသည်။ ခြေလှမ်း စိပ်စိပ်နှင့် ရှုပ်ထွေးလှသော ခြေသံများ လျှင်မြန်စွာ ဝေးကွာသွားသောအခါမှသာ လီရွှမ်လင်သည် ခေါင်းမော့ကြည့်လိုက်ပြီး လီကျင်းထျန်း၏ ရဲရင့်ထက်မြက်လှသော မျက်နှာပြင်ကို စိုက်ကြည့်ကာ ကလေးအသံလေးဖြင့် ပြောလိုက်သည်။

“မမ၊ မမက ထင်ပေါ်လွန်းနေတယ်”

လီကျင်းထျန်းသည် ချက်ချင်းပင် သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။ သူမသည် ခြံဝင်းထဲရှိ ရေတွင်းငယ်လေးထဲမှ ရေကိုခပ်ကာ မျက်နှာချေများကို ဖျက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မျက်လွှာများ ချလိုက်သောအခါ သနားစဖွယ်ကောင်းသော အရပ်သူ မိန်းမငယ်လေးတစ်ဦးနှင့် ပိုတူသွားခဲ့သည်။

လီရွှမ်လင်သည် နှုတ်ခမ်းကို စူလိုက်မိသည်။ လီကျင်းထျန်း၏ ရုပ်ခံက အလွန်ကောင်းမွန်လွန်းသည်ဖြစ်ရာ မည်သို့ပင် ရုပ်ဆိုးအောင် လုပ်သော်လည်း မရချေ။ ယခုအခါတွင်မူ ထိုရဲရင့်ထက်မြက်သော ခံစားချက်မျိုး မရှိတော့သော်လည်း သနားစဖွယ် ဆွဲဆောင်မှုရှိသော အလှတရားတစ်မျိုး တိုးပွားလာခဲ့သဖြင့် လီရွှမ်လင်သည် အံ့သြမှင်သတ်စွာဖြင့် တောက်ခေါက်လိုက်မိတော့သည်။

သူတို့ ကြိုးစားပြင်ဆင်ပြီးနောက်တွင် ၎င်းတို့နှစ်ဦးစလုံးသည် မြို့ထဲရှိ သာမန်အရပ်သားများနှင့် တူသွားခဲ့ပြီဖြစ်သည်။ လီကျင်းထျန်းသည် ခြေဖျားထောက်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“မြူနှင်းဝင်္ကပါအစီအရင်က ကျားနီရှီလို လူတစ်ယောက်အတွက်တော့ ကလေးကစားစရာ သာသာပဲရှိမှာ။ ငါတို့ တောင်ပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တာ ကံကောင်းသွားတယ်။ ငါတို့ ဒီမှာ တစ်ရက်နဲ့တစ်ညလောက် ပုန်းအောင်းနေခဲ့ရင် ကျားနီရှီရဲ့တပ်ဖွဲ့တွေ ဆုတ်ခွာသွားမှာပဲ”

လီရွှမ်လင်သည် ခေါင်းညိတ်လိုက်ပြီး ရင်ဘတ်ထဲရှိ ကြေးမုံကို တိတ်တဆိတ် ပွတ်သပ်ကြည့်လိုက်သောအခါ နွေးထွေးလှသော ခံစားချက်ကြောင့် သူ၏စိတ်မှာ များစွာ အေးချမ်းသွားခဲ့ရသည်။

xxxxxxxxxx

ထိုအချိန် လီကျင်းတောင်ပေါ်တွင်…

ကျားနီရှီသည် မျက်လုံးများကို မှေးလျှက် သူ့နောက်လိုက်များ၏ တင်ပြချက်ကို နားထောင်ပြီးနေခဲ့သည်။ ထို့နောက် သူ့မျက်နှာထက်တွင် အပြုံးကလေးတစ်ခု ထွက်ပေါ်လာကာ ပြန်လည်မေးမြန်းလိုက်သည်။

“တပ်ဖွဲ့ကို ဦးဆောင်ပြီး တောင်တစ်ဖက်ကမ်းကို ဖြတ်ကျော်သွားကြပြီ မဟုတ်လား။”

“ဟုတ်ကဲ့”

ကျားနီရှီသည် မျက်ခုံးပင့်လိုက်ပြီး အေးစက်လှသော ကျောက်တုံးစင်မြင့်နှင့် ဘေးပတ်ပတ်လည်တွင် ထွန်းညှိထားသော အမွှေးတိုင်များနှင့် ဖယောင်းတိုင်များကို တစ်ချက်ဝေ့ကြည့်လိုက်ကာ မျက်စိရှေ့ရှိ ပူဇော်ပစ္စည်းများ ထားရှိရာစားပွဲခုံကို ခြေထောက်ဖြင့် ကန်မှောက်ပစ်လိုက်တော့သည်။

“ခွမ်း…”

မှောက်ကျသွားသော ပူဇော်ပစ္စည်းများ ထားရှိရာစားပွဲခုံပေါ်မှ သစ်သီးဝလံများ မြေပြင်အနှံ့ လိမ့်ဆင်းသွားခဲ့သည်။ ကျားနီရှီသည် ဝါညိုရောင် မျက်ဆံများကို ကျဉ်းမြောင်းလိုက်ပြီး ချောမွေ့သော်လည်း ဘာမျှမရှိတော့သော စင်မြင့်မျက်နှာပြင်ပေါ်သို့ လက်လှမ်းကာ ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။

“မုကျောင်းမန် ဘယ်လိုဓမ္မပစ္စည်းမျိုးမို့ ဒီလောက်တောင် ပူဇော်ပစ္စည်းတွေ လိုအပ်ရတာလဲ”

သူ၏အနောက်ရှိ ကျစ်ဆံမြီးရှည်နှင့် ယွဲ့တောင်အမျိုးသားသည် ခေါင်းခါယမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာ ဝေ့ကြည့်လိုက်သည်။ ကျားနီရှီ၏စကားများကို ခဏအကြာ တွေးတောလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

“ကျွန်တော်မျိုး ကြားဖူးတာကတော့ မှိုတောလွင်ပြင်က မျိုးနွယ်စုကြီးတစ်ခုက ဆန်းကြယ်လှတဲ့ အစွမ်းသတ္တိတွေ၊ အလွန်တရာထူးခြားမှုတွေကို ပိုင်ဆိုင်တယ်လို့ယုံကြည်ရတဲ့ သစ်သားရုပ်တုတစ်ခုကို ကိုးကွယ်ကြတယ်တဲ့။”

“ဒါဆို လီမိသားစုမှာ တန်ဖိုးရှိတဲ့ရတနာတစ်ခုကို ပိုင်ဆိုင်ထားပုံရတယ်…”

ကျားနီရှီက တဟဲဟဲဖြင့် ရယ်မောလိုက်ပြီး ခြံဝင်းထဲမှ ဖြည်းဖြည်းချင်း လှမ်းထွက်လိုက်စဉ် သူ၏အနောက်ရှိ မုကျောင်းမန်က စိတ်သက်သာရာရစွာဖြင့် ပြောလာသည်ကို ကြားလိုက်ရသည်။

“ဒီဓမ္မပစ္စည်းက အခု သူတို့ရဲ့စစ်စခန်းမှာ ရှိနေမှာသေချာတယ်။ ကျွန်တော်တို့ ဇွတ်အတင်း ဝင်ရောက်မတိုက်ခိုက်ခဲ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ကျွန်တော်တို့ နတ်ဆိုးဂိတ်ရဲ့ထောင်ချောက်ထဲကို တည့်တည့်ဝင်တိုးမိမှာပဲ”

ကျားနီရှီသည် ပင်မခြံဝင်းနှင့် ဘေးခြံဝင်းများကို လမ်းလျှောက်သွားကာ သူ့နောက်လိုက်များ ရှာဖွေတွေ့ရှိထားသော အဝတ်အစားများနှင့် နွေးနေသေးသော စောင်များကို စမ်းသပ်ကြည့်ပြီးနောက် တစ်စုံတစ်ခုကို တွေးတောမိသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

“အဲဒီကလေးက တော်တော်လေး ဉာဏ်ကောင်းတာပဲ”

သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး တောင်ခြေရှိ လီကျင်းမြို့ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖြန့်ကာ ထွေးပွေ့မည့်ဟန် ပြုလုပ်လိုက်ပြီး ခဏမျှ တွေးတောလိုက်ကာ ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

“ဒီမျိုးနွယ်စုထဲက အသက် ၇ နှစ်ကနေ ၁၅ နှစ်ကြား ရှိတဲ့ လူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားစမ်း။ တစ်ယောက်မှ မကျန်ခဲ့စေနဲ့။”

သူ၏အနောက်ရှိ မုကျောင်းမန်က လေးနက်စွာဖြင့် အမိန့်နာခံလိုက်ပြီး ၎င်းတို့နှစ်ဦးသည် လီမိသားစု ခြံဝင်းအတွင်းမှ ထွက်လာခဲ့ကြသည်။ ထိုစဉ် ကျားနီရှီသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“အထူးသဖြင့် အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်ထားပြီး ရုပ်ရည်တင့်တယ်လှပတဲ့ လူတွေကို သေသေချာချာ ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ခိုင်းထားလိုက်။ အကယ်၍ ကျင့်ကြံသူ တစ်ယောက်ယောက်က လှုပ်ရှားလာခဲ့ရင် ချက်ချင်း ဖမ်းဆီးပြီး ငါ့ဆီကို ခေါ်လာခဲ့။”

သူသည် ထိုသို့ပြောပြီးသည်နှင့် မြင်းပေါ်သို့ ခုန်တက်ကာ လီကျင်းတောင်အောက်ဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။ မုကျောင်းမန်က သူ့နောက်မှနေ၍ ကပျာကယာ ကပ်လိုက်လာခဲ့ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ဘုရင်ကြီး... အချိန်အများကြီး မကျန်တော့ပါဘူး။”

“အင်း။”

ကျားနီရှီက ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“လူတွေကို ဖမ်း၊ ပစ္စည်းတွေကို လုပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်ကြမယ်။ ဒါဆို မိစ္ဆာဂိတ်အနေနဲ့ မျက်နှာပျက်စရာ မလိုတော့ဘူးပေါ့။ မဟုတ်ရင် အဲဒီအချိန်ကျမှ စစ်ကူတွေ ဘာတွေ ရောက်လာရင် အလကားသက်သက် အကျအဆုံး ပိုများနေလိမ့်မယ်။”

၎င်းတို့နှစ်ဦး တောင်အောက်သို့ ရောက်လာချိန်တွင် လီကျင်းမြို့ထဲ၌ ငိုကြွေးသံများ အုန်းအုန်းကျွက်ကျွက် ဖြစ်နေခဲ့ပြီး ရွာသားများနှင့် ယွဲ့တောင်သားများ၏ တိုက်ခိုက်သံများလည်း ရောယှက်နေခဲ့သည်။ ကျားနီရှီ၏ တပ်ဖွဲ့သည် အလွန်စည်းစနစ်ကျကာ ရွာထဲရှိ ကလေးငယ်များနှင့် လူငယ်လူရွယ်များကို အတင်းအကျပ် စုစည်းထားပြီးဖြစ်ရာ ငိုယိုအော်ဟစ်သံများဖြင့် လွှမ်းမိုးသွားခဲ့တော့သည်။

မုကျောင်းမန်သည် ခေါင်းကိုငုံ့ကာ ခဏမျှ ကြည့်ရှုပြီးနောက် တိုးတိတ်စွာ ပြောလိုက်သည်။

“သူတို့ကို ပြန်ခေါ်သွားရင် ကျွန်တွေ၊ အစေခံတွေအဖြစ် ခိုင်းစေလို့ရတယ်။ မဆိုးဘူး။”

ဤစကားကို ကြားလိုက်သည်နှင့် ကျားနီရှီသည် အောက်သို့ငုံ့လိုက်ပြီး သူ၏မျက်နှာက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် ရက်စက်ယုတ်မာသွားခဲ့ကာ သူ့မျက်ဝန်းများထဲ၌ ပြင်းထန်လှသော လူသတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့တော့သည်။ သို့သော် သူသည် ထိုလူများအား ကျောခိုင်းထားသဖြင့် မည်သူကမျှ တစ်စုံတစ်ရာကိုမျှ မရိပ်မိခဲ့ကြချေ။

ကျားနီရှီ၏ သန့်ရှင်းချောမွေ့သော လည်ပင်းပေါ်တွင် တစ်ချိန်က ကျွန်တစ်ဦး ဖြစ်ကြောင်းပြသည့် အလျားလိုက်အစင်းကြောင်း ဆေးမင်ကြောင်များ ရှိခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကျားနီရှီသည် သူ့ကို ဝယ်ယူခဲ့သော မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ခဲ့ပြီး မျိုးနွယ်စု နတ်ဆရာအား ထိုကျွန်ဆေးမင်ကြောင်များကို အတင်းအကျပ် ဖျက်ဆီးပစ်စေခဲ့သည်။ ထိုအချိန်မှစ၍ သူသည် မည်မျှပင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိပါစေ သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဆေးမင်ကြောင်ကိုမျှ ထပ်မံ ရေးဆွဲခြင်း မပြုတော့ချေ။

မုကျောင်းမန်က သူ့ဘာသာသူ ဆက်ပြောနေလိုက်သည်။

“ဒီမိန်းကလေးတွေက တကယ့်ကို ချောမောလှပပြီး ဆွဲဆောင်မှုရှိကြတယ်”

ကျားနီရှီသည် ဟုတ်သည်၊ မဟုတ်သည်ကို အဖြေမပေးဘဲ ခေါင်းညိတ်လိုက်ပြီး လက်ထဲမှ ဓားရှည်ကို အနည်းငယ် ပင့်မြှောက်လိုက်သည်။ ထိုစဉ် မုကျောင်းမန်က ထပ်မံ၍ ပြောဆိုသည်ကို ကြားလိုက်ရပြန်သည်။

“ဘုရင်ကြီးက မြောက်ဘက်တောင်ခြေရင်းတစ်ခုလုံးကို စုစည်းထားခဲ့ပြီးပြီဆိုတော့ ဆက်ခံသူကိစ္စကိုလည်း စောစောစီးစီး စဉ်းစားထားသင့်ပါတယ်။ တောင်တန်းတွေထဲမှာ ရည်မှန်းချက်ကြီးမားတဲ့ ဝံပုလွေတွေ၊ သားရဲတွေ အများကြီး ရှိနေတာမို့လို့ အမွေဆက်ခံသူတွေ ရှိမှသာ စိတ်အေးရမှာပါ။”

“အင်း။”

ကျန့်ရှီသည် တုံ့ပြန်သည့်အနေဖြင့် ဟမ့်ကနဲ အသံတစ်ချက်သာပြုလိုက်ပြီး ပေါင်နှစ်ဖက်ဖြင့် ညှပ်ကာ မြင်းကို အနောက်ဘက်ဆီသို့ စီးသွားရင်း ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။

“အနောက်ဘက်ကို ပြန်ကြမယ်။ ငါတို့ ဟိုကောင်နဲ့ သွားပြီး ကစားပေးရဦးမယ်။”

All Chapters