← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အခန်း - (၉၁)

ခံတပ်ထဲသို့ ဝင်ရောက်ခြင်း

“ကောင်းလိုက်တဲ့ မြားပစ်ချက်ပဲ။”

လီရွှမ်ရွှမ်က အညိုရောင်အမွေးများရှိသော ဧရာမတောဝက်နတ်ဆိုး၏ အလောင်းပေါ်သို့တက်ကာ ပန်းကန်လုံးအရွယ်အစားခန့်ရှိသော ဒဏ်ရာကို စုတ်တသပ်သပ်ဖြင့် လေးစားစွာ စစ်ဆေးကြည့်ရှုရင်း ချီးကျူးလိုက်သည်။

သူ၏ဘေးတွင်မူ လီရွှမ်ဖုန်းသည် သူ၏လေးရှည်ကို ကျောပေါ်တွင် လွှဲတင်လိုက်ပြီး ဂုဏ်ယူစွာပြုံးကာ ပြောလိုက်သည်။

“ဘယ်လိုနေလဲ။ ကျွန်တော့်ရဲ့ ဒီမြားစွမ်းရည်က သာမန် မဟုတ်ဘူးနော်။”

“ကောင်းပါတယ်။ ကောင်းပါတယ်။”

လီရွှမ်ရွှမ်က ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်မြန်းကာ ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ သားရေကို ဖျက်ဆီးပစ်လိုက်တာကတော့ နှမြောစရာပဲ။”

လီရွှမ်ဖုန်းသည် ဆွံ့အသွားခဲ့ပြီး ခပ်အမ်းအမ်း ပြုံးလိုက်ကာ စကားပြောရန်ပြင်လိုက်စဉ် ဘေးနားမှ ပြေးဝင်လာသော ကလန်စစ်သည်တစ်ဦးကို လှမ်းမြင်လိုက်ရသည်။ ထိုသူသည် ခြေလှမ်းအနည်းငယ် လှမ်းရုံမျှသာ ရှိသေးသော်လည်း လက်နက်ကိုင်စစ်သည်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထိုကလန်စစ်သည်၏ ကိုယ်ပေါ်ရှိ ချပ်ဝတ်အင်္ကျီတွင် သွေးများ အလိမ်းလိမ်း ပေကျံနေခဲ့ကာ သူက ဒူးထောက်လိုက်ပြီး ငိုယိုကာ သတင်းပို့လိုက်သည်။

“မိသားစုခေါင်းဆောင်ငယ်! ယွဲ့တောင်ကလူတွေ လီကျင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး လီကျင်းတောင်ပေါ်အထိ တက်လာကြပါပြီ။”

လီရွှမ်ဖုန်းသည် မယုံကြည်နိုင်စွာဖြင့် ခေါင်းငုံ့ကြည့်လိုက်ပြီး ထိုကလန်စစ်သည်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲမြှောက်ကာ အော်ဟစ်လိုက်သည်။

“မင်းဘာတွေပြောနေလဲဆိုတာရော သိရဲ့လား” “ဖုန်းအာ”

လီရွှမ်ရွှမ်သည်လည်း တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်လွန်း၍ သူ့ခြေလက်များ တုန်ယင်နေခဲ့သည်။ သူက ကပျာကယာပင် ထိုလူကို ကယ်တင်ပေးလိုက်ပြီး သူ၏ကိုယ်ပေါ်ရှိ သွေးကွက်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထူမပေးကာ မေးခွန်းများကို ဆင့်ကာမေးမြန်းလိုက်တော့သည်။

“ယွဲ့တောင်ကလူတွေက ဘယ်လိုလုပ်ပြီး လီကျင်းမြို့ထဲကို ရောက်နေရတာလဲ။ ကလန်ခေါင်းဆောင် ဦးဆောင်ခေါ်သွားတဲ့ စစ်သည်တစ်ထောင်ကကော ဘယ်မှာလဲ။ လီချွမ်းခိုရွာကော ဘယ်လိုဖြစ်သွားပြီလဲ။”

ထိုကလန်စစ်သည်ကလည်း အခြေအနေက အလွန်တရာ အရေးကြီးနေသည်ကို သိရှိသဖြင့် ကပျာကယာပင် တင်ပြလိုက်သည်။

“မိသားစုခေါင်းဆောင်နဲ့ အဲဒီကလန်စစ်သည်တစ်ထောင် ပျောက်နေပါတယ်။ ကျွန်တော်တို့ လီချွမ်းခိုရွာဆီမှာ အကူအညီသွားတောင်းခဲ့ပေမယ့် မြှားမိုးနဲ့ တိုက်ခိုက်တာကိုပဲ ခံခဲ့ရပါတယ်။ လီချွမ်းခိုရွာလည်း ယွဲ့တောင်ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားပါပြီ”

လီရွှမ်ရွှမ်သည် နားထောင်နေရင်းဖြင့် တစ်ကိုယ်လုံး ကြက်သီးများ တဖြန်းဖြန်း ထသွားခဲ့ရသည်။ သူသည် ဖြည်းညှင်းစွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကာ သူ၏စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ပေါင်းများစွာ ဖြတ်ပြေးသွားခဲ့ပြီး လက်ထဲကဓားကို ဓားအိမ်အတွင်း ဖြည်းညှင်းစွာ ပြန်ထည့်လိုက်ကာ နှုတ်ဆိတ်သွားတော့သည်။

“လီကျင်းမြို့နဲ့ လီချွမ်းခိုရွာကို ပြန်ပြီးကင်းထောက်လိုက်စမ်း”

လီရွှမ်ရွှမ်က စကားတစ်ခွန်း ပြောလိုက်ပြီးနောက် လေးနက်စွာဖြင့် ထပ်မံအမိန့်ပေးလိုက်သည်။

“ကျူတောထဲကို လူလွှတ်ပြီး ဒုတိယဦးလေးကို သွားရှာခိုင်းလိုက်။”

“မလိုတော့ဘူး”

လီထုန်ယာသည် ကောင်းကင်ယံထက်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး လီရွှမ်ရွှမ်၏ ဘေးနားသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့ကာ မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်တော့သည်။

“ငါ လီချွမ်းခိုကို သွားခဲ့ပြီးပြီ။ ဟိုမှာ စစ်သည်အင်အား သုံးထောင်လောက် တပ်စွဲထားပြီး ချီကျင့်ကြံခြင်းအဆင့်ရှိတဲ့ နတ်ဆရာတစ်ယောက် စောင့်ကြပ်နေတယ်။ လီကျင်းမြို့ထဲမှာကျတော့ ယွဲ့တောင်ကလူတွေ သုံးထောင်ကျော်လောက်ရှိပြီး အနည်းဆုံး ချီကျင့်ကြံခြင်းအဆင့် သုံးယောက်လောက် ရှိနေတယ်။”

လီထုန်ယာသည် မူလက မြစ်ကမ်းနားတစ်လျှောက် စင်ကြယ်မြစ်ချီကို စုဆောင်းနေခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် လီချွမ်းခိုရွာ၏ ကမ်းနားဆီသို့ ရောက်ရှိလာချိန်တွင် ရွာထဲ၌ မီးတုတ်များ အပြည့်ထွန်းညှိထားကာ လူရိပ်ပေါင်းများစွာ လှုပ်ရှားနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ့စိတ်ထဲတွင် သံသယများ တိုးပွားလာခဲ့ပြီး ကောင်းကင်ယံမှတစ်ဆင့် ရွာအနားဆီသို့ တိုးကပ်ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်အနှံ့တွင် ဆံပင်အရှည်များ ဖျားလျားဖြင့် ဆေးမင်ကြောင်များ ရေးဆွဲထားသော ယွဲ့တောင်သားများကို တွေ့လိုက်ရသဖြင့် သူ့ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ရသည်။

လီထုန်ယာသည် ရွာအနားသို့ ချဉ်းကပ်မိရုံမျှသာ ရှိသေးသော်လည်း ချီကျင့်ကြံခြင်းအဆင့်ရှိသော ယွဲ့တောင်သားတစ်ဦး ကောင်းကင်သို့ ပျံတက်လာခဲ့ပြီး ထူထပ်လှသော မြူခိုးမည်းကြီးများကို မှုတ်ထုတ်ကာ လီထုန်ယာဆီသို့ ဦးတည် တိုက်ခိုက်လာခဲ့သည်။

လီထုန်ယာသည် ထိုသူနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့သည်။ နက်ရှိုင်းဒီရေဓားသိုင်းနှင့် မြစ်အဆီအနှစ်စွမ်းအင်တို့ကို ပေါင်းစပ်ကာ ထိုယွဲ့တောင်မှ ချီကျင့်ကြံခြင်းအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူကို အကြိမ်ကြိမ် ဆုတ်ခွာသွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် လီထုန်ယာသည် ရန်သူ့ဘက်တွင် စစ်ကူများ ရှိနေမည်ကို စိုးရိမ်သဖြင့် မလိုလားစွာဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ရခြင်း ဖြစ်သည်။

“မိသားစုခေါင်းဆောင်က…”

လီရွှမ်ရွှမ်က ကပျာကယာ မေးမြန်းလိုက်သော်လည်း လီထုန်ယာက မျက်မှောင်ကြုတ်လျက် ခေါင်းခါကာ ပြောလိုက်သည်။

“ငါ လီချွမ်းခိုရွာကို ရောက်တာနဲ့ တားဆီးခံလိုက်ရတာပဲ။ မြစ်ကမ်းနားတစ်လျှောက်မှာ တပ်ဖွဲ့တွေကို မတွေ့ရသလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက္ခဏာတွေလည်း မတွေ့ခဲ့ရဘူး။ ရှန်းဖျင်က ကြိုတင်ပြီး ဆုတ်ခွာသွားတာ ဖြစ်ရမယ်။ ဒါမှမဟုတ် တစ်နေရာရာဆီကို ထွက်သွားတာ ဖြစ်လိမ့်မယ်။”

လီရွှမ်ရွှမ်သည် ထိုအခါမှသာ သက်ပြင်းအရှည်ကြီးတစ်ချက် ချနိုင်တော့သည်။ သူ့ဘေးနားရှိ လီရွှမ်ဖုန်း၏ တင်းမာနေသော မျက်နှာကလည်း အနည်းငယ် လျော့ပါးသွားခဲ့သည်။ လီထုန်ယာသည် သူ၏သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်ရာ လက်ထဲသို့ ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် စိမ်းပြာရေအိုင်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ သက်သေခံတံဆိပ်ပြားဖြစ်ကာ ၎င်းအပေါ်တွင် စာလုံးအချို့ လင်းလက်လာခဲ့သည်။

“လောလောဆယ် တောင့်ခံထားပါ”

လီထုန်ယာသည် မှုန်ကုန်နေသော အမူအရာဖြင့် ကျောက်စိမ်းတံဆိပ်ပြားကို ပြန်သိမ်းလိုက်သည်။ သူသည် စောစောပိုင်းကတည်းက ဤကျောက်စိမ်းတံဆိပ်ပြားမှတစ်ဆင့် အကူအညီတောင်းခံခဲ့သော်လည်း နာရီဝက်ခန့် မည်သည့်တုန့်ပြန်မှုမရှိဘဲ ငြိမ်သက်နေခဲ့ရုံမျှမက နောက်ဆုံးတွင် ဤစကားလုံးများကိုသာ ရရှိခဲ့သည်။

“စိမ်းပြာရေအိုင်ဂိုဏ်းကိုတော့ မျှော်လင့်လို့ မရတော့ဘူး။ အခုတော့ ကျားနီရှီ ဘာဆက်လုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်…”

xxxxxxxxxxx

အိမ်ရှေ့တံခါးမကြီးကို ဝုန်းခနဲ ဆောင့်ဖွင့်ခံလိုက်ရပြီး ယွဲ့တောင်မျိုးနွယ်စုဝင် တစ်ဒါဇင်ကျော်ခန့် တစ်ယောက်ပြီးတစ်ယောက် တိုးဝင်လာကြသောအချိန်တွင် လီရွှမ်လင်နှင့် လီကျင်းထျန်းတို့ ခေတ္တခဏမျှ အနားယူပြီးရုံသာ ရှိသေးသည်၊။ ထို့နောက် ခေါင်းဆောင်ငယ်ပုံစံရှိသော ယွဲ့တောင်သားတစ်ဦးသည် ဓားကိုကိုင်ကာ အခန်းထဲဝင်လာခဲ့ပြီး လီကျင်းထျန်းကို မြင်လိုက်ရသောအခါ မျက်လုံးများ လင်းလက်သွားကာ ရယ်မောလျှက် ပြောလိုက်သည်။

“တကယ့်ကို ချောမောလှပတဲ့ ကောင်မလေးပဲ။”

၎င်းတို့နှစ်ဦးလုံး ချက်ချင်းပင် ထိတ်လန့်သွားခဲ့ကြပြီး လီကျင်းထျန်း၏ စိတ်ထဲတွင် ကျားနီရှီသည် သူတို့ ဤနေရာ၌ ရှိနေသည်ကို မည်ကဲ့သို့ ရှာဖွေတွေ့ရှိသွားခဲ့သနည်းဟု တွေးတောလိုက်မိသည်။ ထို့ပြင် သာမန်သေမျိုးအချို့ကိုသာ လွှတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် သံသယများ ပိုမိုတိုးပွားလာခဲ့ပြီး တစ်ခုခုက မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

လီရွှမ်လင်ကမူ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး တိတ်တဆိတ် တွေးတောလိုက်မိသည်။

“ဒီလူတွေကို နှိမ်နင်းဖို့က မခက်လှဘူး။ ဒါပေမဲ့ လမ်းမပေါ်က ယွဲ့တောင်သားတွေကို ဆွဲဆောင်မိသွားမှာ စိုးရိမ်ရတယ်။ အကယ်၍ ယွဲ့တောင်သားတွေထဲက ကျင့်ကြံသူတွေကို ဆွဲဆောင်မိသွားရင်တော့ ထွက်ပြေးဖို့ ပိုပြီးခက်သွားလိမ့်မယ်။”

ထိုအုပ်စုခေါင်းဆောင်သည် အထက်အောက် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

“သူတို့ကိုခေါ်သွား”

ချက်ချင်းပင် လူနှစ်ဦးသည် ကြိုးများကို ကိုင်ဆောင်ကာ လီရွှမ်လင်တို့ နှစ်ဦးသားကို တုပ်နှောင်ရန် ရောက်လာကြသည်။ လီရွှမ်လင်က ခေါင်းကိုမော့ကာ လီကျင်းထျန်းကို လှမ်းကြည့်လိုက်သောအခါ သူမက ခပ်ဖြည်းဖြည်း ခေါင်းခါပြသည်ကို မြင်လိုက်ရသဖြင့် ထိုလူများ၏ ကြိုးဖြင့်တုပ်နှောင်ခြင်းကို ငြိမ်ခံနေလိုက်ရတော့သည်။

လီရွှမ်လင်သည် ကိုယ်ကို အနည်းငယ် လှုပ်ရှားကြည့်လိုက်သောအခါ သူ့ကိုချည်နှောင်ထားသောကြိုးသည် အလွန်အားနည်းလွန်းလှပြီး အားတစ်ချက်စိုက်ရုံမျှဖြင့် ဖြတ်တောက်ပစ်နိုင်လောက်သည်ဟု ခံစားလိုက်ရသည်။ တွေးကြည့်ရမည်ဆိုလျှင် ထိုလူများသည် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပေါ်တွင် မည်သည့် သတိထားမှုမျိုးမျှမရှိဘဲ လီရွှမ်လင်က ယခုအခါ ဝိညာဉ်သန္ဓသား ဖွဲ့တည်ခြင်းအဆင့်၏ ဒုတိယအဆင့်သို့ ရောက်ရှိနေမည်ကို လုံးဝ ထည့်မတွက်ထားကြချေ။

သူတို့နှစ်ဦးသည် နောက်မှနေ၍ ခြံဝင်းအပြင်ဘက်ဆီသို့ ထွက်လျှောက်လာကြသောအခါ အလွန်များပြားသော ကလေးငယ်များနှင့် လူငယ်လူရွယ်များကို နွားအုပ်၊ သိုးအုပ်များပမာ တောအုပ်ကြီးအတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ကြရသည်။ အထက် ကောင်းကင်ယံထက်တွင်မူ လူတစ်ဦးသည် လေပေါ်တွင် ရပ်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်များဖြင့် ပြည့်နှက်နေခဲ့ကာ တစ်ခေါင်းလုံး ကျစ်ဆံမြီးရှည်များ ကျစ်ထားပေသည်။

“ချီကျင့်ကြံခြင်းအဆင့်…”

လီရွှမ်လင်သည် အသံကိုနှိမ့်ကာ ထိုစကားလုံးများကို ရေရွတ်လိုက်သည်။ သူသည် လီကျင်းထျန်းနှင့်အတူ တဖြည်းဖြည်းချင်း ယွဲ့တောင်သားများ ဆွဲခေါ်သွားရာ တောအုပ်ထဲသို့ လိုက်ပါသွားခဲ့ပြီး ခြေလှမ်းများ မတည်မငြိမ် ဖြစ်ဟန်ဆောင်ကာ မြေပြင်ပေါ်သို့ ဟပ်ထိုးလှဲချလိုက်ပြီး ခေါင်းနှင့် မျက်နှာတစ်ခုလုံးကို ရွှံ့နွံများဖြင့် ပေကျံသွားစေလိုက်သည်။

“ဒီနှစ်တွေမှာ ငါ တောင်အောက်ကို ခဏခဏဆင်းတတ်တော့ လူတွေအားလုံး ငါ့ကို သိကြတယ်။ အနှေးနဲ့အမြန် အရူးတစ်ယောက်ယောက်က ငါ့ကို မတော်တဆ မဖော်ထုတ်မိအောင် ဆက်ပြီး ရုပ်ဖျက်ထားရမယ်။”

လီရွှမ်လင်သည် ခေါင်းကိုလှည့်ကာ အင်္ကျီစနှင့် ပွတ်သပ်လိုက်ပြီး အခြားသူများ သတိမထားမိသွားစေရန်အတွက် ခေါင်းငုံ့ထားလိုက်သည်။ သူသည် အရှေ့ရှိ လီကျင်းထျန်းကို လှမ်းကြည့်လိုက်ရင်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချကာ တွေးတောလိုက်မိသည်။

“ကံကောင်းတာက မမက ဒီနှစ်တွေထဲမှာ တောင်အောက်ကို မဆင်းဘဲ အမြဲတမ်း အိမ်ထဲမှာပဲ နေတာမို့လို့ပေါ့။ ဒီလိုမှမဟုတ်ရင် ဒီလောက်အထိ ထူးခြားထင်ရှားတဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် ဘယ်လိုမှ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး။”

သူတို့မျက်စိရှေ့တွင် ငါးကြီးချောင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုချောင်းကို ဖြတ်ကျော်လိုက်သည်နှင့် ယွဲ့တောင်သားများ၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်သွားတော့မည်ဖြစ်သည်။ လီရွှမ်လင်သည် စိတ်မလျှော့သေးဘဲ ရင်ဘတ်ထဲရှိ ကြေးမုံကို တိတ်တဆိတ် စမ်းသပ်ကြည့်လိုက်သော်လည်း ချက်ချင်းပင် မချိပြုံးပြုံးကာ ပြန်လွှတ်လိုက်ရတော့သည်။

သူတို့အုပ်စုတစ်ခုလုံး၏ အထက်ကောင်းကင်ယံတွင် ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ သုံးဦး ပျံသန်းလိုက်ပါလာခဲ့ပြီး အရှေ့နှင့်အနောက်တွင်လည်း ယွဲ့တောင်စစ်သည်များက တင်းကျပ်စွာ ကြပ်မတ်ကာ သေသေချာချာ စောင့်ကြပ်နေကြပေသည်။ ကံကောင်းသွားသည်မှာ ချီကျင့်ကြံသူများ၏ ဝိညာဉ်အာရုံက ကန့်သတ်ချက်ရှိပြီး အလွန်မြင့်မားစွာ ပျံသန်းနေကြသဖြင့် အောက်ခြေရှိ လီရွှမ်လင်ကို မရိပ်မိခဲ့ကြချေ။ သူတို့နှစ်ဦးသည် အံကိုသာကြိတ်ကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့ကြရသည်။ တစ်ရက်နှင့်တစ်ညတိုင်တိုင် လျှောက်လှမ်းပြီးနောက် သူတို့မျက်စိရှေ့၌ ဟောင်းနွမ်းစုတ်ပြတ်လှသော ခံတပ်တစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

ခံတပ်အတွင်း၌ လူအများအပြားကို မြင်တွေ့လိုက်ရပြီး ထိုလူများ၏ခြေထောက်တွင် သံခြေကျင်းများ ခတ်ထားကာ ကိရိယာများနှင့် ရိက္ခာများကို ပင်ပန်းကြီးစွာ သယ်ယူရွှေ့ပြောင်းနေကြသည်။ အကြမ်းဖျင်း စစ်ဆေးမှုအရ အစောင့်အကြပ်များက အလွန်လျော့ရဲလွန်းလှပေသည်။

“သေမျိုးတွေအများစုအတွက်တော့ ဒီစခန်းကနေ ထွက်ပြေးဖို့က ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်အတွက်ကတော့ မတူတော့ဘူး။ ညဉ့်နက်သန်းခေါင်အချိန် ရောက်တာနဲ့ ခြေကျင်းဝတ်ကို ကန်ဖြုတ်ပစ်ပြီး မမနဲ့အတူ တိတ်တဆိတ် ထွက်ပြေးလို့ရတယ်။”

လီရွှမ်လင်သည် ချက်ချင်းပင် စိတ်ထဲတွင် ပေါ့ပါးသွားခဲ့ရသည်။ ထို့နောက် ရှေ့မျက်နှာစာတွင် လူအုပ်ကြီး ဝိုင်းအုံနေသည်ကို မြင်တွေ့လိုက်ရကာ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ခြေကျင်းဝတ်များ ခတ်ခံရလျှက် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ယွဲ့တောင်နတ်ဆရာအချို့က လည်ပင်းပေါ်တွင် ကျွန်ဖြစ်ကြောင်း သက်သေပြသည့် အလျားလိုက်မျဉ်းကြောင်းများကို ရေးဆွဲပေးရန် စောင့်ဆိုင်းနေကြရခြင်း ဖြစ်သည်။

တစ်ဖက်တွင်မူ လူအချို့ ရောက်ရှိလာကြပြီး ကြိုးများကို ဖြည်ပေးကာ မိန်းကလေးငယ်များနှင့် အမျိုးသမီးငယ်များကို အခြားတစ်ဖက်သို့ ဆွဲခေါ်သွားခဲ့ကြသည်။ လီကျင်းထျန်းသည် လူအုပ်ကြီးအတွင်းမှ ဆွဲထုတ်ခြင်း ခံလိုက်ရပြီး ယွဲ့တောင်သားများနှင့် ကျွန်များအားလုံးဆီမှ အံ့ဩတကြီးအသံများ ပြိုင်တူ ထွက်ပေါ်လာခဲ့ကြတော့သည်။

“အဲဒါ ဘ…ဘယ်သူ့သမီးလဲ။ သူမက အရမ်းလှတာပဲ”

“တကယ့်ကိုလှပတဲ့ ကောင်မလေးပဲ”

လီကျင်းထျန်းသည် မျက်နှာပေါ်တွင် ရွှံ့ရေများကို တိတ်တဆိတ် ပွတ်သပ်ထားခဲ့သော်လည်း ဖျောင့်စင်းနေသောနှာတံနှင့် ကျက်သရေရှိသော သူမ၏မျက်နှာအသွင်အပြင်ပုံစံကိုမူ မည်သို့မျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ဖခင်ဖြစ်သူ လီရှန်းဖျင်ထံမှ ဆက်ခံထားပြီး ယွဲ့တောင်မျိုးနွယ်များနှင့် လုံးဝကွဲထွက်နေသော ထိုမီးခိုးရောင် မျက်ဝန်းအစုံက ကြည်လင်တောက်ပနေကာ အထူးပင် ဆွဲဆောင်မှု ရှိနေစေပေသည်။

လီရွှမ်လင်က ထပ်မံ၍ တွေးတောနေရန် အချိန်မရတော့ဘဲ စခန်းအတွင်းသို့ အတင်းအကျပ် ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ယွဲ့တောင်သားအချို့က သူ့ကို သစ်သားထိတ်တုံးများ ခတ်ပစ်လိုက်ကြသည်။ ယွဲ့တောင်သားများသည် သတ္တုကျိုချက်ခြင်းအတတ်ပညာတွင် မကျွမ်းကျင်ကြသဖြင့် ခဲခဲယဉ်းယဉ်း ရရှိထားသော ကြေးနှင့် သံများကို ဓားလှံလက်နက်များ သွန်းလုပ်ရာတွင်သာ အသုံးပြုကြသည်ဖြစ်ရာ သဘာဝကျစွာပင် သံခြေကျင်း၊ သံထိတ်တုံးများဟူ၍ မရှိဘဲ မာကျောလှသော သစ်သားများဖြင့်သာ ပြုလုပ်ထားကြခြင်း ဖြစ်သည်။

လီရွှမ်လင်သည် ယွဲ့တောင်နတ်ဆရာက သူ၏လည်ပင်းပေါ်တွင် အလျားလိုက်မျဉ်းကြောင်းများ ရေးထွင်းနေသည်ကို ငြိမ်ခံနေရင်း မျက်လုံးထောင့်မှတစ်ဆင့် လီကျင်းထျန်းဘက်ဆီက လှုပ်ရှားမှုများကို တိတ်တဆိတ် ဂရုစိုက်ကြည့်ရှုနေခဲ့သည်။ ထိုစဉ် ကောင်းကင်ထက်တွင် မြင့်မားစွာ ပျံသန်းနေသော ကျစ်ဆံမြီးရှည်နှင့် ယွဲ့တောင်ကျင့်ကြံသူသည် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး လူအုပ်ကြီး၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်ကာ လီကျင်းထျန်းကို အကဲခတ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။

All Chapters