အခန်း ၉၂
Vol. 10 Ch. 92
အခန်း - (၉၂)
ယဲ့ထျန်း
မုကျောင်းမန်သည် ကောင်းကင်ယံထက်မှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့ရာ အောက်ခြေရှိ နတ်ဆရာများနှင့် နောက်လိုက်များအားလုံး ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး ရိုသေစွာ အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
“မဟာစစ်သူကြီး”
မုကျောင်းမန်သည် ပတ်ဝန်းကျင်ရှိ လူများကို ဂရုမစိုက်ဘဲ ခေါင်းကိုစောင်းလျှက် အတန်ကြာ ငေးကြည့်နေမိသည်။ လီကျင်းထျန်းက မျက်လွှာများကို အနည်းငယ်ချလိုက်ပြီး ခေါင်းငုံ့လိုက်သောအခါမှသာ မုကျောင်းမန်သည် သူ၏ဘယ်ဘက်မျက်ခွံက လှုပ်ခါနေသည်ကို သတိပြုမိတော့သည်။
သူသည် ချီကျင့်ကြံခြင်းအဆင့်သို့ အခြေချခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်ရာ တစ်ကိုယ်လုံးရှိ အရေပြားနှင့် အရိုးအဆစ်များကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်းရှိပြီး သူလှုပ်ခါလို၍မဟုတ်ဘဲ အလိုအလျောက်လှုပ်ခတ်သော လှုပ်ရှားမှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။ ယခုကဲ့သို့ မျက်လုံးလွှဲ၍မရဘဲ အသက်ရှူရ ခက်ခဲနေသည့် အခြေအနေမျိုးဆိုလျှင်မူ ဆိုဖွယ်ရာမရှိတော့ချေ။
“သူမ…”
မုကျောင်းမန်သည် ထိုစကားလုံးကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ရေရွတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ နတ်ဆရာများနှင့် နောက်လိုက်များအားလုံး ထပ်ကာထပ်ကာ ခေါင်းညိတ်ကြပြီး ဖားယားသောအပြုံးဖြင့် ပြိုင်တူပြောကြတော့သည်။
“ကျွန်တော်တို့ နားလည်းပါတယ် မဟာစစ်သူကြီး။ ကျွန်တော်တို့ နားလည်ပါတယ်”
မုကျောင်းမန်သည် ဤမျိုးနွယ်စုအတွင်း အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သည်ဖြစ်ရာ ထိုလူများ ပြောလိုသည့်အဓိပ္ပာယ်ကို မည်သို့လျှင် မသိဘဲ နေမည်နည်း။ သူသည် မကျေမနပ်ဖြင့် ခေါင်းမော့လာသော လီကျင်းထျန်းကိုကြည့်ရင်း ကပျာကယာ ရှင်းပြရန် ပါးစပ်ဟလိုက်ပြီး စကားလုံးများ နှုတ်ခမ်းဖျားသို့ ရောက်ခါနီးတွင် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပျောက်ကွယ်သွားခဲ့သည်။
အောက်ဘက်ရှိ သူ့နောက်လိုက်များက လီကျင်းထျန်းကို ကပျာကယာ ခေါ်ဆောင်သွားကြသည်။ မုကျောင်းမန်သည် အေးစက်သော မျက်နှာထားဖြင့် လှည့်ထွက်ကာ လူအများ၏ အကြည့်အောက်တွင် လေထဲသို့ ပျံတက်သွားခဲ့သည်။
မုကျောင်းမန်သည် လေထဲသို့ ပေါ့ပေါ့ပါးပါး ပျံသန်းကာ ထွက်ခွာသွားရင်း ရုတ်တရက် ပျော်ရွှင်လွန်းသဖြင့် ကချင်စိတ်များပင် ပေါက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်မူ သူ့ကိုယ်သူ ထိန်းလိုက်နိုင်ခဲ့ပြီး ရပ်နားခြင်းမရှိဘဲ တဲအတွင်းသို့ လှမ်းဝင်သွားခဲ့သည်။
လီကျင်းထျန်းသည် သဘာဝကျစွာပင် စခန်းအတွင်းသို့ အတင်းအကျပ် ဆွဲခေါ်သွားခြင်း ခံလိုက်ရပြီး အနှောင်အဖွဲ့များကို ဖြည်ပေးကာ မျက်နှာပေါ်က ရွှံ့ရေများကို ဆေးကြောပေးလိုက်ကြသည်။ ထို့နောက် ယွဲ့တောင်သားများ အသုံးပြုလေ့ရှိသော သစ်ခေါက်ဆိုးဆေးအချို့ကိုသုံးကာ သူမ၏ လည်ပင်းနှင့် မျက်နှာပေါ်တွင် အရောင်စုံ အစင်းကြောင်းများကို ရေးဆွဲပေးလိုက်ကြသည်။
ထို့ပြင် ယွဲ့တောင်သားတို့၏ ဝတ်စုံကိုလည်း လဲလှယ်ဆင်ယင်ပေးကြသည်။ ထိုဝတ်စုံတွင် ငှက်မွှေးမျိုးစုံ၊ သားရဲစွယ်များနှင့် ၎င်းတို့အကြားတွင် လင်းလက်နေသော ကျောက်စိမ်းကလေးများ စီခြယ်ထားသဖြင့် အဆင်တန်ဆာတစ်စုံလုံးမှာ တောရိုင်းဆန်လှပေသည်။ ထိုအရိုင်းဆန်မှုက သူမ၏ ရဲရင့်ထက်မြက်ကာ လှပတင့်တယ်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ မထင်မှတ်ဘဲ ခန့်ညားထည်ဝါသော အရှိန်အဝါတစ်မျိုး တိုးပွားလာခဲ့သဖြင့် သူမကို ပြုစုပေးနေကြသော အကြီးအကဲများ ဆွံ့အသွားခဲ့ကြရပြီး သူတို့၏ လက်ခြေလှုပ်ရှားမှုများပင် များစွာ ညင်သာသွားခဲ့ကြသည်။
ရှုပ်ထွေးလှသော အဆင့်ဆင့် ပြင်ဆင်မှုများ ပြီးဆုံးသွားချိန်တွင် ကောင်းကင်သည်ပင် မည်းမှောင်လာခဲ့ပြီဖြစ်သည်။ လီကျင်းထျန်းသည် ဝါကျင်ကျင် မီးရောင်များ လင်းလက်နေသော တဲအတွင်းသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရပြီး လိုက်ကာနားသို့ ချဉ်းကပ်မိရုံရှိသေးသော်လည်း ကြမ်းတမ်းလှသော ယောက်ျားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“ဘုရင်ကြီးက အမိန့်ပေးပြီးတာနဲ့ အနောက်ဘက်ကို ထွက်သွားပါပြီ။ သဲသောင်ပြင်ထဲက ထူးခြားတဲ့ လှုပ်ရှားမှုတွေကို ကာကွယ်ဖို့လို့ ပြောပါတယ်။ မဟာစစ်သူကြီးကိုတော့ နောက်ပိုင်းက တပ်တွေကို စုစည်းပြီး ဒီကျွန်တွေနဲ့အတူ မဟာကျွဲ့ထင်ဆီကို အရင်ဆုံး သွားနှင့်ဖို့ ပြောပါတယ်။ ကျွန်တော်မျိုးကိုတော့ စစ်သည်တစ်ထောင်ကို ဦးဆောင်ပြီး ဟိုလူ့ရဲ့တပ်နောက်ကို လိုက်လံတိုက်ခိုက်ဖို့ အမိန့်ရခဲ့ပါတယ်…”
“အခြေအနေဘယ်လိုလဲ”
ထိုအသံသည် အသံသြသြနှင့် အက်ရှရှဖြစ်လေရာ လီကျင်းထျန်းက နေ့ခင်းက ကျစ်ဆံမြီးရှည်နှင့် ယွဲ့တောင်မဟာစစ်သူကြီးဖြစ်ကြောင်း ခွဲခြားသိရှိလိုက်သည်။
“…ကျွန်တော်မျိုး တိုက်ခိုက်ဖို့ သွားခဲ့ပေမယ့် အဲဒီလူက စစ်သည်တွေကိုခေါ်ပြီး တလီတောင်ရဲ့ အန္တရာယ်များတဲ့ အနက်ပိုင်းဆီကို နောက်လှည့်မကြည့်ဘဲ တိုးဝင်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်မျိုးက တောင်ထဲက နတ်ဆိုးကြီးတွေကို နှောင့်ယှက်မိသွားမှာကို စိုးရိမ်တာကြောင့် စစ်တပ်ကို ပြန်လည်ရုပ်သိမ်းလာခဲ့တာပါ…”
မုကျောင်းမန်သည် မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲရှိ အရိုးခွက်ကို တင်းတင်း ဆုပ်ကိုင်မိလိုက်ကာ သံသယများဖြင့် မေးမြန်းလိုက်သည်။
“မင်းကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့တာတောင်မှ အဲဒီလူက လွတ်မြောက်သွားသေးတာလား။ သူက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ မဟုတ်ဘူးလား”
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယွဲ့တောင်စစ်သည်သည် ကပျာကယာ ခေါင်းမော့ကာ စကားပြောရန် ပြင်လိုက်စဉ် တဲအပြင်ဘက်ရှိ လီကျင်းထျန်းက အထဲသို့အတင်းတွန်းပို့ခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ အတင်းတွန်းပို့လိုက်ခြင်းကြောင့် သူမ၏ ကိုယ်ပေါ်ရှိ သားရဲစွယ်များနှင့် ကျောက်စိမ်းများ တစ်ခုနှင့်တစ်ခု ထိခိုက်မိကာ သာယာလှသော မြည်သံကလေးများ ထွက်ပေါ်လာခဲ့သည်။
ထိုသူသည် သတိထားကာ လှည့်ကြည့်လိုက်ရာ ထိုင်ခုံတွင် ထိုင်နေသော မုကျောင်းမန်နှင့်အတူ တစ်ချိန်တည်းမှာပင် ကြည့်ရင်း မှင်တက်သွားကြတော့သည်။
ယွဲ့တောင်မျိုးနွယ်စုများသည် တစ်နှစ်ပတ်လုံး တောတောင်ထဲတွင် နေထိုင်ကြရသဖြင့် သူတို့မြင်တွေ့ရသမျှ ယွဲ့တောင်အမျိုးသမီးများ အားလုံးသည် ဝံပုလွေ သားရဲများပမာ ကြမ်းတမ်းလွန်းလှပြီး တစ်ကိုယ်လုံးတွင် အမွှေးအမျှင်များနှင့် ရွှံ့နွံများ ပေကျံနေကာ ဆံပင်များ ရှုပ်ထွေးလိမ်ယှက်နေသည့် ပုံစံမျိုးသာ ဖြစ်သည်။ ယခုကဲ့သို့ တောက်ပသော မျက်ဝန်း၊ ဖြူစင်သော သွားများနှင့် ရေပြင်ပမာ ကြည်လင်လှသော မျက်ဝန်းအစုံရှိသည့် အမျိုးသမီးမျိုးကို ဘယ်မှာ မြင်ဖူးပါအံ့နည်း။ ၎င်းတို့နှစ်ဦးစလုံးသည် ဆွံ့အမှင်တက်နေကြပြီး ငေးမောကာ တွေးတောမိလိုက်ကြသည်။
“သောက်ကျိုးနည်း။ ဒါကြောင့် ဘိုးဘေးအစဉ်အဆက်က လူသားအမျိုးသမီးတွေ အရမ်းလှပတယ်လို့ ပြောခဲ့ကြတာကိုး။”
လီကျင်းထျန်းသည် ၎င်းတို့နှစ်ဦး၏ အကြည့်များ ရှောင်လွှဲသွားသည်အထိ ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ ကိုယ်ပေါ်တွင် ဝှက်ထားသော ဓားမြှောင်မှာ ရေချိုးသန့်စင်စဉ်ကတည်းက အသိမ်းခံလိုက်ရပြီ ဖြစ်သည်။ တဲအပြင်ဘက်တွင် ဖခင်ဖြစ်သူ၏ သတင်းကို ရိုးတိုးရိပ်တိပ် ကြားလိုက်ရသဖြင့် စိတ်ထဲတွင် အလွန်တရာ ပူပန်နေမိစဉ် အတွင်းသို့ အတင်းတွန်းပို့ခြင်း ခံလိုက်ရခြင်းဖြစ်ရာ ထိုလူနှစ်ဦးက စကား ဆက်မပြောကြတော့ချေ။
“ဂလု။”
မြေပြင်ပေါ်တွင် ဒူးထောက်နေသော စစ်သည်က တံတွေးတစ်ချက် မြိုချလိုက်မိရာ မုကျောင်းမန်ကို ချက်ချင်း သတိဝင်လာစေခဲ့သည်။ မုကျောင်းမန်သည် ထိုသူကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အားပြင်းပြင်းဖြင့် ချောင်းတစ်ချက်ဆိုးလိုက်ကာ လီကျင်းထျန်းကို ထွက်ခွာသွားဖို့ အမိန့်ပေးရန် ပြင်လိုက်သော်လည်း ထိုစကားလုံးများ သူ့နှုတ်ခမ်းဖျားမှ ထွက်သွားသည့်စကားလုံးများကား-
“မင်း ခဏ ဖယ်နေဦး။”
ဟု ဖြစ်သွားခဲ့ရသည်။
လီကျင်းထျန်း လှည့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါမှသာ ထိုနောက်လိုက်သည် စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်…ကျွန်တော်… သ…သူ…”
ထိုနောက်လိုက်သည် စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီးနောက်မှသာ မုကျောင်းမန်၏ ဒေါသတကြီး စိုက်ကြည့်နေသော အကြည့်အောက်တွင် အံကြိတ်၍ ပြောလိုက်တော့သည်။
“အဲဒီလူကို နတ်ဘုရားတွေ ကူညီနေသလိုပါပဲ။ ကျွန်တော်တို့ ချထားတဲ့ ထောင်ချောက်တွေကို သူက တစ်ခုပြီးတစ်ခု ရှောင်ကွင်းသွားရုံတင်မကဘဲ နတ်ဆိုးသတ္တဝါတစ်ကောင်ကိုပါ ခေါ်ထုတ်လာခဲ့ပါသေးတယ်။ အဲဒီနတ်ဆိုးကလည်း ဟိုလူရာဂဏန်းကို ဂရုမစိုက်ဘဲ ကျွန်တော်တို့ကိုပဲ တစိုက်မတ်မတ် တိုက်ခိုက်နေတာမို့လို့ပါ…”
“တော်လောက်ပြီ။ ထွက်သွားစမ်း”
မုကျောင်းမန်သည် သူ၏ဆင်ခြေများကို နားထောင်ရန် စိတ်မပါတော့သဖြင့် လက်ကိုဝှေ့ယမ်းကာ မောင်းထုတ်ပစ်လိုက်သည်။ ထိုသူက တဲပြင်ပသို့ ရောက်သွားသော်လည်း ထွက်မသေးဘဲ တဝဲလည်လည်လုပ်နေသည်ကို မြင်လိုက်ရသဖြင့် မုကျောင်းမန်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ချီကျင့်ကြံခြင်းအဆင့်၏ စတုတ္ထကောင်းကင်ဘုံအလွှာ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ထိုသူသည် ထိတ်လန့်တုန်လှုပ်ကာ ကပျာကယာ ထွက်ပြေးသွားခဲ့တော့သည်။
လီကျင်းထျန်းက အပြင်ဘက်ရှိ နတ်ဆရာများ၏ အတင်းတွန်းပို့မှုကြောင့် ပြန်လည်ဝင်ရောက်လာသည်ကို ကြည့်ရင်း မုကျောင်းမန်သည် ကပျာကယာ ထရပ်လိုက်မိပြီးမှ မေးမောစွာဖြင့် ပြန်လည်၍ ထိုင်ချလိုက်မိသည်။ သူ၏ စိတ်ခံစားချက်များသည် သူ့အသက် ၇ နှစ်အရွယ်တုန်းက ဝိညာဉ်အပေါက် ရှိ၊ မရှိ စမ်းသပ်စဉ်ကကဲ့သို့ပင် အလွန်တရာ မတည်မငြိမ် ဖြစ်နေခဲ့သည်။ သူသည် ခေါင်းမော့ကြည့်လာသော လီကျင်းထျန်းကို ကြည့်ရင်း တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“မင်း…”
လီကျင်းထျန်းကမူ လုံးဝ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ထိုင်ခုံပေါ်ရှိ ခန္ဓာကိုယ် အလွန်ကြီးမားလှသော မုကျောင်းမန်ကို တည်ငြိမ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။
“ရှင် ကျွန်မကို လက်ဖျားနဲ့ထိတာနဲ့ ဒီတဲထဲမှာတင် ကျွန်မကိုယ်ကျွန်မ အဆုံးစီရင်ပစ်လိုက်မယ်”
လီကျင်းထျန်းသည် ဤစကားကို ပြောလိုက်ပြီးနောက် နှလုံးသားထဲတွင် အနည်းငယ် ပေါ့ပါးသွားခဲ့ရပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ငါသေသွားခဲ့ရင်တော့ ရွှမ်လင်က ငါ့အတွက် စိတ်ပူစရာမလိုတော့ဘူး။ သူတစ်ယောက်တည်းသာဆို ထွက်ပြေးလွတ်မြောက်ဖို့ ပိုလွယ်ကူနိုင်လိမ့်မယ်…”
မုကျောင်းမန်သည် ကပျာကယာ လက်ကို ဝှေ့ယမ်းပြလိုက်ပြီး အလွန်ညင်သာသောလေသံဖြင့် မေးမြန်းလိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
လီကျင်းထျန်းသည် ထိုမေးခွန်းကိုကြားသောအခါ ချက်ချင်းပင် သတိကြီးစွာ ထားလိုက်မိပြီး တင့်တယ်လှပသော မျက်ခုံးကလေးများကို ကြုတ်လိုက်ကာ ညင်သာစွာ ဖြေလိုက်သည်။
“ယဲ့ထျန်း”
လီကျင်းထျန်းသည် သူမ၏နာမည်အရင်းကို ထုတ်ပြော၍ မရနိုင်သဖြင့် နာမည်တစ်ခုကို စိတ်ကူးပေါက်သလို လုပ်ကြံဖန်တီးလိုက်ခြင်း ဖြစ်သည်။ သူမသည် မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိနေခဲ့သော မုကျောင်းမန်ကို လှမ်းကြည့်ရင်း စိတ်ထဲတွင် ထူးဆန်းနေမိသည်။
“ဒီယွဲ့တောင်ခေါင်းဆောင်က ဘာလို့ ဒီလောက်အထိ အသက်ရှူသံ ပြင်းထန်နေရတာပါလိမ့်…”
မုကျောင်းမန်ကမူ လီကျင်းထျန်း၏ ကြုတ်ထားသော မျက်ခုံးကလေးများကို စိုက်ကြည့်ရင်း ကျားနီရှီအပေါ် နှစ်ပေါင်း ၃၆ နှစ်တိုင်တိုင် သစ္စာရှိခဲ့သော သူ၏ဦးနှောက်ထဲတွင် ရှုပ်ထွေးပြီး ရူးကြောင်ကြောင်နိုင်လှသော အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သဖြင့် သူ၏တစ်ကိုယ်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ရကာ သူ့စိတ်ထဲ၌ မတည်ငြိမ်နိုင်တော့ပေ။
“မဖြစ်ဘူး။ ဒီကောင်မလေးကို ကျားနီရှီ မြင်သွားလို့ လုံးဝမဖြစ်ဘူး။”
xxxxxxxxxx
“မိသားစုခေါင်းဆောင်ငယ်! ယွဲ့တောင်ကလူတွေအကုန်လုံး ဆုတ်ခွာသွားပါပြီ”
လီရွှမ်ရွှမ်သည် လီကျင်းတောင်ကို စိုးရိမ်ပူပန်စွာဖြင့် စိုက်ကြည့်နေစဉ် အောက်ဘက်ရှိ ကလန်စစ်သည်တစ်ဦးက ကျယ်လောင်စွာဖြင့် အော်ဟစ်အကြောင်းကြားလိုက်သည်။ သူသည် အလွန်တရာ ဝမ်းမြောက်သွားခဲ့ရပြီး ခေါင်းမော့ကာ ဘေးပတ်ပတ်လည်ရှိ လူများကို လှမ်းကြည့်လိုက်ရာ အားလုံးက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေကြသဖြင့် ရုတ်တရက် သတိဝင်လာခဲ့ရသည်။
“ဒုတိယဦးလေးက တတိယဦးလေးရဲ့ သဲလွန်စကို ရှာဖွေဖို့ အနောက်ဘက်ကို ထွက်သွားပြီ။ ကလန်ကလူတွေအားလုံးက အခုချိန်မှာ ငါ့ကိုပဲ အားကိုးတကြီး ကြည့်နေကြတာ။ အခုက အရမ်းအရေးကြီးတဲ့ အချိန်ပဲ လီရွှမ်ရွှမ်! မင်း ဘယ်လိုမှ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး!”
သူသည် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်မိသော်လည်း အခြေအနေက အလွန်တရာ ဆိုးဝါးနေသည်ကို တွေ့ရှိလိုက်ရသည်။ လီချုံရန်နှင့် ချန်တုန်းဟယ်တို့သည် လီရှန်းဖျင်၏တပ်ဖွဲ့နှင့်အတူ ယွဲ့တောင်သားတို့၏ ပိုင်နက်နယ်မြေအတွင်းသို့ လိုက်ပါသွားခဲ့ကြပြီဖြစ်သည်။ အိမ်တွင် ဤနှစ်အနည်းငယ်အတွင်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင်ခြေချခါစ ကလေးငယ်အချို့မှလွဲ၍ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ စတုတ္ထအဆင့်သို့ ရောက်ရှိနေသော ဒေါ်လေးဖြစ်သူ လျိုရို့ရွှမ်းနှင့် လီရွှမ်ဖုန်းတို့သာ ကျန်ရစ်တော့သည်။
“လီချွမ်းခိုရွာနဲ့ လီကျင်းမြို့ဆီကို အရင်ဆုံး လူတွေစေလွှတ်ပြီး နှစ်သိမ့်ပေးရမယ်။ ပြီးတော့ သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ဆုံးရှုံးမှုတွေကို သေချာရေတွက်ရမယ်။”
လျိုရို့ရွှမ်းသည် ယခုအခါ အသက် ၃၀ ကျော် ရှိနေပြီဖြစ်သော်လည်း အင်မော်တယ်ကျင့်ကြံခြင်းကြောင့် ကြည့်ရသည်မှာ အသက် ၂၀ ကျော်အရွယ်မျှသာ ရှိသေးသကဲ့သို့ ထင်ရပေသည်။ သူမသည် စိုးရိမ်ပူပန်မှုများဖြင့် အနောက်ဘက်ကို စိုက်ကြည့်ရင်း ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လီချွမ်းခိုရွာကို ငါ့တာဝန်ထားလိုက်ပါ” “ထျန်းချုံ”
ဝမ့်ထျန်းချုံသည် ခေါ်သံကို ကြားလိုက်ရသောအခါ ကပျာကယာပင် အရှေ့သို့ တိုးကပ်လာခဲ့ပြီး လီရွှမ်ရွှမ်၏အမိန့်ကို နားထောင်လိုက်သည်။
“မင်းက လီချွမ်းခိုရွာမှာ စောင့်ကြပ်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ အခြေအနေတွေကို ကောင်းကောင်း နားလည်တယ်။ ဒါကြောင့် ဒေါ်လေးနဲ့အတူ လိုက်သွားလိုက်ပါ။”
ဝမ့်ထျန်းချုံက ခေါင်းညိတ်ကာ နောက်တစ်လှမ်းဆုတ်သွားသည်ကို ကြည့်ရင်း လီရွှမ်ရွှမ်သည် သက်ပြင်းတစ်ချက် ချလိုက်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။
“လီကျင်းမြို့ကကိစ္စတွေကိုတော့ ငါကိုယ်တိုင် ကြီးကြပ်မယ်”