← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း - (၉၃)

တောင်ပေါ်သို့ ပြန်ခြင်း

လီကျင်းတောင်ပေါ်တွင်။

လီရွှမ်ရွှမ်သည် ပရမ်းပတာဖြစ်နေသော ခြံဝင်း၏အရှေ့တွင် မတ်တတ်ရပ်နေခဲ့ပြီး သူ၏အနောက်တွင် လီယဲ့ရှန့်၏ သားကြီးဖြစ်သူ လီရှဲ့ဝမ် လိုက်ပါလာခဲ့သည်။

လီရှန်းဖျင်သည် လွန်ခဲ့သောနှစ်များက လီရှဲ့ဝမ်ကို ပြန်လည်ခေါ်ယူခဲ့သည်။ ထိုအချိန်မှစ၍ လီရှဲ့ဝမ်သည် လီရွှမ်ရွှမ်၏ ဘေးနားတွင် အမြဲလိုက်ပါနေခဲ့ကာ ကလန်အတွင်းရှိ ကိစ္စရပ်များကို စီမံရာတွင် ကူညီပေးနေခဲ့သည်။ ယခုအခါ လီယဲ့ရှန့်က လီရှန်းဖျင်နှင့်အတူ အနောက်ဘက်သို့ စစ်ချီသွားခဲ့ပြီဖြစ်လေရာ သူသည် သဘာဝကျစွာပင် ဖခင်ဖြစ်သူ၏ တာဝန်များကို ခွဲဝေယူရတော့သည်။

လီရွှမ်ရွှမ်က ခေါင်းခါယမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အခုထိ ကျင်းထျန်းနဲ့ ရွှမ်လင်တို့ကို ရှာမတွေ့သေးဘူးလား”

“မိသားစုခေါင်းဆောင်ငယ်ကို တင်ပြပါတယ်။ ဘေးပတ်ပတ်လည်က တောတောင်တွေထဲကို လူလွှတ်ပြီး နေရာအနှံ့ ရှာဖွေခိုင်းထားပေမယ့် နှစ်ယောက်စလုံးကို မတွေ့ရသေးပါဘူး။”

လီရွှမ်ရွှမ်၏ စိတ်ထဲတွင် လေးလံသွားခဲ့ရသည်။ သူသည် ပရမ်းပတာဖြစ်နေသော ခြံဝင်းကိုကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျနေသည့် သစ်သားခုံအိုလေးကို ထူလိုက်ကာ စိတ်ပျက်အားလျော့စွာဖြင့် ထိုင်ချလိုက်မိသည်။

“အစ်ကိုရွှမ်… ယွဲ့တောင်သားတွေက လီကျင်းမြို့ထဲက အရွယ်ရောက်စ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ သူတို့ သတ်ဖြတ်ခဲ့တာတော့ သိပ်မများပါဘူး။ ရွာသား ရာဂဏန်းလောက်ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လီချွမ်းခိုရွာမှာတော့ လူတွေအများကြီး သေခဲ့ပြီး ချန်ကလန်ရဲ့ သားကြီးတောင်မှ ယွဲ့တောင်သားတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရပါတယ်။”

လီရွှမ်ရွှမ်သည် စိတ်ဓာတ်ကျစွာဖြင့် ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းဖျားမှ စကားလုံးအချို့ကို ရေရွတ်လိုက်သည်။

“ကိစ္စမရှိဘူး။ ဆုံးရှုံးမှုက သိပ်မကြီးမားပါဘူး။”

လီကျင်းရွာအတွင်းရှိ အရွယ်ရောက်စ ကလေးငယ်များ၏ ဝိညာဉ်အပေါက် ရှိ၊ မရှိကို အစောကြီးကတည်းက စစ်ဆေးထားခဲ့ပြီးဖြစ်သည်။ ဤနှစ်များအတွင်း ရှာဖွေတွေ့ရှိထားသော ဝိညာဉ်အပေါက်ရှိသည့် ကလေးများအားလုံးသည် အခြားမျိုးရိုးနာမည်ရှိသည့် တပည့်များဖြစ်ကြပြီး လီရွှမ်ရွှမ်နောက်သို့ လိုက်ပါနေကြသဖြင့် မည်သည့်ဆုံးရှုံးမှုမျှ မရှိခဲ့ချေ။

“ချန်တုန်းဟယ် မသေသေးသရွေ့ ချန်ကလန်က ဘယ်သူပဲသေသေ အရေးမကြီးပါဘူး။”

“တောင်အောက်ကိုဆင်းပြီး အမိန့်သွားထုတ်ပြန်လိုက်။ သူတို့ရဲ့ ကလေးတွေကို ပြန်ကယ်တင်ချင်ပြီး ယွဲ့တောင်သားတွေကို ကလဲ့စားချေချင်တဲ့ အရွယ်ရောက်ပြီး ယောက်ျားသားတွေအားလုံး တောင်အောက်မှာ လာရောက်စာရင်းပေးကြဖို့နဲ့ တပ်ဖွဲ့အသစ်တစ်ခုကို ဖွဲ့စည်းမယ်လို့ အမိန့်ထုတ်ပြန်လိုက်။”

“ဒါပေမဲ့ မိသားစုခေါင်းဆောင်ငယ်၊ ဒါက…”

လီရွှမ်ရွှမ်က ခေါင်းခါယမ်းလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ကလန်ခေါင်းဆောင်က ကလန်စစ်သည်တွေကို ခေါ်သွားတာမို့လို့ ရွာတွေကို အုပ်ချုပ်ကွပ်ကဲဖို့ စစ်သည်အင်အားသစ်တစ်ခုကို မဖြစ်မနေ ပြန်ဖွဲ့စည်းရမှာပဲ။ ဒါက အကြောင်းပြချက်တစ်ခု ပေးရုံပါပဲ။ ယွဲ့တောင်သားတွေရဲ့ အင်အားက အရမ်းကြီးမားတယ်။ ငါက မဆင်မခြင် မလုပ်ပါဘူး။”

လီရှဲ့ဝမ်က အမိန့်နာခံပြီး ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရမှသာ လီရွှမ်ရွှမ်သည် နောက်ဖေးခြံဝင်းဆီသို့ အလောတကြီး ပြေးဝင်သွားခဲ့သည်။ အခန်းငယ်လေး၏ တံခါးကို တွန်းဖွင့်လိုက်သောအခါ လဲပြိုနေသော ပူဇော်စားပွဲခုံနှင့် ဗလာကျင်းနေသော ကျောက်စင်မြင့်ကြီးကိုကြည့်ရင်း ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။

“သောက်ကျိုးနည်း”

လီရွှမ်ရွှမ်သည် တစ်ခဏအတွင်းမှာပင် စိတ်ပျက်အားလျော့မှုနှင့် ဒေါသတရားတို့ကို တပြိုင်တည်း ခံစားလိုက်ရသည်။ ခဏအကြာပြီးနောက်တွင် ဘာမျှမတတ်နိုင်တော့သည့် သက်ပြင်းရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထောင့်တစ်နေရာတွင် ရှိနေခဲ့သော လီမုထျန်း သက်ရှိထင်ရှားရှိစဉ်က တစ်နှစ်ပတ်လုံး ထိုင်နေလေ့ရှိသည့် ပျက်စီးနေသော သစ်သားကုလားထိုင်အိုကြီးကို စိုက်ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်မိကာ ဗလာကျင်းနေသော ကျောက်စင်မြင့်ကြီးကို ငေးမောကြည့်နေမိတော့သည်။

ထိုစဉ် အိမ်တံခါးဝမှ ကျွီခနဲမြည်သံ ထွက်ပေါ်လာခဲ့သည်။ ထိုသည်မှာ လီထုန်ယာက လီကျင်းတောင်ပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ခရီးပန်းလာသော ပုံစံဖြင့် အခန်းငယ်လေးအတွင်းသို့ လှမ်းဝင်လာခဲ့ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သော ပစ္စည်းများကိုကြည့်ရင်း စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။

လီရွှမ်ရွှမ်က ကပျာကယာ ထရပ်လိုက်ပြီး ရိုသေစွာ မေးမြန်းလိုက်သည်။

“ဒုတိယဦးလေး၊ မိသားစုခေါင်းဆောင်ရဲ့ သတင်း တစ်ခုခုများ ရခဲ့သလား။”

လီထုန်ယာသည် ခေါင်းခါယမ်းလိုက်ပြီး သန့်စင်ခြင်းမန္တန်ကိုသုံးကာ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ဖယ်ရှားပစ်လိုက်ပြီးနောက် ရှင်းပြလိုက်သည်။

“ယွဲ့တောင်မျိုးနွယ်စုတွေရဲ့ ပိုင်နက်နယ်မြေအတွင်းမှာ လေးနာရီလောက် သွားစုံစမ်းခဲ့ပေမယ့် ငါပြန်ထွက်မလာခင် ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ ယွဲ့တောင်ကအုပ်စုတွေ အနောက်ဘက်မှာ စခန်းချထားပြီး ချီကျင့်ကြံခြင်းအဆင့်ရှိတဲ့သူ လေးယောက်လောက် စောင့်ကြပ်နေတာကိုတော့ တွေ့ခဲ့ရတယ်။”

လီရွှမ်ရွှမ်က စိတ်ပျက်အားလျော့နေသော မျက်နှာဖြင့် ဗလာကျင်းနေသော ကျောက်စင်မြင့်ကြီးကို ဝေ့ကြည့်လိုက်သည်ကို မြင်ရသောအခါ လီထုန်ယာသည် ထိတ်လန့်သွားခြင်းမရှိသည့်အပြင် ဝမ်းမြောက်သွားခဲ့ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်တော့သည်။

“ထိတ်လန့်နေစရာ မလိုပါဘူး။ ငါတောင် ရှာမတွေ့ဘူးဆိုရင် အဲဒီယွဲ့တောင်က ချီကျင့်ကြံခြင်းအဆင့်တွေလည်း ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး။ ဒါကြောင့် အချိန်တိုအတွင်းမှာတော့ ရှန်းဖျင်ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုပါဘူး။”

“ဒါ့အပြင် လင်အာက ပါးနပ်ထက်မြက်လို့ စောစောစီးစီးကတည်းက ကြေးမုံကို ယူဆောင်သွားခဲ့တာ ဖြစ်ရမယ်။”

လီထုန်ယာက ပူဇော်စားပွဲခုံကို အသာအယာ မလိုက်ပြီး အေးအေးလူလူ ဆက်လက်ရှင်းပြလိုက်သည်။

“ကျားနီရှီက လီကျင်းတောင်ကို ရုတ်တရက် လျှပ်တပြတ် တိုက်ခိုက်ခဲ့တာဖြစ်လို့ အကယ်၍ ရွှမ်လင်နဲ့ ကျင်းထျန်းတို့နှစ်ယောက်ကို သူတို့ဖမ်းဆီးရမိခဲ့ရင် ငါတို့ကို ဧကန်မုချ ခြိမ်းခြောက်ပြီး ရတနာတွေကို အတင်းအကျပ် အမြတ်ထုတ် တောင်းဆိုဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လိမ့်မယ်။ ဒါပေမယ့် အခုအချိန်အထိ ဘာသံမှမထွက်ဘဲ ငြိမ်သက်နေတာကိုကြည့်ရင် သူတို့ တောင်ပေါ်တက်လာတဲ့ အချိန်မှာပဲ ရွှမ်လင်က ကြိုတင်ပြီး ဆုတ်ခွာသွားခဲ့လို့ ကျားနီရှီတစ်ယောက် လက်ချည်းဗလာနဲ့ ပြန်သွားခဲ့ရတဲ့ပုံပဲ။”

လီရွှမ်ရွှမ်သည် တစ်စုံတစ်ခုကို တွေးတောမိသကဲ့သို့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အော်... ဒါကြောင့်ကိုး! ဒါဆိုရင် ရွှမ်လင်က တစ်ခုခု ထူးခြားနေတာကို ရိပ်မိသွားခဲ့လို့ ကြေးမုံကိုယူပြီး တောင်အောက်ကို ဆင်းသွားခဲ့ပေမယ့် ကြားထဲမှာ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပြီး အနောက်ဘက်ကို ပါသွားခဲ့တာ ဖြစ်ရမယ်။”

လီထုန်ယာသည် ပူဇော်ပစ္စည်းမျိုးစုံကို သေချာစွာ ပြန်လည်ပြင်ဆင်နေရင်းမှ ဖြေလိုက်သည်။

“ငါလည်း အခွင့်အရေးကို ထပ်ရှာကြည့်ပြီး သူတို့ကို သွားကူညီပေးလိုက်မယ်။ မင်းကတော့ အိမ်မှာပဲ လူတွေရဲ့စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားလိုက်။ လုယက်ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ဝိညာဉ်လယ်ကွင်းတွေကို သေသေချာချာ စစ်ဆေးအကဲဖြတ်ထားလိုက်။ ချန်တုန်းဟယ်နဲ့ လီချုံယန်တို့ နှစ်ယောက်လုံးက တပ်ဖွဲ့နဲ့အတူ အနောက်ဘက်ကို ပါသွားတာဆိုတော့ အဲဒီဝိညာဉ်လယ်ကွင်းတွေကိစ္စတွေကို သေသေချာချာ စီမံခန့်ခွဲဖို့လိုတယ်။”

“ဟုတ်ကဲ့။ ဒုတိယဦးလေး ဂရုစိုက်ပါ!”

လီရွှမ်ရွှမ်သည် အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလိုက်သော်လည်း လီထုန်ယာက ပြုံးလျှက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဒီယွဲ့တောင်သားတွေက လူအင်အားများတာကို အားကိုးနေကြရတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေပဲ။ သူတို့ စုပ်ယူထားတာတွေက ရှုပ်ထွေးညစ်ထေးတဲ့ ဝိဉာဉ်ချီတွေချည်းပဲ။ ငါက နက်ရှိုင်းဒီရေဓားသိုင်းကို ကျင့်ကြံအောင်မြင်ထားပြီးပြီ။ သူတို့ သုံး၊ လေး၊ ငါးယောက်လောက် မပေါင်းထားရင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်လို့ စိုးရိမ်စရာ မလိုဘူး! အကယ်၍ မင်းရဲ့ဦးလေးအငယ်ဆုံး လီချယ်ကျင်းသာ ဒီနေရာမှာဆိုရင် ငါးယောက်လုံး ပေါင်းထားရင်တောင် သူ့ရဲ့ဓားတစ်ချက်စာကို ခံနိုင်မှာမဟုတ်ဘူး။”

ထိုစကားများ ပြောပြီးသည်နှင့် လီထုန်ယာသည် ခြေကို ခပ်ဖွဖွနင်းကာ တံခါးအပြင်ဘက်သို့ ထွက်သွားကာ အနောက်ဘက်ဆီသို့ ထပ်မံ ထွက်ခွာသွားတော့သည်။ လီရွှမ်ရွှမ်သည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ပျက်စီးနေသော သစ်သားကုလားထိုင်ပေါ်သို့ ပြန်လည်ထိုင်လိုက်မိသည်။ ပျောက်ဆုံးသွားသောအရာများအား ပြန်လည်ရရှိတော့မည်ဆိုသည့် ဝမ်းမြောက်မှုကြောင့် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးကလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သို့သော် ထိုစဉ် ကုလားထိုင်ခြေထောက်ပေါ်တွင် မသေမသပ် လက်ရေးများဖြင့် စာလုံးရှစ်လုံး ရေးထွင်းထားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

“မိသားစုအတွင်း ညီညွတ် မျှတ သင့်မြတ်ပြီး အမျိုးအနွယ်တို့ ကြွယ်ဝ စည်ပင် ပါစေသတည်း။”

သူ၏စိတ်ထဲတွင် အခြေတည်အဆင့် ကျင့်ကြံသူဟူသော ကောလာဟလကြောင့် တောင်ပေါ်၌ မိမိတစ်သက်တာလုံး၏ ထက်ဝက်ခန့်ကို ပိတ်လှောင်ဖြတ်သန်းသွားခဲ့ရသော ထိုအဘိုးကြီးကို ရုတ်တရက် မြင်ယောင်လာခဲ့သည်။ သူသည် မျက်ရည်များကို သုတ်လိုက်ပြီး တင်းမာသော အမူအရာဖြင့် အပြင်သို့ ထွက်လာခဲ့တော့သည်။

တံခါးအပြင်ဘက်သို့ ရောက်သည်နှင့် လီရွှမ်ရွှမ်သည် နက်မှောင်လှသော လေးကြီးကို ကျောတွင်လွယ်ထားကာ အလျှင်စလိုသွားနေသည့် လီရွှမ်ဖုန်းနှင့် တည့်တည့်တိုးမိသွားတော့သည်။ သူ၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာကို မြင်ရသည့်အခါ လီရွှမ်ရွှမ်က လှမ်းခေါ်လိုက်သည်။

“ဖုန်းအာ”

လီရွှမ်ဖုန်းက ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် လီရွှမ်ရွှမ်က လီထုန်ယာ၏ စကားများကို တစ်ဆင့် ပြန်လည်ပြောပြသည်ကို နားထောင်ပြီးမှသာ သက်ပြင်းချနိုင်တော့သည်။ သို့သော် သူ့မျက်နှာထက်တွင် စိုးရိမ်စိတ်အချို့ ရှိနေဆဲဖြစ်ပြီး သူက တိုးညှင်းစွာ ပြောလိုက်သည်။

“အဖေက ယွဲ့တောင်မျိုးနွယ်စုတွေရဲ့ ပိုင်နက်နယ်မြေထဲမှာ တစ်ယောက်တည်း တပ်ဖွဲ့ကို ဦးဆောင်နေရတာဆိုတော့ ကျွန်တော် အခုထက်ထိ သူ့အတွက် စိုးရိမ်နေမိတုန်းပဲ။”

“မင်း မဆင်မခြင် မလုပ်ရဘူး”

လီရွှမ်ရွှမ်က ချက်ချင်းပင် အလန့်တကြား ခေါင်းမော့ကြည့်လိုက်မိသည်။ လီထုန်ယာသည် လီရွှမ်လင်နှင့် လီကျင်းထျန်းတို့ကို ကယ်တင်ရန် ထွက်ခွာသွားခါစသာ ရှိသေးသည်ဖြစ်ရာ လီရွှမ်ဖုန်းပါ ထပ်မံ၍ အန္တရာယ်ထဲသို့ တိုးမဝင်သွားစေရန်အတွက် ကပျာကယာ တားဆီးကာ နှစ်သိမ့်ပေးလိုက်သည်။

“မိသားစုခေါင်းဆောင်မှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသားဖြစ်မှာပါ။ မင်း ယွဲ့တောင်မျိုးနွယ်စုတွေရဲ့ ပိုင်နက်ထဲကိုသွားပြီး သူ့ကိုရှာဖို့ လုံးဝမတွေးနဲ့! အဲဒီလိုလုပ်ရင် လူတိုင်းကို ပိုပြီး လုပ်ရကိုင်ရ ခက်စေတာပဲရှိမယ်…”

“ကျွန်တော်သိပါတယ်။”

လီရွှမ်ဖုန်းသည် လက်ဝှေ့ယမ်းလိုက်ပြီး နာကျည်းစွာဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ စွမ်းအားက မလုံလောက်လို့သာပေါ့။ အကယ်၍ ကျွန်တော်သာ ချီကျင့်ကြံခြင်းအဆင့် ဖြစ်ခဲ့ရင် ယွဲ့တောင်မျိုးနွယ်စုပဲဖြစ်ဖြစ်၊ ကျားနီရှီပဲဖြစ်ဖြစ် မြားတစ်စင်းတည်းနဲ့ အပြတ်ရှင်းပစ်လို့ ရတာပဲ!”

“တော်ပြီ”

လီရွှမ်ဖုန်းသည် အံကိုကြိတ်ကာ လက်ဝှေ့ယမ်းလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကျွန်တော် အခုပဲ တံခါးပိတ်ကျင့်ကြံပြီး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ရောက်ဖို့အတွက် ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်တော့မယ်!”

ထိုစကားကို ကြားသောအခါ လီရွှမ်ရွှမ်သည် ခေတ္တမျှ ဆွံ့အသွားခဲ့ရပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။

“အဆင့်ချိုးဖျက်ဖို့ဆိုတာ… ကိုယ်လုပ်ချင်တိုင်း တံခါးပိတ်ကျင့်ကြံပြီး အဆင့်ချိုးဖျက်လို့ ရတာမျိုးမို့လို့လား။ အားလုံးက အခွင့်အရေးတစ်ခုကို ရှာကြရတာ မဟုတ်ဘူးလား…”

လီရွှမ်ရွှမ်သည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ စတုတ္ထအဆင့်တွင် ပိတ်မိနေခဲ့သည်မှာ ၂ နှစ်ကျော်တိုင်တိုင် ရှိနေခဲ့ပြီဖြစ်ပြီး ယခုထက်ထိ အဆင့်ချိုးဖျက်နိုင်မည့် အခွင့်အရေးကို မတွေ့ရှိရသေးပေ။ သူက စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရင်ဘတ်အိတ်ထဲမှ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ထုတ်ယူလျှက် ညင်သာစွာ ပြောလိုက်သည်။

“ဒါက စီနီယာအစ်ကိုကြီးရှောင် ငါတို့မိသားစုအတွက် မြွေအဆီအနှစ်ဆေးလုံး သန့်စင်ပေးတုန်းက ကျန်ခဲ့တဲ့ ဆေးလုံးပဲ။ ငါတို့မှာ စုစုပေါင်း သုံးလုံးရှိခဲ့တယ်။ အကြီးအကဲနှစ်ယောက်က ကျောက်စိမ်းမြို့တော်အဆင့်ကို ချိုးဖျက်ဖို့ တစ်လုံးစီ သုံးခဲ့ကြတယ်။ ဒီနောက်ဆုံးတစ်လုံးက ငါ အဆင့်ချိုးဖျက်ဖို့အတွက် သီးသန့်ထားတာ။ ဒါပေမဲ့ မင်းအရင်ယူလိုက်ပါ”

ထိုသို့ပြောပြီးသည်နှင့် သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်မကောင်းစွာဖြင့် ပြောပြန်သည်။

“ငါတို့မိသားစုမှာ ဆေးဖော်စပ်ခြင်းအမွေအနှစ်မရှိတာ နှမြောစရာပဲ။ ငါတို့မှာ မြွေနဂါးသစ်သီး သုံးလုံးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ပေမယ့် ကောင်းကောင်းအသုံးမချနိုင်ခဲ့ဘူး…”

လီရွှမ်ဖုန်းက ကျေးဇူးတင်ကြောင်းပြောကာ ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“အစ်ကိုရွှမ်... စိတ်မပူနေပါနဲ့။ ကျွန်တော်တို့ မိသားစုက ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို ခြေချခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပဲ ရှိပါသေးတယ်။ အခြေခံအုတ်မြစ် နက်ရှိုင်းလှတဲ့ အဲဒီကလန်ကြီးတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတာ သဘာဝကျပါတယ်။”

“နောင်မှာ မိသားစုထဲမှာ ချီကျင့်ကြံခြင်းအဆင့်ရှိတဲ့သူတွ ထပ်ပြီးပေါ်ထွက်လာခဲ့ရင် ဆေးဖော်စပ်ခြင်း ကျင့်စဉ်အမွေအနှစ်ရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ကို ရှာဖွေပြီး လုယက်သတ်ဖြတ်လိုက်ရင် ရတာပဲ မဟုတ်ဘူးလား။”

လီရွှမ်ရွှမ်သည် ဤစကားကို ကြားလိုက်ရသောအခါ ခေါင်းခါယမ်းလိုက်မိပြီး ရယ်မောကာ ပြောလိုက်တော့သည်။

“ကောင်လေး၊ မင်းကတော့လေ အမြဲတမ်း သတ်ဖို့ ဖြတ်ဖို့ချည်းပဲ စိတ်ကူးနေတာပဲ။ ဒီလို ကျင့်စဉ်အမွေအနှစ်တွေဆိုတာ မင်း လူကို စိတ်ကူးပေါက်သလို သတ်လိုက်ရုံနဲ့ ရနိုင်မှာမို့လို့လား။ စုဆောင်းထားတဲ့ ဝိဉာဉ်ကျောက်တုံးတွေကိုသုံးပြီး ဝယ်မှရမှာ။”

လီရွှမ်ဖုန်းက နှုတ်ခမ်းကို စူလိုက်ပြီး ပြောသည်။

“ကျွန်တော်တို့ရဲ့ စွမ်းအားက ရန်သူ့ထက် အများကြီးသာလွန်နေသရွေ့ ဝယ်ယူမလား၊ လုယူမလားဆိုတာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တာ မဟုတ်ဘူးလား။”

ထိုသို့ပြောပြီးနောက် တိုးညှင်းစွာ ရယ်မောလိုက်ပြီး မေချယ်တောင် လိုဏ်ဂူဆီသို့ သွားကာ တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်လိုက်တော့သည်။

All Chapters