အခန်း ၉၄
Vol. 10 Ch. 94
အခန်း - (၉၄)
ထွက်ပြေးရန် အစီအစဉ်ဆွဲခြင်း
လီရွှမ်လင်သည် ခံတပ်အတွင်း၌ ဆယ်ရက်ကျော်တိုင်တိုင် ပင်ပန်းကြီးစွာ အလုပ်ကြမ်းလုပ်ခဲ့ရသည်။ သူ့အနီးအနားရှိ ကျွန်များအားလုံး ပင်ပန်းလွန်းသဖြင့် အော်ဟစ်ညည်းတွားနေကြသော်လည်း ဝိညာဉ်သန္ဓသား ဖွဲ့တည်ခြင်းအဆင့်၏ ဒုတိယအဆင့်တွင်ရှိသော သူ၏ကျင့်ကြံခြင်းကြောင့် အေးအေးလူလူပင် ရှိနေခဲ့သည်။ သူသည် ပင်ပန်းနွမ်းနယ်နေသည့် ပုံစံမျိုး ဟန်ဆောင်နေရုံမျှသာ ဖြစ်သည်။
ဤကျွန်များ၏ စားသောက်၊ နေထိုင်ရသည့်နေရာသည် သိုးခြံကဲ့သို့သော ယွဲ့များတောင်သားများ ခြံခတ်ထားသော နေရာတွင် ဖြစ်သည်။ မစင်နှင့် ဆီးရည်များက တောင်လိုပုံနေခဲ့ကာ အလွန်တရာ နံစော်လှပေသည်။ ပတ်ဝန်းကျင်တွင် ယွဲ့တောင်စစ်သည် တစ်ဒါဇင်ကျော်ခန့် စောင့်ကြပ်နေကြသည်။ လီရွှမ်လင်သည် ပထမဆုံးညကတည်းက သစ်သားခြေကျင်းကို ကန်ခွဲပစ်ကာ တိတ်တဆိတ် ထွက်ပြေးချင်စိတ် ပေါက်ခဲ့သော်လည်း လီကျင်းထျန်း၏ သတင်းကို စောင့်ဆိုင်းနေခဲ့ရသဖြင့် ဆယ်ရက်ကျော်တိုင်တိုင် မချိတင်ကဲ အောင့်အီးနေထိုင်ခဲ့ရသည်။
ဤယွဲ့တောင်လူအုပ်သည် လီမိသားစုကို စောင့်ကြည့် ခုခံရန်အတွက် ဤနေရာ၌ ခံတပ်ကြီးတစ်ခု ဆောက်လုပ်ရန် ပြင်ဆင်နေပုံရသည်။ လီရွှမ်လင်သည် သေချာစွာ လေ့လာကြည့်ရှုပြီးနောက် စခန်းအပြင်ဘက်သို့ထွက်၍ သစ်သားများ သယ်ယူရွှေ့ပြောင်းသည့်အချိန်ကို အသုံးချကာ ထွက်ပြေးခြင်းက အဆင်ပြေဆုံးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအချိန်တွင် ခံတပ်အတွင်းရှိ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများနှင့် ဝေးကွာနေမည်ဖြစ်သဖြင့် သာမန်စစ်သည်အချို့ကို သတ်ဖြတ်ရုံမျှဖြင့် ထွက်ပြေးနိုင်မည်ဖြစ်ပြီး ခံတပ်ထဲရှိ ပညာရှင်များ၏ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
“ငါတစ်ယောက်တည်း ထွက်ပြေးဖို့ကတော့ အဆင်ပြေပေမယ့် မမ လွတ်မြောက်ဖို့ကျတော့ တကယ့်ကို ခက်ခဲလိမ့်မယ်။”
လီကျင်းထျန်းသည် ဤရက်ပိုင်းအတွင်း တဲအတွင်းသို့ မကြာခဏ ဝင်ထွက်သွားလာနေခဲ့သဖြင့် လီရွှမ်လင်မှာ ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။ သူသည် လီကျင်းထျန်းကို ခေါ်ဆောင်ကာ ထွက်ပြေးနိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ပတ်ဝန်းကျင်၌ အမြဲတမ်း တဝဲလည်လည် လုပ်နေခဲ့သည်။
လီရွှမ်လင်သည် သစ်သားများကို သယ်ဆောင်ကာ ခံတပ်အတွင်း လှည့်လည်သွားလာရင်း ထိုခံတပ်၏ ဖွဲ့စည်းပုံကို တိတ်တဆိတ် အကဲခတ်နေစဉ် သူ့ဘေးနားရှိ ယွဲ့တောင်နတ်ဆရာနှစ်ဦး ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။
“မနက်ဖြန်ဆို မဟာကျွဲ့ထင်ကို ပြန်ကြတော့မယ် မဟုတ်လား။”
“ဟုတ်တာပေါ့… ငါကြားရတာကတော့ ဘုရင်ကြီးက မဟာကျွဲ့ထင်မှာ ကြီးမားတဲ့ ကျောက်စင်မြင့်ကြီးတစ်ခု ဆောက်လုပ်နေပြီး နတ်ဆရာအပေါင်းကို ပူဇော်ပြီး မြောက်ဘက်တောင်ခြေရင်းတစ်ခုလုံးကို စည်းလုံးစေခဲ့တဲ့ မဟာအောင်မြင်မှုကြီးကို သက်သေပြုခိုင်းမလို့တဲ့…”
“နှစ်ပေါင်း ရာဂဏန်းလောက် ပရမ်းပတာ ဖြစ်ခဲ့ပြီးမှ နောက်ဆုံးတော့ အေးအေးချမ်းချမ်း နေ့ရက်တွေ ရောက်လာတော့မှာပဲ။”
လီရွှမ်လင် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ပြီး စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါလှုပ်ရှားမှ ရတော့မယ်။ အကယ်၍ မနက်ဖြန် ခရီးစထွက်ပြီး ယွဲ့တောင်သားတွေရဲ့ မြို့တော်ကြီးထဲ ရောက်သွားရင်တော့... ရှေ့တိုးဖို့ရော၊ နောက်ဆုတ်ဖို့ပါ လမ်းမရှိ ဖြစ်သွားလိမ့်မယ်။”
လီရွှမ်းလင်သည် လက်ထဲမှ သစ်သားများကို ညင်သာစွာ ချထားလိုက်ပြီး ရင်ဘတ်အိတ်ထဲရှိ ကြေးမုံကို ပွတ်သပ်လိုက်ရာ ချက်ချင်းပင် လီကျင်းထျန်း ရှိနေသည့်နေရာကို သိရှိသွားခဲ့သည်။ သူသည် ကပျာကယာဖြင့် ထိုနေရာကို ရှာဖွေကာ ထွက်ခွာသွားတော့သည်။
ကြေးမုံအတွင်းရှိ လုကျန်းရှန်းသည် သူ့မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ လီရွှမ်လင်က အနောက်ဘက်ဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားသည်နှင့်အမျှ သူနှင့် အသွေးအသားချင်း ဆက်နွှယ်နေသကဲ့သို့သော အရှိန်အဝါတစ်ခုသည် ဝေးကွာလှသောအရပ်ဆီမှ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
လုကျန်းရှန်း၏ စိတ်ထဲတွင် ဗလာကျင်းသွားခဲ့သည်။ သူသည် ဝေးကွာလှသောအရပ်ရှိ ညဉ့်အမှောင်အတွင်းမှ မီးရှူးတိုင်ကြီးပမာ အားကောင်းလှသော ထိုအရှိန်အဝါကို ခံစားမိကာ အလွန်တရာ ထိတ်လန့်အံ့ဩသွားခဲ့ရသည်။
“အဆောင်ချီလား။”
အဝေးရှိ တောင်တန်းကြီး၏ အနက်ပိုင်းတွင် ရှိနေသည်မှာ အခြားမဟုတ်ဘဲ လုကျန်းရှန်းနှင့် လွန်စွာရင်းနှီးကျွမ်းဝင်လှသော အဆောင်ချီ၏ အရှိန်အဝါပင် ဖြစ်သည်။ ထိုနက်ရှိုင်းလှသော ရင်းနှီးကျွမ်းဝင်မှုက ၎င်းသည် ကြေးမုံမှတစ်ဆင့် ပေးအပ်ချီးမြှင့်လိုက်သော အဆောင်ချီတစ်ခုဖြစ်ကြောင်း သူ့ကို ချက်ချင်း သိရှိသွားစေခဲ့သည်။
၎င်းသည် လီရှန်းဖျင်၏ ကိုယ်ပေါ်ရှိ ထိုမီးခိုးရောင် အဆောင်ချီမဟုတ်ဘဲ လင်းလက်တောက်ပနေသော ရွှေဝါရောင်အဆောင်ချီ ဖြစ်နေချေသည်။
ကြေးမုံမှချီးမြှင့်သော အဆောင်ချီတွင် အရောင်အမျိုးမျိုးရှိသည်။ မီးခိုးရောင်၊ အဖြူရောင်၊ အပြာရောင်နှင့် အဝါရောင်ဟူ၍ဖြစ်သည်…။ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့်များဖြစ်သည့် ချီကျင့်ကြံခြင်းအဆင့်၊ အခြေတည်အဆင့်၊ ခရမ်းရောင်စံအိမ်တော်အဆင့်နှင့် ရွှေအမြုတေအဆင့်တို့နှင့် ညီမျှပေသည်။ ဤရွှေဝါရောင် အဆောင်ချီသည် ကြေးမုံအနေဖြင့် ရွှေအမြုတေအဆင့်ရှိသော ပူဇော်သက္ကာနှင့် အမွှေးတိုင်ပူဇော်မှုများကို ရရှိမှသာလျှင် ပေါင်းစပ်ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်ပေသည်။
လီရွှမ်လင်က ဖြည်းညှင်းစွာ ရှေ့တိုးသွားသည်နှင့်အမျှ လုကျန်းရှန်းသည် ထိုအဆောင်ချီနှင့် ဆက်သွယ်နိုင်ပြီ ဖြစ်သော်လည်း သူ့စိတ်ထဲတွင် သံသယများ ပြည့်နှက်နေခဲ့ပြီး ဆက်လက်ကာ ငြိမ်သက်နေမိသည်။
“ဒါက…”
လုကျန်းရှန်းက အတန်ကြာ တွေးတောလိုက်ပြီး နာမည်တစ်ခု သူ့စိတ်ထဲတွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
“အင်မော်တယ်စံအိမ်ရဲ့ ဆက်ခံသူ လီကျန်းချွင်”
များမကြာမီပင် ထိုအတွေးက လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး လုကျန်းရှန်း၏ စိတ်ထဲတွင် သံသယပေါင်းများစွာ ထပ်မံ ပေါ်ထွက်လာခဲ့သည်။
“လီကျန်းချွင်က ကြည့်ရတာ ခရမ်းရောင်စံအိမ်တော်အဆင့်ပဲ ရှိသေးတာပါ။ အဲဒီတုန်းက သူ့ကို ဝိုင်းရံသတ်ဖြတ်ခဲ့ကြတာကလည်း ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုက ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူတွေပဲလေ။ သူက ဘယ်လိုလုပ်ပြီး ရွှေဝါရောင် အဆောင်ချီတစ်ခုကို ချီးမြှင့်ခံရနိုင်မှာလဲ။ ဒီချီးမြှင့်တယ်ဆိုတာ ရွှေအမြုတေအဆင့်ရှိတဲ့ အလောင်းတစ်ခု ရှိရုံနဲ့ မရနိုင်ဘူး။ နတ်ဆိုးသတ္တဝါတွေကို အသက်ရှင်လျှက် ယဇ်ပူဇော်ရမှာဖြစ်သလို အမွှေးတိုင်ပူဇော်ရမယ့် ပမာဏကလည်း အရမ်းကြီးမားတာ…”
လုကျန်းရှန်းသည် မည်သို့ပင် စဉ်းစားသည်ဖြစ်စေ အဖြေမထုတ်နိုင်ခဲ့ပေ။ သူသည် အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကိုသာ ရိုးတိုးရိပ်တိပ် ရရှိလိုက်သဖြင့် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီမဟာကျွဲ့ထင်ဆီကိုတော့ လွယ်လွယ်နဲ့ မသွားသင့်ဘူး။ ဘယ်လို မိစ္ဆာနတ်ဆိုးတွေ ပုန်းအောင်းနေမလဲ မသိနိုင်ဘူး။ လီကျန်းချွင်ရဲ့ကိစ္စက သွေးနဲ့ရေးထိုးထားတဲ့ သင်ခန်းစာပဲ။ ကြေးမုံကို ပစ်မှတ်ထားနေတာက ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ဂိတ်တင် မဟုတ်ဘဲ နောက်ကွယ်မှာ ပိုပြီးကြီးမားတဲ့ အင်အားစုတွေ ရှိနေရမယ်။”
xxxxxxxxxx
လီရွှမ်လင်သည် တဲအပြင်ဘက်တွင် အချိန်အတော်ကြာအောင် ဟိုဟိုဒီဒီလျှောက်နေခဲ့ပြီးနောက် နောက်ဆုံးတွင် လီကျင်းထျန်းကို တွေ့ရှိလိုက်ရသည်။ သူသည် ရေလာပို့သောကျွန်နှင့် တာဝန်ချင်း လဲလှယ်လိုက်ပြီး ရေများကို စည်ပိုင်းကြီးအတွင်းသို့ အေးအေးလူလူ လောင်းထည့်ကာ လီကျင်းထျန်းတို့ လူစုနှင့် တည့်တည့်တိုးမိအောင် လုပ်နေခဲ့ခြင်းဖြစ်သည်။
လီကျင်းထျန်းသည် သားရေများကို ဝတ်ဆင်ထားကာ ကျောက်စိမ်းများနှင့် အလှဆင်ထားခဲ့သည်။ သူမသည် ရေကို ကိုးရိုးကားရား သယ်နေသော လီရွှမ်လင်ကို သတိထားမိသွားပြီး ရုတ်တရက် အမိန့်ပေးလိုက်သည်။
“နေဦး။”
ဘေးနားရှိ ယွဲ့တောင်သား နောက်လိုက်အချို့သည် ချက်ချင်း ဖားယားကာ ပြုံးလိုက်ကြပြီး လီကျင်းထျန်းက ညင်သာစွာ ပြောသည်ကို နားထောင်လိုက်ကြသည်။
“သူ့ကိုပါထည့်လိုက်။”
ချက်ချင်းပင် ယွဲ့တောင်သား နောက်လိုက်နှစ်ဦး ရှေ့သို့တိုးလာခဲ့ပြီး လီရွှမ်လင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ လီရွှမ်လင်သည် ခေါင်းငုံ့ကာ ခဏမျှ လျှောက်လှမ်းပြီးနောက် ထိုလူနှစ်ဦးက ရယ်မောကာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။
“ကောင်လေး၊ မင်းကတော့ တကယ့်ကို ကံကောင်းတာပဲ။ မဟာစစ်သူကြီးက ဒီကောင်မလေးကို ကျွန် ၁၀ ယောက် ပေးသနားဖို့ သဘောတူထားတယ်။ မင်းက ပထမဆုံးတစ်ယောက်ပဲ။”
လီရွှမ်လင်သည် လီကျင်းထျန်းက သူနှင့်ဆက်သွယ်ရန် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သဖြင့် နာခံစွာဖြင့် ၎င်းတို့နောက်သို့ လိုက်ပါသွားခဲ့သည်။
လီရွှမ်လင်၏ ခန္ဓာကိုယ်ကို ရိုးရှင်းစွာ ဆေးကြောပေးပြီးနောက် သူ့ကို လီကျင်းထျန်း၏တဲထဲသို့ အကြမ်းပတမ်း တွန်းပို့လိုက်ကြသည်။ ယွဲ့တောင်သားများသည် ကျင့်ဝတ်များကို ဂရုစိုက်သူများ မဟုတ်ကြသဖြင့် လီရွှမ်လင် အခင်းပေါ်သို့ နင်းမိလိုက်သောအချိန်တွင် သူ့ကိုယ်ပေါ်တွင် ရေများ စိုစွတ်နေဆဲ ဖြစ်နေသေးသည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လီကျင်းထျန်း တစ်ဦးတည်းကိုသာ မြင်တွေ့ရသဖြင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
လီကျင်းထျန်းသည် လက်ထဲရှိ ပစ္စည်းများကို ချထားလိုက်ပြီး ကပျာကယာ ရှေ့သို့တိုးလာကာ သူ၏ နားနားသို့ကပ်လျှက် တိုးတိုးလေး ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်အကြောင်း သတင်းတွေ ငါရထားတယ်”
လွန်ခဲ့သော ၁၀ ရက်ကျော်အတွင်း လီရှန်းဖျင်သည် လိုက်လံတိုက်ခိုက်လာသော ရန်သူ့စစ်တပ်များစွာကို ကြံ့ကြံ့ခံလျှက် အနောက်ဘက်ရှိ ယွဲ့တောင်သားတို့၏ အလယ်ဗဟို နယ်မြေအတွင်းသို့ တိုးဝင်သွားခဲ့သည်။ သူသည် ယွဲ့တောင်ရွာများအကြားတွင် လှည့်လည်သွားလာကာ ကျားနီရှီ၏ ပိုင်နက်နယ်မြေအတွင်း လမ်းပျောက်နေကြသော ယွဲ့တောင်ဒုက္ခသည်အချို့ကို သူ့လက်အောက်တွင် စုစည်းကာ ထိုဒေသတစ်ခုလုံးတွင် ပရမ်းပတာ လှုပ်ရှားမှုများကို ဖန်တီးနေခဲ့သည်။
ကျားနီရှီသည် မြောက်ဘက်ရှိ ရွှေရောင်ထန်ဂိတ်၏ အုပ်ချုပ်မှုအောက်ရှိ ကလန်အချို့ကို တပ်ဖွဲ့ဖြင့် သွားရောက် လုယက်ဖျက်ဆီးနေခဲ့သည်။ ဤသတင်းကို ကြားလိုက်ရသောအခါ သူသည် မုကျောင်းမန်ကို ထိုနေရာသို့ ပြန်လာပြီး မငြိမ်မသက်မှုများကို နှိမ်နင်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သာ မနက်ဖြန် ခရီးစထွက်မည့် ကိစ္စရပ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
လီရွှမ်လင်သည် အံ့အားသင့်သွားခဲ့ရပြီး မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းမော့ကာ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“မိသားစုခေါင်းဆောင်က ဘာလုပ်ချင်နေတာလဲ…”
လီရွှမ်လင်သည် ကပျာကယာ ခေါင်းခါယမ်းလိုက်ကာ သတိပြန်ထိန်းလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
“လောလောဆယ် အဲဒါတွေကို ဂရုမစိုက်နိုင်သေးဘူး! ညဘက် လမင်းကြီး ကောင်းကင်အလယ်ကို ရောက်တဲ့အချိန်ကျရင် ကျွန်တော် ခံတပ်နဲ့ဝေးရာမှာ သစ်သားခုတ်ဖို့ သွားရင်း ထွက်ပြေးဖို့ အခွင့်အရေး ရှာထားမယ်။ ပြီးရင် အရှေ့ဘက်က တောအုပ်ထဲကို ပြန်လာပြီး အသံပြုလိုက်မယ်။ မမက အိမ်သာသွားမလိုလိုနဲ့ တဲအပြင်ကို ထွက်ခဲ့ပါ။ ငါ မမ အနားက ယွဲ့တောင်အစေခံတွေကို သတ်ပြီးတာနဲ့ မမကိုခေါ်ပြီး ချက်ချင်း ထွက်ပြေးမယ်။”
လီကျင်းထျန်းက ခဏတာမျှ ငြိမ်သက်သွားခဲ့ပြီး တိုးညှင်းစွာဖြင့် ပြန်ပြောလိုက်သည်။
“အဆင်ပြေပါ့မလား။ ကင်းလှည့်နေတဲ့ ယွဲ့တောင်တပ်ဖွဲ့တွေကိုလည်း သေချာ သတိထားဦး။”
“စိတ်မပူပါနဲ့”
လီရွှမ်လင်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဒီဆယ်ရက်ကျော်အတွင်းမှာ ကျွန်တော် ယွဲ့တောင်က ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ယွဲ့တောင်စစ်သားတွေ နေတဲ့တဲတွေကို သေသေချာချာ စောင့်ကြည့်ထားပြီးပြီ။ သူတို့ သတိထားမိမှာ မဟုတ်ဘူး။”
လီကျင်းထျန်းသည် ခဏအကြာမျှ စဉ်းစားလိုက်ပြီးနောက် လေးလံစွာဖြင့် ခေါင်းညိတ်လိုက်ကာ တိုးတိုးလေး မေးလိုက်ပြန်သည်။
“အကယ်၍ ငါတို့ စစ်သည်အင်အား အများကြီးကို သတိထားမိသွားစေရင်ကော…”
လီရွှမ်လင်သည် ခေတ္တခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီး ပြန်ဖြေလိုက်သည်။
“အဲဒါဆိုရင်တော့ ကျွန်တော် မမကို ချထားခဲ့ပြီး အရှေ့ဘက်ကို ပြေးမယ်။ ကျွန်တော် သူတို့ကို လမ်းလွှဲခေါ်သွားပေးမယ်။”
လီကျင်းထျန်းက ခေါင်းခါယမ်းလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“အကယ်၍ ငါသာ ပြန်အဖမ်းခံရသွားရင်တောင် မုကျောင်းမန်က ငါ့ကို ဘာမှသိပ်လုပ်မှာ မဟုတ်ဘူး။ နင့်မှာက ဝိညာဉ်အပေါက် ရှိနေတော့ ပိုပြီး အရေးကြီးတယ်။ နင့်ကို ဘာမှဖြစ်လို့မရဘူး။”
လီရွှမ်လင်က ခေါင်းငုံ့ကာ နှုတ်ဆိတ်နေသည်ကို ကြည့်ပြီး လီကျင်းထျန်းက ပါးစပ်ဟလိုက်ကာ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ထပ်မံမေးမြန်းလိုက်သည်။
“မုကျောင်းမန်ကိုယ်တိုင် ငါတို့နောက်ကို လိုက်လာရင်ရော…”
“ချီကျင့်ကြံခြင်းအဆင့် စစ်သူကြီးတစ်ယောက်ရဲ့ လိုက်လံဖမ်းဆီးမှုကို ခံရတာလား”
လီရွှမ်လင်သည် ရင်ဘတ်အိတ်ထဲရှိ ကြေးမုံကို ပွတ်သပ်လိုက်သည်။ သူကိုယ်တိုင်သည်လည်း အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မုကျောင်းမန်၏ အခြေအနေမည်သို့ရှိမည်ကို မသေချာမရေရာသည်ဖြစ်ရာ လေးနက်စွာဖြင့် ပြောလိုက်သည်။
“ယွဲ့တောင်နဲ့ ကျွန်တော်တို့မိသားစုက ရန်သူတွေပဲ။ ယွဲ့တောင်ကလူတွေဆိုတာ ဆံပင်ဖရိုဖရဲနဲ့ ဆေးမင်ကြောင်ထိုးထားတဲ့ အရိုင်းအစိုင်းပြီး ယဉ်ကျေးမှုမရှိတဲ့လူတွေပဲ။ မမနဲ့ကျွန်တော်သာ သူတို့လက်ထဲ ရောက်သွားရင် ဘယ်လိုမှ ကောင်းနိုင်တော့မှာ မဟုတ်ဘူး! စော်ကားမော်ကား ပြုလုပ်ခံရရုံတင်မကဘဲ အိမ်ကလူတွေကို ခြိမ်းခြောက်ဖို့အတွက်ပါ အသုံးချခံရလိမ့်မယ်။”
လီရွှမ်လင်သည် လီကျင်းထျန်ကို နက်နက်နဲနဲ တစ်ချက် စိုက်ကြည့်လိုက်ပြီး အံကြိတ်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်တော့သည်။
“တကယ်ပဲ အဲဒီလိုအခြေအနေ ရောက်လာခဲ့ရင်… ကျွန်တော် မမကို အရင် အဆုံးစီရင်ပေးမယ်။ ပြီးမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မယ်”