← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း - (၉၅)

ထွက်ပြေးလွတ်မြောက်ခြင်း

လီကျင်းထျန်းသည် ခဏတာမျှ ဆွံ့အသွားခဲ့ပြီးနောက် မျက်နှာပြင်ထက်တွင် ဝမ်းနည်းပူဆွေးမှုများဖြင့် လီရွှမ်လင်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ကာ ပြောလိုက်သည်။

“ဒါဆိုရင် အဲလိုလုပ်ဖို့အတွက် နင့်ကိုပဲ အားကိုးရတော့မယ်”

လီကျင်းထျန်းက ထိုသို့ပြောလိုက်ပြီးသည်နှင့် တဲအပြင်ဘက်မှ ဆူညံသံများနှင့် လူအများ၏ အုန်းအုန်းကျွက်ကျွက် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်မှ မုကျောင်းမန်၏ ဒေါသအသံစွက်နေသော အသံသြသြကို ကြားလိုက်ကြရသည်။

“နောက်တစ်ခါ မင်းပဲ ဖြစ်ပြန်ပြီလား။ မင်းက ဘယ်သူလဲ! ငါတို့ကို အကြိမ်ကြိမ် လာပြီးစိန်ခေါ်နေတာ! ငါတို့ကို ရွှံ့နဲ့လုပ်ထားတယ်လို့ တကယ်ထင်နေတာလား!”

လီရွှမ်လင်နှင့် လီကျင်းထျန်းတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လိုက်ကာကို ဝုန်းခနဲ ဆွဲဖွင့်လိုက်ကြသည်။ သူတို့သည် ခံတပ်၏အထက် လေထဲတွင် ဓားကိုကိုင်ကာ ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ကြရသည်။ သူ၏ကိုယ်ပေါ်တွင် ကြည်လင်နေသော အပြာနုရောင် မြစ်အဆီအနှစ်စွမ်းအင်များ အဆက်မပြတ် စီးဆင်းနေခဲ့သည်။ သူသည် ထိုနေရာတွင် ပုန်းကွယ်ခြင်းမရှိဘဲ ရပ်နေခဲ့ပြီး ခြေထောက်အောက်၌ လျှင်မြန်စွာ စုဝေးလာနေကြသော ယွဲ့တောင်စစ်သည်များကို ရဲရဲဝံ့ဝံ့ ငုံ့ကြည့်နေခဲ့သည်။ ထိုသူသည် အခြားသူမဟုတ်ဘဲ လီထုန်ယာပင် ဖြစ်တော့သည်။

လီထုန်ယာသည် ဓားကိုကိုင်ထားကာ တည်ငြိမ်သော မျက်နှာပေးဖြင့် အောက်ရှိ ယွဲ့တောင်သားအများအပြားကို ဝေ့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏အသံမှာ မန္နာစွမ်းအင်ကြောင့် ကျယ်လောင်သွားကာ စခန်းတစ်ခုလုံးကို ဟိန်းထွက်သွားစေခဲ့တော့သည်။

“ငါတို့လီမိသားစုနဲ့ ယွဲ့တောင်ဟာ ဘယ်တုန်းကမှ တစ်ဦးနဲ့တစ်ဦး နယ်ကျွံဖူးတာ မရှိခဲ့ဘူး။ မင်းတို့က ဘာအကြောင်းရင်းမှမရှိဘဲ ငါတို့လီမိသားစုရဲ့ လီကျင်းတောင်ကို လျှပ်တပြတ် တိုက်ခိုက်ခဲ့ပြီး ဝိညာဉ်စပါးတွေကို လုယက်၊ လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးမှ ငါ့ကို ဘယ်သူလဲလို့ လာမေးနေသေးတယ်ဟုတ်လား။”

အောက်ဘက်ရှိ လီရွှမ်လင်သည် ချက်ချင်းပင် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်နိုင်သွားခဲ့ပြီး ဝမ်းမြောက်ဝမ်းသာစွာဖြင့် တိုးတိုးလေး ပြောလိုက်တော့သည်။

“အဲဒါ အဖေပဲ!”

မုကျောင်းမန်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ လေထဲသို့ ပျံတက်သွားခဲ့ပြီး သူ၏အနောက်တွင် ယွဲ့တောင်ချီကျင့်ကြံခြင်းအဆင့် နတ်ဆရာနှစ်ဦးလည်း လိုက်ပါလာခဲ့ကာ သူက လေးနက်စွာဖြင့် ပြောလိုက်သည်။

“တောင်တန်းလေးခု ယွဲ့တောင်မျိုးနွယ်စုတွေ မင်းတို့နယ်မြေကို ဖြတ်ကျော်လာတာဟာ မင်းတို့ရဲ့မိစ္ဆာဂိတ်ဘက်က ကတိပေးထားတဲ့ အကျိုးအမြတ်ပဲလေ! အခုကျမှ ဘာလို့ ကတိဖျက်ချင်ရတာလဲ။ ဒီဝိညာဉ်စပါးတွေ၊ ဝိညာဉ်သစ်သီးတွေနဲ့ လူတွေက ငါတို့ရဲ့အိတ်ထဲ ရောက်သွားပြီဖြစ်လို့ ငါတို့ယွဲ့တောင်ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ။”

မုကျောင်းမန်သည် လီထုန်ယာ၏ လက်ထဲရှိ တုန်ခါနေသော ဓားအရှိန်အဝါကို မျက်မှောင်ကြုတ်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။

“မင်း အခုချက်ချင်း ပြန်ဆုတ်သွားရင် ငါတို့ မင်းကို ပြဿနာ မရှာတော့ဘူး။”

လီထုန်ယာသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲရှိ မီးခိုးဖျော့ရောင် ဓားရှည်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး ဓားချီများကို ထုတ်လွှတ်လိုက်ရာ မုကျောင်းမန်တို့ သုံးဦးစလုံးသည် ထိတ်လန့်တုန်လှုပ်သွားကာ မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသည့်အလား ပြင်ဆင်လိုက်ကြတော့သည်။

လီထုန်ယာသည် လွန်ခဲ့သော ဆယ်ရက်ကျော်ခန့်က လီရှန်းဖျင်ကို လိုက်လံရှာဖွေရန် နယ်စပ်ကို ဖြတ်ကျော်လာစဉ်ကတည်းက မုကျောင်းမန်တို့နှင့် တစ်ကြိမ် တိုက်ပွဲဆင်နွှဲဖူးခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ မုကျောင်းမန်တို့ သုံးဦးစလုံးသည် ထိုလူကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း ကောင်းစွာ သိရှိကြသဖြင့် ချက်ချင်းပင် ကပျာကယာဖြင့် လက်ဟန်များကို ဖော်ဆောင်ကာ မန္တန်များကို အသုံးပြုလိုက်ကြတော့သည်။

မုကျောင်းမန်တို့ သုံးဦးသည် ချီကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းရာတွင် ယွဲ့တောင်မျိုးနွယ်စုများ၏ လျှို့ဝှက်ကျင့်စဉ်များကိုသာ အသုံးပြုခဲ့ကြပြီး သူတို့စုပ်ယူထားသည်မှာလည်း စစ်မှန်သော ချီစုဆောင်းခြင်းကျင့်စဉ်များဖြင့် စုဆောင်းထားသော သင့်တော်သောချီမဟုတ်ဘဲ မသန့်စင်သော ချီများသာ ဖြစ်ကြသည်။ သို့ဖြစ်၍ မန္တန်များ၏ စွမ်းအားသည် လီထုန်ယာကို မယှဉ်နိုင်ရုံတင်မျှမကဘဲ လေဟုန်စီး၍ သွားလာနိုင်စွမ်းတွင်လည်း များစွာ နိမ့်ကျလှပေရာ ချက်ချင်းပင် ထပ်မံ၍ အောက်စည်းသို့ ရောက်သွားခဲ့ရသည်။

လီထုန်ယာသည် နက်ရှိုင်းဒီရေဓားသိုင်းကို နှစ်ပေါင်း ၃၀ နီးပါး ဇွဲရှိရှိဖြင့် လေ့ကျင့်ခဲ့သဖြင့် ဓားအလင်းတန်းသည် လျှင်မြန်လွန်းလှပြီး ထက်ရှလှပေသည်။ သူသည် တစ်ခဏအတွင်းမှာပင် ၎င်းတို့သုံးဦးကို တစ်ကြိမ်ပြီးတစ်ကြိမ် ရှောင်တိမ်းသွားရအောင် တိုက်ခိုက်နိုင်ခဲ့သဖြင့် ခံတပ်တစ်ခုလုံး အုန်းအုန်းကျွက်ကျွက်ဖြင့် ပရမ်းပတာ ဖြစ်သွားခဲ့ရတော့သည်။

“အခွင့်အရေးကောင်းပဲ!”

လီရွှမ်လင်သည် ကပျာကယာဖြင့် သစ်သားခြေကျင်းကို ခြေထောက်ဖြင့်ကန်ကာ ဖျက်ဆီးပစ်လိုက်ပြီး လီကျင်းထျန်းကို မယူလိုက်ကာ လက်တစ်ဖက်တည်းဖြင့် တံခါးဝရှိ ယွဲ့တောင်အစောင့်များ၏ လည်ပင်းကို လိမ်ချိုးပစ်လိုက်ပြီးနောက် အလျှင်စလိုဖြင့် ရှေ့သို့ပြေးကာ သစ်သားတံတိုင်းကို ကျော်တိုက်လိုက်တော့သည်။

တံတိုင်းအပြင်ဘက်တွင်လည်း ယွဲ့တောင်စစ်သည်နှစ်ဦး စောင့်ကြပ်နေခဲ့ပြီး ၎င်းတို့သည် ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ယံထက်ကို ငေးမောကြည့်ရှုနေခဲ့ကြသည်။ လီရွှမ်လင်သည် ရွှေရောင်အလင်းမန္တန် နှစ်ချက်ဖြင့် ထိုလူနှစ်ဦး၏ ဦးခေါင်းကို တည့်တည့် ရိုက်ခတ်ပစ်လိုက်ပြီး ထိုလူများ သေသည်ရှင်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခြေထောက်ပေါ်တွင် နတ်ဘုရားရွေ့လျားခြင်းအဆောင်ကို ကပ်လိုက်ကာ လီကျင်းထျန်းကို ပွေ့ချီလျှက် တောအုပ်အတွင်းသို့ တိုးဝင်သွားခဲ့တော့သည်။

ဤလှုပ်ရှားမှုများအားလုံးသည် အလွန်တရာ ချောမွေ့လွန်းလှပြီး ကျားသစ်တစ်ကောင်ပမာ လျှင်မြန်လှပေသည်။ လူတိုင်းက ခေါင်းမော့လျှက် ကောင်းကင်ယံကို စိုက်ကြည့်နေကြသည့် အခွင့်အရေးကို အသုံးချကာ အသက်ရှုကြိမ် အနည်းငယ်အတွင်းမှာပင် လီကျင်းထျန်းကို ခေါ်ဆောင်ပြီး စခန်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ တဲဘေးရှိ လူအချို့ သတိဝင်လာချိန်တွင်မူ သူ၏အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ချေ။

ထိုအနီးအနားပတ်ဝန်းကျင်တွင် မည်သည့် ကျင့်ကြံခြင်းအဆင့်မြင့်သည့်သူမျှ မရှိခဲ့ဘဲ ရှိနေသော ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်များသည်လည်း ပရမ်းပတာဖြစ်မှုများကို သွားရောက်နှိမ်နင်းနေကြပြီဖြစ်ကာ ချီကျင့်ကြံသူများ၏ ဝိညာဉ်အာရုံ အတိုင်းအတာကလည်း မီတာ ၃၀ ကျော်ခန့်သာ ရှိသဖြင့် အထက်ကောင်းကင်ယံတွင် ရှိနေသာလူများက ပို၍ပင် မရိပ်မိခဲ့ကြချေ။

“သောက်ကျိုးနည်း”

မုကျောင်းမန်သည် လေထဲတွင်ရပ်နေရင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး အံကိုကြိတ်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“အကယ်၍ ဘုရင်ကြီးသာ ဤနေရာမှာ ရှိနေရင် မင်းကို ဒီလောက်အထိ ရိုင်းစိုင်းခွင့်ပေးမှာ မဟုတ်ဘူး!”

ကျားနီရှီသည် ချီကျင့်ကြံခြင်း၏ သတ္တမမြောက် ကောင်းကင်ဘုံအလွှာအဆင့်ရှိပြီး ငယ်စဉ်တုန်းက ထူးခြားသော အခွင့်အရေးတစ်ခုကို ရရှိခဲ့ဖူးသဖြင့် လမ်းမှန်ကျင့်စဉ်ကို ကျင့်ကြံထားရုံတင်မကဘဲ မိုးနှင့်မြေ၏ ဝိဉာဉ်ချီတစ်မျိုးကိုပါ စုပ်ယူထားခဲ့သည်။ သူ၏ ဓားသိုင်းပညာမှာလည်း ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေသဖြင့် မြောက်ဘက်တောင်ခြေရင်းရှိ အင်အားစုကြီးငယ်မျိုးစုံရှိ ချီကျင့်ကြံခြင်းအဆင့် နတ်ဆရာသည် ၇ ဦးစလုံးကို ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

လီထုန်ယာသည် သူ့ကို ပြန်လည်တုံ့ပြန်ရန် စိတ်ကူးမရှိပေ။ သူ၏စိတ်ထဲတွင် ကျားနီရှီနှင့် လီချယ်ကျင်းတို့၏ စွမ်းအားကို တိတ်တဆိတ် နှိုင်းယှဉ်ကြည့်လိုက်သည်။ သူသည် လက်ထဲရှိ ဓားကို ဝှေ့ယမ်းလျှက် စိတ်ထဲတွင် တွေးတောနေမိသည်။

“ငါက ချီကျင့်ကြံခြင်းအဆင့်ရဲ့ ဒုတိယမြောက် ကောင်းကင်ဘုံအလွှာမှာပဲ ရှိသေးတယ်။ ဒီလူသုံးယောက်ကတော့ တစ်ယောက်က စတုတ္ထမြောက် ကောင်းကင်ဘုံအလွှာမှာရှိပြီး ကျန်နှစ်ယောက်က ဒုတိယမြောက် ကောင်းကင်ဘုံအလွှာမှာ ရှိကြတယ်။ ငါက နက်ရှိုင်းဒီရေဓားသိုင်းကိုပဲအားကိုးပြီး သူတို့ကို ဖိနှိပ်ထားနိုင်တာ။ အချိန်ကြာလာရင်တော့ တကယ်ပဲ ဒီနေရာမှာ မန္နာစွမ်းအင်ကုန်ခမ်းပြီး သေသွားနိုင်တယ်။ ငါ ဒါကို သတိထားရမယ်။”

လီထုန်ယာသည် ဓားချီတစ်ချက်ဖြင့် ဝိုင်းရံလာသော ထိုသူသုံးဦးကို ဆုတ်ခွာသွားအောင် ပြုလုပ်လိုက်ပြီးနောက် အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့အောက်ရှိ ခံတပ်က တဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ့စိတ်ထဲ တွေးလိုက်မိသည်။

“ကလေးနှစ်ယောက် လွတ်မြောက်သွားပြီလား မသိဘူး။ နောက်ထပ် အကြိမ်အနည်းငယ်လောက် တိုက်ခိုက်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်ပြီး နောက်ထပ် အခွင့်အရေးကောင်းကို ထပ်ရှာဖွေတော့မယ်။”

လီထုန်ယာသည် နောက်ထပ် တိုက်ကွက် တစ်ဒါဇင်ကျော်ခန့် တိုက်ခိုက်လိုက်ပြီးနောက် ဓားကို ထပ်မံဝှေ့ယမ်းကာ ထိုသုံးဦးကို ဆုတ်ခွာသွားစေပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လေကို နင်းလျှောက်သွားကာ အရှေ့ဘက်ဆီသို့ ဦးတည်လိုက်တော့သည်။ မုကျောင်းမန်က ဤအခြေအနေကို မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သတ္တိကောင်းလှချည်လား! မင်းက တကယ်ပဲ လာချင်တိုင်းလာ၊ သွားချင်တိုင်း သွားလို့ရတယ်လို့ ထင်နေတာလား”

မုကျောင်းမန်က အံကြိတ်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ မည်းနက်နေသော ချီစီးကြောင်းတစ်ခု ပန်းထွက်လာခဲ့သည်။ သူ့ကိုယ်ထဲရှိ သူ၏အဆီအနှစ်ချီက ချက်ချင်းပင် အနည်းငယ် အားနည်းသွားခဲ့သည်။ ၎င်းသည် ယွဲ့တောင်နတ်ဆရာများ၏ အလွန်တရာ ကျော်ကြားလှသော လျှို့ဝှက်မန္တန် ဖြစ်ပေသည်။

ထိုထူထပ်လှသော အနက်ရောင်ချီစီးကြောင်းကြီးသည် ပတ်ဝန်းကျင်၌ ခေတ္တခဏမျှ ဝဲပျံနေပြီးနောက် ချက်ချင်းပင် အဆပေါင်းများစွာ တိုးပွားလာခဲ့ကာ ကြီးမားလှသော ဦးခေါင်းခွံကြီးတစ်ခုကို တင်ဆောင်ကာ လီထုန်ယာဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာတော့သည်။

အောက်မှနေ၍ အခြေအနေကို စောင့်ကြည့်နေသော လုကျန်းရှန်းသည် ချက်ချင်းပင် ဆွံ့အသွားခဲ့ရသည်။ ထိုအနက်ရောင်ချီသည် သူနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်လွန်းလှပြီး ကြေးမုံထံမှ ထွက်လာသော အရာတစ်ခုဖြစ်သည်ဟု ရိုးတိုးရိပ်တိပ် ခံစားလိုက်ရသည်။ သူ့အနေဖြင့် လက်ညှိုးကလေးတစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ဤအနက်ရောင်ချီကို ဆွဲခေါ်ကာ ဝါမြိုပစ်နိုင်သည်ဟုပင် ခံစားလိုက်ရသည်။

လုကျန်းရှန်းသည် ခဏအကြာမျှ စဉ်းစားလိုက်ပြီးနောက် အဆီအနှစ်ချီ အနည်းငယ် အားနည်းသွားသော မုကျောင်းမန်ကို စိုက်ကြည့်ရင်း ဤမပြောပလောက်သော သရေစာကလေးကို ဝါးမြိုခြင်းနှင့် မိမိကိုယ်မိမိ ဖုံးကွယ်ထားခြင်းတို့ နှစ်ခုအနက် ဒုတိယအချက်ကိုသာ ရွေးချယ်လိုက်ပြီး ကြေးမုံအတွင်း၌ ဆက်လက်၍ ငြိမ်သက်နေလိုက်သည်။ သူသည် ဝိညာဉ်အာရုံကိုသာ လှုပ်ရှားစေလိုက်ပြီး လီထုန်ယာ၏ အခြေအနေကို စောင့်ကြည့်နေခဲ့တော့သည်။

ကောင်းကင်ယံထက်တွင် ရှိနေသော လီထုန်ယာသည် ဤယွဲ့တောင်ခေါင်းဆောင် အသုံးပြုလိုက်သော မန္တန်၏ လျှို့ဝှက်ချက်ကို နားမလည်သော်လည်း ၎င်းသည် ကောင်းမွန်သောအရာ မဟုတ်ကြောင်းကိုတော့ ရိပ်မိလိုက်သည်။ သူသည် လေထဲတွင် ဟိုဟိုဒီဒီ လမ်းကြောင်းလွှဲကာ ရှောင်ကွင်းနေခဲ့သော်လည်း ထိုအနက်ရောင်ချီသည် မြန်သထက်မြန်လာခဲ့ပြီး လီထုန်ယာ၏ ကျောပြင်ဆီသို့ ပြင်းထန်စွာ ဆောင့်တိုက်မိသွားခဲ့တော့သည်။

မုကျောင်းမန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လှမ်းအော်ကာ ပြောလိုက်သည်။

“ဒီနတ်ဆရာကျိန်စာက နှိုင်းယှဉ်စရာမရှိအောင် ထူးခြားဆန်းကြယ်တယ်။ မင်း ကမ္ဘာမြေအဆုံးထိ ထွက်ပြေးသွားရင်တောင် လွတ်နိုင်မှာမဟုတ်ဘူး”

လီထုန်ယာသည် လက်ခြေများ အေးစက်သွားခဲ့ပြီး သူ့ကိုယ်တွင်းရှိ မန္နာစွမ်းအင် လှည့်ပတ်မှုမှာလည်း အနည်းငယ် ထစ်ငေါ့သွားခဲ့ကာ ပျံသန်းမှုအရှိန်မှာလည်း အနည်းငယ် နှေးကွေးသွားခဲ့ရသည်။ သို့သော် အတန်ကြာ စေ့စေ့စပ်စပ် ခံစားကြည့်လိုက်သောအခါ အခြား မည်သည့်ထူးခြားမှုမျှ ထပ်မံ၍ ဖြစ်ပေါ်မလာခဲ့တော့ချေ။

“ဒါပဲလား။”

လီထုန်ယာသည် ခေတ္တမျှပင် ဆွံ့အသွားခဲ့ရသည်။ သူ၏အရှိန်အဟုန်က အနည်းငယ် နှေးကွေးသွားခဲ့သည့်တိုင်အောင် သူ့နောက်ကနေ လိုက်လံဖမ်းဆီးနေသော်လည်း အကွာအဝေးက တဖြည်းဖြည်းချင်း ပိုမိုဝေးကွာသွားသော ထိုလူသုံးဦးကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။

မုကျောင်းမန်မှာမူ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေခဲ့ပြီး သူ့အနောက်ရှိ လက်အောက်ငယ်သား နှစ်ဦး၏ ထူးဆန်းသော အကြည့်များကို ခံစားမိလိုက်သည်။ သူသည် အပ်ဖျားပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး သူ့ဘာသာ ရေရွတ်လိုက်မိသည်။

“ဘာတွေဖြစ်နေတာလဲ”

တောအုပ်ကြီးအတွင်း လီရွှမ်လင်နှင့်အတူ အဆက်မပြတ် ပြေးလွှားနေသော အောက်ဘက်ရှိ လုကျန်းရှန်း တစ်ဦးတည်းသာလျှင် တိတ်တဆိတ် ရယ်မောလိုက်မိပြီး သူ၏ နတ်ဘုရားအာရုံက

ထိုအနက်ရောင်ချီအများစုကို ထိန်းချုပ်လိုက်သည်ကို ခံစားလိုက်ရသည်။ ထိုအနက်ရောင်ချီများသည် လီထုန်ယာ၏ အဝတ်အစားပေါ်တွင် မလှုပ်မယှက် ကပ်ငြိနေခဲ့သည်။ လုကျန်းရှန်းသည် ထိုအနက်ရောင်ချီ၏ ဖွဲ့စည်းပုံကို သေချာစွာ လေ့လာလိုက်တော့သည်။

“ဒါက အဆောင်ချီနဲ့ နည်းနည်းဆင်တူပေမယ့် အားနည်းလွန်းတယ်။ ကြည့်ရတာ ယဇ်ပူဇော်ခြင်းဓလေ့ကျင့်စဉ်ထဲက ပူဇော်ရမယ့်သူကို ကြေးမုံကနေ မန္တန်ဖော်ဆောင်သူအဖြစ်ကို ပြောင်းလဲထားပုံရတယ်။ အဲဒီလို ပြုပြင်မွမ်းမံခဲ့လို့ ဒါက အားနည်းသွားခဲ့တာပဲ။ ကြေးမုံမရှိတဲ့အတွက် ဘာမှမတတ်နိုင်ဘဲ ပြုပြင်လိုက်ရတဲ့ ပုံစံမျိုးနဲ့ ပိုတူတယ်…”

လုကျန်းရှန်းသည် မဟာကျွဲ့ထင်ရှိရာအရပ်ဆီက ထိုရွှေအမြုတေအဆင့် အဝါရောင်အဆောင်ချီကို ပြန်လည်သတိရမိလိုက်ပြီး ဤအနက်ရောင်ချီမှ အသစ်တွေ့ရှိထားသော ထိုးထွင်းသိမြင်မှုများကို သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။ သူသည် လက်ကို အသာအယာဝှေ့ယမ်းကာ ဤအနက်ရောင်ချီများကို ပျံ့လွင့်သွားစေခဲ့ပြီး သူ့စိတ်ထဲတွင် တွေးတောလိုက်မိသည်။

“အချိန်ရရင်တော့ ဒါကို သေသေချာချာ စမ်းသပ်ကြည့်ရမယ်။ ကြေးမုံထဲမှာ နေ့တိုင်း ဘာမှလုပ်စရာမရှိဘဲ တစ်ချိန်လုံး အိပ်နေရတာထက် ပိုကောင်းသေးတာပေါ့။”

All Chapters