အခန်း ၉၆
Vol. 10 Ch. 96
အခန်း - (၉၆)
ပျက်စီးဆုံးရှုံးမှုများ
မုကျောင်းမန်တို့ လူစုသည် အလွန်တရာ အရှက်ရနေသော မျက်နှာပေးများဖြင့် အသက်ရှုကြိမ် ၁၀ ကြိမ်ကျော်အောင် အဆက်မပြတ် ဆဲရေးတိုင်းထွာကာ လိုက်လံဖမ်းဆီးခဲ့ကြသည်။ များမကြာမီ သူတို့သည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ကာ တတွတ်တွတ် ဆဲဆိုလျှက် ဆုတ်ခွာသွားကြတော့သည်။
လီထုန်ယာသည် မုကျောင်းမန်တို့လူစု ထွက်ခွာသွားသည်ကို လှည့်ပင်ကြည့်လိုက်သေးသည်။ ထို့နောက် နှုတ်ခမ်းထောင့်တွင် အပြုံးကလေးတစ်ခု ပေါ်ထွက်လာခဲ့ကာ မန္နာစွမ်းအင်ကို တစ်ပတ်မျှ လှည့်ပတ်လိုက်ရုံမျှဖြင့် နတ်ဆရာကျိန်စာကြောင့် ဖြစ်ပေါ်လာခဲ့သော အနည်းငယ်မျှသော မသက်မသာခံစားချက်က ကွယ်ပျောက်သွားခဲ့ရသည်။ သူသည် ရှုပ်ထွေးစွာဖြင့် ခေတ္တခဏမျှ တွေးတောလိုက်ပြီးနောက် ဤယွဲ့တောင်ခေါင်းဆောင်သည် ထိုကျိန်စာကို ပြီးပြည့်စုံစွာ ကျွမ်းကျင်မှု မရှိသေးသောကြောင့် သူ့ကိုယ်သူ အရှက်ရစေခဲ့ရခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်တော့သည်။
လီထုန်ယာသည် အသက်ရှူနှုန်းကို ထိန်းညှိ၍ မန္နာစွမ်းအင်များကို ပြန်လည်ဖြည့်တင်းပြီးနောက် ပြန်လှည့်လိုက်ပြီး မြေပြင်နှင့်ကပ်လျှက် တိတ်တဆိတ် ပျံသန်းလာခဲ့သည်။ ယခင်က သူစုပ်ယူခဲ့သော စင်ကြယ်မြစ်ချီစွမ်းအင်သည် သူ၏ချီဟိုင်အပ်စိုက်အမှတ်တွင် အဆက်မပြတ် လှုပ်ရှားနေခဲ့ပြီး သူ့ကို ပေါ့ပါးသွားစေကာ ခြေဖျားပင် မြေနှင့်မထိဘဲ ပေါ့ပါးစွာ ပျံသန်းစေခဲ့သည်။
“အရင်ဆုံး ပြန်လှည့်ပြီး အဲဒီကလေးနှစ်ယောက်ရဲ့ သဲလွန်စကို ရှာလို့ရမလား ကြည့်ရမယ်။ အကယ်၍ မတွေ့ခဲ့ရင်တော့ အဲဒီခံတပ်ထဲကို နောက်တစ်ခေါက် တိတ်တဆိတ် ထပ်သွားပြီး ရှာဖွေရုံပဲ ရှိတော့တာပေါ့။”
လီထုန်ယာသည် မြေပြင်နှင့် ကပ်လျှက်ပျံသန်းကာ စေ့စေ့စပ်စပ် ရှာဖွေနေခဲ့သည်။ တစ်နာရီခန့် ဖြည်းညှင်းစွာ ပျံသန်းပြီးနောက် သူ၏အမူအရာက နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။ သူ၏ဝိညာဉ်အာရုံအတွင်း၌ ရွှံ့များ ပေကျံနေသော လီရွှမ်လင်တို့ နှစ်ဦးကို မြင်လိုက်ရတော့သည်။
လီရွှမ်လင်သည် လီကျင်းထျန်းကို ပွေ့ချီထားပြီး ခြေထောက်ပေါ်တွင် မန္တန်ကို အသုံးပြုထားသဖြင့် အဖြူလွလွ တောက်ပနေသော အလင်းဖျော့ကလေးများ ထွက်ပေါ်နေခဲ့သည်။ သူသည် တောအုပ်အတွင်း ဟိုဟိုဒီဒီ ချောင်းမြောင်းကြည့်ရှုလျက် ချုံနွယ်ပိတ်ပေါင်းများအကြား မြေပြန့်ပမာ လျှောက်လှမ်းနေခဲ့သည်။ သို့သော်လည်း သူသည် အလောတကြီး သွားလာနေခဲ့သဖြင့် တစ်ကိုယ်လုံးတွင် ရွှံ့နှင့်ရေများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုကလေးသည် လီကျင်းတောင်တည်ရှိရာ အရှေ့ဘက်တည့်တည့်ဆီသို့ မသွားခဲ့ချေ။ လီထုန်ယာကို လိုက်လံဖမ်းဆီးရာတွင် မအောင်မြင်ဘဲ ပြန်လာမည့် မုကျောင်းမန်တို့နှင့် တိုးမိမည်ကို စိုးရိမ်သဖြင့် တမင်တကာ ကွေ့ပတ်ကာ သွားနေခဲ့ခြင်းကြောင့် လီထုန်ယာအနေဖြင့် အချိန်အတော်ကြာ လိုက်လံရှာဖွေပြီးမှသာ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
လီထုန်ယာသည် လီရွှမ်လင်၏ ရှေ့မှောက်၌ ညင်သာစွာ ဆင်းသက်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ၎င်းတို့နှစ်ဦးကို ကြည့်လိုက်သောအခါ လီရွှမ်လင်သည် ဆွံ့အသွားခဲ့ရပြီး မျက်ဝန်းအစုံက နီမြန်းလာခဲ့တော့သည်။
ဤရက်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်ကာ ကျွန်အဖြစ် ကျရောက်ခဲ့ရပြီး သေခြင်း၊ ရှင်ခြင်း ကိစ္စများကိုပါ ထည့်သွင်းစဉ်းစားခဲ့ရသဖြင့် လီရွှမ်လင်၏ရင်ထဲတွင် မချိတင်ကဲ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် မျက်ရည်များ တလိမ့်လိမ့် ကျဆင်းနေခဲ့ပြီဖြစ်သော လီကျင်းထျန်းကို မြေပြင်ပေါ်သို့ ချပေးလိုက်ပြီးနောက် ရှိုက်ကြီးတငင်ဖြင့် အော်ခေါ်လိုက်သည်။
“အဖေ”
လီထုန်ယာ၏ နှလုံးသားတစ်ခုလုံး ဆစ်ခနဲ နာကျင်သွားခဲ့ရပြီး လီရွှမ်လင်ကို တစ်ချက်တည်း ပွေ့ချီလိုက်ကာ ညင်သာစွာ ပြောလိုက်သည်။
“တိတ်တော့၊ တိတ်တော့။ အခု အရာအားလုံး အဆင်ပြေသွားပါပြီ…”
“ငါတို့လူကြီးတွေ ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ မင်းတို့နှစ်ယောက်လုံးကို ဒီလောက်ဒုက္ခရောက်စေခဲ့ရတယ်”
လီထုန်ယာက တိုးညှင်းစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်တစ်ဖက်လျှင် တစ်ယောက်စီကို ပွေ့ချီကာ လေထဲသို့ ပျံတက်လိုက်ပြီး ညင်သာစွာဖြင့် ရှင်းပြလိုက်သည်။
“အဲဒီကျားနီရှီက တကယ့်ကို အစွမ်းထက်တဲ့ လူတစ်ယောက်ပဲ။ ငါတို့မိသားစုကို အကျဉ်းအကျပ်ထဲရောက်သွားအောင် အတင်းအကျပ် ဖိအားပေးခဲ့တာ။ မင်းရဲ့ ဦးလေးဆိုရင်လည်း နောက်ဆုတ်ဖို့လမ်းကြောင်း အဖြတ်ခံလိုက်ရလို့ အနောက်ဘက်ကိုပဲ အတင်းအကျပ် ချီတက်သွားခဲ့ရတယ်။ အခုအချိန်အထိ သူ့ဆီက သတင်းအစအန တစ်ခုမှ မရတော့ဘူး။”
စိမ်းပြာရေအိုင်ဂိုဏ်း၏ ထိုကျောက်စိမ်းတံဆိပ်ပြားပေါ်ရှိ အေးစက်လှသော “အခုတော့ တောင်ခံ့ထားပါ” ဟူသော စကားလုံးများကို ပြန်လည်တွေးတောမိသောအခါ လီထုန်ယာသည် မှောင်မိုက်လာနေပြီဖြစ်သော ညကောင်းကင်ယံကို မော့ကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ငါတို့ ကိုယ့်ကိုယ်ကိုယ် ပိုသန်မာလာအောင် လုပ်ရမယ်”
“အဖေ... မိသားစုခေါင်းဆောင်က ယွဲ့တောင်မျိုးနွယ်စုတွေရဲ့ ဗဟိုနယ်မြေအနက်ပိုင်းထဲကို ရောက်သွားခဲ့ပြီလို့ ကြားရပါတယ်။ အဖေကော သတင်းတစ်ခုခုများ ရခဲ့သေးလား။”
လီရွှမ်လင်သည် မျက်ရည်များကို သုတ်လိုက်ပြီး သူစုံစမ်းရရှိထားသော သတင်းကို အမှတ်ရလိုက်ကာ အဆက်မပြတ် မေးမြန်းလိုက်သည်။
လီထုန်ယာ ခေတ္တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နှစ်သိမ့်စကား ဆိုလိုက်သည်။
“စိတ်ချပါ။ မင်းရဲ့ ဦးလေးက အန္တရာယ်တွေကို ကျော်လွှားနိုင်ပြီး ဘေးကင်းမှာပါ။”
xxxxxxxxxxx
လီကျင်းတောင်ပေါ်သို့ လီထုန်ယာ ပြန်လည်ရောက်ရှိလာချိန်တွင် လီရွှမ်ဖုန်းမှာ တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်သည်။ လီရွှမ်ရွှမ်သည် ရွာအသီးသီး၏ ကိစ္စရပ်များကို သေချာစွာ စီမံခန့်ခွဲပြီးစီးသွားခဲ့ကာ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် လူ ၂၀၀ မှ ၃၀၀ ခန့်ရှိသော ကလန်စစ်သည်များကို စုစည်းထားပြီး ဖြစ်သည်။
လီထုန်ယာက ကလေးနှစ်ယောက်ကို မြေပြင်သို့ ချပေးလိုက်သည်နှင့် လီရွှမ်လင်သည် နားလည်မှုရှိစွာဖြင့် နောက်ဖေးခြံဝင်းအတွင်းသို့ သွားရောက်ကာ ကြေးမုံကို မူလနေရာတွင် ပြန်ထားလိုက်သည်။ လီကျင်းထျန်းမှာမူ ဤရက်ပိုင်းအတွင်း ပင်ပန်းနွမ်းနယ်လွန်းခဲ့သဖြင့် ဘေးခြံဝင်းအတွင်းရှိ မိခင်ဖြစ်သူ ထျန်းယွင်ကို ဘေးကင်းကြောင်း သွားရောက်သတင်းပို့ပြီးနောက် ရေချိုးသန့်စင်၍ အနားယူလိုက်တော့သည်။
လီရွှမ်ရွှမ်သည်လည်း ၎င်းတို့နှစ်ဦးကို မြင်မှသာ သက်ပြင်းချနိုင်တော့ပြီး ချက်ချင်းပင် လီရှန်းဖျင်၏ သတင်းကို မေးမြန်းလိုက်သည်။ လီရွှမ်လင်သည် သူစုံစမ်းရရှိထားသော သတင်းများကို ပြန်လည်ပြောပြခဲ့သည်။ သူပြောပြပြီးသောအခါ လီထုန်ယာနှင့် လီရွှမ်ရွှမ်တို့ နှစ်ဦးစလုံး နှုတ်ဆိတ်သွားကြတော့သည်။
ထိုအချိန်မှာပင် လီထုန်ယာသည် လီရှန်းဖျင် ရရှိထားသော “သေခြင်းတရားကိုရှောင်တိမ်း၊ အသက်ရှည်စေခြင်း” ဟူသော အဆောင်ချီကို ရုတ်တရက် သတိရမိလိုက်သဖြင့် သူ့စိတ်ထဲတွင် အတန်ငယ် တည်ငြိမ်သွားခဲ့ပြီး လေးနက်စွာဖြင့် ပြောလိုက်တော့သည်။
“လောလောဆယ် ရှန်းဖျင်အတွက် စိုးရိမ်ဖို့ မလိုသေးဘူး။ ဒီမြူနှင်းဝင်္ကပါအစီအရင်က ပျက်စီးသွားပြီဆိုတော့ အစီအရင်အလံတွေကိုကော ပြန်ရှာတွေ့ခဲ့လား။”
လီရွှမ်ရွှမ်က ကပျာကယာ အစီအရင်အလံသုံးခုကို ထုတ်ယူလိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။
“အစီအရင်ပျက်စီးသွားတာနဲ့ ဒီအစီအရင်အလံခြောက်ခုဟာ ပုံသဏ္ဍာန်ပေါ်လာပြီး တောင်တွေထဲမှာ ပြန့်ကျဲသွားခဲ့ပါတယ်။ ကျွန်တော် သုံးခုကိုပဲ ပြန်ရှာတွေ့ခဲ့တယ်။ ကျန်တဲ့အလံတွေကိုတော့ ယွဲ့တောင်သားတွေ ကောက်ယူသွားပုံရပါတယ်။”
“ဒီတစ်ခေါက်မှာ ဝိညာဉ်လယ်ကွင်း ငါးခု လုယက်ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဝိညာဉ်စပါး ကျင်းသုံးရာကျော်နဲ့ ဝိညာဉ်သစ်သီး ဆယ်လုံးကျော် ဆုံးရှုံးခဲ့ပါတယ်။ ဖျက်ဆီးခံလိုက်ရတဲ့ ဝိညာဉ်လယ်ကွင်းတွေကိုတော့ ပြန်စိုက်ပျိုးခိုင်းထားပြီးပါပြီ။ သေသေချာချာ စေ့စေ့စပ်စပ် တွက်ကြည့်ရင်တော့ ဒီတစ်ခေါက် ဆုံးရှုံးမှုဟာ ဝိဉာဉ်ကျောက်တုံး ၂၀ လောက် ရှိပါတယ်။”
လီထုန်ယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လီရွှမ်ရွှမ်က စိုးရိမ်ပူပန်စွာဖြင့် ဆက်လက်ပြောလာသည်ကို တွေ့လိုက်ရသည်။
“မြူနှင်းဝင်္ကပါအစီအရင်က ကျားနီရှီရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတာမို့လို့ လီကျင်းတောင်ဟာ အကာအကွယ်မဲ့သွားခဲ့ပါပြီ။ ကျွန်တော်တို့အိမ်မှာလည်း အခြားအစီအရင် တစ်ခုမှမရှိပါဘူး။”
“ဝမ့်ထျန်းချုံကကော ဘာပြောလဲ။”
လီထုန်ယာသည် အလံသုံးခုကို သိမ်းယူလိုက်ပြီး သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်ကာ ညင်သာစွာ မေးလိုက်သည်။
“အဲဒီကောင်လေးက ဒီနယ်ပယ်မှာ မကျွမ်းကျင်လှပါဘူး။ ဝမ့်မိသားစုရဲ့ အစီအရင်အမွေအနှစ် မြောက်များစွာထဲကမှ ‘ဖုံးကွယ်ခြင်းအစီအရင်’ နဲ့ ‘ကာကွယ်ခြင်းအစီအရင်’ ဆိုတဲ့ အစီအရင်နှစ်ခုကိုပဲ တတ်မြောက်ထားတာပါ။ အားလုံးက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် အစီအရင်အသေးစားလေးတွေပဲမို့ တောင်ကို ကာကွယ်တဲ့ အစီအရင်တွေအဖြစ် အသုံးပြုလို့ မရနိုင်ပါဘူး။”
လီရွှမ်ရွှမ်က ခေါင်းခါယမ်းလိုက်ပြီး အနည်းငယ် စိတ်ပျက်အားလျော့စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
လီထုန်ယာသည် ဤစကားကို ကြားရသောအခါ အသက်ရှူကြိမ်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက် လီကျင်းတောင် ဘေးဒုက္ခကြုံရတာဟာ အစီအရင်တွေ လုံလောက်အောင် မရှိလို့ပဲ။ အခုတော့ အရင်ဆုံး အစီအရင်အသေးလေး အချို့ကို ခင်းကျင်းထားလိုက်ဦး။ သေမျိုးတွေ တောင်ပေါ်တက်မလာနိုင်အောင်ပေါ့။ နှစ်နည်းနည်းလောက်ကြာရင် ငါ မြစ်ထဲကနေ စင်ကြယ်မြစ်ချီကို ထပ်စုဆောင်းလိုက်မယ်။ အကယ်၍ ရှန်းဖျင် ပြန်မလာသေးရင် အဲဒီချီကိုရောင်းပြီး စီရင်စုထဲက ရှောင်မိသားစုကို အကူအညီတောင်းပြီး ချီကျင့်ကြံခြင်းအဆင့်ရှိတဲ့ အစီအရင်တစ်ခုကို ခင်းကျင်းခိုင်းရမယ်။”
“ဒါက…”
လီရွှမ်ရွှမ် မျက်နှာပျက်ပျက်ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။
“ဒါဆို ဒုတိယဦးလေးရဲ့ ကျင့်ကြံရမယ့်အချိန်တွေကို စင်ကြယ်မြစ်ချီကို စုဆောင်းရင်း ကုန်ဆုံးခိုင်းရတော့မှာပဲ…”
“ကိစ္စမရှိဘူး”
လီထုန်ယာက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
“မင်းတို့ထဲက ဘယ်သူမှ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို မချိုးဖျက်နိုင်သေးလို့ ဝိညာဉ်အာရုံ မနိုးထကြသေးဘူး။ ဒီတော့ ဒီစင်ကြယ်မြစ်ချီကို စုဆောင်းလို့ မရနိုင်ဘူး။ ဝိညာဉ်အာရုံ ရှိခဲ့ရင်တောင် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်နဲ့ စင်ကြယ်မြစ်ချီကို စုဆောင်းရတာ အရမ်းနှေးကွေးတယ်။ အဲဒါက ၈ နှစ် ကနေ ၁၀ နှစ်လောက်အထိ ကြာသွားနိုင်ပြီး အချိန်တွေကို ပိုပြီးနှောင့်နှေးစေလိမ့်မယ်။”
“ဆိုးတာကတော့ ဒီမိုးနဲ့မြေရဲ့ ဝိညာဉ်ချီက အလွန်ရှားပါးလွန်းတာပဲ။ ဒီလောက်ကျယ်ဝန်းတဲ့ ကျူတောကြီးထဲမှာတောင် ၅ နှစ်နေမှ တစ်ပိုင်းစာကို ခဲခဲယဉ်းယဉ်း စုဆောင်းယူရတာပဲ။”
လီရွှမ်ရွှမ်က ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ လီထုန်ယာက ဆက်ပြောလိုက်သည်။
“ဒါ့အပြင် ငါတို့လီမိသားစုမှာ ချီကျင့်ကြံခြင်းအဆင့်ရှိတဲ့သူ ပေါ်ထွက်လာခဲ့ပြီဖြစ်လို့ စိမ်းပြာရေအိုင်ဂိုဏ်းအနေနဲ့ ပိုပြီးအဆင့်မြင့်မားတဲ့ ဝိညာဉ်မျိုးစေ့တွေကို ပေးအပ်ပြီး အခွန်ဘဏ္ဍာပမာဏကို ပြောင်းလဲသတ်မှတ်လိမ့်မယ်။”
လီရွှမ်ရွှမ်က ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး မေးမြန်းလိုက်သည်။
“ဒါဆိုရင် ကျွန်တော်တို့ လီမိသားစုအနေနဲ့ ပိုပြီးများပြားတဲ့ အခွန်ဘဏ္ဍာတွေကို ပေးဆောင်ရတော့မှာပေါ့။ ဒီကိစ္စကို ဖုံးကွယ်ထားလို့ မရဘူးလား…”
“မလိုပါဘူး”
လီထုန်ယာက ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အများဆုံးမှ ငါတို့ နှစ်ပေါင်း ၂၀၊ ၃၀ လောက်ပဲ ဖုံးကွယ်ထားနိုင်မှာ။ ရန်သူတွေကို ရင်ဆိုင်ပြီး နတ်ဆိုးတွေကို နှိမ်နင်းတဲ့အခါ အနှေးနဲ့အမြန် ပေါ်သွားမှာပဲ။ အဲဒီလိုဆိုရင် စိမ်းပြာရေအိုင်ဂိုဏ်းကို မလိုအပ်ဘဲ ရန်စမိသလို ဖြစ်သွားလိမ့်မယ်။ စိမ်းပြာရေအိုင်ဂိုဏ်းဟာ နှစ်စဉ်နှစ်တိုင်း ကလန်အသီးသီးကို လွှတ်ထားပြီး ဘာမှဂရုမစိုက်သလို ပုံစံမျိုးလုပ်နေပေမယ့် ငါတို့ သတိထားတာ အကောင်းဆုံးပဲ။ စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ လုပ်ဆောင်ချက်တွေက ထူးခြားဆန်းကြယ်တယ်။ ငါတို့အနေနဲ့ သူတို့ကို အမြဲတမ်း ကြိုတင်သတိထားရမယ်။”
“စိမ်းပြာရေအိုင်ဂိုဏ်းက ကျွန်တော်တို့ကို နွားတွေ၊ သိုးတွေလိုပဲ သဘောထားတာပဲ!”
ရုတ်တရက် ရဲရင့်ပြတ်သားလှသော လူငယ်တစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည်။ လီရွှမ်ဖုန်းသည် ရဲရင့်ထက်မြက်လှသော အရှိန်အဝါဖြင့် အခန်းအတွင်းသို့ လှမ်းဝင်လာခဲ့ကာ သူ့မျက်နှာထက်တွင် အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ လီထုန်ယာက ဝိညာဉ်အာရုံဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ချက်ချင်းပင် ရယ်မောကာ မေးလိုက်သည်။
“မင်း အဆင့်တက်သွားပြီလား”
လီရွှမ်ဖုန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဝိညာဉ်သန္ဓသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ရောက်ရှိခဲ့ပြီး ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ခဲ့ပြီ! ဒီဝိညာဉ်အာရုံက တကယ့်ကို ထူးခြားဆန်းကြယ်တာပဲ။”
လီရွှမ်ရွှမ်က ရယ်မောလိုက်မိပြီး အားကျသော မျက်ဝန်းအစုံဖြင့် လီရွှမ်ဖုန်းကို လှမ်းကြည့်ကာ ဂုဏ်ပြုစကား ဆိုလိုက်တော့သည်။
လီရွှမ်ဖုန်းသည် ခေါင်းခါယမ်းလိုက်သည်။ သူ့စိတ်ထဲတွင် လီရှန်းဖျင်ကို စိုးရိမ်နေဆဲဖြစ်သဖြင့် ဝမ်းမြောက်မှုကို သိပ်မခံစားရပေ။ သူသည် လက်ထဲရှိ လေးကိုမြှောက်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော် ဒီပတ်ဝန်းကျင်မှာ နတ်ဆိုးသတ္တဝါတွေကို အမဲလိုက်လိုက်ဦးမယ်။ ဒါဆို မိသားစုအတွက် လိုအပ်တဲ့ ပစ္စည်းအချို့ကို ထောက်ပံ့ပေးနိုင်တာပေါ့။”
“အရမ်းဝေးဝေးမသွားနဲ့”
လီထုန်ယာက သတိပေးမှာကြားလိုက်သည်။ လီရွှမ်ဖုန်း၏ စွမ်းအားနှင့်ဆိုလျှင် တလီတောင်တန်း၏ ပတ်ဝန်းကျင်ရှိ အပြင်ဘက်နယ်မြေတွင် နတ်ဆိုးသတ္တဝါအချို့ကို သတ်ဖြတ်ရန်အတွက် မည်သည့် ပြဿနာမျှ မရှိသော်လည်း လီထုန်ယာကမူ သူ ဒဏ်ရာရရှိမည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။
လီရွှမ်ဖုန်း ခေါင်းညိတ်ကာ ထွက်ခွာသွားသည်ကို ကြည့်ရင်း လီထုန်ယာ၏အကြည့်က လီရွှမ်ရွှမ်ထံသို့ ကျရောက်သွားခဲ့ပြီး ညင်သာစွာ ပြောလိုက်သည်။
“မင်းလည်း ကျင့်ကြံခြင်းကို ဇွဲရှိရှိ လုပ်ဆောင်ရမယ်။ မင်း စောစောစီးစီး ချီကျင့်ကြံခြင်းအဆင့်ကိုရောက်မှ ငါလည်း စိတ်အေးရမှာ။”
“နားလည်ပါပြီ”
လီရွှမ်ရွှမ်က အားတက်သရော ခေါင်းညိတ်လိုက်သည်။ ထိုစဉ် ခြံဝင်းပြင်ပဆီမှ သတင်းပို့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မိသားစုခေါင်းဆောင်ငယ်! မြို့ထဲကို လူတစ်ယောက် ရောက်ရှိလာပြီး အရှေ့ဘက်က ထျောင်ယွင် လုမိသားစုက လာရောက်လည်ပတ်တာလို့ ပြောပါတယ်!”