အခန်း ၉၇
Vol. 10 Ch. 97
အခန်း - (၉၇)
ဆန္ဒ - ၁
“သူ့ကို တက်လာခိုင်းလိုက်။”
လီထုန်ယာသည် သတင်းလာပို့သော ကလန်စစ်သည်ကိုကြည့်ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိသည်။
“ဒီကိစ္စက ကျီကလန်နဲ့ ပတ်သက်နေဖို့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းရှိတယ်။ ဒီထျောင်ယွင် လုကလန်နဲ့ ငါတို့ လီကျင်း လီကလန်က ကျီမိသားစုရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ရှိနေတာဆိုတော့ ငါတို့ဆီကနေ စစ်ကူတောင်းတာပဲ ဖြစ်ရမယ်။”
လီထုန်ယာက ထိုသို့တွေးနေစဉ်မှာပင် ခြံဝင်းအပြင်ဘက်မှ အဘိုးအိုတစ်ဦး ဝင်ရောက်လာခဲ့သည်။ ထိုအဘိုးအိုသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူနေသော်လည်း ကလေးငယ်ကဲ့သို့ နုပျိုသောမျက်နှာရှိကာ လက်ထဲတွင် ကျောက်စိမ်းကျိုင်းတုတ် တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုအဘိုးအိုသည် ၎င်းတို့နှစ်ဦးကို မြင်သည်နှင့် ပြုံးရွှင်စွာ လက်သီးဆုပ် နှုတ်ဆက်ရင်း ရယ်မောကာ ပြောလိုက်သည်။
“စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်က ထျောင်ယွင် လုမိသားစုက လုစစ်စစ်ပါ။ နှစ်ယောက်စလုံးကို နှုတ်ဆက်ပါတယ်။”
“လီကျင်း လီမိသားစုက လီထုန်ယာပါ”
လီထုန်ယာကလည်း လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်ပြီး ဝိညာဉ်အာရုံဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သောအခါ ထိုအဘိုးအိုသည် အကြမ်းဖျင်းအားဖြင့် ချီကျင့်ကြံခြင်းအဆင့်၏ ပဉ္စမ သို့မဟုတ် ဆဋ္ဌမမြောက် ကောင်းကင်ဘုံအလွှာသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ သူ့လက်ထဲက ကျောက်စိမ်းကျိုင်းတုတ်ကလည်း အလင်းရောင်များ ဝင်းလက်တောက်ပြောင်နေသဖြင့် သာမန်ပစ္စည်း မဟုတ်နိုင်ချေ။ ထိုပစ္စည်းသည် လီထုန်ယာ၏ခါးတွင် ချိတ်ထားသော ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ဓားထက် များစွာ သာလွန်ကောင်းမွန်ပေသည်။
“ကျေးဇူးပြုပြီး ထိုင်ပါ”
လီထုန်ယာနှင့် လုစစ်စစ်တို့သည် ခြံဝင်းအတွင်းသို့ ဝင်ရောက်ကာ ထိုင်လိုက်ကြသည်နှင့် လီရွှမ်လင်နှင့် အခြားသူများက တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။ အစေခံဆက်သလာသော လက်ဖက်ရည်ကို လှမ်းယူလိုက်ပြီးနောက် လီထုန်ယာက စကားစလိုက်သည်။
“စီနီယာ ဒီတစ်ခေါက် လာရောက်တာက ဘာအကြောင်းကြောင့်များလဲ သိခွင့်ရှိမလား…”
“အို”
လုစစ်စစ်သည် မျက်ခုံးမွေးဖြူများကို ပင့်လိုက်ပြီး သူက အပြုံးဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“မိတ်ဆွေလေးထုန်ယာကို ဂုဏ်ပြုမလို့ပါ။”
“ဘာဝမ်းမြောက်စရာကိစ္စ ရှိလို့လဲခင်ဗျာ။”
လီထုန်ယာက မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအဘိုးအိုတွင် မည်သည့်အကြံအစည်များ ရှိနေသည်ကို သူမသိချေ။
“ယွဲ့တောင်က လူတွေက နေရာအနှံ့ နယ်စပ်ဖြတ်ကျော် လုယက်ဖျက်ဆီးကြလို့ မိသားစုပေါင်း တစ်ဒါဇင်လောက် ဘေးဒုက္ခကြုံခဲ့ရတယ်။ မိသားစု ၆ခုဆိုရင် လုံးဝမျိုးတုန်းသွားအောင် ဖျက်ဆီးတာ ခံခဲ့ရတယ်။ ဒါပေမဲ့ ငါ လီကျင်းတောင်ပေါ် တက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ သေမျိုးတွေရဲ့ မျက်နှာမှာ ပူဆွေးတဲ့ အရိပ်အယောင် ရှိနေတာကလွဲလို့ ဝတ်စုံဖြူနဲ့ ဝမ်းနည်းငိုကြွေးတာကို သိပ်မကြားခဲ့ရဘူး။ ဒါကိုကြည့်လိုက်ရင် မင်းတို့ကလန်မှာ ဆုံးရှုံးမှု သိပ်မရှိတာကို သိနိုင်တယ်။ ဒါက ဂုဏ်ပြုဖို့ မထိုက်တန်ဘူးလား။”
လုစစ်စစ်၏စကား ဆုံးသွားသောအခါ လီထုန်ယာသည် အလွန်အမင်းစိတ်ပျက်မှုကိုသာ ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“စီနီယာ၊ ပြောစရာရှိတာကို တည့်တည့်ပဲ ပြောပါခင်ဗျာ။”
လုစစ်စစ်သည် လက်ဖက်ရည်ကို တစ်ကျိုက် မော့သောက်လိုက်ပြီး ဝေ့လည်ကြောင်ပတ် မလုပ်တော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျီမိသားစုက ဟွာချန်တောင်ကို သိမ်းပိုက်ထားတယ်။ ငါတို့ လုမိသားစုက အဲဒါကို ပြန်ယူချင်တယ်။ တောင်ကိုတော့ ငါတို့လုမိသားစုက ယူမယ်။ ပစ္စည်းဥစ္စာတွေနဲ့ ဝိဉာဉ်ကျောက်တုံးတွေကိုတော့ ပမာဏအတိုင်း မင်းတို့မိသားစုကို အပြည့်အဝ ပြန်ပေးမယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ငါတို့နှစ်ဖက်စလုံးရဲ့ ဘုံရန်သူကို ဖယ်ရှားပစ်နိုင်သလို ငါတို့လုမိသားစုရဲ့ ရန်ငြိုးကိုလည်း ကလဲ့စားချေနိုင်မယ်။”
“အို”
လီထုန်ယာက ခပ်ဖွဖွ အသံပြုလိုက်သော်လည်း စိတ်ထဲတွင်မူ မည်သည်ကိုမှ မခံစားရပေ။ ထို့နောက် သူက ပြန်လည်မေးမြန်းလိုက်သည်။
“စီနီယာတို့မိသားစုက ကျီမိသားစုနဲ့ ဘာရန်ငြိုးတွေများ ရှိနေလို့ပါလဲ။”
“မိတ်ဆွေလေးကတော့ မသိလောက်သေးဘူး။ ငါတို့လုမိသားစုက အဲဒီတုန်းက ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သွားကူညီပေးဖို့ စေလွှတ်ခဲ့ပေမယ့် ဟွာချန်တောင်မှာပဲ ကျဆုံးသွားခဲ့ရတယ်…”
လုစစ်စစ်၏ အနေရခက်သော အမူအရာကို မြင်လိုက်ရသောအခါ လီထုန်ယာက မေးလိုက်သည်။
“ကျီမိသားစုမှာ ချီကျင့်ကြံခြင်းအဆင့် ဘယ်နှစ်ယောက် ရှိပါသလဲ။ သူတို့ရဲ့ နောက်ခံကကော ဘယ်လိုလဲ။ စီနီယာ သူတို့ရဲ့ အခြေအနေကို စုံစမ်းထားပြီးပြီလား။”
လုစစ်စစ်က ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။
“ကျိမီသားစုမှာ အခု ချီကျင့်ကြံခြင်းအဆင့် နှစ်ယောက် ရှိတယ်။ ကလန်ခေါင်းဆောင် ကျီတုန်းချီက ချီကျင့်ကြံခြင်းလယ်ပိုင်းအဆင့် ဖြစ်ပြီး ပဉ္စမ ဒါမှမဟုတ် ဆဌမအဆင့် ကောင်းကင်ဘုံအလွှာလောက် ရှိလိမ့်မယ်။ အခြား ကျီကလန်က တပည့်တစ်ယောက်ကတော့ ဒီနှစ်ပိုင်းထဲမှာမှ ချီကျင့်ကြံခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ။ သူတို့ရဲ့နောက်ခံနဲ့ ပတ်သက်ရင်တော့… ကောလာဟလတွေအရ ကျီမိသားစုမှာ သမီးတစ်ယောက်ရှိပြီး ရွှေရောင်ထန်ဂိတ်က အရှိန်အဝါကြီးမားတဲ့ လူတစ်ယောက်ရဲ့အနားမှာ အလုပ်အကျွေးပြုနေတယ်လို့ သိရတယ်။”
လီထုန်ယာက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဘာမှတတ်နိုင်ဟန်ဖြင့် ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည်။
“စီနီယာလုက ဒီလောက်အထိ သိထားပြီးပြီဆိုရင်တော့ ဒီကျီမိသားစုကို သွားထိပါးလို့မရဘူးဆိုတာ ကောင်းကောင်းသိမှာပေါ့။”
လုစစ်စစ်က ရယ်မောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ ပြုံးရင်း ပြောလိုက်သည်။
“မိတ်ဆွေလေးဆီကို ငါလာရှာတယ် ဆိုကတည်းက သဘာဝကျစွာပဲ သတင်းကောင်း ရှိလို့ပေါ့!”
လုစစ်စစ်က သူ၏လေသံကို လျှော့လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
“ရွှေရောင်ထန်ဂိတ်ထဲမှာ ငါ့ယောက်ဖတစ်ယောက် ဧည့်အကြီးအကဲအနေနဲ့ နေထိုင်နေတာရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက သူပြောတာကတော့ ရွှေရောင်ထန်ဂိတ်က လရှုစားကန်ရဲ့ ကမ်းစပ်တစ်လျှောက်မှာ စောင့်ကြပ်နေတဲ့ စစ်သည်ပေါင်းများစွာကို ပြန်ရုပ်သိမ်းသွားခဲ့ပြီတဲ့။ အကယ်၍ ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင်တော့ ရွှေရောင်ထန်ဂိတ်ထဲမှာ ဧကန်မုချ အတွင်းရေးပဋိပက္ခ ဖြစ်ပွားနေတာ ဖြစ်ရမယ်…”
“အို”
လီထုန်ယာသည် နောက်ဆုံးတွင် အနည်းငယ် စိတ်ဝင်စားလာခဲ့ကာ ဆက်လက်မေးမြန်းလိုက်သည်။
“စိမ်းပြာရေအိုင်ဂိုဏ်းက ဒီအကြောင်းနဲပတ်သက်ပြီး ဘာပြောသေးလဲ”
“သေချာတာပေါ့။ သူတို့အမိန့်တစ်ခု ထုတ်ပြန်ခဲ့တယ်…”
လုစစ်စစ်သည် နောက်ကျောတွင် စိမ်းပြာရေအိုင်ဟူသော စကားလုံးများ ရေးထွင်းထားသော အမိန့်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ ၎င်းအတွင်း၌ စာလုံးရေပေါင်း ဒါဇင်ပေါင်းများစွာ ပါရှိကာ အကြမ်းဖျင်း အဓိပ္ပာယ်မှာမူ စိမ်းပြာရေအိုင်ဂိုဏ်းနှင့် ရွှေရောင်ထန်ဂိတ်တို့၏ နယ်စပ်မျဉ်းကို မြောက်ဘက်သို့ မိုင်ပေါင်းထောင်ချီ ရွှေ့ပြောင်းလိုက်ပြီး လရှုစားကန်၏ အရှေ့ဘက်ကမ်းခြေတစ်ခုလုံးကို စိမ်းပြာရေအိုင်ဂိုဏ်းက ပိုင်ဆိုင်ကြောင်းပင်ဖြစ်သည်။
“ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ စီရင်စုထဲက ထုတ်ပြန်လိုက်တဲ့ အမိန့်ပြန်တမ်းပဲ။ ငါ ဒီအမိန့်စာကို မြင်တာနဲ့ ပြန်သွားပြီး နေ့ရက်တွေကို တွက်ချက်ကြည့်လိုက်တာ။ ငါ့ရဲ့ ခန့်မှန်းချက် မမှားဘူးဆိုရင်တော့…”
“ရွှေရောင်ထန်ဂိတ်က အဲဒီခရမ်းရောင်စံအိမ်တော် အလယ်ပိုင်းအဆင့် ကျင့်ကြံသူရဲ့ သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး သေချာပေါက် ကွယ်လွန်သွားခဲ့တာ ဖြစ်ရမယ်။ အခုဆိုရင် ခရမ်းစံအိမ်တော် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးတည်းပဲ တောင့်ခံဖို့ ကျန်နေတော့တာ!”
လီထုန်ယာသည် ချက်ချင်းပင် ဆွံ့အသွားခဲ့ရပြီး မျက်နှာပေါ်တွင် ထိတ်လန့်အံ့ဩမှုများဖြင့် ပြည့်နှက်သွားခဲ့ကာ ချက်ချင်းပင် ထပ်မံမေးမြန်းလိုက်သည်။
“ခရမ်းရောင်စံအိမ်တော်အဆင့် ကွယ်လွန်တာမျိုးက အရမ်းအရေးကြီးတဲ့ ကိစ္စရပ်မျိုးပဲ။ ရွှေရောင်ထန်ဂိတ်အနေနဲ့ သေချာပေါက် ဂရုတစိုက် လျှို့ဝှက်ဖုံးကွယ်ထားမှာပဲ။ ဘာလို့ အခုကျတော့ စိမ်းပြာရေအိုင်ဂိုဏ်းက ရှင်းရှင်းလင်းလင်းကြီး သိနေရတာလဲ။”
ဂိုဏ်း ၃ ဂိုဏ်းနှင့် ဂိတ် ၇ ခုတို့ အထက်စီးမှနေ၍ မြင့်မားစွာ ရပ်တည်နေနိုင်ကြခြင်းမှာ သူတို့အားလုံးတွင် ခရမ်းရောင်စံအိမ်တော်အဆင့် အမွေအနှစ်များ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိကြသောကြောင့် ဖြစ်သည်။ ပြောကြသည်မှာ ဂိုဏ်း ၃ ဂိုဏ်းထဲတွင် ခရမ်းရောင်စံအိမ်တော်အဆင့် အမွေအနှစ် ၃ ခုထက်မနည်းစီ ရှိကြပြီး ဂိတ် ၇ ခုထဲတွင်မူ တစ်ခု သို့မဟုတ် နှစ်ခုစီ ရှိကြကာ ဂိုဏ်းများအတွင်း၌လည်း ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူများ စောင့်ကြပ်နေကြသေးသောကြောင့် ဖြစ်သည်။
ယခုအခါ ရွှေရောင်ထန်ဂိတ်၏ ခရမ်းရောင်စံအိမ်တော် အလယ်ပိုင်းအဆင့် ကျင့်ကြံသူ ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ဂိတ်တစ်ခုလုံး ပျက်စီးသွားသည့် အခြေအနေမျိုးအထိ မဟုတ်သေးသော်လည်း အင်အားများစွာ ဆုတ်ယုတ်သွားမည်မှာ ဧကန်မုချပင် ဖြစ်သည်။
“ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူအချင်းချင်းအကြားက ပဋိပက္ခတွေကို ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ။”
လုစစ်စစ်က ခေါင်းခါယမ်းလိုက်ပြီး ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ငါလည်း လေကုန်မခံတော့ဘူး။ ဒီတစ်ခေါက်ကိစ္စမှာ မင်းတို့လီမိသားစု ပါမှာလား၊ မပါဘူးလား။”
လီထုန်ယာသည် မျက်လုံးများကို မှိတ်ကာ ခဏမျှ တွေးတောနေလိုက်သည်။ ယခုအချိန်တွင် လီမိသားစု၌ ကျင့်စဉ်အမွေအနှစ်များနှင့် ဝိညာဉ်ပစ္စည်းများ ချို့တဲ့နေသဖြင့် ဤကိစ္စကား အမှန်ပင် ကြီးမားလှသော ဆွဲဆောင်မှုတစ်ခု ဖြစ်ပေသည်။ ထိုမျှသာမကဘဲ ကျီမိသားစုကိုသာ ဖယ်ရှားပစ်နိုင်ခဲ့ပါက သူတို့ရင်ထဲရှိ စိုးရိမ်ပူပန်မှုကြီးကိုပါ အမြစ်ပြတ် ရှင်းလင်းပစ်နိုင်မည် ဖြစ်သည်။
လီထုန်ယာသည် သတိထားသည့်အနေဖြင့် ထပ်မံ အတည်ပြုလိုက်သည်။
“ကျီမိသားစု မှီခိုအားထားနေတဲ့ အဲဒီပုဂ္ဂိုလ်က ရွှေရောင်ထန်ဂိတ်ရဲ့ သခင်လေးလို့ ကောလာဟလ ထွက်နေတယ် မဟုတ်ဘူးလား။ အခု ကွယ်လွန်သွားတဲ့ ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူနဲ့ ဘာပတ်သက်မှု ရှိလို့လဲ။”
“သူက အဲဒီ ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူရဲ့မြေးပဲ! အခုဆိုရင် အဲဒီမျိုးနွယ်စုတွေဟာ မိမိတို့ရဲ့ အာဏာကိုတောင် မနည်းထိန်းသိမ်းထားရတာ။ ဘယ်လို သွေးစွန်းလှတဲ့ အာဏာလုပွဲတွေ ဆင်နွှဲနေရမလဲ မသိနိုင်ဘူး။ ဒီမဖြစ်စလောက်တဲ့ ကျီမိသားစုလေးကို စောင့်ရှောက်ပေးဖို့ အချိန်မရှိတော့ပါဘူး။”
“ကောင်းပါပြီ”
လီထုန်ယာက ခေါင်းညိတ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ သတ်မှတ်ချက်အချို့တော့ ရှိတယ်။”
“ပြောပါ မိတ်ဆွေလေးထုန်ယာ”
“ပထမအချက်က ကျီမိသားစုရဲ့ လျှို့ဝှက်ကျင့်စဉ်ကျမ်းစာတွေ ကျွန်တော်တို့လက်ထဲ ရောက်သွားခဲ့ရင် ကျွန်တော်တို့ လီမိသားစုက အားလုံးကို မိတ္တူကူးယူခွင့် ရှိရမယ်။ ဒါကို ကျွန်တော်တို့ သဘောတူထားတဲ့ လျော်ကြေးရဲ့အစိတ်အပိုင်းအဖြစ် မသတ်မှတ်ရဘူး”
လုစစ်စစ်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာပြောသည်။
“သဘောတူတယ်”
“ဒုတိယအချက်က ကျွန်တော်က လရှုစားကန်ပေါ်က တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်အနေနဲ့ပဲ လှုပ်ရှားမှာဖြစ်ပြီး ကျွန်တော်တို့ လီကျင်း လီမိသားစုရဲ့ အမည်ကို သုံးမှာမဟုတ်ဘူး။ အကယ်၍ ကျွန်တော်ရဲ့ အင်အားထက် ရန်သူရဲ့အင်အားက အများကြီးကျော်လွန်နေရင် ကျွန်တော် ချက်ချင်း ဆုတ်ခွာမယ်။ အကယ်၍ ကျွန်တော် တစ်ယောက်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ရင် ကျန်ခဲ့တဲ့ပစ္စည်းအားလုံးက ကျွန်တော့်ပိုင်ဆိုင်မှုပဲ ဖြစ်ရမယ်”
လုစီစီသည် လီထုန်ယာ၏ တောင်းဆိုမှုကြောင့် ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ သူက ခါးသီးစွာရယ်မောလိုက်ပြီး မနာလိုအားကျစွာဖြင့် ပြောလိုက်သည်။
“မိတ်ဆွေလေးက တကယ့်ကို သတိကြီးတာပဲ။ အကယ်၍ ငါတို့ လုမိသားစုက အငယ်ပိုင်းမျိုးဆက်တွေမှာသာ မိတ်ဆွေလေးရဲ့ ခြောက်ပုံတစ်ပုံလောက်ပဲ အရည်အချင်း ရှိရင်တောင် ငါကွယ်လွန်သွားပြီး နောက်ပိုင်း ကိစ္စရပ်တွေအတွက် စိုးရိမ်နေဖို့ မလိုတော့ဘူး…”
လီထုန်ယာက ညင်သာစွာပြုံးကာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုစစ်စစ်က ပြန်ဖြေလိုက်သည်။
“သဘောတူတယ်။ ဟွာချန်တောင်ပေါ်က ပစ္စည်းဥစ္စာတွေကို တစ်ဝက်စီ ခွဲဝေကြမယ်။ ဝိညာဉ်စမ်းရေတွင်းတွေနဲ့ ဝိညာဉ်လယ်ကွင်းတွေကို ငါတို့လုမိသားစုက သုံးပုံတစ်ပုံ အချိုးအစားအတိုင်း ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် ရတနာတွေနဲ့ မင်းတို့မိသားစုကို အစားထိုး ထောက်ပံ့ပေးမယ်”
လီထုန်ယာက လက်ဖက်ရည် တစ်ကျိုက်သောက်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော် စီနီယာ့ကို ဆန်းကြယ်အသွင်ဝိညာဉ်သစ္စာ ကျိန်ဆိုခိုင်းရလိမ့်မယ်”
လုစစ်စစ်က ထပ်မံကာ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဟုတ်တာပေါ့၊ ဒါကသင့်လျော်ပါတယ်”
သူတို့နှစ်ဦးသည် အတူတကွ သစ္စာကျိန်ဆိုလိုက်ကြပြီးသည်။ သူတို့၏ ဆန်းကြယ်အသွင် ချက္ကရာပေါ်တွင် မှိန်ဖျော့ဖျော့ အမှတ်အသားတစ်ခု ရေးထွင်းခံလိုက်ရသည်ကို ခံစားမိပြီးနောက် လီထုန်ယာက မေးမြန်းလိုက်သည်။
“ဘယ်တော့ စကြမလဲ”
“သုံးရက်ကြာရင် ငါ ဒီနေရာကို လာခဲ့မယ်။ ပြီးတော့မှ ဟွာချန်တောင်ဆီကို သွားကြတာပေါ့ တာအိုရောင်းရင်း!”
လီထုန်ယာက ခေါင်းညိတ်လိုက်ပြီးနောက် လုစစ်စစ်ကို လိုက်လံပို့ဆောင်ပေးလိုက်သည်။ ခြံဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသောအခါ သူသည် အောက်ထိုင်ခုံ၌ ထိုင်ကာ တွေးတောနေသော လီရွှမ်ရွှမ်ကိုကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။
“ငါ့ရဲ့သိုလှောင်အိတ်ထဲမှာ ရှန်းဖျင် တာအိုကျင့်ကြံသူအဘိုးကြီးကိုသတ်ပြီး ရရှိလာခဲ့တဲ့ ကျောက်စိမ်းအညွန့်ဆေးလုံး တစ်လုံးရှိသေးတယ်။ ငါ အခုပဲ တံခါးပိတ်ကျင့်ကြံပြီး ချီကျင့်ကြံခြင်းအဆင့်ရဲ့ တတိယမြောက်ကောင်းကင်ဘုံအလွှာကို အဆင့်တက်ဖို့ လုပ်တော့မယ်။ ဒါမှ ငါ့အတွက် အောင်မြင်ဖို့အခွင့်အလမ်း ပိုများနိုင်မှာ။”
လီရွှမ်ရွှမ်က ထရပ်လိုက်ပြီး လက်သီးဆုပ် အရိုအသေပေးလိုက်ကာ ရိုသေစွာဖြင့် ပြောလိုက်သည်။
“ဒုတိယဦးလေး၊ စိတ်အေးလက်အေးထားပြီး တံခါးပိတ်ကျင့်ကြံပါ။ အိမ်ကိစ္စတွေကိုတော့ ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ။”