အခန်း ၉၈
Vol. 10 Ch. 98
အခန်း - (၉၈)
ဆန္ဒ - ၂
လီချယ်ကျင်းသည် တောင်အောက်မှ လှိုင်းလုံးကြီးပမာ ပြေးဝင်လာနေကြသော သားရဲအုပ်ကြီးကို စိုက်ကြည့်နေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအရှိန်အဝါက ထည်ဝါခန့်ညားလွန်းလှသည်။ သူ့ကိုယ်ပေါ်ရှိ ဝတ်ရုံဖြူသည် ညနေခင်း လေညင်းများအောက်တွင် တဖျတ်ဖျတ် လှုပ်ခါနေခဲ့သည်။ ဘေးပတ်ပတ်လည်ရှိ လူအများက သူ့အား ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
“သူက ချင်စွေ့ဓားအင်မော်တယ် လီချယ်ကျင်း ဆိုတာလား”
“သူမဟုတ်ရင် ဘယ်သူဖြစ်ဦးမှာလဲ။ မင်း သူ့ရဲ့ တစ်ကိုယ်လုံးက အရှိန်အဝါတွေကို ကြည့်လိုက်ဦး။ ကြည့်ရတာ အခြေတည်အဆင့်ဆီရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ပုံစံမျိုးပဲ။”
သို့သော် လီချယ်ကျင်းသည် သူ၏အခြေအနေကို သူသာ အသိဆုံးဖြစ်သည်။ သူသည် ခြေတစ်လှမ်းလိုရုံမျှသာ မကတော့ပေ။ လီချယ်ကျင်းသည် သူ့ကိုယ်တွင်းရှိ အဆီအနှစ်စွမ်းအင်များ အလိုအလျောက် အရည်ပျော်မသွားစေရန် အဆက်မပြတ် ဖိနှိပ်ထားရသည်။
သူ့အတွေးတစ်ချက်ဖြင့်ပင် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်တွင် ကျင့်ကြံထားခဲ့သော ချက္ကရာခြောက်ခုသည် ချက်ချင်း အရည်ပျော်သွားမည်ဖြစ်ပြီး တစ်ကိုယ်လုံးရှိ ကျင့်ကြံခြင်းစွမ်းအားများကို စုစည်းပြီး ချိဟိုင်အပ်စိုက်အမှတ်အတွင်း မဟာတာအို၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ကာ ချက်ချင်းပင် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်သွားမည် ဖြစ်သည်။
“ငါ ထပ်ပြီး အချိန်ဆွဲထားလို့ မရတော့ဘူး… ဂိုဏ်းက စေလွှတ်လိုက်တဲ့ လူတွေက သုံးကြိမ်တိုင်တိုင် လာတိုက်တွန်းခဲ့ပြီးပြီ။”
လီချယ်ကျင်းက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။ ထိုစဉ် ဘေးနားရှိ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးက သူ၏ပုခုံးကို ခပ်ဖွဖွပုတ်ကာ ညင်သာစွာ ပြောလိုက်သည်။
“ဂျူနီယာညီလေး မင်း ချီကျင့်ကြံခြင်းအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်နေပြီ မဟုတ်လား”
လီချယ်ကျင်းက စိတ်ထဲတွင် ညင်သာစွာ သက်ပြင်းချလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ဘေးနားရှိ ဝတ်ရုံဖြူဝတ် အမျိုးသားဘက်သို့လှည့်ကာ ပြန်လည်ဖြေကြားလိုက်သည်။
“မှန်ပါတယ်။ စီနီယာအစ်ကိုချင်က ကျွန်တော့်ကို အခြေတည်အဆင့်ကို တက်လှမ်းဖို့ လာတိုက်တွန်းတာလား။”
ထိုစီနီယာအစ်ကိုချင်ဟု အခေါ်ခံလိုက်ရသော ဝတ်ရုံဖြူဝတ်အမျိုးသားသည် ခေတ္တခဏမျှ ဆွံ့အသွားခဲ့ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဂိုဏ်းဘက်က တကယ်ပဲ အဲဒီလိုလုပ်ဖို့ မျှော်လင့်နေတယ်။ မင်းရဲ့အဆင့်ချိုးဖျက်မှုကို ကူညီပေးဖို့ ဆေးလုံးကိုလည်း မင်းအတွက် ပြင်ဆင်ပေးထားပြီးပြီ။ ဂျူနီယာညီလေး အချိန်မရွေး တံခါးပိတ်ကျင့်ကြံပြီး အဆင့်တက်လို့ ရပါပြီ။”
လီချယ်ကျင်းက ခေါင်းညိတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ဂိုဏ်းက တကယ့်ကို ကျွန်တော့်အတွက် တွေးပေးထားတာပဲ။ ချယ်ကျင်းအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်!”
စီနီယာအစ်ကိုချင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူက အနည်းငယ် အိုးတိုးအိတိုးဖြစ်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။
“ဒါက သေချာပေါက် လုပ်ပေးရမှာပေါ့။ ဒါပေမဲ့ ဂျူနီယာညီလေးအနေနဲ့ အဆင့်တက်လှမ်းနိုင်ဖို့ ဘယ်လောက်ယုံကြည်မှုရှိလဲ”
လီချယ်ကျင်းက ဒုက္ခရောက်နေဟန်ဖြင့် တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
“ပြောရရင်... ၈၀ ရာခိုင်နှုန်းတောင် မပြည့်လောက်ဘူး ထင်ပါတယ်။”
“၈၀ ရာခိုင်နှုန်းတောင်မရှိဘူး ဟုတ်လား”
စီနီယာအစ်ကိုချင်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဤရာခိုင်နှုန်းသည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် အမှန်ပင် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလောက်အောင် မြင့်မားလှသော်လည်း လီချယ်ကျင်းကို အဖိုးတန်ရတနာများ မည်မျှ ကျွေးမွေးထားခဲ့သည်ကို သူ ကောင်းစွာသိရှိထားသဖြင့် ယခုအခါ ၈၀ ရာခိုင်နှုန်းမျှသာရှိခြင်းက သူ့ကို စိတ်ရှုပ်ထွေးသွားစေခဲ့ကာ သူက တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ကြည့်ရတာ ဒီအဆီအနှစ်စုစည်းခြင်းဆေးလုံးကို ချန်ထားလို့ မရတော့မယ့်ပုံပဲ…”
စီနီယာအစ်ကိုချင်က ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ပိုးထည်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်ကာ ပြုံး၍ ပြောလိုက်သည်။
“ငါ့ဆီမှာ အဆီအနှစ်စုစည်းခြင်းဆေးလုံး တစ်လုံး ရှိသေးတယ်။ မင်း အရင်ယူပြီး သုံးလိုက်ပါ။”
လီချယ်ကျင်းက အထူးပင် ကျေးဇူးတင်ရှိသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပုလင်းကို လှမ်းယူကာ ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်!”
စီနီယာအစ်ကိုချင်သည် ရင်ထဲက နှမြောတသမှုများကို အောင့်အီးမြိုသိပ်ကာ မျက်နှာထက်က အပြုံးကို ဆက်လက်ထိန်းသိမ်းထားပြီး ညင်သာစွာဖြင့် ပြောလိုက်သည်။
“ပြင်ဆင်တာ ပြီးပြီဆိုရင် တံခါးပိတ်ကျင့်ကြံပြီး အဆင့်တက်လိုက်တော့!”
ထိုအခါမှသာ လီချယ်ကျင်းက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး တောင်အောက်သို့ ဖြည်းညှင်းစွာ ဆင်းလိုက်သည်။ ထိုစီနီယာအစ်ကိုချင်နှင့် ဘေးချင်းကပ်ကာ ဖြတ်ကျော်သွားစဉ် အေးစက်လှသော စကားတစ်ခွန်းက သူ့နားထဲသို့ တိုးဝင်လာခဲ့သည်။
“လီချယ်ကျင်း မင်းရဲ့အခြေတည်အဆင့်ကို တက်လှမ်းတာက အောင်မြင်တာပဲ ရှိရမယ်။ လုံးဝ ကျရှုံးလို့မရဘူး။ မဟုတ်ရင်တော့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို မင်း သိချင်မှာ မဟုတ်ဘူး။”
လီချယ်ကျင်း၏ ခြေလှမ်းများသည် ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် သူသည် စီနီယာအစ်ကိုချင်၏ မျက်နှာထက်က နွေးထွေးလှသော အပြုံးကို မော့ကြည့်ကာ မတတ်သာဟန်ဖြင့် ရယ်မောလျှက် ခေါင်းခါလိုက်ပြီး တောင်အောက်သို့ ဆင်းသွားခဲ့တော့သည်။
စီနီယာအစ်ကိုချင်ကမူ လီချယ်ကျင်း၏ ထွက်ခွာသွားသော ကျောပြင်ကို အေးစက်စွာ စိုက်ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဆေးလုံးနည်းနည်းလောက်က ဘာဖြစ်သေးလဲ။ သူက သေတော့မယ့်လူတစ်ယောက်ပဲ။ ပေးရင်လည်း ပေးလိုက်ရုံပေါ့။ ဒါပေမဲ့ ဘိုးဘေးကြီးရဲ့ မူလအဆီအနှစ်ဆေးလုံးကတော့ ဘာအမှားအယွင်းမှ လုံးဝ အဖြစ်မခံနိုင်ဘူး။”
xxxxxxxxxx
လီချယ်ကျင်းသည် တောင်အောက်သို့ ဆင်းလာခဲ့ပြီး ခဏအကြာ စဉ်းစားလိုက်ကာ တောင်ခြေရှိ လှပသော အဆောင်ငယ်လေးတစ်ခုအတွင်းသို့ လှမ်းဝင်လိုက်သည်။ သူသည် ဝါဖျော့ဖျော့ သစ်တော်သီးသား လှေကားအတိုင်း ဖြည်းဖြည်းချင်း တက်လှမ်းခဲ့ရာ နီညိုရောင် စားပွဲခုံလေးပေါ်တွင် မူးယစ်ကာ မှောက်ခုံအိပ်ပျော်နေသော လူငယ်လေးတစ်ဦးကို လှမ်းမြင်လိုက်ရသည်။
“တုန်းချုံကျိ”
လီချယ်ကျင်းက သူ့ကို ဆွဲမလိုက်ပြီး လက်ထဲတွင် လရောင်ဆောင်းဦးအဆီအနှစ်များကို လျှင်မြန်စွာ စုစည်းကာ ကြည်လင်လှသော မြစ်ရေလက်တစ်ဆုပ်စာကို ဖန်တီးလိုက်ပြီး သူ၏ မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် ဖြန်းပက်ပစ်လိုက်သည်။
ထိုမြစ်ရေကြောင့် တုန်းချုံကျိမှာ မူးနောက်သွားခဲ့ရသည်။ ရေများက သူ၏ ဆံစများအတိုင်း အောက်သို့ စီးဆင်းသွားကာ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် ချက်ချင်းပင် ဝိညာဉ်ချီအဖြစ် အငွေ့ပျံသွားခဲ့သည်။ ဤကဲ့သို့သော မန္တန်အသုံးပြုမှုသည် သိမ်မွေ့လွန်းလှသဖြင့် မန္တန်ဖော်ဆောင်သူ၏ ကျင့်ကြံခြင်းက မည်မျှအထိ နက်ရှိုင်းသည်ကို အထင်အရှား သိရှိနိုင်ပေသည်။
တုန်းချုံကျိသည် ရုတ်တရက် လန့်နိုးလာခဲ့ပြီး လီချယ်ကျင်းကို မော့ကြည့်ကာ အိပ်ချင်မူးတူးဖြင့် ခေါင်းခါယမ်းလျှက် အူကြောင်ကြောင်ပြုံးကာ ပြောလိုက်သည်။
“ညီအစ်ကိုကျင်း၊ မင်း ဒီနေ့ စောစောရောက်လာတာပဲ”
လီချယ်ကျင်းက ညင်သာစွာ ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိ အရက်အိုးများထဲတွင် ဟိုရှာဒီရှာလုပ်ကာ နောက်ဆုံးတွင် အရက်တစ်ခွက်စာ စုမိသွားခဲ့သဖြင့် တစ်ကျိုက်မျှ သောက်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော် မနက်ဖြန်ကျရင် အခြေတည်အဆင့်ကို အဆင့်တက်ဖို့ ကြိုးစားတော့မယ်”
တုန်းချုံကျိသည် ရုတ်တရက် ဆွံ့အသွားခဲ့ရသည်။ သူက မျက်ဝန်းအစုံတွင် မျက်ရည်များဖြင့် မော့ကြည့်လိုက်ကာ ရှိုက်ကြီးတငင်အသံဖြင့် ပြောလိုက်သည်။
“ညီအစ်ကိုကျင်း မင်း သေသေချာချာ စဉ်းစားပြီးပြီလား”
လီချယ်ကျင်းက ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဝါးမြိုခံရရုံပဲ မဟုတ်ဘူးလား။”
တုန်းချုံကျိသည် ခဏမျှ ဆွံ့အသွားခဲ့ရပြီး စကားတစ်ခွန်းမှ မဆိုဘဲ ခွက်ကို မြှောက်လိုက်သော်လည်း ခွက်ထဲတွင် အရက်မရှိတော့ကြောင်း တွေ့ရှိလိုက်ရသဖြင့် ညည်းတွားလိုက်သည်။
“မင်းက ပိုပြီး စိတ်သဘောထား ပြည့်ဝတဲ့သူပဲ။”
လီချယ်ကျင်းက တိုးညှင်းစွာ ရယ်မောလိုက်ပြီး ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော်တို့တွေ ဒီနှစ်တွေထဲမှာ ရှင်းရှင်းလင်းလင်း သိရှိထားကြပြီးပြီပဲ။ ကျွန်တော်က အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခင်ဗျားက အရန်ပါဝင်ပစ္စည်းပဲ။ ကျွန်တော်တို့တွေ ဘယ်လိုနတ်ဘုရားဆေးလုံးမျိုးများ ဖြစ်လာမလဲမသိဘူး…”
လီချယ်ကျင်းသည် ခွက်ထဲရှိ အရက်များကို တစ်ကျိုက်တည်း မော့ပစ်လိုက်ပြီးနောက် လှည့်ကာ အဆောင်ငယ်လေးထဲက ထွက်ခွာသွားခဲ့ရာ ငေးကြောင်နေသော တုန်းချုံကျိနှင့် လေထုထဲတွင် ပျံ့လွင့်နေခဲ့သော စကားတစ်ခွန်းသာ ကျန်ရစ်တော့သည်။
“ဒီအရက်က သိပ်မပြင်းဘူးပဲ။”
လီချယ်ကျင်းသည် အဆောင်ငယ်လေးထဲမှ ထွက်လာပြီးနောက် တောင်တန်းကြားရှိ ဂူတစ်ခုဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားလိုက်သည်။ သူက ကျောက်တံခါးကို ခပ်ဖွဖွ ခေါက်လိုက်ရာ မကြာမီအချိန်အတွင်းမှာပင် တစ်စုံတစ်ယောက်က လာရောက်တံခါးဖွင့်ပေးလိုက်သည်။
“ကျင်းအာ…”
လာရောက်တံခါးဖွင့်ပေးသူမှာ အခြားသူမဟုတ်ဘဲ စီနီယာအစ်ကိုကြီး ရှောင်ယွမ်စစ်ဖြစ်ပြီး လက်ထဲတွင်လည်း ဆေးဘက်ဝင်အပင်အချို့ကို ကိုင်ဆောင်ထားခဲ့သည်။ သူသည် လီချယ်ကျင်းကို မြင်လိုက်ရသောအခါ သူ့မျက်နှာထက်တွင် နောင်တနှင့် အားနာမှုများ ပြည့်နှက်သွားကာ သူက တိုးညှင်းစွာ ခေါ်လိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော့်ကို အထဲကို မခေါ်တော့ဘူးလား”
လီချယ်ကျင်းက ပြုံးစိစိဖြင့် ပြောလိုက်ရာ ရှောင်းယွမ်စစ်က ကပျာကယာ ဘေးသို့ဖယ်ကာ အတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး ကျောက်စားပွဲပေါ်တွင် လက်ဖက်ရည်ကို တည်ခင်းပေးကာ လီချီကျင်းကို ငေးမောကြည့်နေမိသည်။
“စီနီယာအစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းကလည်း ချီကျင့်ကြံခြင်းအဆင့် အထွဋ်အထိပ်ကို ရောက်ရှိနေပြီပဲ။ အခြေတည်အဆင့်ကို အဆင့်တက်နိုင်ဖို့ စီနီယာအစ်ကိုကြီး ဘယ်လောက်ယုံကြည်မှုရှိလဲ။”
ထိုစကားကို ကြားသောအခါ ရှောင်ယွမ်စစ်က ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါက မင်းကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ အခုတော့ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်ပဲ သေချာမှုရှိတယ်။ နောက်ထပ် နှစ်နည်းနည်းငယ်လောက် ထပ်ပြီး ပြင်ဆင်ရဦးမယ်။”
လီချယ်ကျင်းက ခေါင်းညိတ်လိုက်ပြီး အလာပ သလ္လာပစကားအချို့ ပြောဆိုလိုက်ပြီး နောက်ဆုံးတွင် ပင်မအကြောင်းအရာဆီသို့ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ကျွန်တော် ဒီတစ်ခေါက် လာရတာကတော့ စီနီယာအစ်ကိုကြီးကို အပ်နှံစရာ ကိစ္စအချို့ ရှိနေလို့ပါ။”
“ပြောပါ ကျင်းအာ…”
လီချယ်ကျင်းက ကျောက်စိမ်းပုလင်းလေးကို ထုတ်ယူလိုက်ပြီး ရှင်းပြလိုက်သည်။
“ဒါက စီနီယာအစ်ကိုကျစ်ယွင် ပေးအပ်ထားတဲ့ အဆီအနှစ်စုစည်းခြင်းဆေးလုံးပါ။ စီနီယာအစ်ကိုကြီးအနေနဲ့ ကျွန်တော့်ကိုယ်စား အိမ်ကို ပြန်ယူဆောင်သွားပေးဖို့ တောင်းဆိုပါရစေ။”
ရှောင်ယွမ်စစ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
“ဒါဆိုရင် မင်းကရော…”
“ကျွန်တော် ဒါကို သုံးဖို့မလိုပါဘူး။”
လီချယ်ကျင်းက ခေါင်းခါယမ်းလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်ကာ သိုလှောင်အိတ်ထဲမှ ပစ္စည်းအချို့ကို ထပ်မံထုတ်ယူလိုက်ပြီး တစ်ခုပြီးတစ်ခု ရှင်းပြလိုက်သည်။
“ဒီနှစ်တွေထဲမှာ ကျွန်တော် အကျိုးဆောင်အမှတ်တွေကို စုထားပြီး ဆေးဖော်စပ်ခြင်းနဲ့ဆိုင်တဲ့ ကျင့်စဉ်အမွေအနှစ်တစ်ခုနဲ့ လဲလှယ်ထားခဲ့တယ်။ လီရွှမ်ဖုန်းက လေးကို အသုံးပြုတာ ကျွမ်းကျင်ပြီး အစ်ကိုရှန်းဖျင်ကလည်း လေးကို အသုံးပြုတာဆိုတော့ ဒီလျှို့ဝှက်ကျင့်စဉ်ကိုလည်း လဲလှယ်ပေးခဲ့တယ်။ ကျန်တာတွေကိုတော့ ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်လိုက်ပြီး စုစုပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ဒါ့အပြင် ဒီနှစ်တွေမှာ ကျွန်တော်ရေးဆွဲထားခဲ့တဲ့ အဆောင်အချို့လည်း ပါသေးတယ်။ စီနီယာအစ်ကိုကြီးအနေနဲ့ အားလုံးကို အတူတူ ယူဆောင်သွားပေးပါ။”
ရှောင်ယွမ်စစ်သည် လီချယ်ကျင်း၏ ဆိုလိုရင်းကို ကောင်းစွာ နားလည်ပေသည်။ သူသည် နားထောင်နေရင်း မျက်ဝန်းအစုံမှ မျက်ရည်များ ဝဲတက်လာခဲ့ကာ ဝမ်းနည်းပူဆွေးလှသော လေသံဖြင့် ပြောလိုက်သည်။
“ကျင်းအာ ငါတို့ ချင်စွေ့တောင်ထွဋ်က မင်းအပေါ် တောင်းပန်ဖို့ အကြွေးတင်နေတယ်!”
လီချယ်ကျင်းသည် ခဏမျှ ဆွံ့အသွားခဲ့ရပြီး ခေါင်းခါလျှက် ရယ်မောကာ ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး ဘာလို့ ဒီလိုပြောရတာလဲ။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းတွေဟာ ချင်စွေ့တောင်ထွဋ်က ပေးအပ်ထားတာမို့လို့ အခု ဂိုဏ်းကို ပြန်ပေးရတာက ဘာမှ မှားယွင်းတာ မရှိပါဘူး။ စီနီယာအစ်ကိုကြီးအနေနဲ့ လူအများရဲ့ စွပ်စွဲပြောဆိုစရာ မဖြစ်သွားပါစေနဲ့။”
“ဂိုဏ်းက ဘယ်လိုပဲဖြစ်နေပါစေ။ ရှောင်မိသားစုနဲ့ ချင်စွေ့တောင်ထွဋ်က ကျွန်တော်နဲ့ လီမိသားစုအတွက် အများကြီး ကူညီပေးခဲ့တာမို့ ချယ်ကျင်းနဲ့ လီကျင်း လီမိသားစုက ဒါတွေအားလုံးကို နှလုံးသားထဲမှာ အမြဲတမ်း မှတ်သားထားမှာပါ!”
ထိုသို့ပြောပြီးသည်နှင့် လီချယ်ကျင်းက မတ်တတ်ရပ်လိုက်ပြီး မြောက်ဘက်ရှိ အကျဉ်းထောင်မျှော်စင်အတွင်း ပိတ်လှောင်ခြင်းခံထားရသော စစ်ယွမ်ပိုင်ရှိရာ အရပ်ဆီသို့ ဦးတည်ကာ ရိုသေလေးစားစွာဖြင့် သုံးကြိမ်ဒူးထောက်ပြီး ကိုးကြိမ်ဦးချ ကန်တော့လိုက်သည်။ ထို့နောက် ရှောင်းယွမ်စစ်ကိုလည်း ရိုသေစွာဖြင့် ထပ်မံဦးညွှတ်ဂါရဝပြုလိုက်ပြီး သူ့မျက်နှာထက်တွင် နောက်ဆုံး၌ မျက်ရည်များ ပြည့်နှက်လာခဲ့ကာ အက်ရှရှ လေသံဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး အနာဂတ်မှာ ကျွန်တော့်မိသားစုကို စီနီယာအစ်ကိုကြီးရဲ့ လက်ထဲကိုပဲ အပ်ခဲ့ပါရစေ!”
ရှောင်ယွမ်စစ်က တည်ကြည်စွာဖြင့် ထရပ်လိုက်ပြီး လေးနက်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကျင်းအာ၊ ငါ ရှောင်ယွမ်စစ် မသေမချင်း လီမိသားစုရဲ့အမွေအနှစ် လုံးဝ မပြတ်တောက်သွားစေရဘူး!”
လီချယ်ကျင်းသည် မျက်ရည်များကို သုတ်လိုက်ပြီး ပြုံးကာ ရှောင်ယွမ်စစ်ကို ဖက်လိုက်သည်။ ထို့နောက် စီနီယာအစ်ကိုကြီးက ခေါင်းကို အနည်းငယ်ငုံ့လိုက်ကာ ညင်သာစွာ မေးလိုက်သည်ကို ကြားလိုက်ရသည်။
“မင်းမှာ အခြားဆန္ဒ ရှိသေးလား။”
လီချယ်ကျင်းက ဟားတိုက်ရယ်မောလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“ဒီဘဝမှာ ကျွန်တော့်ရဲ့ဆန္ဒတွေအားလုံး ပြည့်သွားခဲ့ပါပြီ။ တကယ်ပဲ အခြားဆန္ဒတစ်ခု ကျန်ရှိနေသေးလား ဆိုရင်တော့... ကျွန်တော်တို့ကို သုံးပြီး ဆေးလုံးဖော်စပ်ချင်နေတဲ့ အဲဒီခရမ်းရောင်စံအိမ်တော်အဆင့် ဘိုးဘေးကြီး ရွှေအမြုတေအဆင့်ကို အဆင့်တက်ဖို့ ကြိုးစားတဲ့အခါမှာ ကျရှုံးပြီး သက်တမ်းကုန်ဆုံးသွားပြီးတော့ သေဆုံးသွားဖို့ပါပဲ!”