← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း - (၉၉)

ဝန်းရံသတ်ဖြတ်ခြင်း - ၁

လီထုန်ယာသည် ကျောက်စိမ်းအညွန့်ဆေးလုံးကို သောက်သုံးလိုက်သောအခါ သူ့ကိုယ်တွင်းရှိ မန္နာစွမ်းအင်များ ဝုန်းခနဲ လှုပ်ရှားလာခဲ့ပြီး ချိဟိုင်အပ်စိုက်မှတ်အတွင်း ဝိညာဉ်ချီများ ပြည့်လျှံလာခဲ့ကာ ချီကျင့်ကြံခြင်းအဆင့်၏ တတိယမြောက်ကောင်းကင်ဘုံအလွှာသို့ ချောချောမွေ့မွေ့ တက်လှမ်းအောင်မြင်သွားခဲ့သည်။

ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အဆင့်တိုင်းတွင် ကြုံတွေ့ရသော အတားအဆီးများနှင့် နှိုင်းယှဉ်လျှင် ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံခြင်းက ပိုမိုဖြောင့်ဖြူးလေ့ ရှိပေသည်။ အချို့သော ဂိုဏ်းကြီးများတွင် ချီကျင့်ကြံခြင်းအဆင့်ကို အစောပိုင်း၊ အလယ်ပိုင်းနှင့် နှောင်းပိုင်း ဟူ၍ အဆင့်သုံးဆင့်သာ ခွဲခြားထားကြသည်။ ချီကျင့်ကြံခြင်းအဆင့်တစ်ခုလုံးသည် ကျင့်စဉ်စွမ်းအားများကို စုဆောင်းခြင်းမျှသာဖြစ်ကာ အတားအဆီးအားလုံးသည် နောက်ဆုံးတွင် ချီကျင့်ကြံခြင်းအဆင့်မှ အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် အလွန်ခိုင်မာလှသော အတားအဆီးတစ်ခုအဖြစ် ပေါင်းစပ်သွားကြသည်။

လီထုန်ယာသည် အဆင့်တက်ရန် တစ်ညတာ အချိန်ယူခဲ့ရပြီး ကျင့်စဉ်အဆင့် တည်ငြိမ်စေရန်အတွက် နောက်ထပ် နှစ်ရက်ခန့် အချိန်ယူခဲ့သည်။ နေ့ရက်များကို ရေတွက်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။

“ငါက အခု ချီကျင့်ကြံခြင်းအဆင့်ရဲ့ တတိယမြောက်ကောင်းကင်ဘုံအလွှာကို ရောက်နေပြီဆိုတော့ ကျင်းအာလည်း ချီကျင့်ကြံခြင်း အထွဋ်အထိပ်အဆင့်ကို ရောက်နေလောက်ပြီ။ အခြေတည်အဆင့်ကို အဆင့်တက်ဖို့ ဘယ်လောက်နီးစပ်နေပြီလဲ မသိဘူး။ တောင်ပိုင်းနယ်စပ်က အရမ်းအန္တရာယ်များတယ်လို့ ကောလာဟလတွေ ကြားဖူးတာမို့ သူ ဒဏ်ရာတွေဘာတွေကော ရထားသေးလား မသိဘူး။”

လီထုန်ယာသည် သူ့နှလုံးသားထဲတွင် သံသယများ ပြည့်နှက်သွားကာ စိတ်ထဲတွင် တွေးတောလိုက်မိသည်။

“သူ အဲဒီကိုသွားတာ နှစ်အတော်ကြာပြီ ဆိုပေမယ့် အိမ်ကို စာတစ်စောင်တောင်မှ ပြန်မပို့ဘူးပဲ…”

လီထုန်ယာသည် သူ့ရင်ထဲရှိ မတည်ငြိမ်မှုများကို ဖိနှိပ်လိုက်ကာ မေချယ်တောင် ဂူထဲမှ ထွက်လာခဲ့ပြီး လီရွှမ်ရွှမ်ကို ခေါ်ယူကာ တိုးညှင်းစွာ မေးမြန်းလိုက်သည်။

“ဒီနှစ်အတွက် ဝူကျားပိုးကောင်တွေ ချည်မျှင်ထုတ်ကြပြီလား။”

“ဒုတိယဦးလေးကို တင်ပြပါတယ်။ သုံးကြိမ် ထုတ်ခဲ့ကြပြီး စုစုပေါင်း ပိုးချည်မျှင်ခြောက်ခု ရရှိခဲ့ပါတယ်။”

လီရွှမ်ရွှမ်သည် လီရွှမ်ဖုန်း အမဲလိုက်လာခဲ့သော နတ်ဆိုးသတ္တဝါများကို စီမံခန့်ခွဲရင်း အလုပ်ရှုပ်နေခဲ့သဖြင့် တစ်ညလုံး အိပ်ရသေးဟန် မရပေ။ သူ့ကိုယ်ပေါ်တွင် ဖုန်မှုန့်များပင် ပေကျံနေဆဲဖြစ်သည်။

“လူတွေကို ချည်ငင်ခိုင်းပြီး တစ်ပေလောက်ရှိတဲ့ ဝိညာဉ်အဝတ်စအဖြစ် ရက်လုပ်ခိုင်းလိုက်။”

လီထုန်ယာက မေးစေ့ကို ပွတ်သပ်ရင်း လီရွှမ်ရွှမ် ခေါင်းညိတ်ကာ ထွက်ခွာသွားသည်ကို ကြည့်ပြီး စိတ်ထဲတွင် တွေးနေမိသည်။

“ဒီဝိညာဉ်အဝတ်စကပဲ ဝိညာဉ်အာရုံကို တားဆီးနိုင်မှာ။ အဲဒါကိုယူပြီး မျက်နှာဖုံးအဖြစ် သုံးရမယ်။ အနည်းဆုံးတော့ လူတွေ ငါ့ရဲ့ရုပ်ရည်ကို မမှတ်မိသွားအောင်ပေါ့။ နှမြောစရာကောင်းတာက ချည်မျှင်အရေအတွက်က အရမ်းနည်းလွန်းနေတာပဲ။ အကယ်၍ ဝတ်ရုံအဖြစ် ချုပ်လုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပဲ။”

လီထုန်ယာသည် စင်ပေါ်တွင် ရှိနေသော လီချယ်ကျင်း ချန်ထားခဲ့သည့် သစ်သားပေလွှာကို လှမ်းယူလိုက်သည်။ သူသည် ၎င်းကို အကြိမ်ပေါင်းမည်မျှအထိ ဖတ်ရှုခဲ့ဖူးမှန်း မသိတော့ချေ။ ထိုအရာကို ချည်နှောင်ထားသော နွားသားရေကြိုးကလေးမှာပင် ပွန်းပဲ့ပျက်စီးနေခဲ့ပြီဖြစ်သည်။ သူ ၎င်းကို ဖတ်ရှုလိုက်သည့်အကြိမ်တိုင်း အတွင်း၌ရှိနေသော ဆန်းကြယ်မှုများကြောင့် အမြဲတမ်း အံ့ဩမိရပေသည်။

လီထုန်ယာသည် ‘လဗိမာန်ဓားချက်’ ကို ဆယ်စုနှစ်တစ်ခုကျော်တိုင်တိုင် ဖတ်ရှုခဲ့ပြီးဖြစ်ရာ အားလုံးကို အလွတ်မှတ်မိနေပြီ ဖြစ်သည်။ ၎င်းသည် မန္နာစွမ်းအင်စားသုံးမှု အလွန်တရာ ကြီးမားလှသဖြင့် တကယ့်တိုက်ပွဲများအတွင်း တစ်ခါမျှ ထုတ်ဖော်အသုံးပြုခြင်း မရှိခဲ့ဖူးချေ။

“ဓားသိုင်းပညာမှာ ပါရမီချင်းကတော့ တကယ်ပဲ နှိုင်းယှဉ်လို့ မရဘူးပဲ…”

လီထုန်ယာက ခါးသီးစွာ ပြုံးလိုက်မိသည်။ လီမိသားစု၏ မျိုးဆက်သစ် လူငယ်များသည်လည်း နက်ရှိုင်းဒီရေဓားသိုင်းနှင့် လီချယ်ကျင်း ရေးသားခဲ့သော လဗိမာန်ဓားချက်တို့ကို ဖတ်ရှုဖူးကြသော်လည်း သူ၏သားကြီးဖြစ်သူ လီရွှမ်လင်တစ်ဦးတည်းသာ ပါရမီအနည်းငယ်ရှိပြီး လီရွှမ်ဖုန်းနှင့် လီရွှမ်ရွှမ်တို့မှာမူ လုံးဝ နားမလည်နိုင်ခဲ့ကြချေ။

လီထုန်ယာသည် ထိုဓားသိုင်းကို လှန်လျောဖတ်ရှုနေခဲ့သည်။ အတန်ကြာဖတ်ရှုပြီးနောက် လီရွှမ်ရွှမ်က ဝိညာဉ်အဝတ်စကို ယူဆောင်လာခဲ့သည်။ လီထုန်ယာသည် ဤမီးခိုးရောင် အဝတ်စကလေးကို လှမ်းယူလိုက်ပြီး သူ၏ ဝိညာဉ်အာရုံဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သောအခါ အမှန်ပင် ထိုးဖောက်၍မရကြောင်း တွေ့ရှိလိုက်ရသည်။ သူက ခေါင်းညိတ်ကာ ပိတ်စကို သိမ်းဆည်းလိုက်ကာ ထရပ်လိုက်ပြီး ဂူအတွင်းမှ ထွက်ခွာလာခဲ့တော့သည်။

လီထုန်ယာသည် သိုလှောင်အိတ်ထဲမှ ဒဏ်ရာကုဆေးလုံးများ ထည့်ထားသော ကျောက်စိမ်းပုလင်းအချို့ကို ထုတ်ယူ၍ သေချာစွာ သိမ်းဆည်းလိုက်သည်။ ထိို့နောက် သူသည် သိုလှောင်အိတ်ကိုဖြုတ်၍ လီရွှမ်ရွှမ်ထံသို့ ပေးလိုက်သည်။ လုစစ်စစ်သည် လေဟုန်ကိုစီးကာ တောင်ခြေသို့ ညင်သာစွာ ဆင်းသက်လာခဲ့ပြီဖြစ်ရာ လီထုန်ယာက လေထဲသို့ ပျံတက်လိုက်ပြီး သူ၏ဘေးနားသို့ တိတ်တဆိတ် ဆင်းသက်လိုက်ကာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

“စီနီယာလု”

လုစစ်စစ်က ခေါင်းညိတ်ပြလိုက်သည်။ ၎င်းတို့နှစ်ဦးသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ လေဟုန်ကိုစီးကာ အရှေ့ဘက်ဆီသို့ ဦးတည်ပျံသန်းလာခဲ့ကြသည်။ လီထုန်ယာသည် သူ၏အနောက်မှနေ၍ မနှေးမမြန် လိုက်ပါလာခဲ့ရာ လုစစ်စစ်၏ တစ်ကိုယ်လုံးတွင် စင်ကြယ်ချီများ ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ အဆီအနှစ်စွမ်းအင်မှာလည်း ယွဲ့တောင်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် များစွာ ပိုမိုသန့်စင်သည်ဖြစ်ရာ လီထုန်ယာက စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။

“လုကလန်ကလည်း လမ်းမှန်ကျင့်စဉ်ကို ကျင့်ကြံထားတာပဲ။ သူတို့စုပ်ယူထားတာက သေးငယ်တဲ့ စင်ကြယ်ဝိညာဉ်ချီ ဖြစ်ရမယ်။”

လွန်ခဲ့သော နှစ်ပေါင်းများစွာက လီထုန်ယာသည် ဝမ့်ယွမ်ခိုင်နှင့်အတူ အခွန်ဘဏ္ဍာများ သွားရောက်ပေးဆောင်စဉ်က လုကလန်၏ ချီကျင့်ကြံခြင်းသည် ဤသေးငယ်သော စင်ကြယ်ဝိညာဉ်ချီကို အသုံးပြုထားခြင်းဖြစ်ကြောင်း ကြားဖူးခဲ့သည်။ ယခုအခါတွင်မူ ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

သူတို့နှစ်ဦးသည် အတန်ကြာ လေဟုန်စီးကာ သွားလာပြီးနောက် ဝေးကွာလှသောအရပ်မှ ဟွာချန်တောင်၏ပုံရိပ်သည် သူတို့မျက်စိရှေ့တွင် ရိုးတိုးရိပ်တိပ် ပေါ်ထွက်လာခဲ့သည်။ လုစစ်စစ်သည် ရုတ်တရက် ပျံသန်းနေသည့်အမြင့်ကို မြှင့်တင်လိုက်ကာ ဘယ်ဘက်လက်ဖြင့် သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်ပြီး အဆောင်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

“ဝှစ်”

လုစစ်စစ်က လက်ကိုဝှေ့ယမ်းကာ အဆောင်စာရွက်ကို ပစ်လွှတ်လိုက်ရာ ထိုအဆောင်စာရွက်သည် ကောင်းကင်ယံထက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့ပြီး အထက်လေထုထဲတွင် ရဲရဲနီသော ပန်းပွင့်ကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ ချက်ချင်းပင် တောအုပ်အတွင်းမှ အရိပ်ပေါင်းများစွာသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဖြတ်သန်းပြေးလွှားလာကြတော့သည်။

ဟွာချန်တောင်ပေါ်ရှိ လူများ၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်လှပေသည်။ တစ်ပိုင်းတစ်စ ကြည်လင်နေသော အကာအကွယ်အတားအဆီးတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး တောင်တန်းကြားမှ ပုံရိပ်နှစ်ခု လေထဲသို့ ပျံတက်လာခဲ့သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူသည် လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် လက်ထဲတွင် ဆေဘာရှည်ကြီးကို ကိုင်စွဲထားသည်။ ထိုသူသည် ကျီတုန်းချီပင် ဖြစ်တော့သည်။

“မင်းက တကယ်ပဲ ဟွာချန်တောင်မှာ ရှိနေတာလား။”

လုစစ်စစ်၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ့လက်ထဲရှိ ကျောက်စိမ်းကျိုင်းတုတ်က အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းထွက်သွားခဲ့ပြီး ရယ်မောကာ အော်ဟစ်လိုက်သည်။

“ဒါလည်း ကောင်းတာပါပဲ။ မင်းကို ချောင်းမြောင်းတိုက်ခိုက်နေဖို့ မလိုတော့ဘူးပေါ့။ ညီအစ်ကိုအန်း ထွက်လာခဲ့တော့!”

လုစစ်စစ်၏ စကားသံ ဆုံးသွားသည်နှင့် တောအုပ်အတွင်းမှ နောက်ထပ်လူတစ်ဦး ပျံတက်လာခဲ့သည်။ လီထုန်ယာက ခေါင်းကို အနည်းငယ်စောင်းလျှက် ကြည့်လိုက်သောအခါ ထိုသူသည် တစ်ကိုယ်လုံးတွင် မုတ်ဆိတ်မွေးများဖြင့် ပြည့်နှက်နေပြီး ခေါင်းတွင်မူ ကတုံးပြောင်ကြီး ဖြစ်နေသည်။ သူ၏အရှိန်အဝါကို အကဲခတ်ခြင်းအားဖြင့် သူ့ကိုယ်တွင်း၌ အဆီအနှစ်စွမ်းအင်များ လှည့်ပတ်စီးဆင်းနေခဲ့ပြီး ချီကျင့်ကြံခြင်း အလယ်ပိုင်းအဆင့်ရှိကြောင်း သိနိုင်ပေသည်။

“လုစစ်စစ်!”

ကျီတုန်းချီက မျက်လုံးများကို အေးစက်စွာ မှေးကျဉ်းလိုက်ပြီး ၎င်းတို့လူစုကို အသက်ရှုကြိမ် နှစ်ကြိမ်စာမျှ စိုက်ကြည့်လိုက်ကာ ဆေဘာတစ်ချက်ဖြင့် ထိုကျောက်စိမ်းကျိုင်းတုတ်ကို ကာကွယ်လိုက်ပြီးနောက် ရုတ်တရက် အော်ဟစ်မေးမြန်းလိုက်သည်။

“ရွှေရောင်ထန်ဂိတ်မှာ ဘာတွေဖြစ်နေတာလဲ”

လီထုန်ယာသည် ဆိုးဆိုးဝါးဝါး မျက်နှာပျက်နေသော ကျီတုန်းချီကို စိုက်ကြည့်လိုက်ရင်း ရုတ်တရက် ယွဲ့တောင်သားများ လျှပ်တပြတ် တိုက်ခိုက်လာသည့်နေ့က မိမိကိုယ်တိုင်နှင့် အေးစက်လှသော “တောင့်ခံထားပါ” ဟူသော စာလုံးလေးလုံးကို ပြန်လည်မြင်ယောင်လာခဲ့သဖြင့် ချက်ချင်းပင် သဘောပေါက်သွားခဲ့တော့သည်။

“ယွဲ့တောင်တွေနဲ့ စိမ်းပြာရေအိုင်ဂိုဏ်းတို့ သဘောတူညီချက် ရယူထားသလိုပဲ ဖြစ်ရမယ်။ အခုအချိန်မှာ ဝိုင်းရံတိုက်ခိုက်ခြင်း ခံနေရပြီး အစွန့်ပစ်ခံလိုက်ရတဲ့ ကလန်အသီးသီးဟာလည်း စိမ်းပြာရေအိုင်ဂိုဏ်းနဲ့ ရွှေရောင်ထန်ဂိတ်တို့ရဲ့ သဘောတူညီမှုတွေထဲမှာ ပါဝင်နေတာမို့လို့ ကြည့်ရတာ ကျီတုန်းချီတစ်ယောက် ဘာသတင်းမှ လုံးဝမရခဲ့တာ ဖြစ်ရမယ်…”

ကျီတုန်းချီက ထိုလူနှစ်ဦးနှင့် စတင်တိုက်ခိုက်နေသည်ကို မြင်လိုက်ရသဖြင့် လီထုန်ယာသည်လည်း သဘောတူညီချက်အတိုင်း ကျီမိသားစုမှ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူကို သွားရောက်တိုက်ခိုက်လိုက်တော့သည်။

ထိုသူသည် လက်ထဲတွင် တုတ်ရှည်တစ်ချောင်းကို ကိုင်စွဲထားခဲ့သည်။ သူ၏ရုပ်ရည်က အလွန်နုပျိုကာ အသက် ၂၈၊ ၂၉ နှစ်ခန့်သာ ရှိပုံရပြီး မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်တင်းမာမှုများနှင့် ပြည့်နှက်နေခဲ့သည်။ လီထုန်ယာက လက်ကို အသာအယာ မြှောက်လိုက်ရာ ဓားချီတစ်ချက် ဖြတ်သန်းသွားပြီးနောက် ထိုသူသည် အဆက်မပြတ် နောက်ဆုတ်သွားခဲ့ရတော့သည်။

“ဒီကလေးရဲ့ ပါရမီကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ကြည့်ရတာ နှစ်ပေါင်း ၂၀ ကျော်လုံးလုံး ကျင့်ကြံခြင်းတစ်ခုတည်းကိုပဲ အာရုံစိုက်ထားခဲ့ပုံရပြီး မန္တန်တွေဖော်ဆောင်တဲ့အခါမှာ ချောမွေ့မှုမရှိဘဲ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတယ်။”

လီထုန်ယာသည် နောက်ထပ် ဓားတစ်ချက်ဖြင့် သူ့ကို အတင်းအကျပ် ဆုတ်ခွာစေခဲ့ပြီး သူ့လက်ထဲက တုတ်ရှည်ကြီးမှာလည်း လွတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ ကျီတုန်းချီသည် လူနှစ်ဦးနှင့် တိုက်ခိုက်နေရသဖြင့် အခြေအနေ မဟန်တော့ဘဲ မျက်လုံးထောင့်မှ ဝေ့ကြည့်ကာ အော်ဟစ်ပြောဆိုလိုက်တော့သည်။

“ဟိုဓားသိုင်းသုံးတဲ့ မိတ်ဆွေ! ငါတို့ ကျီမိသားစုဟာ ရွှေရောင်ထန်ဂိတ် သခင်လေးရဲ့ နောက်လိုက်တွေပဲ။ အဲဒီလူနှစ်ယောက်ရဲ့ လှည့်စားမှုကို လုံးဝမခံပါနဲ့။ မင်း အခုပဲ ဆုတ်ခွာသွားမယ်ဆိုရင် ငါတို့ကျီမိသားစုအနေနဲ့ မင်းကို ရန်ငြှိုးထားမှာ မဟုတ်ဘူး!”

လီထုန်ယာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဓားတစ်ချက်ဖြင့် ထိုလူ၏ တုတ်ရှည်ကြီးကို လွင့်စင်သွားအောင် တိုက်ခိုက်လိုက်ပြီး သရဲဝင်ပူးခံလိုက်ရသကဲ့သို့ အသံမျိုးဖြင့် အော်ဟစ်လိုက်သည်။

“ငါ့မျိုးရိုးနာမည်က ဝမ့်ပဲ!”

ကျီတုန်းချီသည် ချက်ချင်းပင် ဆွံ့အသွားခဲ့ရပြီး ဓားတစ်ချက်ဖြင့် လုစစ်စစ်၏ ကျောက်စိမ်းကျိုင်းတုတ်ကို ခုခံကာ ထိုအရှိန်အဟုန်ကိုသုံးပြီး မြောက်ဘက်ဆီသို့ ဦးတည်ထွက်ပြေးသွားတော့သည်။

“မပြေးနဲ့!”

လုစစ်စစ်သည် ထိုအန်းမျိုးနွယ် အမျိုးသားနှင့်အတူ ကပျာကယာ ကျီတုန်းချီကို ပိတ်ဆို့တားဆီးလိုက်ကြသည်။ လီထုန်ယာကမူ လက်ကိုဆန့်ထုတ်၍ ထိုတုတ်ရှည်ကြီးကို ဖမ်းဆွဲလိုက်သည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ ကျီကလန်မှ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူသည် တောင်ဘက်သို့ ဦးတည်ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးရှိ အဆီအနှစ်စွမ်းအင်များက ကြည်လင်ပြတ်သားသည်ကို ကြည့်ခြင်းအားဖြင့် သူသည်လည်း သေးငယ်သော စင်ကြယ်ချီကို စုပ်ယူထားခြင်း ဖြစ်ကြောင်း သိရှိနိုင်ပေသည်။

လီထုန်ယာသည် လေဟုန်ကိုစီးကာ လိုက်လံဖမ်းဆီးလိုက်သည်။ မြစ်စင်ကြယ်ချီကို စုပ်ယူထားသောကြောင့် သူ၏ မြစ်အဆီအနှစ်စွမ်းအင်သည် များစွာ ပိုမိုထည်ဝါလှပြီး ပျံသန်းမှုအရှိန်မှာလည်း ထိုသူ့ထက် ပိုမိုမြန်ဆန်လှပေသည်။ ထိုသူသည် နောက်လှည့်ကြည့်လျှက် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် အဆောင်စာရွက်အချို့ကို အဆက်မပြတ် ပစ်လွှတ်လိုက်သဖြင့် လီထုန်ယာ နှလုံးသားထဲတွင် နာကျင်သွားခဲ့ရသည်။

“ဒါတွေအားလုံးက ငါ့ရဲ့ပစ္စည်းတွေ ဖြစ်ရမှာ။”

လီထုန်ယာသည် ဓားတစ်ချက်ဖြင့် ပြေးဝင်လာသော အဆောင်စာရွက်များကို ဖြိုခွဲပစ်လိုက်ပြီး စိတ်ထဲတွင် နှိုင်းယှဉ်ချက်တစ်ခု ရရှိသွားခဲ့သည်။

မြစ်စင်ကြယ်ချီကို စုပ်ယူကျင့်ကြံထားသူများ၏ မြစ်အဆီအနှစ်စွမ်းအင်သည် သေးငယ်သော စင်ကြယ်ဝိညာဉ်ချီထက် များစွာပိုမို သိပ်သည်းပြီး ပျံသန်းမှုအရှိန်မှာလည်း ပိုမိုမြန်ဆန်ပေသည်။ လေထဲတွင် လမ်းကြောင်းလွှဲပြောင်း လှုပ်ရှားမှုအပိုင်းတွင်မူ အနည်းငယ် နှေးကွေးသည်။ သို့ရာတွင် ထိုသည်က ထိခိုက်မှု များများစားစားတော့ မရှိချေ။

လီထုန်ယာသည် လေဟုန်စီးကာ လီပေါင်း ဒါဇင်များစွာ လိုက်လံဖမ်းဆီးပြီးနောက် ဓားတစ်ချက်ဖြင့် ထိုသူ၏ အကာအကွယ် အဆီအနှစ်စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်ပြီး လက်ကိုလွှဲကာ ဓားဖြင့် တည့်တည့်ထိုးစိုက်ပစ်လိုက်ရာ ထိုသူ၏ ကျောပြင်အတွင်းသို့ စိုက်ဝင်သွားခဲ့သည်။ ထိုလူငယ်လေးသည် အသံကုန်အော်ဟစ်လိုက်ကာ ဒယိမ်းဒယိုင်ဖြင့် အောက်သို့ ပြုတ်ကျသွားတော့သည်။

လီထုန်ယာက သူ၏နောက်မှနေ၍ ဖြည်းညှင်းစွာ လိုက်ပါလာခဲ့သည်။ ထိုလူငယ်က အလွန်တရာ နာကျင်လွန်းသဖြင့် လက်ဟန်များကိုပင် မဖော်ဆောင်နိုင်တော့ဘဲ မြေပြင်ပေါ်တွင် လဲကျကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် အရိုးအဆစ်များ ကျိုးပဲကုန်သော်လည်း လက်ကိုဆန့်ထုတ်၍ သိုလှောင်အိတ်ကိုယူရန် ပြင်ဆင်နေသည်ကို မြင်သောအခါ လီထုန်ယာက လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဓားတစ်ချက်တည်းဖြင့် သူ၏လက်ကို ဖြတ်တောက်ပစ်လိုက်ကာ ထိုသူက နာကျင်စွာဖြင့် မြေပြင်ပေါ်၌ လူးလိမ့်နေသည်ကို စိုက်ကြည့်ရင်း ဓားဖြင့် သူ၏အသက်ကို အဆုံးစီရင်ပေးလိုက်တော့သည်။

All Chapters