← Chapters

အခန်း ၁၀၁

Vol. 10 Ch. 101

အခန်း ၁၀၁

Vol. 10 Ch. 101

အခန်း - (၁၀၁)

ကျိန်စာ - ၁

လီထုန်ယာ ဂူထဲမှ ထွက်လာချိန်တွင် ဟွာချန်တောင်ပေါ်၌ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီ ဖြစ်သည်။ လုကလန်မှလူများက ခြံဝင်းများစွာကို ပိတ်ဆို့ထားခဲ့ပြီး ဟွာချန်တောင်ပေါ်ရှိ ကျီကလန်မှ လူများအားလုံးကို ဖမ်းဆီးချုပ်နှောင်ထားကြသည်။ ကျောက်ခင်းလမ်းပေါ်တွင် သွေးစက်များ နေရာအနှံ့ ပေကျံနေခဲ့သည်။

သူသည် ထိုတောင်ကို တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်သောအခါ လုစစ်စစ်သည် လက်ထဲတွင် ကျီတုန်းချီ၏ အလောင်းကို ကိုင်ထားကာ ထိုကတုံးပြောင်အမျိုးသားနှင့်အတူ လေဟုန်စီး၍ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ဦးလုံးသည် ကြီးကြီးမားမား ရိတ်သိမ်းနိုင်ခဲ့သကဲ့သို့ ကျေနပ်သော အမူအရာများ ရှိနေခဲ့သည်။ လုစစ်စစ်က လီထုန်ယာကို ပြုံး၍ပြောလိုက်သည်။

“ငါတို့ကံကောင်းသွားတယ်။ ဟွာကျိုးတောင်ပေါ်မှာ ပရမ်းပတာဖြစ်ပြီး ရှုပ်ထွေးနေတာပဲ။ ကျီမိသားစုရဲ့ သခင်လေးဖြစ်တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ အမွေအနှစ်ကျောက်စိမ်းပေလွှာတွေကို သွားဖျက်ဆီးဖို့ ကြိုးစားနေတာနဲ့ ငါတို့ သူ့ဦးခေါင်းကို ရိုက်ခွဲပစ်လိုက်ပြီး ကျောက်စိမ်းပေလွှာ ခြောက်ခုထဲက သုံးခုကို အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ်။”

လီထုန်ယာက ခေါင်းညိတ်လိုက်သည်။ ဂူအတွင်းရှိ ထိုမိုးနှင့်မြေ၏ ဝိညာဉ်ချီပုလင်းကို ပြန်လည်သတိရမိလိုက်ကာ ၎င်းသည် ကျီတုန်းချီက ထိုသခင်လေးအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ရမည်ဟု စိတ်ထဲတွင် သိရှိလိုက်သည်။ သူက လေးနက်စွာဖြင့် ပြောလိုက်သည်။

“ကျောက်စိမ်းပေလွှာတွေအကြောင်း နောက်မှ ပြောကြတာပေါ့။”

သူသည် တောင်ပေါ်ရှိ ခြံဝင်းငယ်လေးများနှင့် သူ၏အနောက်ရှိ ဂူကိုညွှန်ပြကာ ဆက်လက်ပြောလိုက်သည်။

“တစ်ချိန်က ဝမ့်မိသားစုဟာ တကယ့်ကို ခမ်းနားထည်ဝါခဲ့ဖူးတာပဲ။ ကျွန်တော် ဒီဟွာချန်တောင်ပေါ်မှာ တစ်ပတ်ပတ်ကြည့်တော့ ဝိညာဉ်လယ်ကွင်းတွေ မနည်းဘူး။ တစ်နှစ်ကို ဝိညာဉ်စပါး ကျင်း တစ်ရာကျော် ထွက်ရှိနိုင်လောက်တယ်။ ဟိုဝိညာဉ်စမ်းရေတွင်းကလည်း အရည်အသွေး အလွန်ကောင်းမွန်တယ်။ အားလုံးကို ပေါင်းလိုက်ပြီး သုံးပုံတစ်ပုံ အချိုးအစားအတိုင်း တွက်ချက်ရင်တောင် ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော် တန်ဖိုးရှိနိုင်တယ်။ အစ်ကိုလုအနေနဲ့ ဒီပမာဏကို ထုတ်ပေးနိုင်ပါ့မလား။”

လုစစ်စစ်က အားပါးတရ ရယ်မောလိုက်ပြီး သိုလှောင်အိတ်ထဲမှ အဖြူရောင် အစင်းကြောင်းများနှင့် နက်မှောင်သော ကိုယ်ထည်ရှိသည့် အလံငယ် ၁၂ ခုကို ထုတ်ယူကာ ပြန်ဖြေသည်။

“ညီလေးလီ ဒါတွေကို မှတ်မိသလား”

လီထုန်ယာသည် ခြေလှမ်းအချို့ နောက်ဆုတ်လိုက်ပြီး သတိကြီးစွာဖြင့် လေထဲသို့ ပျံတက်လိုက်ကာ တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

“အစီအရင်အလံတွေလား”

“အမှန်ပဲ”

လုစစ်စစ်သည် လီထုန်ယာ၏ သတိကြီးစွာဖြင့် ကာကွယ်နေသောအမူအရာကို မြင်တွေ့လိုက်ရသောအခါ အစီအရင်အလံကို ထုတ်ယူလိုက်သော သူ၏လှုပ်ရှားမှုက အထင်လွဲသွားစေခြင်းဖြစ်ကြောင်း ကောင်းစွာ နားလည်သွားခဲ့ရာ သူက ကပျာကယာ ရှင်းပြလိုက်တော့သည်။

“ဒီအစီအရင်အလံတွေက ဝမ့်မိသားစုရဲ့ ကလန်စောင့်ရတနာ အဖြူရောင်ငှက်မွေးခရမ်းရောင် အလံတွေပဲ။ အဲဒါတွေက တစ်ချိန်တုန်းက ဝမ့်ဟွာချန် အမြဲတမ်း သုံးစွဲခဲ့တဲ့ ဓမ္မပစ္စည်းတွေ ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း ဒီဟွာချန်တောင်ပေါ်မှာ မြေကမ္ဘာချိတ်ပိတ်ဟွာချန်အစီအရင်အဖြစ် ခင်းကျင်းပြီး ထားခဲ့တာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကျီမိသားစုက ဒါဆို ရရှိခဲ့တာ။ ဒါက ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော်မက တန်ပါတယ်!”

လုစစ်စစ်သည် လီကျင်းတောင်သို့ လာရောက်ဖူးသဖြင့် လီမိသားစု၏ တောင်အကာအကွယ်အစီအရင်သည် သနားစရာကောင်းလောက်အောင် ရိုးရှင်းလွန်းလှကြောင်း ကောင်းစွာ သိရှိထားပြီး ထိုကဲ့သို့ မလုံခြုံမှုကြောင့်ပင် ကျားနီရှီက လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လီမိသားစုတစ်ခုလုံးသည် အလွန်အမင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ကာ ယုံကြည်စိတ်ချရသော တောင်အကာအကွယ်အစီအရင်တစ်ခုကို အပူတပြင်း လိုအပ်နေခဲ့သည်။ သို့ဖြစ်ရာ ဤစကားလုံးများက လီထုံယာ၏ အားနည်းချက်ကို တည့်တည့် ထိမှန်သွားခဲ့တော့သည်။

“အဖြူရောင်ငှက်မွေးခရမ်းရောင်အလံက ချီကျင့်ကြံခြင်းအဆင့်ရှိတဲ့ အစီအရင်အလံမျှသာပါပဲ။ ဘယ်လောက်ပဲ ထူးခြားဆန်းကြယ်နေပါစေ အများဆုံး ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော်လောက်ပဲ တန်ဖိုးရှိတာပါ။ စီနီယာက အရမ်းကို ချဲ့ကားလွန်းနေပါပြီ။”

လီထုန်ယာ ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။ ထိုအဆိုပြုချက်က အလွန်အမင်း ဆွဲဆောင်မှုရှိသော်လည်း ဝိညာဉ်ကျောက်တုံး ၂၀၀ ကို အသုံးပြုကာ အစီအရင်အလံတစ်စုံကို ဝယ်ယူရန်မှာမူ အကြောင်းအကျိုး မဆီလျော်ပေ။

“ဒါဆိုရင်လည်း ငါ နောက်ထပ် ဝိညာဉ်ကျောက်တုံး ၅၀ ထပ်ထည့်ပေးမယ်”

လုစစ်စစ်သည် သူ၏သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး ၅၀ ကို ထပ်မံထုတ်ယူကာ လီထုန်ယာ၏ လက်ထဲသို့ အတူတူ ထည့်ပေးလိုက်ပြီး တည်ကြည်စွာဖြင့် ပြောလိုက်သည်။

“ဒီလောက်ဆိုရင်တော့ တော်တော်လေး မျှတသွားပါပြီ။ မိတ်ဆွေလေးအနေနဲ့ ဂူထဲကနေလည်း ရထားတာအချို့ ရှိထားသေးတာမို့လို့ ဒီခရီးကို လာရတာက တကယ့်ကို ထိုက်တန်နေပါပြီ!”

လီထုန်ယာ ခေတ္တခဏမျှ စဉ်းစားလိုက်ပြီး လက်ထဲက ပစ္စည်းများကို ညင်သာစွာ သိမ်းဆည်းလိုက်ကာ လုစစ်စစ်ကို မျက်နှာသာပေးလိုက်သည်။ ထို့နောက် သူက ပြန်ပြောလိုက်သည်။

“လုကလန်နဲ့ လီကလန်ဟာ နောင်မှာ အိမ်နီးနားချင်းတွေ ဖြစ်လာကြမှာမို့ အသေးစိတ် တွက်ချက်နေဖို့ မလိုပါဘူး။”

“မှန်တာပေါ့။”

လုစစ်စစ်သည် ကျောက်စိမ်းပေလွှာ သုံးချပ်ကိုလည်း လီထုန်ယာထံသို့ ကမ်းပေးလိုက်ပြီး သူ့မျက်နှာထက်တွင် အပြုံးများ ပိုမိုတောက်ပလာကာ တိုးညှင်းစွာ ပြောလိုက်သည်။

“ဒီကျောက်စိမ်းပေလွှာတွေကို ငါတို့ ကူးယူထားပြီးပါပြီ။ ဒါတွေကတော့ ကျင့်စဉ်ရဲ့ မူရင်းပေလွှာတွေပဲ။ ဒါတွေကို မင်းပဲ ယူသွားလိုက်ပါ။”

လီထုန်ယာသည် ထိုသူက သူ့ကိုလှည့်စားရန် ပြုပြင်ထားသော အကြောင်းအရာများပါရှိသည့် ပွားထားသော ကျောက်စိမ်းပြားများကို ပေးအပ်ခြင်းမဟုတ်ကြောင်း သွယ်ဝိုက်၍ အရိပ်အမြွက်ပြနေခြင်းဖြစ်သည်ကို နားလည်လိုက်သည်။ သူက ကျောက်စိမ်းပေလွှာကို လှမ်းယူလိုက်ကာ ဝိညာဉ်အာရုံဖြင့် အတွင်းရှိအကြောင်းအရာများကို သေချာစွာ စစ်ဆေးပြီးနောက် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“စီနီယာလုက တကယ့်ကို စိတ်သဘောထား ဖြောင့်မတ်လှပါတယ်။ ထုန်ယာ အထူးပဲ လေးစားမိပါတယ်။ ဒါဆိုရင် ကျွန်တော် အရင်ဆုံး ပြန်လိုက်ပါဦးမယ်။”

စကားဆုံးသည်နှင့် သူသည် ထိုကတုံးပြောင်အမျိုးသားကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး လေဟုန်စီးကာ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားခဲ့တော့သည်။

လီထုန်ယာက အဝေးတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ထိုကတုံးပြောင်အမျိုးသားကလည်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“ညီအစ်ကိုလု ဒီနေရာက ကိစ္စရပ်တွေတော့ ပြီးစီးသွားပါပြီ။ ဟွာကျိုးတောင်က အခု ကျွန်တော်တို့မိသားစုရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပါပြီ။ မြောက်ဘက်က ယွီမိသားစုရဲ့ အင်အားက ကြီးမားလှတာမို့ နောင်နောင်မှာ အစစအရာရာ ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်။”

“ညီအစ်ကိုအန်း ဂရုစိုက်သွားပါ”

လုစစ်စစ်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး ထိုလူ လေဟုန်စီး၍ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက်မှသာ လှည့်၍ ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး မျက်စိရှေ့ရှိ ကြည်လင်လှသော ဝိညာဉ်စမ်းရေတွင်းကို စိုက်ကြည့်ရင်း ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့မျက်နှာတစ်ခုလုံး ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“နောက်ဆုံးတော့ ဒီဝိညာဉ်စမ်းရေတွင်းကို ငါပိုင်ဆိုင်ခဲ့ပြီပဲ။ လှိုက်ဂူစမ်းရေသန့်စင်ချီကတော့ အခြေခံအုတ်မြစ် ရရှိသွားခဲ့ပြီမို့ နောက်လာနောက်သားတွေအနေနဲ့ အဲဒီ အဆင့်တစ် သာမန်ကျင့်စဉ်တွေကို က်ကျင့်ကြံနေဖို့ မလိုတော့ဘူး!”

xxxxxxxxxx

လီကျင်းတောင်ပေါ်တွင်။

လီထုန်ယာ တောင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် လီရွှမ်ရွှမ်သည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်လှမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် လီထုန်ယာကို မြင်သည်နှင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ ရိုသေစွာ ပြောလိုက်သည်။

“ဒုတိယဦးလေး”

လီထုန်ယာက ပြုံးလျှက် ခေါင်းညိတ်ပြလိုက်ပြီး တုတ်ရှည်ကို ထုတ်ယူကာ လီရွှမ်ရွှမ် လက်ထဲသို့ ပစ်ပေးလိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။

“ကိုင်ရတာ အဆင်ပြေလား စမ်းကြည့်လိုက်။”

လီရွှမ်ရွှမ်၏ လက်ထဲတွင် ယခုအချိန်အထိ ဓမ္မလက်နက် မရှိသေးသဖြင့် တုတ်ရှည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏မျက်ဝန်းအစုံ လင်းလက်သွားခဲ့သည်။ သူသည် ၎င်းကို ခဏမျှ စစ်ဆေးကြည့်လိုက်သည်။ ဤတုတ်ရှည်သည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ဓမ္မလက်နက်တစ်ခုသာ ဖြစ်သော်လည်း လီမိသားစုအတွက်မူ အတော်လေး မဆိုးလှပေ။ လီထုန်ယာကိုယ်တိုင်ပင်လျှင် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ဓားရှည်ကိုသာ သုံးစွဲနေရဆဲ ဖြစ်သည်။

လီထုန်ယာသည် ထိုကျီမိသားစုမှ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ၏ သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းသည် နှစ်ပေပတ်လည်ခန့်သာ ကျယ်ဝန်းပြီး ၎င်းအတွင်း၌ တိုလီမုတ်စ ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံး နှစ်တုံး၊ အဆောင်စာရွက်များနှင့် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်သာ ရှိမည်ထင်ရသော ဆေးလုံးများသာ ရှိနေခဲ့သည်။

“ဒါကို ရွှမ်ဖုန်းကို ပေးလိုက်ပါ။”

လီရွှမ်ဖုန်းသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ပဉ္စမအဆင့်သို့ အဆင့်တက်ထားပြီး ဖြစ်သဖြင့် သိုလှောင်အိတ်ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ လီထုန်ယာသည် သူ၏ သိုလှောင်အိတ်ကို ပြန်လည်ရယူလိုက်ပြီး ဤသိုလှောင်အိတ်ကိုမူ လီရွှမ်ဖုန်းကိုပေးရန် ဆုံးဖြတ်လိုက်တော့သည်။

“ချီကျင့်ကြံခြင်းအဆင့်ထဲမှာတော့ ဒီအစီအရင်အလံတွေက တကယ့်ကို ထိပ်တန်းအရည်အသွေးရှိတယ်။”

လီထုန်ယာသည် အဖြူရောင်ငှက်မွေးခရမ်းရောင်အလံ ၁၂ ခုကို ထုတ်ယူလိုက်ပြီး အလွန်အမင်း သဘောကျနှစ်သက်စွာဖြင့် ခဏမျှ စစ်ဆေးကြည့်ရှုလိုက်ကာ သိုလှောင်အိတ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာ သုံးခုကို ထုတ်ယူလိုက်သည်။

လီထုန်ယာသည် ပထမဆုံး ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး ဝိညာဉ်အာရုံဖြင့် ဖတ်ရှုလိုက်သည်။

“ရွှေရောင်ဓားသွား အစစ်အမှန်ကျင့်စဉ်”

ဤကျင့်စဉ်သည် ကျီမိသားစု၏ အမွေအနှစ်ကျင့်စဉ် ဖြစ်ဟန်တူပြီး ထိုကျီကလန်မှ သမီးငယ်လေး၏ အကူအညီဖြင့် ရရှိလာခြင်း ဖြစ်တန်ရာသည်။ ၎င်းသည် အဆင့်သုံး လမ်းမှန်ကျင့်စဉ်ဖြစ်ပြီး အိမ်တွင်ရှိသော ‘မြစ်ပေါင်းစည်းချီကျင့်စဉ်’ နှင့် အဆင့်အတန်း တူညီပေသည်။ ရွှေနှင့်ကျောက်စိမ်းမိုင်းတွင်းများ၏ အတွင်းအပြင်မှ ဖြာထွက်နေသော ‘ရွှေရောင်ကျောက်သားထက်ရှချီ’ ကို စုပ်ယူကျင့်ကြံရခြင်း ဖြစ်သည်။

“ယွဲ့ပြည်နယ်မှာ ရွှေနဲ့ကျောက်စိမ်းမိုင်းတွင်းအကြီးစား တစ်ခုတည်းပဲရှိတယ်။ အဲဒါက ရွှေရောင်ထန်ဂိတ်ရဲ့ တောင်တံခါးနားမှာ ရှိနေတာ။ ဒီရွှေရောင်ကျောက်သားထက်ရှချီတွေအားလုံးက ရွှေရောင်ထန်ဂိတ်ကနေပဲ ထွက်ပေါ်လာတာ။”

လီထုန်ယာသည် ဂူအတွင်းမှ ရရှိခဲ့သော ထိုကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်ပြီး ဝိညာဉ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်သည်။

“အလင်းရောင်တွေ တဖျတ်ဖျတ် လင်းလက်နေပြီး ဓားသွားလို ထက်ရှလှတာမို့ ဧကန်မုချ ရွှေရောင်ကျောက်သားထက်ရှချီပဲ ဖြစ်ရမယ်။”

လီထုန်ယာသည် ထိုပစ္စည်းနှစ်ခုလုံးကို သေချာစွာ သိမ်းဆည်းလိုက်ပြီးနောက် ကျန်ရှိနေသော ကျောက်စိမ်းပေလွှာနှစ်ခုကို ဆက်လက်စစ်ဆေးလိုက်သည်။

တစ်ခုမှာ ‘စင်ကြယ်ဝိညာဉ်ချီပြောင်းလဲခြင်းကျင့်စဉ်’ ဖြစ်ပြီး သေးငယ်သောစင်ကြယ်ဝိညာဉ်ချီကို အသုံးပြုရသော အဆင့်တစ် ကျင့်စဉ်မျှသာ ဖြစ်သည်။ လီထုန်ယာက ခေါင်းခါယမ်းလျှက် ၎င်းကို သိမ်းဆည်းထားလိုက်တော့သည်။

အခြားကျောက်စိမ်းပေလွှာ တစ်ခုမှာမူ ‘ဆောင်းဦးအဆောင်ရေးဆွဲခြင်းမှတ်စုများ’ ဖြစ်ပြီး ချီကျင့်ကြံခြင်း အထွဋ်အထိပ်အဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ချန်ထားခဲ့သည့် မှတ်စုများဖြစ်သည်။ ထိုထဲတွင် အခြေခံအဆောင်စာရွက်များ ရေးဆွဲခြင်းဆိုင်ရာ ဆန်းကြယ်လှသော အသုံးချမှုများစွာကို မှတ်သားထားသည်။ ရေးသားသူအမည်မှာ စစ်ပေါ်ရှို့ ဖြစ်သည်။ လီထုန်ယာအနေဖြင့် ကျီမိသားစုက မည်သည့်နေရာမှ ဤမှတ်စုကို ရရှိခဲ့သည်ကို မသိရချေ။

“စစ်ပေါ်ရှို့… သူက စစ်ယွမ်ပိုင်နဲ့ ဘာပတ်သက်မှု ရှိမလဲမသိဘူး။”

လီထုန်ယာသည် အကြောင်းအရာများကို အကြမ်းဖျင်းဖတ်ရှုလိုက်သည်။ စာမျက်နှာ၏ နောက်ဆုံးအပိုင်းတွင် ဤသို့ ရေးသားထားသည်ကို မြင်တွေ့လိုက်ရသည်။

“အဆောင်ရေးဆွဲခြင်းပညာရပ်ရဲ့ အနှစ်သာရကို ပြောရရင် လရောင်ဇစ်မြစ်စံအိမ်တော်ကိုပဲ အဓိက သတ်မှတ်ရမယ်။ သူတို့ရဲ့ အဆောင်စာရွက်တွေကို အစီအရင်အဖြစ် ပြောင်းလဲခြင်းနဲ့ အဆောင်တံဆိပ်တွေကို ချီအဖြစ် ပြောင်းလဲခြင်း အတတ်ပညာတွေက ထူးကဲမွန်မြတ်လှတယ်။ အကယ်၍ ဒီအတတ်ပညာကိုသာ တတ်မြောက်အောင်မြင်ခဲ့ရင်…”

“လရောင်ဇာစ်မြစ်စံအိမ်တော်… အဆောင်ချီ…”

လီထုန်ယာက တိုးညှင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကြေးမုံသည် အများအားဖြင့် လရောင်ဇစ်မြစ်စံအိမ်တော်နှင့် ပတ်သက်မှုပေါင်းများစွာ ရှိနေကြောင်း စောစောကတည်းက ရိပ်မိထားခဲ့သော်လည်း ယခုအခါ ပိုမိုသေချာသွားခဲ့သည်။ သို့သော်လည်း သူ့နှလုံးသားထဲတွင်မူ ဝမ်းမြောက်မှုကို မခံစားရချေ။

“ဒီလို ကံကြမ္မာတွေထဲမှာ ပါဝင်ပတ်သက်တာက ကောင်းချီးတစ်ခုလား… ဒါမှမဟုတ် ကျိန်စာတစ်ခုလား ဘယ်သူသိနိုင်မလဲ”

All Chapters