အခန်း ၁၀၂
Vol. 10 Ch. 102
အခန်း - (၁၀၂)
ကျိန်စာ - ၂
“အသုံးမကျတဲ့ကောင်!”
မုကျောင်းမန်သည် ဒေါသတကြီးဖြင့် မျက်စိရှေ့ရှိ ဦးခေါင်းခွံကို လက်ဝါးဖြင့် ရိုက်ခွဲပစ်လိုက်သည်။ သူသည် သူ့ရှေ့မှောက်ရှိ ယွဲ့တောင်စစ်သည်ကို ဆွဲမလိုက်ကာ အံကြိတ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“အလကားကောင်! ဒါ ဘယ်နေရာက လီရှန်းဖျင် ဖြစ်ရမှာလဲ။ မင်းက ငါ့ဆီကို ယွဲ့တောင်သားတစ်ယောက်ရဲ့ ဦးခေါင်းကို ယူဆောင်လာတယ် ဟုတ်လား။”
မုကျောင်းမန်သည် လက်သီးတစ်ချက်ဖြင့် ထိုစစ်သည်ကို သွေးအန်သွားအောင် ထိုးနှက်ပစ်လိုက်သည်။ သူ၏မျက်ဝန်းအစုံက နီမြန်းနေခဲ့ပြီး သူ၏ဒေါသအဟုန်ကို မထိန်းနိုင်တော့ချေ။
ထိုနေ့က လီထုန်ယာကို လိုက်လံဖမ်းဆီးရာတွင် မအောင်မြင်ခဲ့ရုံမျှမကဘဲ ပြန်လာသည့်အခါ ထိုအမျိုးသမီးပါ ထွက်ပြေးသွားခဲ့သည်ဖြစ်ရာ မုကျောင်းမန်သည် မည်သို့လျှင် နားမလည်ဘဲ နေမည်နည်း။ ထိုအမျိုးသမီးသည် လီမိသားစုက လူတစ်ယောက် သေချာပေါက် ဖြစ်ရပေမည်။ ချက်ချင်းပင် သူသည် အလွန်အမင်း နောင်တရသွားခဲ့ရသည်။
“ငါသာသိခဲ့ရင် မှော်ပညာသုံးပြီး သူ့ကို မူးမေ့နေအောင် လုပ်ထားလိုက်မှာ။ အခုတော့ မလိုအပ်တာတွေ လုပ်မိလို့ သူ့ကို ထွက်ပြေးသွားစေခဲ့တာပဲ!”
မုကျောင်းမန်သည် ဖြည်းဖြည်းချင်း ထိုင်ခုံတွင် ပြန်လည်ထိုင်ချလိုက်သည်။ သူသည် ထိုအမျိုးသမီးအကြောင်းကို စဉ်းစားရန် စိတ်မပါတော့ပေ။ ယခုအခါ သူသည် ပိုမိုရှုပ်ထွေးပြီး ခေါင်းခဲစရာကောင်းသော ကိစ္စတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ၎င်းမှာ သရဲတစ္ဆေပမာ ဖမ်းဆုပ်၍မရဘဲ နေရာအနှံ့တွင် ရှိနေသော လီရှန်းဖျင်ပင် ဖြစ်တော့သည်။
“ဒီခွေးကောင်က သူ့တင်ပါးနဲ့ ဦးခေါင်းထက်မှာ မျက်လုံးတွေ ပါနေတဲ့အတိုင်းပဲ။ ဒီကောင်က ဆာလောင်နေတဲ့ တောဝံပုလွေတစ်ကောင်၊ ကျိုင်းကောင်တစ်ကောင်ပဲ…”
လီရှန်းဖျင်ဟု ခေါ်သော ဤလူသည် ယွဲ့တောင်သားတို့၏ ဗဟိုနယ်မြေအတွင်း၌ အကြိမ် တစ်ဒါဇင်ထက်မနည်း လှည့်လည်ခဲ့ပြီး ဖြစ်သည်။ ပထမဆုံးအကြိမ် သတင်းထွက်ပေါ်လာစဉ်က သူသည် လူပေါင်းတစ်ထောင်ကျော်ကို လက်နက်တပ်ဆင်ပေးခဲ့သော်လည်း အားစိုက်စရာပင်မလိုဘဲ အပြတ်အသတ် ချေမှုန်းခြင်း ခံခဲ့ရသည်။ နောက်တစ်ကြိမ် သတင်းထွက်ပေါ်လာချိန်တွင်မူ လီရှန်းဖျင်သည် တောင်ဘက်အရပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ လူများကို ဦးဆောင်လျှက် မျိုးနွယ်စုခေါင်းဆောင်ကြီးများကို သတ်ဖြတ်ပြီး ရိက္ခာများကို ခွဲဝေပေးခဲ့သည်။
ထိုနေရာတွင် စောင့်ကြပ်နေကြသော ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများသည် သူ၏ လှည့်စားမှုကြောင့် တောင်ပြေးမြောက်ပြေး လိုက်နေကြရသော်လည်း လီရှန်းဖျင်သည် ၎င်းတို့ မရောက်ရှိလာမီ အချိန်ကတည်းက အမြဲတမ်း ကြိုတင်ဆုတ်ခွာသွားနိုင်ခဲ့ပြီး ၎င်းတို့ ထွက်ခွာသွားသည်နှင့် တစ်ဖန် ပြန်လည်ကျူးကျော်လာခဲ့ပြန်သည်။
မုကျောင်းမန်သည် ရက်ပေါင်းများစွာ အိပ်မပျော်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် လီရှန်းဖျင်၏ ဦးခေါင်းကို မုကျောင်းမန်၏ တဲအတွင်းသို့ ပို့ဆောင်လာခဲ့ကြသည်။ မုကျောင်းမန်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်နိုင်ခဲ့ပြီး လီရှန်းဖျင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။ သို့သော် လီရှန်းဖျင်သည် အနောက်ဘက်အရပ်တွင် စစ်ပြေးဒုက္ခသည်များကို ထပ်မံစည်းရုံးလိုက်ပြန်ကာ တောင်ဘက်သို့ပင် အတင့်ရဲစွာ ဆက်လက်ကျူးကျော်ခဲ့ပြန်သည်။
မုကျောင်းမန်က ကပျာကယာပင် စစ်သည်များကို စေလွှတ်၍ တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ကို ချေမှုန်းပစ်လိုက်သော်လည်း ရန်သူ့စစ်တပ်အတွင်း၌ မည်သည့် ပြည်မသားများ၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် နေ့စဉ်ရက်ဆက် အရပ်မျက်နှာအသီးသီးမှ လီရှန်းဖျင် ပေါ်ထွက်လာသည့် သတင်းများသာ သူ့ထံသို့ ရောက်ရှိလာခဲ့သည်။ မုကျောင်းမန်သည် လီရှန်းဖျင်၏ ကျင့်ကြံခြင်းအဆင့်ကိုပင် စတင်ကာ သံသယဝင်လာခဲ့တော့သည်။
ထိုနောက်ပိုင်း ရက်များတွင် ကိစ္စရပ်များမှာ ပိုမိုဆိုးဝါးလာခဲ့သည်။ နေ့စဉ်ရက်ဆက်ဆိုသလို လီရှန်းဖျင်၏ ဦးခေါင်းဟုဆိုကာ သူ၏ တဲအတွင်းသို့ ပို့ဆောင်လာကြသော်လည်း အားလုံးမှာ ယွဲ့တောင်သားများ၏ ဦးခေါင်းများသာ ဖြစ်နေခဲ့သည်။ အနောက်ဘက် ကာကွယ်ရေးလမ်းကြောင်းသည် တစ်ဆက်တည်း ၁၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်း ခံခဲ့ရပြီး လီရှန်းဖျင်သည်ပင် အရှေ့ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားလုနီးပါး ဖြစ်သွားခဲ့ရသည်။ မြောက်ဘက်တောင်ခြေရင်း တစ်လျှောက်ရှိ ယွဲ့တောင်မျိုးနွယ်စုများအကြားတွင် နေရာအနှံ့တွင် ရှိနေသော လီရှန်းဖျင်အကြောင်း သတင်းများ စတင်ပျံ့နှံ့လာခဲ့တော့သည်။
မနေ့ညက သတင်းရချိန်တွင်မူ လီရှန်းဖျင်သည် မဟာကျွဲ့ထင်၏ အပြင်ဘက်ဆီသို့ တိုက်ခိုက်ရောက်ရှိလာခဲ့ပြီဖြစ်ကာ စစ်ပြေးဒုက္ခသည်ပေါင်း သောင်းချီကို စည်းရုံးစည်းရုံးသိမ်းသွင်းထားခဲ့ပြီး မုကျောင်းမန်ကို အလျှင်အမြန် ပြန်လာစေခဲ့သည်။ မုကျောင်းမန်အနေဖြင့် သူ၏ ပင်မတပ်ကို လှုပ်ရှားလိုက်သည်နှင့် လီရှန်းဖျင်သည် အရှေ့ဘက်ဆီသို့ အေးဆေးတည်ငြိမ်စွာ ပြန်လည်ဆုတ်ခွာသွားနိုင်မည် ဖြစ်သည်။
“ဘုရင်ကြီး တစ်ပါးတည်းသာ ဒီနေရာအနှံ့မှာ ရှိနေတဲ့ ကျိုင်းကောင်ကို သေချာပေါက် သတ်ဖြတ်နိုင်မှာပါ။ စစ်သူကြီး သူက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါဘူး။ သူက အကြားအာရုံရော အမြင်အာရုံပါ ထက်မြက်လှတဲ့ ဆာလောင်နေတဲ့ တောဝံပုလွေတစ်ကောင်ပဲ။ သူက မိစ္ဆာတစ်ကောင်မို့ ဒုက္ခသည်တွေကို ပြုစားထားပြီး သူ့နောက်ကို လိုက်ပါနေစေတာ…”
သူ့လက်အောက်ခံ မျိုးနွယ်စုနတ်ဆရာက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ မုကျောင်းမန်၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများ နက်နက်ရှိုင်းရှိုင်း ပေါ်ထွက်လာခဲ့သည်။ ရွှေရောင်ထန်ဂိတ်၏ ရှေ့တန်းစစ်မျက်နှာပြင်တွင် ရှိနေဆဲဖြစ်သော ကျားနီရှီက ဘာမှမပြောဘဲ ငြိမ်သက်နေခြင်းသည် မုကျောင်းမန်ကို ပိုမို၍ နက်ရှိုင်းစွာ ထိတ်လန့်တုန်လှုပ် သွားစေခဲ့တော့သည်။
“သူ ဘာကောင်ပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူးကွ!”
မုကျောင်းမန်က အေးစက်စွာပြောလိုက်သည်။
“သူသေရင်သေ၊ မသေရင် ငါသေရမှာ။”
သူသည် ထိုတစ်ညလုံး ဝူတောင်ထဲရှိ ကျိန်စာနတ်ဆရာများ ရှိရာအရပ်ကို စုံစမ်းရှာဖွေခဲ့ပြီး အမျိုးသမီးများ၊ ဝိညာဉ်ပစ္စည်းများနှင့် အခြားပစ္စည်းအမြောက်အများကို ဆက်သခဲ့သည်။ မထင်မှတ်ဘဲ ကျိန်စာနတ်ဆရာတစ်ဦးက စိတ်လှုပ်ရှားသွားခဲ့ပြီး လှုပ်ရှားပေးရန် သဘောတူညီခဲ့သည်။
မုကျောင်းမန်၏စာကို လင်းယုန်ကြီးတစ်ကောင်က ရှေ့တန်းစစ်မျက်နှာပြင်ဆီသို့ ယူဆောင်သွားခဲ့သည်။ လင်းယုန်ကြီးကပင် ကျားနီရှီ၏ ပြန်စာကို ပြန်လည်ယူဆောင်လာခဲ့သည်။ ထိုပြန်စာထဲတွင် စာလုံး ၁၀ လုံးသာ ပါဝင်သည်။
“ကောင်းပြီ သူမသေရင် မင်းအသေပဲ”
မုကျောင်းမန်သည် လက်ခြေများ တုန်ယင်သွားခဲ့ပြီး မဟာကျွဲ့ထင်အတွင်းရှိ မျိုးနွယ်စုနတ်ဆရာအားလုံးကို ခေါ်ယူလိုက်သည်။ သူသည် လှည်းကြီးများပေါ်တွင် အမျိုးသမီးများနှင့် ဝိညာဉ်ပစ္စည်းများနှင့်အတူ ထိုကျိန်စာနတ်ဆရာ တောင်းဆိုထားသည့် ဖမ်းဆီးရမိထားသော လီမိသားစုသွေးပါရှိသော ကလေးငယ်များကိုပါ တင်ဆောင်ကာ ဝူတောင်ဆီသို့ အရှိန်ကုန်မြှင့်၍ ထွက်ခွာလာခဲ့တော့သည်။
လမ်းခရီးတွင် အချို့ယွဲ့တောင်မျိုးနွယ်စုဝင်များက ဝမ်းမြောက်ဝမ်းသာဖြင့် ယွဲ့တောင်သားများ၏ ဦးခေါင်းများကို ကိုင်ဆောင်ကာ ၎င်းသည် လီရှန်းဖျင်ဖြစ်ကြောင်း ပြောပြီး ဆက်သကြတော့သည်။ မုကျောင်းမန်သည် ဒေါသထွက်လွန်းသဖြင့် ၎င်းတို့အား ရိုက်သတ်ပစ်မိလုမတတ် ဖြစ်သွားခဲ့ရသည်။
“သောက်ကျိုးနည်း။ ဒီကောင်က တကယ့်ကို ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ မသိဘူး။”
မုကျောင်းမန်သည် လှည်းကြီးပေါ်တွင်ထိုင်ကာ ငေးငိုင်နေစဉ် အပြင်ဘက်မှ လူတစ်ဦး တိုးတိုးလေး အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
“စစ်သူကြီး! စစ်သူကြီး! ကျွန်တော်တို့ ဝူတောင်ကို ရောက်ပါပြီ!”
မုကျောင်းမန်သည် လှည်းပေါ်မှ ဆင်းလိုက်သောအခါ မျက်စိရှေ့တွင် ကျောက်စိမ်းဖြူများဖြင့် တည်ဆောက်ထားသော ကျောက်စိမ်းလှေကားထစ်များကို မြင်တွေ့လိုက်ရသည်။ သူသည် တုန်တုန်ရင်ရင်ဖြင့် ဖိနပ်ကို ချွတ်ပစ်လိုက်ပြီး ခြေဗလာဖြင့် တောင်ပေါ်သို့ တက်သွားခဲ့တော့သည်။
လမ်းခရီးတစ်လျှောက်လုံးတွင် လုံးဝဥဿုံ မှောင်မိုက်နေခဲ့သည်။ တောင်လေများ ဝူးဝူးဝါးဝါး တိုက်ခိုက်နေခဲ့ကာ ဇီးကွက်များက အော်မြည်နေကြသည်။ မုကျောင်းမန် ခေါင်းကိုပင် မမော့ရဲဘဲ စိတ်ထဲတွင် တိတ်တဆိတ် ရေတွက်ရင်း တက်လာခဲ့သည်။ လှေကားထစ်ပေါင်း ၁၆၂၂ ထစ်မျှ တက်လာခဲ့ပြီးနောက် ကြီးမားလှသော ရင်ပြင်တစ်ခုပေါ် ရောက်လာခဲ့သည်။ ၎င်းကိုလည်း ကြေးမုံပမာ အလင်းပြန်နေသော ကျောက်စိမ်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
မုကျောင်းမန်သည် ဒုန်းခနဲ ကြမ်းပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် ထင်ဟပ်နေသော ကျောက်စိမ်းစင်မြင့်ထက်တွင် မြင့်မားစွာ ထိုင်နေကြသည့် အရိပ်ပေါင်း တစ်ဒါဇင်ခန့်ကို လှမ်းမြင်လိုက်ရသည်။ သူတို့အားလုံးသည် ခမ်းနားလှသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသဖြင့် နတ်ဆရာများအစား ပြည်မကြီးရှိ ကျင့်ကြံသူများနှင့် ပိုမိုတူညီနေကြပေသည်။
“မင်းက အဲဒီစစ်သူကြီးပဲ ဖြစ်ရမယ်။ မင်း ကိစ္စရပ်တွေကို သေသေချာချာ ရှင်းပြစမ်း။”
အထက်ဆီမှ အေးစက်လှသော စကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။ မုကျောင်းမန်သည် ကပျာကယာဖြင့် တစ်ညလုံး ကျက်မှတ်ထားခဲ့သော စကားလုံးများကို ပြန်လည်ရှင်းပြလိုက်သည်။ သူသည် သူ့ဘေးပတ်ပတ်လည်မှ တိုးတိုးတိုးတိုးဖြင့် ကဲ့ရဲ့ရှုံ့ချသံများကို ကြားလိုက်ရသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ။ သေမျိုးတွေရဲ့ ကိစ္စကိုပါ ငါတို့က လိုက်ပြီး စီမံပေးရဦးမှာလား။”
“မင်း ဘာသိလို့လဲ။ ဆရာ့ရဲ့ မဟာအကြံအစည်ကြီးကို နှောင့်ယှက်မိရင် မင်း ဝါမြိုခံရဖို့ပဲ ပြင်ထားလိုက်တော့!”
“ဟမ့်၊ ဒီလူတွေက တကယ့်ကို အမှိုက်ကောင်တွေပဲ။ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရှိတဲ့ ကောင်လေး တစ်ယောက်ကိုတောင် မဖြေရှင်းနိုင်ကြဘူး!”
မုကျောင်းမန်သည် သူ၏နှဖူးကို ကြမ်းပြင်နှင့် ခိုင်မြဲစွာ ကပ်ထားကာ စကားတစ်ခွန်းမျှ မဆိုရဲခဲ့ပေ။ နောက်ဆုံးတွင် အထက်ဆီမှ လူတစ်ယောက်က ပြောလိုက်သည်။
“ဆရာတူညီအစ်ကိုတွေအားလုံးက လှုပ်ရှားဖို့ စိတ်ကူးမရှိကြဘူးဆိုတော့ ငါတို့ ကျိန်စာကို သုံးပြီးပဲ အဆုံးသတ်လိုက်ကြတာပေါ့။ ငါတို့လည်း သွားစရာမလိုတော့ဘူး။”
အောက်ဘက်ဆီမှ အသံတစ်သံက ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။
“ဆရာက ကျွန်တော်တို့ကို လောကထဲက ကိစ္စရပ်တွေမှာ မှော်ပညာသုံးပြီး ဝင်မနှောင့်ယှက်ရဘူးလို့ ပြောထားဖူးတယ်လေ။ စီနီယာအစ်ကိုကြီး ဒီကိစ္စမှာ… သတိထားတာ ပိုကောင်းမယ်!”
“ကိစ္စမရှိပါဘူး”
အထက်ဆီမှလူက ခေါင်းခါယမ်းလျှက် ပြန်လည်ဖြေကြားလိုက်သည်။
“အဲဒီလူက ယွဲ့တောင်မျိုးနွယ်စုထဲက မဟုတ်ဘူး။ ဒါ့အပြင် မန္တန်တွေအမျိုးမျိုးထဲမှာ ဒီဆုတောင်းကျိန်စာမန္တန်က ဘေးအကင်းဆုံးပဲ။ ဘာသက်ရောက်မှုမှ လုံးဝ ရှိမှာမဟုတ်ပါဘူး။ အဲဒီလူကလည်း ဒီအတတ်ကို လုံးဝ သင်ယူဖူးမှာ မဟုတ်သလို ဒီကျိန်စာကြောင့် ဘယ်မကောင်းဆိုးဝါးမှ ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိဘူး။”
ထိုမေးခွန်းထုတ်လိုက်သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် အမိန့်ထုတ်ပြန်လိုက်သည်။
“ယဇ်ကောင်တွေကို ယူလာခဲ့ကြစမ်း!”
ဤသို့ဖြင့် တစ်ကိုယ်လုံးတွင် အမွှေးနက်များ ဝက်ကဲ့သို့ ဝဖီးကာ ဉာဏ်ရည်နည်းဟန်ရသော နတ်ဆိုးသတ္တဝါအချို့ကို ယူဆောင်လာခဲ့ကြသည်။ ၎င်းတို့ တစ်ကိုယ်လုံးရှိ အရှိန်အဝါများသည် မထင်မှတ်ဘဲ ချီကျင့်ကြံခြင်းအဆင့် အထွဋ်အထိပ်တွင် ရှိနေကြသည်။ မုကျောင်းမန်သည် ကြမ်းပြင်ပေါ်ရှိ အရိပ်ထင်ဟပ်မှုမှနေ၍ ထိုနတ်ဆိုးသတ္တဝါများ၏ အသားမာတက်နေသော ခြေလက်များနှင့် ကိုယ်ပေါ်တွင် ကျွန်အဖြစ် ကိုယ်စားပြုထားသော အလျားလိုက်မျဉ်းကြောင်းများကို လှမ်းမြင်လိုက်ရသဖြင့် စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩနေမိသည်။
“ဘာလို့ နတ်ဆိုးသတ္တဝါတွေရဲ့ ကိုယ်ပေါ်မှာ အလျားလိုက်မျဉ်းကြောင်းတွေ ရေးဆွဲထားရတာလဲ…”
မုကျောင်းမန် ဆက်မတွေးနိုင်မီမှာပင် သူ့ရှေ့ရှိ မြေပြင်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး အလယ်ဗဟိုရှိ ကျောက်စိမ်းသည် ရုတ်တရက် ရွေ့လျားသွားခဲ့ကာ ကြီးမားလှသော တွင်းဝကြီးတစ်ခု ပွင့်ထွက်သွားခဲ့သည်။ သူ မသိမသာ ငုံ့ကြည့်လိုက်သောအခါ ၎င်း၏အတွင်း၌ ဆူပွက်နေသော သွေးများနှင့် ပေါ်လိုက်မြုပ်လိုက် ဖြစ်နေသော လူအရိုးများကို မြင်တွေ့လိုက်ရသည်။
“သူ့ကို ဒုက္ခိတဖြစ်အောင် ကျိန်စာတိုက်မှာလား၊ ရူးသွားအောင် ကျိန်စာတိုက်မှာလား၊ ဒါမှမဟုတ် သေအောင် ကျိန်စာတိုက်မှာလား။”
ဘယ်ဘက်မှ လူတစ်ဦး ပြောလိုက်ရာ အထက်ဆီမှလူက ညင်သာစွာဖြင့် ပြန်ဖြေလိုက်သည်။
“စိတ်ချရအောင် ကျိန်စာနဲ့သတ်ပစ်လိုက်ကြစို့”
ထိုသူက ခေါင်းညိတ်လိုက်ပြီး လက်ဟန်များကို ဖော်ဆောင်ကာ အသံသြသြဖြင့် ဖြည်းဖြည်းချင်း ရွတ်ဆိုလိုက်သည်။
“ဂမ္ဘီရအလင်းအဆောင်အား ရိုသေစွာ တိုင်တည်ဆုတောင်းပါသည်။ ယခုအခါ ပုန်ကန်သူ စစ်တပ်နှင့် မိစ္ဆာများ၊ နတ်ဆိုးများသည် ဆိုးဝါးလှသော ကံကြမ္မာများကို ယူဆောင်လျှက် ကျွန်ုပ်တို့၏ ပြည်သူများကို ထိပါးနှောင့်ယှက်နေကြပါသည်… သို့ဖြစ်ပါ၍ မြင့်မြတ်သောအဆောင်၏ အစွမ်းပကားကို ရိုသေစွာ ပင့်ဖိတ်ပါ၏။ သူ၏ မျက်ဝန်းအစုံကို ကွယ်စေပြီး အရိုးအဆစ်များကို အရည်ပျော်စေကာ သူ့တစ်ကိုယ်လုံးရှိ သွေးသားများကို ဖျက်ဆီးပေးတော်မူပါ…”
မုကျောင်းမန်သည် အောက်ခြေမှနေ၍ နားထောင်နေရင်း ကြောင်အမ်းသွားခဲ့ရသည်။ သူ၏ စိတ်ခံစားချက်များသည် ရုတ်တရက် အကြောင်းရင်းမရှိဘဲ ရှုပ်ထွေးသွားခဲ့ရသည်။ ယွဲ့တောင်မျိုးနွယ်စုများအကြားတွင် ရှေးကတည်းက စစ်ပွဲများနှင့် မျိုးနွယ်စုပဋိပက္ခများအတွင်း ကျိန်စာများကို အသုံးမပြုရဟူသော စည်းမျဉ်းရှိခဲ့သည်။ သူသည် သူ၏ ကောက်ကျစ်ယုတ်မာလှသော နည်းလမ်းများကို အလွန်အမင်း စက်ဆုပ်ရွံရှာမိသွားခဲ့သော်လည်း တစ်ဖက်တွင်မူ စိတ်ထဲ၌ သူ့ဘာသာသူ ပြန်လည်နှစ်သိမ့်နေမိသည်။
“သူက ငါတို့ ယွဲ့တောင်ကမဟုတ်ပါဘူးလေ”
လီမိသားစုရှိ ကိုယ်လုပ်တော်တစ်ဦးမှ မွေးဖွားလာသော ကလေးငယ်၏ ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်ရာ သွေးများက သွေးကန်အတွင်းသို့ စီးဆင်းသွားခဲ့သည်။ ဝက်ကဲ့သို့သော နတ်ဆိုးသတ္တဝါများသည် သွေးကန်အတွင်း၌ ရုန်းကန်နေကြသောကြောင့် သွေးလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ မုကျောင်းမန်သည် ပြင်းထန်လှသော သွေးညှီနံ့များကို ရှူရှိုက်မိရင်း ရုတ်တရက် သူနှင့် ကျားနီရှီတို့ သူတို့၏ဘုရင်ကို သတ်ဖြတ်ကာ ပုန်ကန်ထကြွခဲ့သည့် ထိုနေ့ရက်ကို ပြန်လည်မြင်ယောင်လာခဲ့သည်။
၎င်းတို့သည် ထိုဝက်များကဲ့သို့ပင် ဝဖီးနေသော ဘုရင်ကြီးကို သတ်ဖြတ်ခဲ့ကြပြီး သိုလှောင်ရုံအပြည့်ရှိသော ရိက္ခာများကို ခွဲဝေပေးခဲ့ကာ သာမန်ပြည်သူများက ဝမ်းမြောက်ဝမ်းသာဖြင့် ကခုန်နေကြသည်ကို ကြည့်ခဲ့ကြသည်။ ကျားနီရှီက တဟားဟား အော်ရယ်နေခဲ့သော်လည်း သူကမူ သေမတတ် ကြောက်ရွံ့နေခဲ့ပြီး အဘယ့်ကြောင့် ပုန်ကန်ထကြွရသလဲဟု ကျားနီရှီကို မေးမြန်းခဲ့ဖူးသည်။
ကျားနီရှီသည် မြင်းထက်တွင် ခွထိုင်ကာ လက်ထဲက နှင်တံရှည်ဖြင့် အော်ဟစ်နေကြသော ယွဲ့တောင်ပြည်သူများကို ညွှန်ပြကာ ရယ်မောလျှက် ပြောခဲ့သည်။
“ပြည်သူတွေအတွက်ပေါ့”
ယခုအခါ မြောက်ဘက်တောင်ခြေရင်း တစ်ခုလုံးကို စုစည်းပြီးသွားခဲ့ပြီ ဖြစ်သော်လည်း ကျားနီရှီသည် အပြင်ဘက်တွင် အဆက်မပြတ် တိုက်ခိုက်နေဆဲဖြစ်သည်။ မဟာကျွဲ့ထင်၏ အပြင်ဘက်တွင်မူ စစ်ပြေးဒုက္ခသည်ပေါင်း သောင်းနှင့်ချီကာ ရှိနေခဲ့ပြီဖြစ်သည်။ မုကျောင်းမန်သည် အဘက်ဘက်ကနေ အလူးအလဲ စီမံနေရသော်လည်း လီရှန်းဖျင်ကမူ ရန်သူ့နယ်မြေအတွင်း၌ပင် ဤမျှကြီးမားလှသော စစ်တပ်ကြီးကို မည်သို့စည်းရုံးနိုင်ခဲ့သည် ဆိုသည်ကို သူသည် မည်သို့မျှ နားမလည်နိုင်ဘဲ ရှိနေခဲ့သည်။
“ဘုရင်ကြီး ဒါတွေအားလုံးက တကယ့်ကို အဓိပ္ပာယ်ရှိသေးရဲ့လား…”
မုကျောင်းမန်သည် မျက်ရည်များ ကျဆင်းမလာစေရန် မျက်ဝန်းအစုံကို ခပ်ဖွဖွ မှိတ်လိုက်သည်။ သူ၏ ခြေထောက်နှစ်ဖက်စလုံး တုန်တုန်ယင်ယင် ဖြစ်နေခဲ့သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ဤကိစ္စအဝဝ၏ တကယ့်အမှန်တရားကို ဘုရင်ကြီးထက်အရင် စောစီးစွာ ကြိုတင်သိမြင်ခွင့်ရခဲ့ပေသည်။