← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အပိုင်း ၃၂၁

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ရုတ်တရက် ဆိုဟန်ရီ ဖြည်းညှင်းစွာ စကားပြောလာသည်။

“မင်း အရမ်း အစွမ်းထက်တယ်.. ဒါပေမဲ့ ငါ့ရဲ့ ပြိုင်ဘက်တော့ မဟုတ်သေးဘူး”

နိုင်အာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်.. ဆိုလွန်က အကောင်းဆုံး တိုက်ပွဲနေရာကို ရှာပေးထားလို့..”

“ပြီးတော့ အစကတည်းက အနောက်ကနေ ချုံခိုတိုက်ပြီး ရှင့်ရဲ့ ခွန်အားတွေကို အားနည်းသွားအောင် လုပ်ထားသလို.. ကျွန်မရဲ့ ဓားကလည်း အရမ်း အစွမ်းထက်လွန်းနေလို့ပါ.. “

“အကယ်၍ ထိပ်တိုက် ရင်ဆိုင်ရမယ်ဆိုရင် ကျွန်မက ရှင့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. ကျွန်မ သိတဲ့လူတွေထဲမှာ ရှင့်ကို ယှဉ်နိုင်မယ့်သူ မရှိဘူး”

“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ငါ့ရဲ့ သိုင်းပညာက ဆရာ့ကို ကျော်တက်သွားခဲ့ပြီ.. မင်းရဲ့ အဖေတောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

ဆိုဟန်ရီ ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။

“ခွန်အားအရဆိုရင်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်က အဖေနဲ့ ရှင်က အဆင့်တူလောက်တယ်.. ဒါပေမဲ့ အခုတော့ ရှင့်လောက် မစွမ်းတော့ဘူး.. ခွန်အားသုံး သိုင်းပညာရှင်တွေက အသက် ငါးဆယ်ကျော်လာရင် ရဲစွမ်းသတ္တိနဲ့ ခွန်အားတွေ ကျဆင်းလာတတ်တယ်လေ”

“တကယ်တော့ ဆိုလွန် မိုင်ဒါဇင်ချီပြီး ထွက်ပြေးသွားကတည်းက သူ ချုံခိုတိုက်ဖို့ ဉာဏ်ဆင်နေတယ်ဆိုတာ ငါ သိတယ်.. ဒါပေမဲ့ ငါ လုံးဝ ဂရုမစိုက်ခဲ့ဘူး.. ဒီလောကမှာ ငါ့ကို သတ်နိုင်တဲ့လူ ရှိရင်တောင် အဲ့ဒီလူက ဆိုလွန် လုံးဝ မဖြစ်နိုင်ဘူးလို့ ငါ ထင်ခဲ့တာ.. “

“ဒီလို မောက်မာပြီး ဘဝင်မြင့်ခဲ့တာက ငါ့အသက်ကို ဒုက္ခပေးလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး”

သွေးထွက်လွန်နေသဖြင့် ဆိုဟန်ရီ၏ အသက်ရှူနှုန်း ပို၍ ခက်ခဲလာပြီး မျက်နှာလည်း ပိုမို ဖြူရော်လာ၏။

“ရှင့်လို လူမျိုးက ဆိုမိသားစုရဲ့ ပြိုင်ဘက်ကင်း စစ်သေနာပတိ တစ်ယောက် သေချာပေါက် ဖြစ်လာနိုင်တယ်.. ဆိုလွန်ကိုပံ့ပိုးပေးမယ့်အဓိက ထောက်တိုင်ကြီး ဖြစ်လာနိုင်ရက်သားနဲ့ ဘာလို့ ဆိုမိသားစုကို သစ္စာဖောက်ရတာလဲ”

သူမ၏စကားကြောင့် ဆိုဟန်ရီ ခေါင်းရမ်းလိုက်သည်။

“မင်း နားမလည်ပါဘူး.. မင်း နားမလည်ပါဘူး.. ငါက အရမ်း အစွမ်းထက်တယ်.. ငါ့ရဲ့ ပါရမီနဲ့ ဆိုလွန်လို အသုံးမကျတဲ့ အမှိုက်ကောင် လက်အောက်မှာ ဘာလို့ နေရမှာလဲ”

“ဦးလေး ယန်နူကိုရော ဘာလို့ သတ်ရတာလဲ.. သူက ရှင့်ရဲ့ ဆရာလေ”

ဆိုဟန်ရီ၏ မျက်နှာ ရှုံ့မဲ့သွားပြီး အလွန် နာကျင်သည့် ဟန် ပြသလာကာ ထပ်မံခေါင်းရမ်းလိုက်သည်။

“ငါ မသိဘူး.. အဲ့ဒီအချိန်တုန်းက ဘာမှကို မစဉ်းစားမိခဲ့ဘူး.. ငါ မသတ်ရင် ငါ သေရမယ်ဆိုတာလောက်ပဲ သိတယ်.. သစ္စာဖောက်မှု တစ်ကြိမ် စတင်မိသွားပြီဆိုတာနဲ့ အဆုံးသတ်ဖို့ မဖြစ်နိုင်တော့ဘူးလေ”

ထို့နောက် ဆိုဟန်ရီ အသက်ကို ခက်ခဲစွာ ရှူရင်း မေးလိုက်သည်။

“ဆိုလွန်.. ငါ့ဇနီး သတိရလာပြီလား”

ထိုအချိန်၌ ယန်ဟုန်ရီ မျက်လုံးများပွင့်လာပြီဖြစ်ကာ လှေပေါ်တွင် ထိုင်နေသည်။ သူမ၏မျက်နှာတွင် မျက်ရည်များ၊ မုန်းတီးမှုများနှင့် ပြည့်နှက်နေပြီး အေးစက်စွာ ဆိုလိုက်သည်။

“အစောကတည်းက ဒီလိုဖြစ်လာမယ်မှန်း သိရင် နောင်တရဦးမလား.. ရှင်က ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းခဲ့တာပဲ”

မိမိ၏ ဇနီး သတိရလာသည်ကို မြင်သောအခါ ဆိုဟန်ရီ ဆက်လက် သည်းမခံနိုင်တော့ဘဲ မျက်ရည်များ ပေါက်ကွဲထွက်လာတော့သည်။

ဆိုဟန်ရီ ရှိုက်ကြီးတငင် ငိုကြွေးကာ အော်ဟစ်လိုက်သည်။

“ဟုန်ရီ.. ငါ မကျေနပ်နိုင်ဘူး.. ငါ မကျေနပ်နိုင်ဘူး.. ဘာလို့လဲ.. ငါက အရမ်း အစွမ်းထက်တယ်.. သိုင်းပညာမှာ အထွတ်အထိပ် ရောက်နေပြီး ပြိုင်ဘက်ကင်း ဖြစ်နေရက်သားနဲ့ ဘာလို့ တခြားသူရဲ့ ခွေးဖြစ်ရမှာလဲ.. “

“ဆိုလွန်မှာ ဘာအရည်အချင်း ရှိလို့လဲ.. သူက အမှိုက်တစ်စပဲလေ.. ဘာလို့ မွေးရာပါ မြို့စား ဖြစ်ခွင့်ရနေတာလဲ”

ဆိုလွန်က အမှိုက် မဟုတ်ကြောင်း ဆိုဟန်ရီ သိသော်လည်း သူ၏ ရင်ထဲ၌ ဆိုလွန်မှာ ထာဝရ အသုံးမကျသည့် အမှိုက်ကောင်သာ ဖြစ်နေဆဲပင်။

အချို့သော ဘဝများက အဘယ်ကြောင့် ပြိုင်ဘက်ကင်း မွန်မြတ်စွာ မွေးဖွားလာရပြီး အချို့လူများကမူ အလွန် အစွမ်းထက်ကာ ပါရမီများ ပြည့်လျှံနေသော်လည်း အဘယ်ကြောင့် သူတစ်ပါး၏ အစေခံ ဖြစ်နေရသနည်း။

ထူလင်းတိ၏ စကားတစ်ခွန်းမှာ-

“ငါတို့လို လူတွေအတွက် သိုင်းပညာဆိုတာ အလှဆင်ဖို့ သက်သက်ပဲ..လုံလောက် အောင်တက်ထားရင် ရပြီ” ဟူ၍ ဖြစ်၏။

ကွေ့ချင်းရှောင်း၏ သိုင်းပညာက အလွန် အစွမ်းထက်ပြီး ဓားပညာမှာလည်း ပြောင်မြောက်လှသည်။ သို့သော် ထိုနေ့က ကပ်ဘေးကိုးသွယ်ဓားသိုင်းဖြင့် ဆိုလွန်ကို ရှုံးနိမ့်သွားပြီးနောက် သူမ၏ အဖိုးတန်ဓားကို ချက်ချင်း စွန့်ပစ်လိုက်ပြီး ဆက်လက် မကျင့်ကြံတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူမအတွက် ဓားပညာဆိုသည်မှာ ခန္ဓာကိုယ် အချိုးအစား လှပစေရန်နှင့် ဟန်ရေးပြရန်သာ ဖြစ်သောကြောင့်ပင်။

သို့သော် ဆိုဟန်ရီနှင့် အခြားသူများကမူ သိုင်းပညာကို အရူးအမူး လေ့ကျင့်ကြံရသည်။

ယန်ယန်နှင့် နိုင်အာတို့မှာလည်း ထိုနည်းတူပင် ဖြစ်၏။ သို့သော် နိုင်အာက သိုင်းပညာ ကျင့်ကြံခြင်းကို ငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်သော်လည်း ဝမ်းနည်းဒေါသထွက်ခြင်းမျိုး မရှိခဲ့ချေ။

ယန်ယန် တစ်ယောက် မည်သူ့ကိုမှ သစ္စာမခံလိုသည့် အကြောင်းရင်းမှာ ဤသို့ မတရားမှုများကို မမြင်ချင်သောကြောင့် ဖြစ်ပြီး သူကိုယ်တိုင် သခင် ဖြစ်ချင်သောကြောင့်ပင်။

ဆိုဟန်ရီ မေးလိုက်သည်။

“ဆိုလွန်.. ငါ သေသွားရင် ဘယ်မှာ မြှုပ်နှံပေးမှာလဲ”

ဆိုလွန် ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။

“ငါ မသိဘူး.. မင်း ဘယ်မှာ မြှုပ်နှံခံချင်လို့လဲ”

ဆိုဟန်ရီ၏ မွေးမိခင်နှင့် ဖခင်အပေါ် မှတ်ဉာဏ်များက မှေးမှိန်နေပြီး သူ၏ မှတ်ဉာဏ်ထဲရှိ ဖခင်နေရာတွင် ရှိနေသူမှာ ဆိုလုံသာ ဖြစ်သည်။

ဆိုလုံ သူ့ကို ကြည့်သည့် အကြည့်များ၌ အသိအမှတ်ပြုမှုများနှင့် ချစ်ခင်ကြင်နာမှုများ အပြည့်အဝ ပါဝင်နေ၏။ သူ၏ ခေါင်းနောက်ဘက်ကို ပွတ်သပ်ပေးသည့် အချိန်တိုင်းက ဆိုဟန်ရီအတွက် အပျော်ရွှင်ရဆုံး အချိန်များ ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲမှုများ အားလုံးအတွက် အကျိုးကျေးဇူး ပြန်လည် ရရှိလိုက်သကဲ့သို့ ခံစားရစေသည်။

ထို့နောက် သူ၏ ခေါင်းထဲ၌ အမှတ်ရစရာ တစ်ခု ပြန်လည် ပေါ်လာပြန်သည်။

ယခင်က ဆိုလုံ၏ ဖခင်မေတ္တာအပေါ် သူ မသင်္ကာမှု မရှိခဲ့ချေ။ သို့သော် အချို့လူများက သူ့ကို သတိပေးခဲ့ကြ၏။ ဆိုလုံ၏0 မေတ္တာက အတုအယောင်သာ ဖြစ်ပြီး သူ့သားအတွက် နွားတစ်ကောင် မြင်းတစ်ကောင်လို အသုံးချဖို့ သက်သက်သာ ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အကယ်၍ ဆိုလုံက သူ့ကို တကယ် ချစ်လျှင် ဆိုနင်ပင်းနှင့် အဘယ်ကြောင့် လက်မထပ်ပေးခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့ကြ၏။

ထိုနေ့က သူ မွေးစားဖခင် ဆိုလုံကို ဆိုနင်ပင်းအား လက်ထပ်ခွင့် တောင်းခဲ့သည်။ မွေးစားဖခင်၏ အကြည့်များက စိတ်မကောင်းဖြစ်မှု၊ နောင်တရမှုများ ပြည့်နှက်နေပြီး ဆိုဟန်ရီကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

ယခင်က ဆိုဟန်ရီ စိတ်ရှုပ်ထွေးနေပြီး နားမလည်ခဲ့သော်လည်း ယခုအခါ သူ နားလည်သွားလေပြီ။ မွေးစားဖခင်၏ အကြည့်က နောင်တရပြီး စိတ်မကောင်းဖြစ်နေခြင်းသာ။ အဘယ်ကြောင့်ဆိုသော် ဆိုနင်ပင်း၌ စေ့စပ်ထားသူ ရှိနေသောကြောင့် ဖြစ်ပြီး ထိုသို့မဟုတ်ပါက သူတို့ နှစ်ယောက် ပေါင်းဖက်သွားသည်က ပို၍ ကောင်းမွန်မည်ဟု တွေးခဲ့ခြင်း ဖြစ်နိုင်၏။

မွေးစားဖခင်၏ သူ့အပေါ်ထားရှိသည့် မေတ္တာက အမြဲတမ်း အစစ်အမှန်သာ ဖြစ်ခဲ့သည်။ သားအရင်း ဖြစ်သူ ဆိုလွန်က အောင်မြင်ရန် ကြိုးစားအားထုတ်မှု မရှိသောကြောင့် မျှော်လင့်ချက်များ အားလုံးကို ဆိုဟန်ရီအပေါ် ပုံအပ်ထားခဲ့ခြင်းဖြစ်သည်။ မွေးစားဖခင်က မြို့စားရာထူးကို ဆိုလွန်ကို ပေးခဲ့သော်လည်း မြို့စား၏ အာဏာကိုမူ သူ၏ လက်ထဲသို့ ပေးအပ်ခဲ့သည်။

ယခင်က မနာလိုမှုနှင့် စိတ်နှလုံး မိစ္ဆာ ဝင်ရောက်နေသောကြောင့် ဤကိစ္စများကို သူ နားမလည်ချင်ခဲ့ချေ။ သို့သော် ယခု သေဆုံးရတော့မည့် အချိန်၌ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။

မွေးစားဖခင်က သူ့ကို သားတစ်ယောက်လို သဘောထားပြီး အစေခံ တစ်ယောက်လို သဘောထားခြင်း မရှိခဲ့ချေ။

ဆိုဟန်ရီ၏ မျက်ဝန်းများမှ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာလေပြီ။ ငယ်စဉ် ကလေးဘဝမှ ကြီးပြင်းလာသည့်တိုင်အောင် မွေးစားဖခင်၏ ချီးကျူးမှုနှင့် အသိအမှတ်ပြုမှုကိုရရှိခဲ့ပြီး မွေးစားဖခင်၏ မေတ္တာအောက်၌ ကြီးပြင်းလာခဲ့ရသည်။

မိမိကိုယ်ကိုယ် အစွမ်းထက်ပြီး ကြီးပြင်းလာပြီဟု ထင်မှတ်ခဲ့သော်လည်း အတွင်းစိတ်မှာမူ ရင့်ကျက်သည့် လူကြီးတစ်ယောက် ဖြစ်မလာသေးချေ။ မွေးစားဖခင် ကွယ်လွန်သွားသောအခါ မိမိ၏ စိတ်နှလုံးကို မကာကွယ်နိုင်ခဲ့သလို လားရာကိုလည်း ရှင်းလင်းစွာ မမြင်တွေ့ခဲ့ရသဖြင့် လမ်းမှားပေါ်သို့ ရောက်ရှိသွားခဲ့ရခြင်းပင်။

ဤအချိန်၌ ဆိုဟန်ရီ၏ ရင်ထဲတွင် ဖော်ပြ၍မရလောက်အောင် နာကျင်နေရသည်။ နောင်တရသည်ဟု မဆိုနိုင်ဘဲ နာကျင်မှုသာ ကြီးစိုးနေသည်။

ဆိုဟန်ရီ တောင်းဆိုလိုက်သည်။

“မင်းကို တောင်းဆိုပါရစေ.. ငါ့ကို မွေးစားဖခင်နားမှာ မြှုပ်နှံပေးပါ.. အုတ်ဂူမှတ်တိုင် မလုပ်ပေးလည်း ရပါတယ်”

ဆိုလွန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

ဆိုဟန်ရီ သဲသောင်ပြင်ရှိ ယုံကြည်ရသော အရာရှိများကို ကြည့်ကာ နောက်ဆုံး ကျန်ရှိနေသည့် နဂါးစွမ်းအားများဖြင့် အသံကျယ်ကျယ် ပြောလိုက်၏။

“နောက်ဆိုရင်.. ဆိုလွန်က မင်းတို့ရဲ့ သခင်ပဲ”

ချက်ချင်းပင် ဆိုမိသားစု မြို့စောင့်တပ်မှ အရာရှိများ အားလုံး ဒူးထောက်ချလိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးကြတော့သည်။ အမှန်အတိုင်း ပြောရပါလျှင် ယနေ့ဖော်ထုတ်ခြင်းခံလိုက်ရသော ဆိုဟန်ရီ၏သရုပ်မှန်အစစ်ကြောင့် သူတို့အားလုံးမိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ထုံထိုင်းသွားရသည်။

သူတို့ လေးစားရသော ခေါင်းဆောင်က ဤမျှ ယုတ်မာကောက်ကျစ် အရှက်ကင်းမဲ့နေခဲ့သလော။ ဆိုမိသားစုကို သစ္စာဖောက်ရုံသာမက ဆရာရင်းကိုပါ သတ်ဖြတ်ခဲ့ပြီး အာဏာနှင့် ရာထူးကို လုယူရန် ကိုယ်ပိုင် ဇနီးကိုပင် သတ်လုနီးပါး ဖြစ်ခဲ့သည်။

သို့သော် သူတို့၏ ရင်ထဲ၌ မမုန်းတီးနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဆိုဟန်ရီက ပြီးပြည့်စုံသော တပ်မှူး ဖြစ်ရုံသာမက အားကိုးရသော အစ်ကိုကြီး တစ်ယောက်နှင့် ကျောထောက်နောက်ခံကောင်း တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

“ဆိုလွန်.. ငါက လမ်းမှားကို ရောက်သွားခဲ့ပေမဲ့ သူတို့ကတော့ မဟုတ်ပါဘူး.. မင်း သူတို့ကို ကာကွယ်ပေးရမယ်”

ယခုအချိန်၌ ဆိုဟန်ရီ၏ မျက်နှာမှာ စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြစ်နေပြီး စကားအနည်းငယ် ပြောရန်ပင် ခွန်အားများ အကုန်အစင် သုံးစွဲနေရကာ အသက်ဖြောင့်ဖြောင့်ရှူရန်ပင် မတတ်နိုင်တော့ချေ။

“ကောင်းပြီ”

ဆိုလွန် ထပ်မံ ခေါင်းညိတ်လိုက်သည်။

ဆိုဟန်ရီ ရုတ်တရက် သွားကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။

“တစ်နေ့ကျရင်.. ကျိနင်ဆိုတဲ့ အဲ့ဒီ မိန်းမယုတ်ရဲ့ ခေါင်းကို ဖြတ်ပေးပါ.. အကယ်၍ သူသာ မရှိခဲ့ရင် ငါ ဒီနေ့ အခြေအနေထိ ရောက်လာမှာ မဟုတ်ဘူး”

ဆိုလွန် အလေးအနက်ကတိပေးလိုက်သည်။

“ငါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”

ဆိုဟန်ရီ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

“အခု ပဒေသရာဇ် အရာရှိတွေကို သေဒဏ်ပေးတဲ့အခါ သခင်တွေ လုပ်လေ့ရှိတဲ့ အတိုင်း..ငါ့ခေါင်းကို ဖြတ်လိုက်တော့.. “

ဆိုလွန် အရှေ့သို့ တိုးသွားကာ ဆန်းကြယ်နဂါးရွှေ ဓားကို ကိုင်ဆွဲပြီး အမြင့်သို့ မြှောက်လိုက်၏။

ဆိုဟန်ရီ ကောင်းကင်ကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

“မွေးစားအဖေ.. ငါ မကျေနပ်နိုင်ပေမဲ့ အခုတော့ အဖေ စိတ်အေးနိုင်ပါပြီ”

“ရွှီး”

ဆိုလွန်၏ ဓားချက် ပြင်းထန်စွာ ကျဆင်းလာလေပြီ။

ဆန်းကြယ်နဂါးရွှေဓားသည် ဆိုဟန်ရီ၏ လည်ပင်းကို တိတ်ဆိတ်စွာ ဖြတ်တောက်သွားပြီး ဖြတ်ပိုင်းမှာ ကြေးမုံပြင်ပမာ ချောမွေ့နေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် လည်ပင်းပြတ်ကြီးမှသွေးများ ပန်းထွက်လာ၏။

တစ်ချိန်တည်းမှာပင် ဆိုဟန်ရီ၏ အလောင်းမှ အစွမ်းထက်လှသည့် နဂါးစွမ်းအင်များ ထွက်ပေါ်လာသည်။

အသူရာမိစ္ဆာကြယ်အတွင်းရှိ တွင်းနက်ကြီးသည် လျင်မြန်စွာ လည်ပတ်သွားပြီး ဆိုဟန်ရီ့အလောင်းမှ ထွက်ပေါ်လာသော နဂါးစွမ်းအင်များကို အငမ်းမရ စုပ်ယူလိုက်သည်။

ဆိုလွန် တစ်ကိုယ်လုံးရှိ သွေးကြောပေါက်များ ပွင့်ဟသွားပြီး ထို ကြောက်မက်ဖွယ် နဂါးစွမ်းအင်များတိုးဝင်လာသည်။

ထိုစွမ်းအင်သည် နဂါးမီးတောက်ထက် များစွာ နိမ့်ကျနေသော်လည်း အစွမ်းထက် နဂါးစစ်သည်တော်တစ်ဦး၏ ပြီးပြည့်စုံသည့် နဂါးစွမ်းအင်ပင်။

အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းသည် ဆိုလွန်၏ တစ်ကိုယ်လုံးကို ရိုက်ခတ်သွားသဖြင့် သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ စတင် ပုံပျက်လာကာ ကြီးမားလှသည့် ဖိအားကို မခံနိုင်သည့်အလား နှာခေါင်းမှ သွေးများ စီးကျလာ၏။

အနီးနားရှိ နိုင်အာ အနည်းငယ် အံ့ဩသွားရသည်။ ထို့နောက် သူမ ရှေ့သို့ တစ်လှမ်း တိုးသွားပြီး ဆိုလွန်အား အကာအကွယ်ပေးလိုက်သည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် အသူရာမိစ္ဆာကြယ် နဂါးစွမ်းအင်များကို စုပ်ယူလို့ ပြီးဆုံးသွားသည်။

ဆိုလွန် ပြန်လည်လှုပ်ရှားနိုင်သွားလျှင် လက်ထဲ၌ ဆိုဟန်ရီ၏ ခေါင်းကို အရင်အတိုင်း ကိုင်ဆောင်ထားဆဲဖြစ်၏။

သို့သော် အနီးနားရှိ လှေပေါ်မှ ယန်ဟုန်ရီမှာမူ ဆိုဟန်ရီ၏ ခေါင်းမဲ့အလောင်းကို မှိုင်တွေစွာ ကြည့်နေပြီး သူမ တစ်ကိုယ်လုံး ဝိညာဉ်လွင့်ထွက်သွားသည့်အလား ဖြစ်နေသည်။

သူမ နိုးလာခါစက ခင်ပွန်းဖြစ်သူ ဆိုဟန်ရီကို အပိုင်းပိုင်းအစစ ဆွဲဖြဲချင်စိတ် ပေါက်နေခဲ့၏။ သူ သေဆုံးသွားပြီးနောက် သူမ၏ နှလုံးသားတစ်ခုလုံး ဗလာကျင်းသွားပြီး အသက်ရှင်သန်ရန် မျှော်လင့်ချက်ပင် ပျောက်ဆုံးသွားသည်။

သဘာဝကျစွာပင် သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေမည် မဟုတ်ပေ။ သူမသည် ထိုမျှလောက် အားနည်းသူ မဟုတ်သော်လည်း မှီခိုစရာ တစ်စုံတစ်ရာမှ ရှာမတွေ့နိုင်တော့ခြင်း ဖြစ်သည်။

ဆိုဟန်ရီဆိုသည်မှာ သူမ၏ ကမ္ဘာကြီးဖြစ်ပြီး သူမ၏ အရာအားလုံး ဖြစ်ခဲ့သည်မဟုတ်ပါလော။

အပိုင်း ၃၂၁ ပြီး။

All Chapters