အခန်း ၃၂၂
Vol. 33 Ch. 322
အပိုင်း ၃၂၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
မှိုင်တွေနေသော ယန်ဟုန်ရီ ရုတ်တရက် စကားပြောလာ၏။
“ဆိုလွန်... သူ့ကို မွေးစားအဖေ့ဘေးမှာ မြှုပ်နှံပေးပါ.. သူတို့အတွက် အခေါင်းဘေးမှာ ငါ ဝမ်းနည်းပူဆွေးပေးမယ်”
ဆိုလွန် သဘောမတူပါချေ။
“မလုပ်ရဘူး... အစ်မဟုန်ရီရဲ့ ဘဝခရီးက အရှည်ကြီး ကျန်သေးတယ်..ဒီလို မလုပ်သင့်ဘူး”
ယန်ဟုန်ရီ ခေါင်းရမ်းလိုက်သည်။
“မင်း နားမလည်ပါဘူး... ငါ့ဘဝက ပြီးဆုံးသွားပြီ.. တစ်နေ့နေ့ ငါ လမ်းပြန်လျှောက်နိုင်ပြီး မသန်စွမ်းသူ တစ်ယောက် မဟုတ်တော့ရင်တောင် ငါ့ဘဝက အဓိပ္ပါယ် မရှိတော့ဘူး”
“အစ်မဟုန်ရီ... အစ်မ ဘာလို့ ကလေး မယူတာလဲ”
“ငါ လိုချင်ပါတယ်... ဒါပေမဲ့ ဘာလို့မှန်း မသိဘူး ဘယ်တုန်းကမှ မရခဲ့ဘူး.. ငါ့ကြောင့်လား... သူ့ကြောင့်လားဆိုတာလည်း မသိဘူး”
ဆိုလွန် အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည်။
“မြို့စား ကျိထင် ငါ့ကို ပြောဖူးတယ်.. သူ့မှာ ကိုယ်လုပ်တော် တစ်ယောက်ရှိပြီး အဲ့ဒီမိန်းမက ဆိုဟန်ယီကို သဘောကျခဲ့ဖူးတဲ့သူတဲ့.. မင်းသမီး ကျီနင်ရဲ့ အစီအစဉ်ကြောင့် အဲ့ဒီမိန်းမနဲ့ ဆိုဟန်ယီတို့ အတူနေခဲ့ကြပြီး သူ့ဗိုက်ထဲမှာ သွေးသားလေး ရှိနေတယ်ပြောတယ်.. အချိန်တွက်ကြည့်ရင် မကြာခင် မွေးတော့မှာပဲ”
ယန်ဟုန်ရီ ချက်ချင်းပင် အံ့ဩသွားရသည်။
ယခုအချိန်သူမခံစားနေရသည်မှာ ဒေါသထွက်ခြင်းလော ၊ အခြားခံစားချက်လော ဆိုသည်ကို သူမကိုယ်တိုင်ပင် မပြောနိုင်တော့ချေ။
ဆိုလွန် ဆက်ပြောလာသည်။
“ဒီကလေးက ငါတို့ ဆိုမျိုးနွယ်စုကပဲ... အပြင်လူကို ပေးမမွေးသင့်ဘူး.. အဲ့ဒီကလေးကို ခေါ်လာပြီး အစ်မကို မွေးခိုင်းဖို့ ငါ နည်းလမ်းရှာမယ်.. ငါတို့ ဆိုမျိုးနွယ်စုရဲ့ သွေးသားတွေက အရမ်းကို နည်းပါးလွန်းနေပြီ”
ယန်ဟုန်ရီ၏ မျက်နှာလေး အနည်းငယ် တုန်ယင်သွားပြီး ဆိုဟန်ရီ၏ ခေါင်းပြတ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
“ကောင်းပြီလေ”
……
ဆိုလွန် သစ်သားလှေကို လှော်ခတ်ကာ ကမ်းခြေ၌ ဆိုက်ကပ်လိုက်သည်။
ထိုအချိန်၌ ကမ်းခြေပေါ်တွင် ဆိုမျိုးနွယ်စု မြို့စောင့်တပ် မြင်းစီးသူရဲများဖြင့်ပြည့်နှက် နေလေပြီ။ ဆိုဟန်ရီ၏ ခေါင်းကို မြင်လိုက်ရသောအခါ လူအများအပြားမှာ မျက်လုံးများ နီရဲလာကြသည်။
ထိုသူသည် တစ်ချိန်က သူတို့ အချစ်ခင်ဆုံး ခေါင်းဆောင်ဖြစ်ပြီး သူတို့၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။
ဆိုလွန် သူတို့ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဆိုဟန်ရီက အထက်အရာရှိကောင်း တစ်ယောက်ပါ..ဘာလို့လဲဆိုတော့ သူက စစ်သည်တွေကို ချစ်ခင်သလို ဆုပေးဒဏ်ပေးတဲ့နေရာမှာလည်း မျှတခဲ့လို့ပဲ”
ထိုစကားကြောင့် ဆိုမျိုးနွယ်စု မြင်းစီးသူရဲများ နောက်ဆုံး၌ တောင့်မခံနိုင်တော့ဘဲ မျက်ရည်များ ကျဆင်းလာကြ၏။
ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် ဆိုလွန် ဆက်ပြောလိုက်သည်။
“သူက သားကောင်းတစ်ယောက်လည်း ဖြစ်တယ်..ငါ့အဖေအတွက် သူဟာ ဆိုမျိုးနွယ်စုရဲ့ အသစ္စာရှိဆုံး အစောင့်အရှောက်ပဲ”
“ဒါပေမဲ့... သူက လက်အောက်ငယ်သားကောင်း တစ်ယောက်၊ ခင်ပွန်းကောင်း တစ်ယောက်၊ တပည့်ကောင်း တစ်ယောက်တော့ မဟုတ်ခဲ့ဘူး”
အစောပိုင်းကပင် ဆိုမျိုးနွယ်စု မြို့စောင့်တပ် မြင်းစီးသူရဲများ ဆိုဟန်ရီက အာဏာလုရန် ကြံစည်ခဲ့သည်ကို နိုင်အာထံမှရှင်းလင်းစွာ ကြားလိုက်ရသည်။ ထို့ပြင် ကိုယ့် ဆရာအရင်းကို သတ်ဖြတ်ခဲ့ပြီး ဇနီးသည်ကို သတ်ဖြတ်ရန်လည်း ကြိုးစားခဲ့သေး၏။
“သူက တိုက်ပွဲတွေမှာ တစ်ခါမှမရှုံးနိမ့်ဘူးတဲ့ တပ်မှူး တစ်ယောက်ပဲ”
“သိုင်းပညာမှာ အလွန်ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပေမယ့် ကိုယ်ရည်ကိုယ်သွေးပိုင်းမှာ အားနည်းချက်ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်”
ထိုစကားသည် လူတစ်ယောက် သေဆုံးပြီးနောက်မှသာ ချမှတ်နိုင်သည့် ဆိုဟန်ရီအပေါ် ဆိုလွန်၏ နောက်ဆုံး သုံးသပ်ချက် ဖြစ်သည်။
“သူ့မှာ ကောင်းကွက်တွေ ရှိသလို အမှားတွေလည်း ရှိတယ်.. ဘာပဲဖြစ်ဖြစ် သူ သေသွားခဲ့ပြီ..”
“အခု သူ့မှာ အဆင့်အတန်း တစ်ခုပဲ ရှိတော့တယ်.. အဲ့ဒါက သေဆုံးသွားတဲ့ ဆိုမျိုးနွယ်စုရဲ့ မျိုးဆက်ဆိုတာပဲ..သူ့ကို ဆိုမျိုးနွယ်စုရဲ့ ဘိုးဘွားသင်္ချိုင်းမှာ ငါ့အဖေဘေးကပ်လျက် မြှုပ်နှံပေးမယ်”
ဆိုလွန်က ထိုနေရာအထိ ပြောလိုက်ချိန်၌ နေရာရှိ စစ်သည်များမှာ ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီ ဖြစ်သည်။
ဆိုလွန် နေရာရှိ မြင်းစီးစစ်သူရဲများကို ကြည့်ကာ ပြောလိုက်သည်။
“ဆိုဟန်ရီက နောက်ဆုံးအချိန်မှာ မင်းတို့ကို ငါ့ဆီ အပ်နှံသွားတယ်.. အပ်နှံတယ်လို့ ပြောလို့မရပါဘူး... ငါ့ဆီကို ပြန်ပေးခဲ့တာပဲ”
“မင်းတို့တွေက ဆိုမျိုးနွယ်စုရဲ့ ထမင်းကိုစားပြီး ကြီးပြင်းလာကြတာ..မင်းတို့ လက်ထဲက လက်နက်တွေ၊ လစာတွေ အားလုံးက ငါတို့ ဆိုမျိုးနွယ်စုဆီကလာတာပဲဖြစ်တယ်..”
“အခု မင်းတို့ကို ရွေးချယ်ခွင့် ပေးမယ်..လက်ထဲက လက်နက်၊ ချပ်ဝတ်တန်ဆာနဲ့ စစ်မြင်းတွေကို ချထားပြီး ထွက်သွားမလား.. ဓားကိုဆွဲထုတ်ပြီး သခင်ဖြစ်တဲ့ ငါ့ကိုပဲ လာသတ်မလား.. ဒါမှမဟုတ် ဒူးထောက်ပြီး ငါ့ကို သစ္စာခံမလား”
ချက်ချင်းပင် နေရာတစ်ခုလုံး အပ်ကျသံပင်ကြားရမတတ် တိတ်ဆိတ်ငြိမ်သက်သွား၏။
နေရာရှိ စစ်သည်များ အားလုံးမှာ ဆိုမျိုးနွယ်စုအပေါ် သစ္စာရှိကြသည်။ သူတို့သည် မျိုးရိုးစဥ်ဆက်အဆက်ဆက် ဆိုမျိုးနွယ်စုကို သစ္စာခံခဲ့ကြသူများပင်။
သူတို့သည် ငယ်စဉ်ကတည်းက ဆိုမျိုးနွယ်စု၏ ပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့ကြကာ သူတို့၏ မိဘများနှင့် ဘိုးဘွားများဆိုလျှင် ဆိုမျိုးနွယ်စုအတွက် အသက်ပေးခဲ့ကြသူများဖြစ်သည်။
သို့သော် ယခင်က သူတို့ သစ္စာခံခဲ့သူမှာ ဆိုဟန်ရီ ဖြစ်သည်။ သူတို့က ဆိုဟန်ရီကို ဆိုမျိုးနွယ်စု၏ သခင်အဖြစ် သတ်မှတ်ခဲ့ကြပြီး တရားမျှတသည့် ခေါင်းဆောင်တစ်ဦးအဖြစ် ယူဆခဲ့ကြသည်။
ယခု ဆိုဟန်ရီ သေဆုံးသွားပြီဖြစ်သဖြင့် သူတို့ ဘာဆက်လုပ်သင့်သနည်း။
ယခုအချိန်၌ ဆိုလွန်နှင့် ပတ်သက်သည့် သူတို့၏ ခံစားချက်များမှာ အလွန် ရှုပ်ထွေးနေသည်။
သူတို့၏ အမြင်၌ ဆိုလွန်မှာ အရည်အချင်းမရှိသည့် မျိုးနွယ်စုကို ဖျက်ဆီးမည့် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ပြီး ထိုသို့သော သခင်မျိုးကို သူတို့ လုံးဝ သဘောမကျနိုင်ချေ။
ယခုကြည့်ရသည်မှာ ဆိုလွန်သည် သံသယဖြစ်စရာမလိုအောင် ကြမ်းကြုတ်သည့် သခင်တစ်ပါး ဖြစ်နေသည်။ သူ၏ အပြုအမူများက ရက်စက်ကြမ်းကြုတ်ကာ နည်းလမ်းပေါင်းစုံကို အသုံးပြုတတ်၏။
သူသည် ဘာတစ်ခုမှမရှိသည့် ဘဝမှနေ၍ ကြီးမားလှသည့် ရွှေဒင်္ဂါးများကို ရယူနိုင်ခဲ့ပြီး လူတစ်သောင်းကျော်ရှိသည့် စစ်တပ်တစ်ခုကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။
အစစ်အမှန် စစ်ပွဲ စတင်သောအခါ တပ်သားတစ်သောင်းကျော်ကို မထင်မှတ်ဘဲ စွန့်ပစ်ခဲ့ပြီး ထျန်းရွှေမြို့လယ်သို့ တစ်ကိုယ်တော် ဝင်ရောက်လာခဲ့သည်။ သူတစ်ဦးတည်း၏ အင်အားဖြင့် ထျန်းရွှေမြို့ကို မွှေနှောက်ခဲ့ပြီး နောက်ဆုံး၌ ရှုံးနိမ့်ဖူးခြင်းမရှိသည့် တပ်မှူးကြီး ဆိုဟန်ရီကိုပင် အကြံအစည်ဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။
မည်သည့်ဘက်မှ ကြည့်ပါစေ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် သခင်တစ်ယောက် ဖြစ်၏။ သူ၏ သိုင်းပညာမှာ အလွန် အားနည်းသော်လည်း သခင်တစ်ဦးအတွက် သိုင်းပညာသည် အရေးအကြီးဆုံး မဟုတ်ချေ။
ထိုသို့သော သခင်မျိုး ရှိနေလျှင် ထျန်းရွှေမြို့သည် အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရမည် မဟုတ်ဘဲ အခြားသူများကိုပင် အနိုင်ကျင့်နိုင်စွမ်း ရှိလာပေလိမ့်မည်။
ထိုသခင်မျိုးကို ရင်ဆိုင်ရချိန်၌ သူတို့သည် ရင်းနှီးကျွမ်းဝင်မှု မရှိကြဘဲ ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေသည်။
သို့သော် ယခု ဘာလုပ်သင့်သနည်း။ ဓားကို တိုက်ရိုက်ဆွဲထုတ်ပြီး ဆိုလွန်နှင့် တိုက်ခိုက်ရမည်လော။
မဖြစ်နိုင်ချေ။ သူတို့သည် ဆိုမျိုးနွယ်စုကို မျိုးဆက်အဆက်ဆက် သစ္စာခံခဲ့ကြသူများဖြစ်သည်။ ယခု အမှန်တရားကို သိရှိသွားချိန်၌ သခင်ကို တကယ်ပဲ ပုန်ကန်သတ်ဖြတ်ကြမည်လော။
ထိုသို့မဟုတ်လျှင် ချပ်ဝတ်တန်ဆာများချွတ်ကာ တပ်မှ ထွက်သွားရမည်လော။ ထိုအရာမှာလည်း မဖြစ်နိုင်ပေ။ သူတို့သည် ကျွမ်းကျင်စစ်သည်များဖြစ်သလို အသက်မွေးဝမ်းကျောင်းအနေဖြင့် သူရဲကောင်းများအဖြစ်သာ လုပ်ကိုင်ကြပြီး သတ်ဖြတ်ခြင်းမှလွဲ၍ အခြားဘာမှ မလုပ်တတ်ကြချေ။
ထျန်ရွှေမြို့မှ ထွက်သွားပါက ခြေသလုံးအိမ်တိုင် သူရဲကောင်းများ ဖြစ်သွားမည်ဖြစ်ပြီး တောင်တစ်သောင်း တောင်တန်းဆီသို့သွားကာ လူရိုင်းများကို အမဲလိုက် သတ်ဖြတ်ပြီး အသက်မွေးရပေမည်။
ထို့ကြောင့် နောက်ဆုံး ရွေးချယ်စရာ တစ်ခုသာ ကျန်ရှိတော့သည်။
ဆိုလွန်ကို သစ္စာခံရန်ပင်။
သူတို့၏ အစစ်အမှန် သခင်ကို သစ္စာခံရန် ဖြစ်သည်။
ယန်ဟုန်ရီ အေးစက်စွာ ပြောလိုက်သည်။ “မင်းတို့ ဘာရပ်လုပ်နေကြတာလဲ... မင်းတို့ရဲ့ သခင်ဆိုလွန်မှာ ကောင်းကင်ဝံပုလွေ တောင်ကြားအပြင်ဘက်က တပ်သားတစ်သောင်းခွဲ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့”
“အဲ့ဒီ ကြေးစားစစ်သည်တွေက နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့ လက်ရွေးစင်တွေဖြစ်ပြီး မင်းတို့ နေရာကို မျက်စိကျနေကြတာ”
ထိုစကားကို ကြားသောအခါ ဦးဆောင်နေသည့် လူတစ်ထောင်တပ်မှူး နှစ်ဦးသည် ချက်ချင်းပင် ဦးထုပ်များကို ချွတ်လိုက်ပြီး ဒူးတစ်ဖက် ထောက်လိုက်ကြ၏။
“ထျန်းရွှေ မြို့စောင့်တပ်၊ ပထမ လူတစ်ထောင်တပ်မှူး ဆိုတန်ချန်... သခင့်ကို ဂါရဝပြုပါတယ်”
“ထျန်းရွှေ မြို့စောင့်တပ်၊ ဒုတိယ လူတစ်ထောင်တပ်မှူး ဆိုတန်ယု... သခင့်ကို ဂါရဝပြုပါတယ်”
ဆိုမုကဲ့သို့ပင် ထိုလူနှစ်ဦးသည် ဆိုမျိုးနွယ်စု၏ မျိုးဆက်အဆက်ဆက် လက်အောက်ငယ်သားများ ဖြစ်ကြပြီး ဆို ဟူသည့် မျိုးရိုးနာမည်ကို အစောကြီးကတည်းက ပြောင်းလဲအသုံးပြုခဲ့ကြသူများ ဖြစ်သည်။
အဆင့်မြင့် သူရဲကောင်းများ မဟုတ်ပါက လူတစ်ထောင်တပ်မှူး မဖြစ်နိုင်သလို နဂါးသူရဲကောင်းများ မဟုတ်လျှင်လည်း လူတစ်သောင်းတပ်မှူး မဖြစ်နိုင်ပေ။ ထိုလူတစ်ထောင်တပ်မှူး နှစ်ဦးစလုံးမှာ အဆင့်မြင့် သူရဲကောင်းများ ဖြစ်ကြပြီး အထူးချွန်ဆုံး မြင်းစီးသူရဲများပင်။
ဆိုလွန် သူ၏ အဖိုးတန်ဓားကို ဘေးတိုက် ဆန့်ထုတ်လိုက်သောအခါ လူတစ်ထောင်တပ်မှူး နှစ်ဦးသည် ချက်ချင်းပင် ရှေ့သို့တိုးသွားပြီး သူ၏ ဓားသွားကို နမ်းရှိုက်လိုက်ကြသည်။
ယခုအချိန်မှစ၍ ထိုမြင်းစီးသူရဲ နှစ်ထောင်သည် ဆိုလွန်ကို အပြည့်အဝ သစ္စာခံသွားပြီ ဖြစ်၏။
ဆိုလွန် ထိုနှစ်ဦးကိုကြည့်ကာ တည်ကြည်စွာ ပြောလာသည်။
“လူတစ်ထောင်တပ်မှူး နှစ်ယောက်... မင်းတို့ရဲ့ တပ်တွေကို စုစည်းပြီး ထျန်းရွှေမြို့ဆီ ပြန်သွားကြ..မနက်မိုးမလင်းခင် ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ရမယ်”
“ဟုတ်ကဲ့ပါ”
လူတစ်ထောင်တပ်မှူး နှစ်ဦး တပြိုက်နက် ဖြေကြားလိုက်သည်။
……
နာရီဝက်ခန့် ကြာပြီးနောက် မြင်းစီးသူရဲ နှစ်ထောင် စုစည်းမိသွားကာ ထျန်းရွှေမြို့ဆီသို့ ခမ်းနားကြီးကျယ်စွာ ပြန်လည်ထွက်ခွာလာခဲ့သည်။ ဆိုလွန်နှင့် အခြားသူများလည်း ထိုမြင်းစီးသူရဲ နှစ်ထောင်ကြား၌ ပုန်းအောင်းလိုက်ပါလာ၏။
ကမ်းခြေနှင့် ထျန်းရွှေမြို့မှာ မိုင်သုံးရာကျော် ကွာဝေးပြီး မြို့ အောက်ခြေသို့ အပြေးအလွှား ပြန်ရောက်လာချိန်၌ အမှောင်ထုက လုံးဝ ဖုံးလွှမ်းနေလေပြီ။
ထိုအချိန်၌ မြို့အပြင်ဘက်ရှိ တပ်သားတစ်သောင်းကျော်မှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ထွက်ပြေးသွားကြပြီဖြစ်ကာ နေရာအနှံ့၌ အလောင်းများသာ ကျန်ရစ်နေခဲ့သည်။
ပထမ လူတစ်ထောင်တပ်မှူး ဆိုတန်ချန် မြို့တံခါးရှေ့သို့တိုးကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
“မြို့တံခါး ဖွင့်လိုက်”
ထိုအချိန်၌ ဆိုလွန်၏ ခြင်္သေ့ကျားသားရဲပေါ်တွင် ဆိုဟန်ရီ၏ ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူသန်ကြီးတစ်ဦး စီးနင်းလိုက်ပါလာသည်။
မူလက လူတစ်ထောင်တပ်မှူး နှစ်ဦးသည် ဆိုလွန်ကို ဆိုဟန်ရီအဖြစ် ဟန်ဆောင်ကာ မြို့ထဲဝင်စေချင်ခဲ့သော်လည်း ဆိုလွန်က အလိုမရှိခဲ့ချေ။ ထို့ကြောင့် မြင်းစီးသူရဲများထဲမှ ဆိုဟန်ရီနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဆင်တူသည့် ခန့်ညားသော လူတစ်ယောက်ကို ရွေးချယ်ဟန်ဆောင်စေခဲ့သည်။
တပ်စွဲထားသည့် စစ်သည်များမှာ မြို့တံခါးပေါ်မှ မီးရောင်ဖြင့် အောက်သို့ လှမ်းကြည့်လိုက်ပြီး လုံးဝ မသင်္ကာမှုမရှိဘဲ အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြသည်။
“မြို့စားမင်း ဆိုဟန်ရီ အောင်ပွဲခံပြီး ပြန်လာပြီ... မြို့တံခါး ဖွင့်လိုက်ကြ”
“ဝုန်း...”
ကြီးမားလှသည့် မြို့တံခါးကြီး ပွင့်သွားလေပြီ။
ဆိုလွန်သည် မြင်းစီးသူရဲ နှစ်ထောင်ကြား၌ ရောနှောလျက် ထျန်းရွှေမြို့အတွင်းသို့ ထပ်မံ ဝင်ရောက်လာ၏။
ချက်ချင်းပင် လမ်းဘေးရှိ မရေမတွက်နိုင်သော ဒုက္ခသည်များက ဒူးထောက် ရှိခိုးကြပြီး မိစ္ဆာကောင် ဆိုလွန်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည့် မြို့စားမင်း ဆိုဟန်ရီ၏ အောင်ပွဲကို ဂုဏ်ပြုလိုက်ကြသည်။
ဆိုဟန်ရီသည် ဝိရောဓိဖြစ်ဖွယ်ကောင်းသော ဆန့်ကျင်ဘက်သဘောတရားများဖြင့်ပြည့်နှက်နေသည့် သူတစ်ယောက်ဖြစ်၏။ သူသည် မြင့်မြတ်သလို ကောက်ကျစ်ယုတ်မာသောစရိုက်ရှိပြီး အစွမ်းထက်သလို သေးငယ်အားနည်းလွန်းသော ဇာတ်ကောင်တစ်ယောက်လည်းဖြစ်သည်။
မြို့စားစံအိမ်သို့ ဝင်ရောက်ပြီးနောက် ဆိုလွန် မြင်းစီးသူရဲ တစ်ထောင်ကို မြို့စားစံအိမ် တစ်ခုလုံး၏ လုံခြုံရေးအား ထိန်းချုပ်စေလိုက်ပြီး ဆိုမုနှင့် အခြားသော မျိုးနွယ်စုစစ်သည်များက ဆိုလွန်၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို တာဝန်ယူလိုက်ကြသည်။
“အမိန့်ပေးလိုက်... ထျန်းရွှေမြို့ထဲက လူတစ်ရာတပ်မှူးနဲ့အထက် အရာရှိအားလုံးကို မြို့စားစံအိမ်မှာ လာတွေ့ဖို့ ခေါ်လိုက်”
“ဟုတ်ကဲ့ပါ”
လူတစ်ထောင်တပ်မှူး နှစ်ဦး ရိုသေစွာပြန် ဖြေလိုက်သည်။
ပထမ လူတစ်ထောင်တပ်မှူး ဆိုတန်ချန် တွေဝေစွာ ပြောလိုက်သည်။
“သခင်... ထျန်းရွှေမြို့ထဲက မြို့စောင့်တပ် ခြောက်ထောင်က ဆိုမျိုးနွယ်စုကို အပြည့်အဝ သစ္စာခံထားကြတာပါ.. မြို့စောင့်တပ်က အဆင့်မြင့်အရာရှိတွေကို အသိပေးတာမျိုး လုပ်သင့်သလား”
ဆိုလွန် ခေါင်းရမ်းလိုက်သည်။
“မလိုဘူး... ဘာကိစ္စပဲရှိရှိ ခဏနေမှ ထပ်ပြောမယ်”
“ဟုတ်ကဲ့ပါ”
ဆိုတန်ချန် ရိုသေစွာ ဖြေလိုက်ပြီးနောက် အမိန့်ပေးရန် ထွက်သွား၏။ သို့သော် ဆိုလွန်၏ မျိုးနွယ်စုစစ်သည်များက သူတို့နောက်သို့ လိုက်သွားကာ ကြီးကြပ်ကွပ်ကဲကြောင်း ပြသလိုက်သည်။
……
အပိုင်း ၃၂၂ ပြီး။