← Chapters

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း ၃၂၄

Vol. 33 Ch. 324

အပိုင်း ၃၂၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ညီလာခံခန်းမအတွင်းရှိ လူများအားလုံး အလွန်အမင်း တုန်လှုပ်သွားကြ၏။ အရာအားလုံးက ရုတ်တရက်ဆန်လွန်းလှပြီး စကားတစ်ခွန်းပြောရန်ပင် အချိန်မရလိုက်ဘဲ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

“ရွှမ်း... ရွှမ်း... ရွှမ်း...”

အဆင့်မြင့်စစ်သည် မြေပိုင်ရှင် ပုန်ကန်သူတပ် အရာရှိများ ဓားဆွဲထုတ်လိုက်ပြီး ဆိုလွန်ကို တိုက်ရိုက် သတ်ရန် ပြင်လိုက်ကြ၏။

တစ်ဖက်ရှိ ထျန်းရွှေ မြို့စောင့်တပ် အရာရှိများကလည်း ရုတ်တရက် မတ်တတ်ရပ်လာကာ ဓားရိုးပေါ် လက်တင်လိုက်ကြသည်။

ထိုအချိန်တွင် မြို့စောင့်တပ် ပထမ လူတစ်ထောင်တပ်မှူး ဆိုတန်ချန်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

“မလှုပ်ကြနဲ့... မြို့စောင့်တပ်က ညီအစ်ကိုတွေ ငါ့စကားကို ယုံရင် မလှုပ်ကြနဲ့... အားလုံး ပြန်ထိုင်ကြ”

ဒုတိယ လူတစ်ထောင်တပ်မှူး ဆိုတန်ယုကလည်း အသံကျယ်ကျယ်ဖြင့် ဝင်ပြောသည်။

“ဟုတ်တယ်... ငါတို့ကို ယုံရင် လုံးဝ မလှုပ်ကြနဲ့”

ထို့နောက် မြို့စောင့်တပ် အရာရှိ ခြောက်ဆယ်လုံး ပြန်ထိုင်လိုက်ကြသော်လည်း အခြေအနေမှာ ယခင်အတိုင်း တင်းမာနေဆဲပင်။

အဆင့်မြင့် မြေပိုင်ရှင် ပုန်ကန်သူတပ် အရာရှိတစ်ဦးက အော်လိုက်သည်။ “ညီအစ်ကိုတို့... သူတို့နဲ့ ဝင်တိုက်ကြ”

ထိုအချိန်၌ ဆိုမျိုးနွယ်စု မိသားစုစစ်သည် တစ်ရာကျော် ဝင်ရောက်လာပြီး ပုန်ကန်သူတပ် အရာရှိများနှင့် ရောထွေး သတ်ဖြတ်ကြတော့သည်။

ဆိုလွန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ရဲ့ကျင်းယွီ ကမ်းပေးလာသည့် လေးကြိုးတင်ထားသော လေးကို လှမ်းယူလိုက်၏။ မြားအတွင်း စိတ်ဝိညာဉ်စွမ်းအားများ စုစည်း၍ ပစ်မှတ်များကို သတ်မှတ်ကာ စတင်ပစ်ခတ်တော့သည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ကျဉ်းမြောင်းလှသောအကွာအဝေးအတွင်း လူစုလူဝေးဖြစ်နေသည့် အလယ်အလတ်စစ်သည်များကို ရင်ဆိုင်ရာတွင် ဆိုလွန်၏ ရွှေနက်မြှားများက ပစ်မှတ်များစီဖြောင့်တန်းစွာဝင်ရောက်သွားသည်။

သူ၏ မျိုးနွယ်စုစစ်သည်များနှင့် ပုန်ကန်သူတပ် အရာရှိများ ရောထွေးသတ်ဖြတ်နေကြသဖြင့် နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသော်လည်း သူ၏ မြှားများက အနည်းငယ်မျှ လွဲမှားပစ်မိခြင်းမရှိခဲ့ချေ။

သိုင်းပညာ အမြင့်မားဆုံးဖြစ်သည့် နိုင်အာမှာ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိဘဲ ဆိုလွန်၏ အရှေ့၌ မတ်တတ်ရပ်ကာ အကာအကွယ်ပေးထားသည်။

ဆိုတန်ချန်နှင့် ဆိုတန်ယုတို့က ဓားကြီးများကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်သွားကြ၏။

မြို့စောင့်တပ် အရာရှိများမှာ မည်သည့်အရာဖြစ်ပျက်နေမှန်း လုံးဝ မသိကြသော်လည်း ဆိုတန်ချန်တို့ ညီအစ်ကိုနှစ်ဦး ဝင်တိုက်သည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် တွေဝေသွားပြီးနောက် လူထက်ဝက်ခန့်က ဓားဆွဲထုတ်ကာ ရှေ့သို့ တိုးသွားကြသည်။

ထိုအချိန်၌ လူတစ်ရာကျော်က လူလေးဆယ်ကို ဝိုင်းဝန်း သတ်ဖြတ်နေကြလေပြီ။

ယခုအချိန်၌ ကျိနင်ဖြစ်စေ၊ နူအာတန်ဖြစ်စေ တိုက်ပွဲမှာ ကောင်းကင်ဝံပုလွေ တောင်ကြားတွင် ဖြစ်ပွားမည်ဟု ထင်မှတ်ထားကြသဖြင့် လက်ရွေးစင်များကို ခေါ်ဆောင်သွားခဲ့ကြသည်။ ထျန်းရွှေမြို့ထဲ၌ ကျန်ရစ်နေသူများမှာ အဆင့်မြင့် အရာရှိများနှင့် ပတ်သက်ဆက်နွယ်နေသူများသာ ဖြစ်ကြ၏။

အဆင့်မြင့် မြေပိုင်ရှင်တစ်ဦး၏ သား မဟုတ်လျှင် အခြားမြေပိုင်ရှင်တစ်ဦး၏ တူဖြစ်နေတတ်သဖြင့် တိုက်ခိုက်ရေးအတွေ့အကြုံနည်းပါးကာ တိုက်ခိုက်နိုင်စွမ်း မည်မျှ အားနည်းမည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်။

သို့သော် ဆိုလွန်၏ မျိုးနွယ်စုစစ်သည်များနှင့် မြို့စောင့်တပ် အရာရှိများမှာ လက်ရွေးစင်များ ဖြစ်ကြ၏။ ထို့ပြင် ပျမ်းမျှအားဖြင့် သုံးယောက်တစ်ယောက် တိုက်ခိုက်နေရသဖြင့် စစ်ရေးအခြေအနေမှာ လုံးဝ တစ်ဖက်သတ် ဖြစ်နေတော့သည်။

မိနစ်အနည်းငယ်အတွင်း ပုန်ကန်သူတပ် အရာရှိ လေးဆယ်ခန့် သုတ်သင်ခံလိုက်ရလေပြီ။

“ဆိုလွန်... ဘာလို့လဲ... ဘာလို့ ငါတို့ကို စကားပြောခွင့် မပေးတာလဲ”

“ငါက အဆင့်မြင့်စစ်သည်ကွ...ဒီနေရာမှာ ငါမသေနိုင်ဘူး..”

အဆင့်မြင့်စစ်သည် ပုန်ကန်သူတပ် အရာရှိကြီးတစ်ဦးက မသေခင်ကျယ်လောင်စွာ အော်ဟစ်‌ မေးမြန်းလိုက်သည်။

အဆင့်မြင့် စစ်သည်များသာ အဆင့်မြင့် မြေပိုင်ရှင် ဖြစ်လာနိုင်၏။ သို့သော် အဆင့်မြင့်စစ်သည်တိုင်း မြေပိုင်ရှင် မဖြစ်နိုင်ဘဲ အများဆုံး ဆယ်ယောက်တွင် တစ်ယောက်သာ ဖြစ်နိုင်သည်။

အဆင့်မြင့် စစ်သည် အများစုမှာ လူတစ်ထောင်တပ်မှူး ရာထူးဖြင့်သာ ကျေနပ်နေကြရသည်။ ထို့ကြောင့် အဆင့်မြင့်စစ်သည်တိုင်းမှာ မာနကြီးကြ၏။

ဆိုလွန် အေးစက်စွာ ပြောလိုက်သည်။

“ငါ ဂရုမစိုက်ဘူး”

ထို့နောက် ဆိုမုနှင့် အခြားသူများ၏ လက်ထဲမှ ဓားကြီးများက ထိုအဆင့်မြင့်စစ်သည် အရာရှိထံသို့ တပြိုင်နက် ထိုးစိုက်သွားကြသည်။

“ဖူး... ဖွတ်... ရွှမ်း...”

မျက်စိတစ်မှိတ်အတွင်း ထိုသူမှာ အပေါက်အပြဲပြဲဖြင့် အသတ်ခံလိုက်ရပြီး အသက်ပျောက်သွားလေပြီ။

ညီလာခံခန်းမကြီး တစ်ခုလုံး သွေးနံ့များ လွှမ်းမိုးသွားပြီး အလောင်းများ ပြန့်ကျဲနေတော့သည်။

……

ဆိုလွန် သူထိုင်ရန် သတ်မှတ်ထားသောနေရာသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။

မြို့စောင့်တပ် အရာရှိများကို ကြည့်လိုက်သောအခါ သူတို့၏ မျက်နှာများထက်၌ သံသယနှင့် တုန်လှုပ်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

သူတို့ထဲမှ ထက်ဝက်ခန့်မှာ လွန်ခဲ့သည့် အချိန်အနည်းငယ်က ဆိုတန်ချန်တို့နှင့်အတူ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသော်လည်း ယခုအချိန်အထိ မည်သည့်အရာ ဖြစ်ပျက်နေမှန်း မသိကြသေးချေ။

သခင် ဆိုဟန်ရီ ဘယ်ရောက်သွားသနည်း။ ဘာကြောင့် ဆိုလွန်က ဤနေရာ၌ ပေါ်လာရသနည်း။

“ဆိုဟန်ရီ သေသွားပြီ”

ကောင်းကင်ကြီး ပြိုကျသွားသည့်အလား တုန်လှုပ်သွားစေနိုင်သော စကားတစ်ခွန်း ဆိုလွန့်နှုတ်မှ ထွက်ပေါ်လာသည်။

ထို့နောက် ယန်ဟုန်ရီက လက်ထဲရှိ သစ်သားသေတ္တာကို ဖွင့်လိုက်သောအခါ အထဲ၌ ဆိုဟန်ရီ၏ ခေါင်းကို တွေ့လိုက်ရ၏။

နေရာရှိ မြို့စောင့်တပ် အရာရှိအားလုံး မျက်နှာပျက်သွားပြီး တုန်လှုပ်စွာဖြင့် အလိုအလျောက် ဓားများ ဆွဲထုတ်လိုက်ကြသည်။

ဆိုတန်ချန် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

“မလုပ်နဲ့... လုံးဝ ဓားမထုတ်ကြနဲ့”

ယခုအခါ ဆိုလွန်သည် ရက်စက်ကြမ်းကြုတ်ပြီး စိတ်ရှည်သည်းခံနိုင်စွမ်း လုံးဝ မရှိသူဖြစ်ကြောင်း သူ နားလည်သွားပြီ ဖြစ်၏။

မြို့စောင့်တပ်က ဆိုဟန်ရီကို သစ္စာခံထားသည့်အပေါ် သူ အလွန် မကျေမနပ် ဖြစ်နေခဲ့သည်။ အကယ်၍ ဤအရာရှိများသာ ဓားဆွဲထုတ်ကာ ဆိုလွန်ကို ဆန့်ကျင်ရန် ကြိုးစားပါက အခွင့်အရေး လုံးဝ ပေးမည်မဟုတ်ဘဲ မည်သည့် တုံ့ဆိုင်းမှုမှမရှိဘဲ သူတို့ကို ကွပ်မျက်ပစ်ပေလိမ့်မည်။

ဆိုတန်ချန် ရှေ့သို့ တစ်လှမ်း တိုးသွားကာ ဆိုလွန်၏ အရှေ့၌ ရပ်လိုက်ပြီး သူ၏ ရပ်တည်ချက်ကို ပြသလိုက်သလို ဓားများကို တားဆီးပေးမည့် အဓိပ္ပာယ်ကိုပါ ဖော်ပြလိုက်သည်။

“ညီအစ်ကိုတို့... ငါ့စကားကို နားထောင်ကြပါ... လုံးဝ ဓားမထုတ်ကြပါနဲ့”

သဘာဝကျစွာပင် ယခုကဲ့သို့ ဓားတားဆီးပေးခြင်းမှာ ဆိုလွန်အပေါ် အလွန်အမင်း ချစ်ခင်မြတ်နိုးနေ၍ မဟုတ်ဘဲ သူ၏ လုပ်ရပ်ကသာ ဆိုလွန်ကို မြို့စောင့်တပ် ညီအစ်ကိုများအပေါ် သနားညှာတာမှု ပြသစေနိုင်မည် ဖြစ်သောကြောင့်ပင်။

ဆိုလွန် ဆက်ပြောလာသည်။

“ဆိုဟန်ရီက မင်းသမီး ကျိနင်၊ နူအာတန်တို့နဲ့ ပူးပေါင်းပြီး ဆိုမျိုးနွယ်စုကို သစ္စာဖောက်သလို အာဏာလုဖို့ ကြံစည်ခဲ့တယ်... သူက မင်းတို့ရဲ့ ဒုတိယတပ်မှူး သခင်ယန်နူဖြစ်တဲ့ သူ့ရဲ့ ဆရာအရင်းကိုတောင် ကိုယ်တိုင် သတ်ဖြတ်ဖို့ ဝန်မလေးခဲ့သလို သူ့ဇနီး သခင်မ ယန်ဟုန်ရီကိုပါ...”

ထိုအချိန်တွင် လူငယ် လူတစ်ရာတပ်မှူးတစ်ဦးက ဆိုလွန်ကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် စကား ဖြတ်ပြောလိုက်၏။

“မဖြစ်နိုင်ဘူး... မင်း လိမ်နေတာ... မင်း လျှောက်ပြောနေတာ”

ဆိုလွန် စကားဆက်မပြော‌တော့ဘဲ သူ့ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။

ထို လူငယ် လူတစ်ရာတပ်မှူးမှာ ဘာမှမသိနားမလည်ဘဲ ယခင်အတိုင်း ခေါင်းမော့ကာ ငြင်းဆန်ရန် ပြင်လိုက်၏။

ဆိုတန်ချန်တစ်ယောက် အလွန် ထိတ်လန့်သွားပြီး ချက်ချင်း ပြေးသွားကာ လူငယ် လူတစ်ရာတပ်မှူး၏ ပါးကို အချက်ပေါင်းများစွာ ရိုက်ချလိုက်သည်။ ထို့နောက် ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ချလိုက်သဖြင့် ထိုလူငယ်မှာ မြေပြင်ပေါ်၌ ဒူးထောက်ကျသွားတော့သည်။

ဒုတိယ လူတစ်ထောင်တပ်မှူး ဆိုတန်ယုက အလျင်အမြန် ဘေးတွင် ဒူးထောက်လိုက်ပြီး ‌ကြမ်းပြင်ကို ဦးခိုက်ကာ အသည်းအသန် တောင်းပန်လိုက်သည်။

“သခင်... ဒီကောင်လေးက ဆိုလင်ယွီပါ... သူက ငယ်ရွယ်ပြီး ဘာမှ မသိသေးလို့တောင်းပန်ပါတယ်... သူ့အသက်ကို ချမ်းသာပေးပါ... သူ့ကို ချမ်းသာပေးပါ”

ဆိုလွန် အေးစက်စွာ ပြောလိုက်သည်။

“ငါ့ကို အကြောင်းပြချက် တစ်ခုပေး”

တစ်ချိန်တည်းမှာပင် ရဲ့ကျင်းယွီ ရှေ့သို့တိုးလာပြီး ဓားကောက်ကို ဆွဲထုတ်လိုက်၏။

ဆိုလွန်က အမိန့်မရုပ်သိမ်းသရွေ့ ဤလူငယ် ဆိုလင်ယွီ သေချာပေါက် သေရမည်သာ။ မည်သူမှ သခင်၏ စကားကို ဖြတ်ပြောခွင့် မရှိသလို မည်သူမှ သခင်၏ ဂုဏ်သိက္ခာကို စော်ကားခွင့် မရှိချေ။

“သူက အသက် ဆယ့်ရှစ်နှစ်ပဲ ရှိပါသေးတယ်... သိုင်းပညာမှာထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်ပါ”

ဆိုတန်ယု အရဲစွန့်ကာရှင်းပြလိုက်သည်။

ဆိုလွန် ခေါင်းရမ်းလိုက်သည်။

“ငါ့မှာ သိုင်းပညာထူးချွန်တဲ့ ပါရမီရှင် မရှားဘူး”

ဆိုတန်ယု ဆက်၍ရှင်းပြလာသည်။

“သူက သခင် ဆိုဟန်ရီ ကျေးရွာ လယ်ကွင်းတွေထဲကနေ ရှာတွေ့ခဲ့တာပါ... သူက သခင် ဆိုဟန်ရီရဲ့ မွေးစားသားဖြစ်သလို တပည့်ဆိုလည်းဟုတ်ပါတယ်... “

“အတိတ်က မြို့စားကြီး ဆိုလုံ သခင် ဆိုဟန်ရီကို တဲအိမ်လေးထဲကနေ ခေါ်ထုတ်လာခဲ့တာနဲ့ ဆင်တူပါတယ်”

ချက်ချင်းပင် ဆိုလွန်၏ မျက်နှာထား ပြေလျော့သွားပြီး ဆိုလင်ယွီ၏ အရှေ့သို့ ရောက်လာသည်။

ဤအချိန်၌ ထို လူငယ် လူတစ်ရာတပ်မှူးမှာ ရိုက်နှက်ခံထားရသဖြင့် မျက်နှာတစ်ခုလုံး ညိုမည်းပွန်းပဲ့နေပြီး ပါးစပ်ထောင့်များတွင်လည်း သွေးများ ပေကျံနေသည်။ သို့သော် သူက ဆိုလွန်ကို ယခင်အတိုင်း မနာခံသည့် အကြည့်ဖြင့် ကြည့်နေပြီး ခေါင်းလုံးဝ မငုံ့ချေ။

ဆိုလွန် အေးစက်စွာ ပြောလိုက်သည်။

“မင်းအတွက်တော့ ဆိုဟန်ရီက စံပြပုဂ္ဂိုလ်၊ အစ်ကိုကြီး၊ ဆရာတစ်ယောက်ဖြစ်ပြီး ဒီလောကမှာ အကောင်းဆုံးလူပဲ... “

“ဒါပေမဲ့ ငါ့အတွက်တော့ သူက သစ္စာဖောက် သူပုန်တစ်ယောက်ဖြစ်ပြီး သခင် ယန်နူအတွက်ကျတော့ ဆရာကိုပုန်ကန်တဲ့ တပည့်တစ်ယောက်ပဲ... “

“ငါ့လိုပဲပေါ့... ငါ့အစ်မ မျက်လုံးထဲမှာ ငါက အကောင်းဆုံး မောင်လေးဖြစ်ပြီး ရဲ့ကျင်းယွီ မျက်လုံးထဲမှာကျတော့ အကောင်းဆုံး သခင်ဖြစ်တယ်... ဒါပေမဲ့ တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ငါက လူကြမ်းတစ်ယောက်ပဲ”

“ဒါကြောင့် ငါ ဆိုဟန်ရီကို သတ်လိုက်တာ”

ဆိုလွန် ဆက်လက် ရှင်းပြနေခြင်း မရှိတော့ချေ။ ဆိုလင်ယွီနှင့် ပတ်သက်၍ သူ၏ ဤစကားများက အကောင်းဆုံးရှင်းပြမှုပင်။

အကယ်၍ ထိုနားမလည်နိုင်ခဲ့လျှင် ဆိုလင်ယွီကို သတ်လိုက်ရုံသာ။ ဆိုလွန်သည် အရည်အချင်းရှိသူများကို အသည်းအသန် ရှာဖွေနေသူမျိုး မဟုတ်ပေ။

ထိုအချိန်၌ ယန်ဟုန်ရီက ဆိုလွန်၏ စကားများကို အတည်ပြုပေးရန်နှင့် ဆိုဟန်ရီ၏ အစစ်အမှန် မျက်နှာဖုံးကို ခွာချရန် နှုတ်ဟလိုက်၏။ ဤအရာက ယခုအချိန်၌ သူမအတွက် ဒဏ်ရာကို လုံးဝ ဆွဲဖြဲလိုက်သည်နှင့် တူညီနေသော်လည်း သူမ ဝင်ပြောရန် ပြင်လိုက်သည်။

ဆိုလွန် လက်ဝှေ့ယမ်းကာ ယန်ဟုန်ရီကို စကားမပြောရန် တားဆီးလိုက်သည်။

သူက သခင် ဖြစ်ပြီး လက်ရှိ ဤမြို့စောင့်တပ် အရာရှိများက လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ဆိုလွန်က ကိစ္စရပ်များကို အသိပေးခြင်းက လွန်ကဲသော သည်းခံမှုကို ပြသလိုက်ခြင်းပင်။

ဆိုလွန်က အသေးစိတ် ရှင်းပြပေးရန် မျှော်လင့်နေပါက စိတ်ကူးယဉ်နေခြင်းသာ ဖြစ်လိမ့်မည်။

သူ နေရာရှိ မြို့စောင့်တပ် အရာရှိအားလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။

“မင်းတို့ကို အချိန် ခုနစ်မိနစ်ခွဲ ပေးမယ်... ငါ့ကို သစ္စာခံမလား၊ နှစ်ဖက်လုံး သေကြေပျက်စီးတဲ့အထိ တိုက်ခိုက်မလားဆိုတာ မင်းတို့ သဘောပဲ”

ထို့နောက် ဆိုလွန်၏ လက်ထဲရှိ သဲနာရီ ပြောင်းပြန်လှည့်သွားကာ အတွင်းမှ သဲမှုန်များ စတင် ကျဆင်းလာသည်။ သဲများ လုံးဝ ကျဆင်းသွားချိန်၌ အချိန် ခုနစ်မိနစ်ခွဲ ကုန်ဆုံးသွားပေမည်။

သူ ထိုသဲနာရီကို ယူကာ ညီလာခံခန်းမကြီးထဲမှ ထွက်ခွာသွားသဖြင့် ယန်နိုင်အာ၊ ရဲ့ကျင်းယွီနှင့် ယန်ဟုန်ရီတို့လည်း လိုက်ပါသွားကြသည်။

ယန်ဟုန်ရီ နှုတ်ဟလိုက်ပြီး တစ်စုံတစ်ရာ ပြောလိုဟန်ရှိသော်လည်း နောက်ဆုံး၌ ဘာမှ ထုတ်မပြောခဲ့ချေ။ ဆိုလွန်တို့၏နောက်မှ မိသားစုစစ်သည်များလည်း လိုက်ပါဆုတ်ခွာသွားကြ၏။

ကြီးမားလှသည့် ညီလာခံခန်းမကြီး တစ်ခုလုံး၌ ထျန်းရွှေ မြို့စောင့်တပ် အရာရှိ ခြောက်ဆယ်နှင့် ဆိုဟန်ရီ၏ ခေါင်းသာ ကျန်ရစ်တော့သည်။

......

အပိုင်း ၃၂၄ ပြီး။

All Chapters