အခန်း ၃၂၆
Vol. 33 Ch. 326
အပိုင်း ၃၂၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ဆိုလွန် အခန်းထဲမှ ထွက်လာပြီး အပြင်ဘက်ရှိ ညီလာခံခန်းမဆီသို့ ရောက်လာသည်။
ဆိုတန်ချန်နှင့် ဆိုတန်ယုတို့က ရိုသေလေးစားစွာ ဒူးထောက်အရိုအသေပြုလိုက်ကြသည်။
“သခင့်ကို ဂါရဝပြုပါတယ်”
ယခင်က သူတို့ ဆိုဟန်ရီအပေါ် ဤမျှ အရိုအသေ မပေးခဲ့ကြပေ။ ခါးညွှတ် အရိုအသေပေးရုံသာဖြစ်ပြီး ဒူးထောက်စရာ မလိုချေ။
အဘယ်ကြောင့်ဆိုသော် ဆိုဟန်ရီသည် သူတို့၏ အထက်အရာရှိသာဖြစ်ပြီး သခင် မဟုတ်သောကြောင့်ပင်။
ဆိုလွန် လက်ယပ်ခေါ်ကာ သူတို့ကို ထစေလိုက်ပြီးနောက် ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
ရဲ့ကျင်းယွီ ရှေ့သို့တိုးလာပြီး ကောင်းမွန်သည့် နံနက်စာကို ပြင်ဆင်ပေး၏။
ဆိုလွန် လတ်ဆတ်သည့် သစ်သီးနှင့် ဒိန်ခဲကို လက်ဖြင့်ယူကာ အမြန် ဝါးစားလိုက်သည်။ ထို့နောက် ဂျင်ဆင်းနီ ဝိုင်ကိုပါ သောက်လိုက်၏။
သူ၏ အစာအိမ်က အလွန်ကောင်းမွန်သဖြင့် ကြုံရာကျပန်း စားတတ်သည်။ ဒိန်ခဲစားရုံသာမက သိုးသားကင်ကိုလည်း စားကာ သိုးနို့ကောင်းကောင်းကို သောက်ရုံသာမက ဝိုင်ကိုပါ သောက်သေးသည်။
ဆိုတန်ချန် မတ်တတ်ရပ်ကာ ခါးညွှတ်လျက် ရိုသေစွာ လျှောက်တင်လိုက်သည်။
“သခင်... ထျန်းရွှေမြို့ကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပါပြီ... “
“ပုန်ကန်သူတပ်သား လေးထောင်လုံးကို လက်နက်ချခိုင်းပြီး မြို့ပြင်ကို ခေါ်ထုတ်သွားပြီးပါပြီ... လက်ရှိ မြောက်ဘက်က မြို့စောင့်တပ် စခန်းကြီးထဲမှာ ဖမ်းဆီးထားပါတယ်”
ဆိုလွန် နောက်ဆုံးကျန်နေသည့် သိုးသားကင်ကို မြိုချလိုက်သည်။
“သွားကြည့်ကြမယ်”
……
မြို့စားအိမ်တော်မှ ထွက်လာပြီးနောက် ဆိုလွန် ရထားလုံးပေါ်တက်ကာ မြို့ပြင်သို့ ထွက်လာသည်။
ဤအချိန်၌ ထျန်းရွှေ မြို့တော် တစ်ခုလုံး ထူးဆန်းသည့် တိတ်ဆိတ်မှုထဲ ကျဆင်းနေ၏။ လူအများစုမှာ မည်သည့်အရာ ဖြစ်ပျက်နေမှန်း မသိကြသော်လည်း ကြောက်မက်ဖွယ် အငွေ့အသက်များကို ခံစားနေကြရသည်။ အဘယ်ကြောင့်ဆိုသော် ယမန်နေ့ညက တပ်ဖွဲ့ကြီးများ ထွက်ခွာသွားသလို နေရာအနှံ့၌လည်း တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သောကြောင့်ပင်။
ယနေ့နံနက်၌ မြို့စောင့်တပ်က ကြေညာချက် ထုတ်ပြန်ထားသဖြင့် မည်သူမှ အပြင်မထွက်ရဲဘဲ အိမ်ထဲတွင်သာ နေနေကြသည်။
သို့သော် အလွန် ဂနာမငြိမ် ဖြစ်နေသူများမှာ ထိုမြို့စောင့်တပ်များ ကိုယ်တိုင်ပင်။ သူတို့သည် တိကျသည့် သတင်းအချက်အလက်များ မရရှိထားသော်လည်း ကောလာဟလများကို သဲ့သဲ့မျှ ကြားထားကြ၏။
သို့တိုင် သူတို့သည် အလွန် ကျွမ်းကျင်သည့် စစ်သည်များ ဖြစ်ကြသဖြင့် စိတ်ထဲ၌ ဂနာမငြိမ် ဖြစ်နေလျှင်ပင် အမိန့်ကို ယခင်အတိုင်း နာခံနေကြဆဲပင်။
ဆိုတန်ချန် အနည်းငယ် တွေဝေသွားပြီးနောက် ဆိုလွန်၏ အနားသို့ ကပ်ကာ တိုးတိုး ပြောလိုက်သည်။
“သခင်... မြို့စောင့်တပ်က ညီအစ်ကိုတွေ စိတ်ထဲမှာ နည်းနည်း ဂနာမငြိမ် ဖြစ်နေကြတယ်... သခင် သူတို့ကို စကားနည်းနည်းလောက် ပြောသင့်တယ်”
ဆိုလွန် ခေါင်းရမ်းလိုက်သည်။
“မလိုဘူး”
“ဟုတ်ကဲ့ပါ”
ဆိုတန်ချန် နားမလည်သော်လည်း ဆက်မပြောတော့ချေ။
သို့သော် ဆိုလွန်အား အတိမ်အနက်မသိရသော ရေတွင်းတစ်တွင်းလို နက်ရှိုင်းလွန်းသည်ဟု ခံစားလိုက်ရပြီး မြို့စောင့်တပ်အပေါ် သခင်၏ အထင်အမြင်လွဲမှားမှုက ပို၍ နက်ရှိုင်းနေပြီဟု တွေးကာ စိတ်ပူသွားသည်။
ဆိုလွန်က မြို့စောင့်တပ်အပေါ် အထင်အမြင်လွဲမှားမှု ရှိနေပါသလား။ မရှိချေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုတပ်ဖွဲ့မှာ အလွန် ပြောင်မြောက်သည့် တပ်ဖွဲ့တစ်ခုဟု သူ ထင်မြင်ထား၏။ ယန်ယန် ခေါ်ဆောင်လာသည့် ကြေးစားစစ်သည်များနှင့် ယှဉ်လျှင် မြို့စောင့်တပ်မှာ တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်း နိမ့်ကျနေနိုင်သလို အစစ်အမှန် တိုက်ပွဲ အတွေ့အကြုံလည်း လိုအပ်နေသေးသည်။
သို့သော် သစ္စာစောင့်သိမှုနှင့် အမိန့်နာခံမှု အပိုင်း၌ ကြေးစားစစ်သည်များထက် များစွာ သာလွန်ပေသည်။
ဆိုဟန်ရီ၏ ဟန်ဆောင်မှု ပေါ်ပေါက်သွားသည့်နေ့၌ အတွင်းအပြင် ညှပ်ပိတ် တိုက်ခိုက်ခံရမှုအောက်တွင် ထျန်းရွှေ မြို့တော် ကျဆုံးသွားခဲ့ရသည်။ သို့သော် မြို့စောင့်တပ်မှာ လုံးဝ ပြိုကွဲသွားခြင်း မရှိဘဲ ဆိုဟန်ရီအား ထျန်းရွှေမြို့ထဲမှ လွတ်မြောက်အောင် အသက်ပေး ကာကွယ်ခဲ့ကြ၏။
ထို့နောက် လဝက်မျှပင် မကြာလိုက်ဘဲ ပြန့်ကျဲသွားသည့် စစ်သည်များက တပ်ရင်းဆီသို့ ကိုယ်တိုင် ပြန်လာပြီး ဆိုဟန်ရီ၏ အနား၌ စုစည်းခဲ့ကြသည်။
ဆိုဟန်ရီနှင့် ယန်နူတို့က ဤတပ်ဖွဲ့ကို အလွန် ကောင်းမွန်စွာ လေ့ကျင့်ပေးထားခဲ့ကြ၏။ တပ်ဖွဲ့၏ ဆိုမျိုးနွယ်စုအပေါ် သစ္စာစောင့်သိမှုက ဘယ်သောအခါမှ ပြောင်းလဲသွားမည် မဟုတ်ချေ။ သို့သော် သူတို့က ဆိုမျိုးနွယ်စုမှ ဆိုဟန်ရီကိုသာ သစ္စာခံရန် ရွေးချယ်ခဲ့ကြသည်။
ထိုအကြောင်းပြချက်များကြောင့်ပင် မင်းသမီး ကျိနင်က သူတို့ကို ထျန်းရွှေ မြို့တော်ထဲ၌သာ ချန်ထားခဲ့ပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ ခေါ်ဆောင်ကာ ဆိုလွန်၏ တပ်များနှင့် မတိုက်ခိုက်စေခဲ့ချေ။
သူတို့၏ လက်ရှိ ဂနာမငြိမ် ဖြစ်မှုမှာ ပထမအချက်အနေဖြင့် ယာယီ လမ်းစပျောက်နေခြင်း ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူတို့၏ ကံကြမ္မာအတွက် စိတ်ပူနေကြခြင်း ပင်။
မြို့စောင့်တပ်သည် ထျန်းရွှေမြို့မှ ပေါ်ထွက်လာခြင်းဖြစ်ပြီး သူတို့၏ အသက်မွေးဝမ်းကျောင်းမှာ စစ်သည်များ ဖြစ်ကြသည်။ အိမ်၌ လယ်ယာမြေများ ရှိသလို လစဉ် လစာငွေများ ရရှိကြသည်။
ထျန်းရွှေမြို့ နယ်မြေအတွင်း မြို့စောင့်တပ်မှစစ်သည်များမှာ အတော်လေး ပြည့်စုံကြွယ်ဝပြီး အဆင့်အတန်း မြင့်မားသူများ ဖြစ်သည်။
သို့ပေသည့် အကယ်၍ ဆိုလွန်သာ သူတို့ကို တပ်မှ ထုတ်ပယ်လိုက်ပါက သူတို့တွင် ဘာတစ်ခုမှ ကျန်ရှိတော့မည် မဟုတ်ချေ။
……
မြောက်ဘက်တံခါးမှ မြို့ပြင်သို့ မိုင်အနည်းငယ်ခန့် ထွက်လာပြီးနောက် ထျန်းရွှေ မြို့စောင့်တပ် စခန်းကြီးရှိရာသို့ ရောက်ရှိလာသည်။
ပုံမှန်အချိန်၌ မြို့စောင့်တပ် အများစုမှာ စခန်းကြီးထဲတွင်သာ လေ့ကျင့်ကြပြီး လူနည်းစုသာ ထျန်းရွှေ မြို့တော်ထဲ၌ တပ်စွဲထားကြသည်။ သို့သော် ယခုရက်ပိုင်း စစ်ပွဲ နီးကပ်လာသဖြင့် မြို့စောင့်တပ် တစ်ခုလုံး မြို့တော်ထဲ၌သာ တပ်စွဲထားကြရာ မြောက်ဘက် စခန်းကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
စခန်းကြီး တစ်ခုလုံး၏ မြေနေရာ အကျယ်အဝန်းမှာ မူ တစ်သောင်းကျော် ရှိပြီး မြင်းစီးကွင်းများ၊ မြှားပစ်ကွင်းများနှင့် လေ့ကျင့်ရေးကွင်းများ ပါဝင်သည်။
ထို့အပြင် အနားယူနေထိုင်ရန် သီးသန့် ရဲတိုက်လည်းရှိပြီး အကျယ်အဝန်းမှာ မူ တစ်ထောင်ခန့် ရှိကာ မြို့ငယ်လေး တစ်မြို့နှင့် တူညီနေ၏။
ရဲတိုက်၏ လေ့ကျင့်ရေးကွင်းထဲ၌ ဖမ်းဆီးခံထားရသော ပုန်ကန်သူတပ်သား လေးထောင်ကို ဆိုလွန် မြင်လိုက်ရသည်။ သူတို့အားလုံး လက်နက်ဖြုတ်သိမ်းခံထားရပြီး အပြင်ဝတ်ရုံများနှင့် သံချပ်ကာများပါ ချွတ်ခံထားရသဖြင့် အင်္ကျီပါးလေးများသာ ဝတ်ဆင်ထားကြရသည်။
ကြီးမားလှသည့် လေ့ကျင့်ရေးကွင်းကြီးထဲ၌ ဆောင့်ကြောင့်ထိုင်နေကြပြီး အအေးဒဏ်ကြောင့် တုန်ရီနေကြ၏။
ထျန်းရွှေမြို့သည် တောင်ဘက်ပိုင်း၌ တည်ရှိပြီး ရာသီဥတုအလွန်အမင်း ချမ်းအေးလှခြင်းမရှိသော်လည်း ယခုအချိန်မှာ ဆောင်းရာသီ ဖြစ်နေသည် မဟုတ်ပါလော။
လေ့ကျင့်ရေးကွင်းကြီး တစ်ခုလုံးကို ဝန်းရံထားသည့် တံတိုင်းမြင့်ကြီးပေါ်၌ မြှားပေါင်း တစ်ထောင်ကျော်က သူတို့ကို ချိန်ရွယ်ထားသည်။ ရဲတိုက်တစ်ခုလုံး၌လည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် မြို့စောင့်တပ် နှစ်ထောင်က စောင့်ကြပ်နေ၏။
ထို သုံ့ပန်းအုပ်စု အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်သည်နှင့် တပြိုင်နက် အတိုတောင်းဆုံး အချိန်အတွင်း ကွပ်မျက်ခံရပေလိမ့်မည်။
ဆိုလွန် အသေးစိတ်အကဲခတ်ပြီးနောက်
မေးလိုက်သည်။
“မနေ့ညက မြို့စောင့်တပ် ထိခိုက်ဒဏ်ရာရမှု ဘယ်လိုရှိလဲ”
ဆိုတန်ချန် အသေးစိတ်ပြန်ဖြေလာသည်။
“အရမ်း နည်းပါတယ်... ဒီပုန်ကန်သူ တပ်သားတွေက အရင်က သက်ဆိုင်ရာ နယ်မြေတွေထဲက ပြည်သူတွေဖြစ်ပြီး နူအာတန်နဲ့ အခြားသူတွေက အတင်းအကျပ် လက်နက် တပ်ဆင်ပေးထားခဲ့တာပါ... “
“အဲ့ဒီလို တပ်ဖွဲ့မျိုးကို မြို့စောင့်တပ်က တစ်ယောက်ကို ဆယ်ယောက်လောက် အေးဆေး ရင်ဆိုင်နိုင်ခဲ့ပါတယ်... မနေ့ညက တိုက်ပွဲမှာ နှစ်နာရီတောင် မကြာလိုက်ပါဘူး... ပုန်ကန်သူ တပ်သားတွေဘက်က အသေအပျောက် နှစ်ရာတောင် မပြည့်ခင် အကုန်လုံး အညံ့ခံ လက်နက်ချသွားကြတာပါ”
ဆိုလွန် ရဲတိုက် လသာဆောင်ထက်၌ ရပ်ကာ လေ့ကျင့်ရေးကွင်းထဲရှိ ပုန်ကန်သူ သုံ့ပန်း လေးထောင်ကို ငုံ့ကြည့်လိုက်၏။
မကြာမီ မြို့စောင့်တပ်ကို ဦးဆောင်ကာ တောင်ဘက်ရှိ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ သွားပြီး ယန်ယန်၏ တပ်များနှင့်အတူ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို ညှပ်ပိတ် တိုက်ခိုက်ရမည်။
ဤ ပုန်ကန်သူ သုံ့ပန်း လေးထောင်ကို ချန်ထားခဲ့ပါက အလုပ်မဖြစ်သည့်အပြင် ရုန်းရင်းဆန်ခတ် ဖြစ်လာလျှင်လည်း ပြဿနာ တက်နိုင်သည်။ အရှင်းလင်းဆုံး နည်းလမ်းမှာ သူတို့ကို အပြတ်ရှင်းပစ်ရန်ပင်။
ဆိုလွန် တကယ်ပင် ထိုသို့ လုပ်ဆောင်လိုစိတ် ရှိသော်လည်း အသိတရားဖြင့် ထိုအသိစိတ်ကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အသက်ရှင်နေသည့် လူလေးထောင် ဖြစ်သလို သူ၏ ကိုယ်ပိုင် လက်အောက်ခံများလည်း ဖြစ်သည်။
သူတို့သည် လူဆိုးများ မဟုတ်ကြဘဲ ဆိုမျိုးနွယ်စုကို ဆန့်ကျင်လိုစိတ်လည်း မရှိကြချေ။ ငွေကြေးယူကာ ထမင်းစားရုံ သက်သက်သာ ရှိသည်။
ဆိုလွန် ပုန်ကန်သူ သုံ့ပန်းများကို ကြည့်ကာ ပေါ့ပါးစွာဖြင့် စကားစပြောလိုက်သည်။
“ငါ့နာမည် ဆိုလွန်ပဲ... ထျန်းရွှေ မြို့ရဲ့ အစစ်အမှန် မြို့စားမင်းဖြစ်သလို မင်းတို့ ပုန်ကန်ရမယ့် သခင်လည်း ဖြစ်တယ်”
ချက်ချင်းပင် သုံ့ပန်းအားလုံး ဆိုလွန်ကို ဂနာမငြိမ်စွာ မော့ကြည့်လာကြ၏။ သူတို့၏ အကြည့်များထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ အင်္ကျီပါးလေးများသာ ဝတ်ဆင်ထားရသဖြင့် သူတို့ ပို၍ပင် ချမ်းတုန်လာကြသည်။
ထိုအချိန်တွင် ပုန်ကန်သူ သုံ့ပန်းများသာမက မြို့စောင့်တပ် အရာရှိများကပါ ဆိုလွန့်ကို ကြည့်လာကြလေပြီ။ သူတို့လည်း ကိုယ်ပိုင် ကံကြမ္မာအတွက် အလွန်အမင်း စိတ်ပူနေကြသည်မဟုတ်ပါလော။
ဆိုလွန် တိုက်ရိုက် ကြေညာလိုက်သည်။
“သူပုန်တွေ အကုန်လုံးကို ကွပ်မျက်ရမယ်”
ထိုစကားကြားလျှင် ပုန်ကန်သူ သုံ့ပန်း လေးထောင်မှာ အကြောက်လွန်ပြီး တုန်ရီလာကြသည်။ သူတို့သည် အလျင်အမြန်ဒူးထောက်လိုက်ကာ အသည်းအသန် အသက်ချမ်းသာပေးရန် တောင်းပန်ကြတော့သည်။
ဆိုလွန် တိုက်ရိုက်ပင် အမိန့်ချလိုက်သည်။
“နူအာတန်နဲ့ အခြား အဆင့်မြင့်စစ်သည် မြေပိုင်ရှင်တွေ အကုန် သေရမယ်... လူတစ်ရာတပ်မှူးနဲ့ အထက် ပုန်ကန်သူတပ် အရာရှိတွေ အကုန် သေရမယ်... လူဆယ်ယောက်တပ်မှူးတွေ အကုန် ကျေးကျွန်အဖြစ် လျှော့ချခံရမယ်... “
“ဒါပေမယ့်...အောက်ခြေ အဆင့် စစ်သားတွေဖြစ်တဲ့ မင်းတို့ကတော့ ဘာမှမသိနားမလည်ကြလို့ အပြစ်မရှိဘူး”
အောက်ဘက်ရှိ ပုန်ကန်သူ သုံ့ပန်း လေးထောင်ကျော်မှာ သေဘေးမှ လွတ်ကင်းသွားပြီဟု တွေးကာ အလွန်အမင်း စိတ်အေးသွားကြ၏။
ဆိုလွန် ရုတ်တရက် မေးလိုက်သည်။
“မင်းတို့ နူအာတန်တို့အတွက် အသေခံ အလုပ်လုပ်ပေးတာ တစ်လကို လစာ ဘယ်လောက်ရလဲ”
ပုန်ကန်သူ သုံ့ပန်းများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရုတ်တရက် မည်သို့ ပြန်ဖြေရမည်မှန်း မသိဖြစ်သွားကြသည်။
သုံ့ပန်းတစ်ဦးက သတိထားကာ ပြန်ဖြေလာ၏။
“တစ်လကို ငွေဒင်္ဂါး တစ်ပြားပါ... စစ်ပွဲဖြစ်တဲ့ အချိန်ဆိုရင်တော့ ငွေဒင်္ဂါး သုံးပြားပေးပါတယ်”
ငွေဒင်္ဂါး တစ်ပြားသည် ကမ္ဘာမြေ၏ ယွမ် သုံးရာနှင့် ညီမျှသဖြင့် ထိုလစာမှာ တကယ်ကို နည်းပါးလှသည်။ နူအာတန်နှင့် အခြားသူများ ရူးသွပ်သွားသည့်အလား ပုန်ကန်သူတပ်သား သုံးသောင်းခန့်ကို အကြိမ်ကြိမ် စုစည်းနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။
ဆိုလွန် အလွန် ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။
“နူအာတန်နဲ့ တခြား ပုန်ကန်သူတပ်တွေကို အကုန် သုတ်သင်ပစ်ရမယ်”
သူ ကျိနင်ကို လုံးဝ ထည့်မပြောခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် စစ်သည်အားလုံး၏ မျက်လုံးထဲ၌ ဤစစ်ပွဲသည် အစမှအဆုံး ဆိုလွန်၊ ဆိုဟန်ရီ၊ နူအာတန်နှင့် အခြားသူများကြား ဖြစ်ပွားသည့် စစ်ပွဲသာဖြစ်ပြီး မင်းသမီး ကျိနင်ဆိုသည်မှာ မည်သူမှန်း သူတို့ မသိကြချေ။
ဆိုလွန် ဆက်ပြောလာသည်။
“စစ်ပွဲ ပြီးသွားရင် မင်းတို့ထဲက အများစု အိမ်ပြန်နိုင်ပြီ... လယ်လုပ်ချင် လုပ်၊ အလုပ်လုပ်ချင် လုပ်ကြ... “
“စစ်သည် ဆက်လုပ်ချင်ရင်တော့ တင်းကျပ်တဲ့ ရွေးချယ်မှုတွေကို ဖြတ်သန်းရမယ်... ခန္ဓာကိုယ်နဲ့ သိုင်းပညာ အကောင်းဆုံး လက်ရွေးစင်တွေပဲ တပ်ထဲ ဆက်ဝင်ခွင့်ရပြီး မြို့စောင့်တပ်ထဲကို ဖြည့်တင်းပေးမယ်... ဘာလို့လဲဆိုတော့ စစ်ပွဲပြီးရင် မြို့စောင့်တပ်က လူအင်အား တစ်သောင်းအထိ တိုးချဲ့မှာမို့လို့ပဲ”
ဆိုလွန်၏ စကားများမှာ ပုန်ကန်သူ သုံ့ပန်းများကိုသာ ပြောကြားခြင်း မဟုတ်ဘဲ အရေးကြီးဆုံးမှာ မြို့စောင့်တပ်များကို ကြားစေလိုခြင်းပင်။
ဆိုလွန်၏ စကားများကို ကြားပြီးနောက် နေရာရှိ မြို့စောင့်တပ် အားလုံး အလွန်အမင်း ဝမ်းသာသွားကြပြီး စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများ အားလုံး ပျောက်ကွယ်သွားသည်။
မြို့စောင့်တပ်မှာ လျှော့ချခံရမည် မဟုတ်သည့်အပြင် လူအင်အားပင် တိုးချဲ့ဦးမည်ဖြစ်ရာ ဤအရာက သူတို့၏ ထမင်းပန်းကန် လုံခြုံသွားကြောင်း ညွှန်ပြနေသည်။ သူတို့၏ တပ်မှတ်တမ်းများနှင့် လယ်ယာမြေများ အသိမ်းခံရမည် မဟုတ်တော့ချေ။
အပိုင်း ၃၂၆ ပြီး။