← Chapters

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇

Vol. 33 Ch. 327

အပိုင်း ၃၂၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ရုတ်တရက် ဆိုလွန် နောက်လှည့်ကာ ဆိုတန်ချန်ကို မေးမြန်းလိုက်သည်။

“အခု မြို့စောင့်တပ်ရဲ့ လစာ ဘယ်လောက်လဲ”

“တစ်လကို ငွေဒင်္ဂါး သုံးပြားပါ... စစ်ပွဲဖြစ်ချိန်နဲ့ ပုံမှန်အချိန် မခွဲခြားပါဘူး... အားလုံး ငွေဒင်္ဂါး သုံးပြားပါပဲ... ဒါပေမဲ့ တစ်စိတ်တစ်ပိုင်းကို ဆန်စပါးနဲ့ ရှင်းပေးပါတယ်”

ဆိုတန်ချန် အပိုအလိုမရှိ အတိအကျပြန်ဖြေလိုက်သည်။

ဆိုလွန် ခေါင်းညိတ်လိုက်၏။

“အပိုဆုအနေနဲ့... နောက်ပိုင်း မြို့စောင့်တပ်ရဲ့ အနိမ့်ဆုံး လစာကို တစ်လ ငွေဒင်္ဂါး ငါးပြားအထိ တိုးပေးမယ်”

ထိုစကားကြောင့် ဆိုတန်ချန်နှင့် အခြားသူများ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ စခန်းအတွင်းရှိ မြို့စောင့်တပ် စစ်သည်အားလုံး အပျော်လွန်သွားကာ မယုံကြည်နိုင်သည့် မျက်နှာထားများ ဖြစ်လာကြသည်။

လစာ ငွေဒင်္ဂါး သုံးပြားမှ ငါးပြားသို့ တိုးသွားခြင်းသည် တစ်ဆနီးပါး တိုးလာခြင်းပင်။ ထို့ပြင် သူတို့သည် တပ်စခန်းထဲ၌ နေထိုင်ရသဖြင့် ငွေသုံးစရာ မလိုဘဲ တစ်နှစ်တာအတွက် ရွှေဒင်္ဂါးများစွာ စုဆောင်းနိုင်မည်ဖြစ်ကာ မိသားစုများကို သာယာပျော်ရွှင်ဖွယ်ကောင်းသော ဘဝတစ်ခု ဖန်တီးပေးနိုင်ပေလိမ့်မည်။

ရုတ်တရက် မြို့စောင့်တပ် စစ်သည်များ၏ စိတ်ထဲရှိ ဂနာမငြိမ် ဖြစ်မှုများ အကြွင်းမဲ့ ပျောက်ကွယ်သွားပြီး အပျော်လွန်ခြင်းနှင့် စိတ်လှုပ်ရှားမှုများ အစားထိုး ဝင်ရောက်လာသည်။

ဆိုဟန်ရီကို သစ္စာခံရာမှ ဆိုလွန်ကို ပြောင်းလဲ သစ္စာခံခြင်းက သာမန် စစ်သည်များအတွက် များစွာ လွယ်ကူလှသည်။

အဘယ်ကြောင့်ဆိုသော် ဆိုဟန်ရီနှင့် ထိုစစ်သည်များမှာ တိုက်ရိုက် ဆက်ဆံမှု သိပ်မရှိဘဲ အရာရှိများနှင့်သာ ဆက်ဆံမှု များပြားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတစ်ရာတပ်မှူးနှင့်အထက် အရာရှိများသာ ဆိုဟန်ရီအပေါ် ခံစားချက်နှင့် သစ္စာစောင့်သိမှု နက်ရှိုင်းနေခြင်းပင်။

ကျန်စစ်သည်များ သစ္စာခံသည်မှာ ဆိုမျိုးနွယ်စု ဖြစ်ပြီး သူတို့ အလေးထားဆုံးအရာမှာ မိမိတို့၏ ထမင်းပန်းကန်နှင့် အနာဂတ်သာ ဖြစ်သည်။

ဘေးနားရှိ ဆိုတန်ချန်၏ စိတ်ထဲ၌ ဆိုလွန့်အပေါ်လေးစားခြင်းများဖြင့် ပြည့်နှက်သွား၏။ ဆိုလွန်သည် မြို့စောင့်တပ်များကို စကားများများစားစား မပြောခဲ့သော်လည်း သူပြောခဲ့သည့် စကားအနည်းငယ်ကပင် သူတို့ နားထောင်ချင်သည့် စကားများ ဖြစ်နေသည်။

ရိုးရှင်းလှသည့် စကားအနည်းငယ်က မြို့စောင့်တပ်များ၏ ဂနာမငြိမ် ဖြစ်မှုများကို လုံးဝ ပျောက်ကွယ်သွားစေပြီး လူအများ၏ နှလုံးသားကို အရိုးရှင်းဆုံးနည်းလမ်းဖြင့် သိမ်းယူလိုက်ခြင်းပင်။

အောက်ဘက်ရှိ ပုန်ကန်သူ သုံ့ပန်း လေးထောင်မှာလည်း အလွန် စိတ်လှုပ်ရှားသွားကြသည်။ သူတို့ အသက်ရှင်ခွင့်ရရုံသာမက ဂုဏ်သိက္ခာကြီးမားသည့် မြို့စောင့်တပ် ဖြစ်လာနိုင်ခြေရှိကာ တစ်လလျှင် ငွေဒင်္ဂါး သုံးပြား ရရှိနိုင်လိမ့်မည်။

ဤအချိန်၌ နူအာတန်နှင့် အခြား သခင်ဟောင်းများကို သူတို့စိတ်ထဲမှ လွှင့်ပစ်လိုက်ကြလေပြီ။

ဆိုတန်ချန်က ချက်ချင်းပင် အဓိပ္ပာယ်ပါပါ အချက်ပြလိုက်၏။

ထိုအခါ သုံ့ပန်းများထဲမှ လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

“သခင် ဆိုလွန် သက်တော်ရာကျော် ရှည်ပါစေ... သခင် ဆိုလွန် သက်တော်ရာကျော် ရှည်ပါစေ”

သုံ့ပန်းအားလုံး ဆိုလွန် သက်တော်ရာကျော် ရှည်စေရန် အသံကျယ်ကျယ်ဖြင့် စတင်အော်ဟစ်လိုက်ကြသည်။ ထိုမျှမက သုံ့ပန်း လေးထောင်ကျော်မှာ တပြိုင်နက် ဒူးထောက်လိုက်ကြပြီး သစ္စာခံမည့် အဓိပ္ပာယ်ကို ပြသလိုက်ကြ၏။

မြို့စောင့်တပ် အရာရှိများ၏ ရင်တွင်း၌ ဂုဏ်ယူနေကြသော်လည်း စိတ်လှုပ်ရှားမှုများကို အပြင်ဘက်တွင် မဖော်ပြကြချေ။

ဆိုလွန် ခေါင်းလှည့်ကာ ဆိုတန်ချန်ကို တိုးတိုး ပြောလိုက်သည်။

“သုံ့ပန်း တစ်ယောက်ချင်းစီကို အင်္ကျီတစ်ထည်စီ ထပ်ဝေပေးလိုက်... ဒါပေမဲ့ အရင်လိုပဲ နွေးနေအောင်တော့ မဝတ်ခိုင်းနဲ့... နေ့တိုင်း တိုက်တဲ့ ဆန်ပြုတ်ကိုလည်း နည်းနည်း ပိုပျစ်အောင် လုပ်ပေးလိုက်... ဒါပေမဲ့ သူတို့ကို ဗိုက်ပြည့်အောင်တော့ မကျွေးနဲ့”

ဆိုတန်ချန်၏ ရင်တွင်း၌ လှုပ်ရှားသွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဆိုလွန်က သူနှင့် မျက်နှာချင်းအပ်ကာ တိုးတိုး ပြောလာသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုအပြုအမူက အနည်းငယ် ရင်းနှီးသည့်ပုံပေါက်နေသောကြောင့်ပင်။

ယခုအချိန်၌ ဆိုဟန်ရီနှင့် ဆိုလွန်တို့၏ ကွာခြားချက်ကို သူ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

ဆိုဟန်ရီသည် အပြင်ပန်း၌ တင်းကျပ်သော်လည်း အရာရှိများနှင့် ရင်းနှီးကာ တန်းတူညီမျှ ရှိသည့် ခံစားချက်မျိုး ပေးစွမ်းသည်။

သို့သော် သခင် ဆိုလွန်မှာမူ အထက်စီးဆန်ကာ ရှင်းလင်းစွာ မမြင်ရဘဲ ရင်းနှီးမှု မရှိသလို ခံစားရသည်။ သို့သော် တစ်ခါတစ်ရံ ရင်းနှီးမှု ပြသလိုက်ချိန်၌ သင့်ကို စိတ်လှုပ်ရှားသွားစေပြီး အလွန်အမင်း ဂုဏ်ယူသွားစေနိုင်သည်။

ထို့ကြောင့် ဆိုဟန်ရီက စစ်သူကြီးသာ ဖြစ်နိုင်ပြီး ဆိုလွန်ကသာ အစစ်အမှန် သခင် ဖြစ်သည်။

အမှန်တရားမှာလည်း ထိုအတိုင်းပင်။ ဆိုဟန်ရီက သင့်ကို အများဆုံး စစ်ဘက်ဆိုင်ရာ ရာထူးသာ တိုးမြှင့်ပေးနိုင်သော်လည်း ဆိုလွန်ကမူ သင့်ကို လယ်ယာစံအိမ်များ၊ ရာထူးနှင့် ဘွဲ့တံဆိပ်များ ချီးမြှင့်နိုင်ပြီး သင့်မိသားစုကိုပါ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းများ ယူဆောင်လာပေးနိုင်သည်။

ဆိုတန်ချန် စိတ်လှုပ်ရှားစွာ ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်”

ဆိုလွန် ခေါင်းညိတ်ကာ ဆက်ပြောသည်။

“လူနှစ်ထောင်ကို ထျန်းရွှေ မြို့တော်ကို စောင့်ဖို့ ချန်ထားခဲ့... ကျန်တဲ့ တပ်သား လေးထောင်က ငါနဲ့အတူ တောင်ဘက်ကို သွားပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်က ပုန်ကန်သူတပ်တွေကို သုတ်သင်ရမယ်”

ဆိုတန်ချန် ဒူးတစ်ဖက်ထောက်အရိုအသေပေးလိုက်သည်။

“အမိန့်အတိုင်းပါ”

……

ညနေစောင်း အချိန်။

ထျန်းရွှေ မြို့တော် အပြင်ဘက်၌ မြို့စောင့်တပ် လေးထောင် အပြည့်အဝ စုစည်းလို့ပြီးသွားလေပြီ။ မြင်းစီးသူရဲ နှစ်ထောင်နှင့် ခြေလျင်တပ်သား နှစ်ထောင် ဖြစ်၏။

ဆိုလွန် ခြင်္သေ့ကျားသားရဲကို စီးနင်းလျက် သူ့ရှေ့မှတပ်ဖွဲ့ကို အပြန်အလှန် စစ်ဆေးကြည့်ရှုနေသည်။ သူ အကြည့်ခံရသည့် စစ်သည်တိုင်းမှာ ကြီးမားလှသည့် ဖိအားကို ခံစားနေရပြီး သူတို့၏ စစ်မြင်းများမှာလည်း ခြင်္သေ့ကျားသားရဲ၏ အကြည့်ကြောင့် အနည်းငယ် တုန်ရီနေကြသည်။

ဆိုလွန် ကျယ်လောင်သောအသံဖြင့် စတင်စကားပြောလာသည်။

“ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ ရန်သူ တစ်သောင်းကိုးထောင် ရှိတယ်... မဟူရာ တပ်ဖွဲ့ လေးထောင်၊ နူအာတန်ရဲ့ ပုန်ကန်သူတပ် တစ်သောင်း၊ ကွေ့ချင်းကျုံးရဲ့ လင်ဟိုင် တပ်ဖွဲ့ ငါးထောင်ပဲ”

နေရာရှိ စစ်သည်အားလုံးမှာ ဆိုလွန်၏ စကားပြောဟန်ကို တဖြည်းဖြည်း ကျင့်သားရလာကြ၏။ သူ၏ စကားများက စိတ်လှုပ်ရှားဖွယ် မကောင်းသလို ရဲရင့်သည့် စကားလုံးများလည်း မပါဝင်ချေ။

ဆိုလွန် ဆက်ပြောလာသည်။

“ဒါပေမဲ့ ငါတို့လည်း လူတစ်သောင်းကိုးထောင် ရှိတယ်”

“မြို့စောင့်တပ် လေးထောင်နဲ့ သခင်ယန်ယန်ရဲ့ ငွေရောင်ဝံပုလွေ တပ်မတော် တစ်သောင်းခွဲပဲ”

ငွေရောင်ဝံပုလွေ ယန်ယန် ဆိုသည့် နာမည်ကို ဤနေရာရှိ လူအားလုံး ကြားဖူးကြ၏။ အဘယ်ကြောင့်ဆိုသော် ယန်ယန်သည်လည်း ထျန်းရွှေမြို့ နယ်မြေမှ ပေါ်ထွက်လာသူဖြစ်ပြီး တစ်နိုင်ငံလုံး၌ ကျော်ကြားသည့် ကြေးစားစစ်သည် ဘုရင်တစ်ပါး ဖြစ်သောကြောင့်ပင်။

ဆိုလွန်၏ မျက်နှာပေါ်၌ အေးစက်စက် အမူအရာပေါ်လာသည်။

“တစ်သောင်းကိုးထောင်ချင်း ယှဉ်ရမှာပဲ... ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ရန်သူ တစ်သောင်းကိုးထောင်လုံးက ရွှံ့ရုပ်ခွေးတွေလိုပဲ... တပ်ဖွဲ့ဆိုတာ များတိုင်း ပိုကောင်းတာ မဟုတ်ဘူး... အမှိုက် တစ်သန်းရှိနေလည်း ဘာမှ အသုံးမဝင်ဘူး”

အမှိုက်ဆိုသည့် စကားလုံးကို ကြားသောအခါ နေရာရှိ စစ်သည်များ အနည်းငယ် အံ့ဩသွားကြပြီး သူတို့၏သခင်သည် တကယ်ကို ထူးခြားသည့် စရိုက်လက္ခဏာ ရှိသူဟု တွေးလိုက်ကြသည်။

ဆိုလွန် ပြုံးလိုက်သည်။

“အမှိုက် တပ်ဖွဲ့ကို မနေ့ညက မင်းတို့ မြင်ခဲ့ပြီးပြီပဲ... ပုန်ကန်သူ တပ်သား လေးထောင်ကို နှစ်နာရီတောင် မကြာဘဲ မင်းတို့ အကုန် ဖမ်းနိုင်ခဲ့တယ်... “

“ပြီးခဲ့တဲ့ရက်အတွင်း ငါ ရွှေဒင်္ဂါးတွေသုံးပြီး ယိုရှာစစ်သူရဲ တပ်သား တစ်သောင်းကျော်ကို ငှားရမ်းခဲ့တယ်... မင်းတို့ရဲ့ သခင် ဆိုဟန်ရီ အော်ဟစ်လိုက်တာနဲ့ အဲ့ဒီလူတွေ သေးထွက်ကျမတတ် လန့်ပြီး ထွက်ပြေးသွားကြတာပဲ”

ထိုစကားကြောင့် နေရာရှိ မြို့စောင့်တပ် စစ်သည်များ မနေနိုင်ဘဲ အသံထွက် ရယ်မောလိုက်မိကြ၏။

ဆိုလွန် မထီမဲ့မြင် ပြောလိုက်သည်။

“ဒီလို အမှိုက်တွေ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ အနည်းဆုံး ထောင်ဂဏန်းလောက် ရှိသေးတယ်... သေးငယ်တဲ့ တပ်ဖွဲ့ တစ်သောင်းကိုးထောင်ကိုတောင် အုပ်စုသုံးစု ခွဲထားရတယ်... ဒါက ငါတို့ ရင်ဆိုင်ရမယ့် ရန်သူပဲ”

မြို့စောင့်တပ်များ၌ မူလကတည်းက ကြီးမားသည့် ကြောက်ရွံ့မှု မရှိခဲ့ချေ။ ဤအချိန်၌ ဆိုလွန်၏ စကားများကြောင့် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တိုက်ပွဲအပေါ် အနည်းငယ်မျှပင် ကြောက်ရွံ့မှု မရှိတော့ပေ။

ဆိုလွန် ဆက်ပြောသည်။

“ငါ့ဘေးက မိန်းကလေး ယန်ရွှမ်းက သခင်ယန်ယန်ရဲ့ သမီးပဲ... လွန်ခဲ့တဲ့ နှစ်လက အနောက်ဘက် သဲကန္တာရထဲမှာ လူတစ်ထောင်ကို ဦးဆောင်ပြီး ထျန်ယဲ့မြို့ မဟာမိတ်တပ် ငါးသောင်းကို သူမ အနိုင်ယူခဲ့တယ်... “

“မင်းတို့ နားလည်မှု မလွဲကြနဲ့... လူတစ်ထောင်က တပ်ဖွဲ့ ငါးသောင်းကို အနိုင်ယူခဲ့တာပါ... ဒါက ငွေရောင်ဝံပုလွေ စစ်တပ်ပဲ... အဲ့ဒီစစ်တပ်က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်အောက်မှာ ငါတို့ကိုစောင့်နေပြီး စုစုပေါင်း လူတစ်သောင်းခွဲ ရှိတယ်”

“ငွေရောင်ဝံပုလွေ စစ်တပ်အပြင် အခု မင်းတို့ မြို့စောင့်တပ် လေးထောင်ပါထည့်သွင်းလိုက်မယ်... မင်းတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကိုတော့ ငါ သေသေချာချာ မသိဘူး...”

“ဒါကြောင့်..မင်းတို့ရဲ့အရည်အချင်းတွေကို ငါသတိထားမိစေချင်တယ်ဆိုရင်တော့ လာမယ့် တိုက်ပွဲမှာ ငါ မြင်အောင် ပြသကြ... ငါ့ ဆိုမျိုးနွယ်စု မြို့စောင့်တပ်ရဲ့ မျက်နှာကိုတော့ အပျက်မခံနဲ့”

ဆိုလွန်၏ လေသံမှာ အလွန် ပေါ့ပါးနေသော်လည်း နေရာရှိ မြို့စောင့်တပ် အရာရှိများအားလုံး သွေးဆူလာကြသည်။

သူတို့နှင့် ပခုံးချင်းယှဉ် တိုက်ခိုက်ရမည့် တပ်ဖွဲ့မှာ ဒဏ္ဍာရီလာ တပ်ဖွဲ့တစ်ခုဖြစ်သည့် လူတစ်ထောင်ဖြင့် ရန်သူတစ်သောင်းကို ရင်ဆိုင်နိုင်ခဲ့သူများပင်။

ထိုတပ်ဖွဲ့က သူတို့ကို လုံခြုံမှုပေးစွမ်းနိုင်သလို တစ်ချိန်တည်းမှာပင် ကြီးမားသည့် ဖိအားကိုလည်း ဖန်တီးပေးနေ၏။ သူတို့က ထိုမျှ အစွမ်းထက်နေလျှင် သူတို့မြို့စောင့်တပ်မှာလည်း အသတ်ခံရမည့်သူများ မဟုတ်ကြောင်း ယှဉ်ပြရမည်သာ။

“နောက်ဆုံးအနေနဲ့”

ဆိုလွန် စကားပြောနေခြင်းကို ခေတ္တမျှရပ်တန့်ကာ လက်ညှိုးထောင်လိုက်သည်။

“ရန်သူရဲ့ ခေါင်းတွေကို ရွှေဒင်္ဂါးတွေနဲ့ လဲလှယ်လို့ရတယ်... မင်းတို့ကောင်တွေ နောက်ကျမကျန်ခဲ့စေနဲ့”

ဤစကားကြောင့် နေရာရှိ မြို့စောင့်တပ် အားလုံးနီးပါး ရူးသွပ်သွားကြတော့သည်။

ခေါင်းတစ်လုံးကို ရွှေဒင်္ဂါး ရမည်ဆိုခြင်းက ကောင်းကင်လောက်ကြီးမားသည့် ဈေးနှုန်းပင်။ သူတို့၏ ယခင် နှစ်နှစ်စာ လစာနှင့်ပင် တူညီနေပြီး တောင်တစ်သောင်း တောင်တန်း၌ လူရိုင်းခေါင်း သတ်ဖြတ်သည့် ဈေးနှုန်းထက် သုံးဆယ့်လေးဆ ပိုများနေ၏။

အကယ်၍ ရန်သူ သုံးဆယ့်လေးယောက်ကို သတ်နိုင်ပါက တိုက်ရိုက်ပင် ချမ်းသာသွားပေလိမ့်မည်။ နေရာရှိ အရာရှိအားလုံး သွေးဆူသွားကြပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ ပျံသန်းသွားကာ ခေါင်းများရိတ်သိမ်း၍ ရွှေဒင်္ဂါးများ ရယူလိုစိတ် ပြင်းပြလာကြသည်။

ဆိုလွန် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

“ရန်သူတွေကို သတ်ပြီး မင်းတို့ရဲ့ ရွှေဒင်္ဂါးတွေကို ရယူကြ”

“သတ်... သတ်... သတ်...”

မြို့စောင့်တပ် လေးထောင်၏ စိတ်ဓာတ်များ မြင့်တက်လာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ကောင်းကင်ယံအထိ ထိုးတက်သွားသည်။

ထို့နောက် ကြီးမားလှသည့် စစ်အင်အားဖြင့် တောင်ဘက်သို့ အားသွန်ခွန်စိုက်ချီတက်ကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ ထွက်ခွာသွားကြတော့သည်။

“သခင် သက်တော်ရာကျော် ရှည်ပါစေ”

“ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို ပြားပြားဝပ်သွားအောင် တိုက်ခိုက်ကြ”

……

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်။

ကျိနင်တစ်ယောက် အနည်းငယ် ဂနာမငြိမ် ဖြစ်နေသော်လည်း အကြောင်းရင်းကို ရှာမတွေ့နိုင်ချေ။

နေ့စဉ် ထျန်းရွှေမြို့ရှိ စာကလေးပျံများထံမှ စာတိုများ ပုံမှန် ရောက်လာနေပြီး လတ်တလောတွင် သတင်းကောင်းများ ကြားနေရသော်လည်း သူမ၏ရင်ထဲမှ စိုးရိမ်ပူပန်နေမှုကို မဖြေရှင်းနိုင်ဖြစ်နေသည်။

ဥပမာအနေဖြင့် လတ်တလော သတင်းတစ်ခုဆိုလျှင် ဆိုလွန်က ရွှေဒင်္ဂါးများ အသုံးပြုကာ ယိုရှာစစ်သူရဲ တစ်သောင်းကျော်ကို ငှားရမ်းပြီး ထျန်းရွှေမြို့ကို တိုက်ခိုက်ခဲ့သည်။ နောက်ဆုံး၌ ဆိုဟန်ရီ၏ အော်ဟစ်မှု တစ်ချက်ကြောင့် ထိုလူများ သေးထွက်ကျမတတ် လန့်သွားပြီး ထွက်ပြေးသွားကြသည်ဟူ၍ပင်။

ထို့နောက် ဆိုဟန်ရီက မြင်းစီးသူရဲ နှစ်ထောင်ကို ဦးဆောင်ကာ မိုင်ရာချီအောင် လိုက်လံ တိုက်ခိုက်ခဲ့သဖြင့် ဆိုလွန် သေချာပေါက် သေရမည်သာ။

ကျိနင်တစ်ယောက် လှောင်ရယ်မိမတတ် ဖြစ်သွား၏။ ဆိုလွန်က ဉာဏ်ကောင်းသော်လည်း စစ်ရေးနှင့် ပတ်သက်၍ လုံးဝ နားမလည်သောကြောင့် ထိုကဲ့သို့ ဒုက္ခရောက်သွားရသည်။

ယခုအချိန်တွင် ဆိုလွန်တစ်ယောက် ဆိုဟန်ရီ၏ ဓားအောက်၌ တစ္ဆေတစ်ကောင် ဖြစ်သွားမည် သို့မဟုတ် သုံ့ပန်းအဖြစ် ကျဆင်းသွားကာ ငရဲကျသလို ခံစားနေရမည်ဟု သူမ ယုံကြည်နေမိသည်။

အပိုင်း ၃၂၇ ပြီး။

All Chapters