← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

အပိုင်း ၃၂၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် အပြင်ဘက်ရှိ ယန်ယန်၏ တပ်များမှာ ယခင်အတိုင်း ခံတပ်များ တည်ဆောက်နေကြ၏။

တပ်ဖွဲ့နှစ်ခုသည် မိုင်အနည်းငယ်ခန့် ကွာဝေးသည့် နေရာတွင်ရှိနေပြီး အချင်းချင်းသတိထားအကဲခတ်နေကြကာ တိုက်ပွဲ မစတင်ကြသေးချေ။

တိုက်ပွဲစတင်ရန်ပြင်ဆင်သည့်အချိန်မှစ၍ ရက်ပေါင်း ရှစ်ဆယ့်ကိုးရက် ကုန်လွန်သွားခဲ့ပြီဖြစ်သဖြင့် ဆိုလွန်၏ တပ်များ ယူဆောင်လာသည့် ရိက္ခာများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေလောက်ပြီ။

နောက်ထပ် ရက်အနည်းငယ် ကြာလျှင် ရန်သူ၏ ရိက္ခာများ လုံးဝ ကုန်ခမ်းသွားပြီးနောက် မတိုက်ခိုက်ဘဲနှင့်ပင် သူတို့ဘာသာ ပရမ်းပတာ ဖြစ်သွားပေမည်။

ထိုအခါ ယန်ယန်တစ်ယောက် ရိက္ခာပြတ်လပ်မည့်နေ့ကို စောင့်နေနိုင်မည် မဟုတ်ဘဲ အချိန်ကျလာလျှင် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို အတင်းအကျပ် တိုက်ခိုက်ရလိမ့်မည်။

ထိုအချိန်ရောက်လျှင် ကျိနင် ဦးဆောင်သည့် တပ်ဖွဲ့ တစ်သောင်းကိုးထောင်က ခိုင်မာသည့် မြို့ရိုးကို အားကိုးကာ ယန်ယန်၏ တပ်ဖွဲ့ကို အလွယ်တကူ အပြည့်အဝ သုတ်သင်နိုင်မည်။

သူမ၏ တွက်ချက်မှုများက အနည်းငယ်မျှပင် မမှားယွင်းချေ။ ယန်ယန်၏ ကြေးစားစစ်သည်များက လွင်ပြင်တိုက်ပွဲများ၌ ထူးချွန်သော်လည်း မြို့သိမ်းတိုက်ပွဲများ၌ အားနည်းကြသည်။ ကျိနင် မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာပါက ယန်ယန်၏ တပ်ဖွဲ့ သေချာပေါက် ရှုံးနိမ့်မည်ဖြစ်ပြီး အသေအပျောက်လည်း မရေမတွက်နိုင်အောင် များပြားလိမ့်မည်။

ထို့ကြောင့် ကျိနင်သည် အားသာချက်များကို မြှင့်တင်ကာ အားနည်းချက်များကို အပြည့်အဝ ရှောင်ရှားထားသဖြင့် အနည်းငယ်မျှပင် အမှားအယွင်း မရှိနိုင်ချေ။

သူမ မှားယွင်းသည့် တစ်ခုတည်းသော အချက်မှာ စစ်မြေပြင်ဆိုသည်က လျင်မြန်စွာ ပြောင်းလဲနေတတ်ပြီး စစ်မြေပြင်၏ အစပြုနိုင်စွမ်းကို ဆုံးရှုံးလိုက်သည်နှင့် ရှုံးနိမ့်မှုကို ရင်ဆိုင်ရမည်ဆိုသည်ကိုပင်။

ယခုအခါ ကျိနင်သည် ထို အစပြုနိုင်စွမ်းကို ဆုံးရှုံးသွားခဲ့လေပြီ။

သူမက ယန်ယန်၏ တပ်ဖွဲ့ကို အရင် မတိုက်ခိုက်ခဲ့ချိန်ကတည်းက ပထမဆုံး အစပြုနိုင်စွမ်းကို ဆုံးရှုံးသွားခဲ့၏။

ဆိုလွန်က ဆိုဟန်ရီကို သတ်ဖြတ်လိုက်ပြီးနောက်တွင်တော့ သူမသည် စစ်မြေပြင် တစ်ခုလုံး၏ အစပြုနိုင်စွမ်းကို လုံးဝ ဆုံးရှုံးသွားတော့သည်။

ထို့ကြောင့် အချိန်များ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လာသော်လည်း ကျိနင်ကမူ ယန်ယန်တပ်ဖွဲ့၏ ရိက္ခာများ ကုန်ခမ်းသွားမည့်အချိန်ကို ယခင်အတိုင်း စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

သို့သော် ဘာကြောင့်မှန်းမသိ သူမ၏ စိတ်ထဲရှိ ဂနာမငြိမ် ဖြစ်မှုက ပို၍ ပို၍သာ လေးလံလာတော့သည်။

…

ရက်ဝက်ခန့် အကြာ၌။

သတင်းပို့သူ တစ်ဦးက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ထဲသို့ ဝင်ရောက်လာပြီး အသံပြဲကြီးဖြင့် အော်ဟစ်လိုက်သည်။

“ဆိုဟန်ရီ တိုက်ပွဲမှာ ကျဆုံးသွားပြီး... ဆိုလွန်က ထျန်းရွှေ မြို့တော်ကို သိမ်းပိုက်လိုက်တယ်”

“အခု လူအင်အားထောင်ချီရှိတဲ့တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကနေ လာနေပြီ... ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နဲ့ မိုင်နှစ်ရာတောင် မဝေးတော့ဘူး”

သတင်းပို့သူ စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ် မြင်းပေါ်မှ ပြုတ်ကျသွားကာ မြေပြင်ပေါ်၌ လဲကျသေဆုံးသွားသည်။ သူ၏ ကျောဘက်တွင် မြှားတစ်စင်း စိုက်ဝင်နေ၏။

ဤသတင်းက ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သည့်အလား ကျိနင်၏ မျက်လုံးများကို အမှောင်ကျပြီး ခေါင်းမူးသွားစေသည်။ ထို့နောက် ရင်ဘတ်ထဲမှ ပြင်းထန်သည့် နာကျင်မှုတစ်ခု လှိုက်တက်လာ၏။

“ဖူး...”

ကျိနင်တစ်ယောက် သွေးတစ်ပွက် အန်ချမိလိုက်လေပြီ။

ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားကာ သတိလစ်သွားတော့သည်။

….

အဘယ်ကြောင့် ဤအခြေအနေမျိုးဖြစ်လာသနည်း။

ဆိုလွန်၏ တပ်ဖွဲ့ဝင် တစ်သောင်းခွဲက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်အောက်မှာ ရှိနေသည်။ သူက ပင်လယ်ပြင်ဘက်မှနေ၍ ထျန်းရွှေမြို့ နယ်မြေကို တိုက်ခိုက်ရန် လူမည်မျှ ပါသွားနိုင်မည်နည်း။ အလွန်ဆုံး လူတစ်ထောင်ဆိုလျှင်ပင် အတော်များနေပြီ ဖြစ်ပြီး ကျောက်စရစ်ကျွန်းမှ မြို့စောင့်တပ်များ ပေါင်းထည့်လျှင်တောင် လူသုံးထောင် မပြည့်နိုင်ချေ။

ရွှေဒင်္ဂါးများစွာ အသုံးပြုပြီး ယိုရှာစစ်သူရဲ တစ်သောင်းကျော်ကို ငှားရမ်းခဲ့လျှင်တောင်မှ ထိုလူများအားလုံးမှာ စည်းကမ်းမဲ့ လူအုပ်စုသာ ဖြစ်သည်။

ထို့ပြင် ယခင် စာကလေးပျံထံမှ သတင်းများအရ ဆိုဟန်ရီ၏ အော်ဟစ်မှု တစ်ချက်တည်းဖြင့် စည်းကမ်းမဲ့ လူအုပ်စု တစ်သောင်းကျော် သေးထွက်ကျမတတ် လန့်သွားခဲ့သည်ဟုဆို၏။ ထို့နောက် ဆိုဟန်ရီက မြင်းစီးသူရဲ နှစ်ထောင်ကို ဦးဆောင်ကာ သူတို့ကို အလောင်းများ ပြန့်ကျဲသွားသည်အထိ သတ်ဖြတ်ခဲ့ကြောင်း ရှင်းလင်းစွာ သိထားရသည်။

ထို့အပြင် ဆိုဟန်ရီက မြင်းစီးသူရဲ နှစ်ထောင်ကို ဦးဆောင်ပြီး ဆိုလွန်ကို လိုက်လံ တိုက်ခိုက်ခဲ့သေး၏။ ထွက်ပြေးနေသည့် ဆိုလွန်၏ ဘေး၌ စစ်သည် တစ်ရာကျော်သာ ရှိတော့သည်။

မျက်လုံးမှိတ်ပြီး စဉ်းစားကြည့်လျှင်ပင် ဆိုဟန်ရီ သေချာပေါက် အနိုင်ရမည်ဖြစ်သည်။ ဆိုလွန်က သေချာပေါက် သေရမည် သို့မဟုတ် သုံ့ပန်းအဖြစ် ကျဆင်းသွားမည်ဖြစ်ပြီး တခြားရလဒ် မရှိနိုင်ချေ။

တကယ်ပင် နောက်နေ့၌ စာကလေးပျံထံမှ သတင်းရောက်လာခဲ့ပြီး အထဲတွင် ဆိုဟန်ရီ အောင်ပွဲခံခဲ့ကာ ဆိုလွန်ကို အရှင်ဖမ်းမိထားကြောင်း၊ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ ခေါ်ဆောင်လာမည်ဖြစ်‌ကြောင်း ရှင်းလင်းစွာ ရေးသားထားသည်။

အမှန်စင်စစ်တွင် ထိုစာကလေးပျံ သတင်းမှာ အတင်းအကျပ် ပေးပို့ခိုင်းထားခြင်းသာ ဖြစ်သည်။ ထျန်းရွှေမြို့ရှိ ကျိနင်၏ လျှို့ဝှက် အင်အားစု တစ်ခုလုံး အမြစ်ဖြတ်ခံလိုက်ရလေပြီ။ ထိုသတင်းများမှာ ထျန်းရွှေမြို့စောင့်တပ်ဖွဲ့၏လက်ချက်ပင်။

သို့သော် ထိုသတင်းကြောင့် မည်သူမှ ထျန်းရွှေ မြို့တော်နှင့် ဆိုလွန်ကို အာရုံမစိုက်ကြတော့ဘဲ အာရုံစိုက်မှု အားလုံးကို ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်အောက်ရှိ ယန်ယန်၏ တပ်ဖွဲ့အပေါ်သို့သာ ပုံချထားလိုက်ကြသည်။

အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားပြီး ဆိုဟန်ရီ တိုက်ပွဲတွင် ကျဆုံးသွားကာ ဆိုလွန်က ထျန်းရွှေ မြို့တော်ကို သိမ်းပိုက်လိုက်သည်ဟု အဘယ်ကြောင့်ဖြစ်သွားရသနည်း။

ထို့ပြင် ဆိုလွန်က တပ်ဖွဲ့ ထောင်ချီကို ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်လာကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို အနောက်ဘက်မှ တိုက်ခိုက်တော့မည်လော။ မဖြစ်နိုင်ချေ။

ဆိုလွန်၏ ဘေး၌ လူတစ်ရာသာ ရှိခဲ့ရာ သူက ဆိုဟန်ရီကို အဘယ်သို့ အနိုင်ယူနိုင်စွမ်း ရှိခဲ့ပါသနည်း။

ကျိနင်ဘက်တစ်ဖက်တည်းသာမက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တစ်ခုလုံးရှိ လူအားလုံး လုံးဝ မှင်သက်သွားကြပြီး ထိုရလဒ်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။

ထို့ကြောင့် သတင်း၏ မှန်ကန်မှုကို အတည်ပြုရန် သူလျှိုများကို အရင်ဆုံး စေလွှတ်လိုက်ကြပြန်၏။

ထို သူလျှိုများ ပြန်ရောက်လာသည်ကို စောင့်ဆိုင်းနေရန်ပင် မလိုတော့ချေ။ ထျန်းရွှေ မြို့တော်ထဲ၌ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့သည့် သူလျှိုများက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ အပြေးအလွှား ရောက်ရှိလာပြီး ထိုသတင်း၏ မှန်ကန်မှုကို အတည်ပြုပေးလိုက်ကြသည်။

ဆိုလွန်က ထျန်းရွှေ မြို့တော်ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီး မြို့စောင့်တပ် ခြောက်ထောင်လုံး သူ့ကို သစ္စာခံသွားကြလေပြီ။ ထျန်းရွှေမြို့ထဲ၌ ကျန်ရစ်ခဲ့သည့် ပုန်ကန်သူ မြေပိုင်ရှင် တပ်သား လေးထောင်လည်း ဖမ်းဆီးခံလိုက်ရကာ လူတစ်ရာတပ်မှူးနှင့်အထက် အရာရှိအားလုံး ကွပ်မျက်ခံလိုက်ရသည်။

ထိုအထဲတွင် နူအာတန်၏ သား နူတာဟိုင်လည်း ပါဝင်၏။ ဤသတင်းကို ကြားသောအခါ နူအာတန်၏ မျက်လုံးများပြာသွားပြီး သွေးတစ်ပွက် အန်ချလိုက်ကာ အသံပြဲကြီးဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။

“ဆိုလွန်... ငါနဲ့ မင်းက ကောင်းကင်တစ်ခုတည်းအောက်မှာ အတူမရှင်သန်နိုင်ဘူး... ငါ မင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်”

အချိန်တိုလေးအတွင်း ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုများနှင့် မျှော်လင့်ချက်မဲ့မှုများ ဖုံးလွှမ်းသွားလေပြီ။

အဘယ်ကြောင့်ဆိုသော် သတင်းပို့သူ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ထဲသို့ ရောက်လာချိန်၌ နောက်ဆုံးထွက်သက်သာ ကျန်ရှိတော့သဖြင့် ကျိနင်၏ အရှေ့သို့ သွားရောက် သတင်းပို့ရန် အချိန်မရှိတော့ဘဲ တိုက်ရိုက် အော်ဟစ်လိုက်သောကြောင့်ပင်။ ထို့ကြောင့် ထျန်းရွှေ မြို့တော် ကျဆုံးသွားပြီး ဆိုဟန်ရီ တိုက်ပွဲ၌ ကျဆုံးသွားကြောင်း သတင်းကို လူအများအပြား ကြားလိုက်ကြရ၏။

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် လူဆယ်ယောက်မှ တစ်ရာ၊ တစ်ထောင်၊ တစ် သောင်းအထိ ပျံ့နှံ့သွားလေပြီ။

နောက်ဆုံး၌ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ရှိ အရာရှိများအားလုံး ထိုသတင်းကို သိရှိသွားပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ချဲ့ကားပြောဆိုမှုများ ထွက်ပေါ်လာတော့သည်။

ဆိုလွန်၏ သိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူတစ်ယောက်တည်းက မြင်းစီးသူရဲ နှစ်ထောင်ကို အနိုင်ယူကာ ဆိုဟန်ရီကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။ အချုပ်အားဖြင့် ဆိုလွန်အား လောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား ပုံဖော်ပြောဆိုနေကြသဖြင့် ရုတ်တရက် အလွန် တုန်လှုပ်သွားကြပြီး အခြေအနေ တစ်ရပ်လုံးမှာ ထိန်းချုပ်၍မရအောင် ပွက်လောရိုက်လာ၏။

......

မင်းသမီး ကျိနင် သတိပြန်ရလာသည်နှင့် တပြိုင်နက် ချက်ချင်းပင် လူလေးယောက် ပါဝင်သည့် အစည်းအဝေးတစ်ခုကို ကျင်းပလိုက်သည်။

နူအာတန်၊ ကွေ့ချင်းကျုံး၊ ထူလင်းတိနှင့် ကျိနင်တို့ ဖြစ်၏။

“ဘယ်လောက်ပဲ တုန်လှုပ်စရာ ကောင်းနေပါစေ... ဒီကိစ္စက ဖြစ်သွားခဲ့ပြီ... “

“အဲ့ဒီတော့... ငါတို့ ဘာဆက်လုပ်သင့်လဲ”

ကျိနင် စကားစလိုက်သည်။

ထိုမေးခွန်းကိုကြားလျှင် အခြားလူသုံးယောက်မှာ တိတ်ဆိတ်သွားသည်။

တိတ်ဆိတ်နေမှုကိုမြင်လျှင် ကျိနင်သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလာသည်။

“ဆိုလွန်က ငါတို့နဲ့ မိုင်နှစ်ရာတောင် မဝေးတော့ဘူး... အလွန်ဆုံး တစ်ရက်ကျော်လောက် နေရင် သူ ငါတို့ရဲ့ အနောက်ဘက်မှာ ပေါ်လာလိမ့်မယ်... ငါတို့ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ ဆုံးဖြတ်ဖို့ လိုနေပြီ”

ယခင်အတိုင်း မည်သူမှ နှုတ်မဟကြချေ။

ထိုအခါ ကျိနင် နာမည်တပ်၍ ခေါ်လိုက်တော့၏။

“နူအာတန်... ဒီနေရာမှာ မင်းကပဲ ထျန်းရွှေမြို့သား ဖြစ်တယ်... မင်း ပြော”

နူအာတန် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ ရိုသေစွာ ဖြေလိုက်၏။

“ကျွန်တော်တို့ ဘာမှ မလုပ်ကြဘူး... အရင်အတိုင်း ခိုင်မာတဲ့ မြို့ရိုးကို အားကိုးပြီး ခံစစ်ယူထားမယ်... ပြီးတော့ ဆိုလွန်နဲ့ ယန်ယန်ရဲ့ တပ်တွေ တိုက်ခိုက်လာမယ့် အချိန်ကို စောင့်နေမယ်”

“အဲ့ကျရင် ညှပ်ပိတ် တိုက်ခိုက်ခံရမှာလေ”

ကျိနင် ထောက်ပြလိုက်ခြင်းပင်။

နူအာတန် ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ်... ညှပ်ပိတ် တိုက်ခိုက်ခံရမှာပါ... ဒါပေမဲ့ ကျွန်တော်တို့ လက်ထဲမှာလည်း လူတစ်သောင်းကိုးထောင် ရှိတယ်... ဆိုလွန်နဲ့ ယန်ယန် ပေါင်းရင်လည်း လူတစ်သောင်းကိုးထောင်လောက်ပဲရှိမှာပါ”

ကျိနင် သတိပေးလိုက်သည်။

“ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ရဲ့ အနောက်ဘက် ခံစစ်က ဘယ်လောက် အားနည်းလဲဆိုတာ မမေ့နဲ့... တကယ်လို့ ညှပ်ပိတ် တိုက်ခိုက်ခံရရင် ညတွင်းချင်း ပြီးသွားလိမ့်မယ်”

နူအာတန် တစ်စုံတစ်ရာ ဆက်ပြောရန် နှုတ်ဟလိုက်သော်လည်း နောက်ဆုံး၌ ရိုသေစွာ ခေါင်းညိတ်လိုက်၏။

“ကျွန်တော်မျိုး ဉာဏ်ရည် နိမ့်ကျလွန်းပါတယ်”

ကျိနင် ထူလင်းတိဘက် လှည့်ကာ မေးလိုက်သည်။

“ထူလင်းတိ... မင်း ခေါ်လာတဲ့ အရာရှိတွေက ဘယ်လို ပြောကြလဲ”

ထူလင်းတိ ပြန်ဖြေသည်။

“လက်ရွေးစင် တပ်ဖွဲ့တွေကို လွှတ်ပြီး ဆိုလွန်ကို အရင်သွားတိုက်ဖို့ ငါတို့ စဉ်းစားထားတယ်”

“ဆိုလွန်ကို တိုက်ဖို့ ဘယ်သူ့ကို လွှတ်မှာလဲ”

ကျိနင် ခေါင်းညိတ်ကာဆက်မေးလိုက်၏။

ထူလင်းတိ ရှင်းပြသည်။

“မဟူရာ တပ်ဖွဲ့ လေးထောင်ရယ်၊ လင်ဟိုင် တပ်ဖွဲ့ ငါးထောင်ရယ်... ဒီတပ်ဖွဲ့ ကိုးထောင်က မြောက်ဘက်ကို သွားပြီး ဆိုလွန်ကို တိုက်မယ်... “

“နူအာတန်နဲ့ အခြား မြေပိုင်ရှင် တပ်သား တစ်သောင်းက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ နေခဲ့မယ်”

“ကိုးထောင်နဲ့ ဆိုလွန်ရဲ့ စစ်သည်ထောင်ချီကို နိုင်ပါ့မလား”

ကျိနင် မေးလိုက်၏။

ထူလင်းတိ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“နိုင်နိုင်ခြေ ရှိပါတယ်”

“ဆိုလွန်ကို သတ်နိုင်မှာလား”

ကျိနင်က ထပ်မေးလိုက်၏။

ထူလင်းတိ ခေါင်းရမ်းလိုက်သည်။

“အရမ်း ခက်ခဲလိမ့်မယ်... ယာယီ အကျပ်အတည်းကို ဖြေရှင်းပြီး စစ်ပွဲ အချိန်ကို ဆွဲဆန့်နိုင်ရုံပဲ ရှိမှာ”

ကျိနင် ခေါင်းညိတ်လိုက်ပြီး ကွေ့ချင်းကျုံးဘက် လှည့်ကာ မေးလိုက်သည်။

“မင်းကရော ဘယ်လိုမြင်လဲ”

ကွေ့ချင်းကျုံး အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်၏။

“ဒီအချိန်မှာ ထျန်းရွှေ မြို့တော်က ဟာလာဟင်းလင်း ဖြစ်နေလောက်တယ်... “

“ငါတို့ တပ်ဖွဲ့ကြီးတွေကို ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကနေ ဆိုလွန်ရဲ့ တပ်တွေကို ရှောင်ကွင်းရွှေ့ပြောင်းပြီး ထျန်းရွှေ မြို့တော်ကို လှည့်ပတ် တိုက်ခိုက်သင့်တယ်”

“လှည့်ပတ် တိုက်ခိုက်မယ်... လမ်းရှိလို့လား”

ကျိနင်က မေးလိုက်သည်။

နူအာတန် ဝင်ဖြေလိုက်သည်။

“လမ်းရှိပါတယ်... ဒါပေမဲ့ တောင်ပေါ်လမ်း ဖြစ်နေလို့ သွားရတာ အရမ်းခက်ပြီး စစ်မြင်းတွေ ဖြတ်သွားလို့ မရဘူး”

ကျိနင် မျက်လုံးများ မှိတ်လိုက်၏။ ဤအစီအစဉ် သုံးခုစလုံး အလွန် အခြေအနေမကောင်းလှဘဲ အစီအစဉ်တိုင်း၌ ပျက်စီးနိုင်မည့် အန္တရာယ်များ ရှိနေသည်။

အပိုင်း ၃၂၈ ပြီး။

All Chapters