အခန်း ၃၂၉
Vol. 33 Ch. 329
အပိုင်း ၃၂၉
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
အချိန်အနည်းမျှ စဉ်းစားပြီးနောက် ကျိနင် ရုတ်တရက် မေးလိုက်သည်။
“နူအာတန်... မင်းက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို ခံစစ်ယူပြီး ဆိုလွန်နဲ့ ယန်ယန် ညှပ်ပိတ် တိုက်ခိုက်တာကို စောင့်ချင်တယ်ပေါ့... မင်းရဲ့ အစီအစဉ်အတိုင်း လုပ်ရင် နိုင်နိုင်ခြေ ဘယ်လောက် ရာခိုင်နှုန်း ရှိလဲ”
နူအာတန် မျက်လုံးမှိတ်ကာ အလျင်အမြန်တွက်ချက်ပြီး ပြန်ဖြေသည်။
“နိုင်နိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းပါ... ဘာပဲဖြစ်ဖြစ် ငါတို့က တပ်ဖွဲ့ သုံးဖွဲ့ ဖြစ်နေလို့ စည်းလုံးဖို့ အရမ်းခက်တယ်... ပြီးတော့ ငါ့ရဲ့ တပ်သား တစ်သောင်းကလည်း အားနည်းတယ်”
ကျိနင် ထူလင်းတိဘက်လှည့်ကာ ဆက်မေးသည်။
“ထူလင်းတိ... မင်းက လက်ရွေးစင် ကိုးထောင်နဲ့ ဆိုလွန်ကို တိုက်ပြီး နူအာတန်ရဲ့ အားနည်းတဲ့ တပ်ဖွဲ့ တစ်သောင်းကို ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ ချန်ထားခဲ့ချင်တယ်ပေါ့... မင်းရဲ့ ဒီအစီအစဉ်က နိုင်နိုင်ခြေ များလား”
ထူလင်းတိ အတန်ကြာ စဉ်းစားပြီးနောက် ပြန်ဖြေ၏။
“သုံးဆယ်ရာခိုင်နှုန်း အောက်ပါပဲ... အလယ်မှာ မသေချာမှုတွေ ပြည့်နှက်နေတယ်... ဘယ်နေရာမှာပဲ အမှားတစ်ခုခု ဖြစ်ဖြစ် ငါတို့ အမြစ်ပြတ်သွားလိမ့်မယ်... “
“ဆိုလွန်ရဲ့ မြို့စောင့်တပ် ထောင်ဂဏန်းလောက်က အကြာကြီး တောင့်ခံနိုင်တာ ဒါမှမဟုတ် နူအာတန်တို့ရဲ့ ကျန်ခဲ့တဲ့ တပ်ဖွဲ့ တစ်သောင်းက တောင့်ခံနိုင်တဲ့ အချိန် ပိုတိုတောင်းသွားတာနဲ့တင် ငါတို့ သေချာပေါက် သေရလိမ့်မယ်”
ကျိနင် နောက်တစ်ယောက်ကိုမေးလိုက်သည်။
“ကွေ့ချင်းကျုံး... မင်းရဲ့ အမြင်က တောင်ပေါ်လမ်းကနေ လှည့်ပတ်ပြီး ထျန်းရွှေ မြို့တော်ကို တိုက်ဖို့ပေါ့... မင်းရဲ့ အစီအစဉ်က နိုင်နိုင်ခြေ ဘယ်လောက်ရှိလဲ”
ကွေ့ချင်းကျုံး ပြန်ဖြေသည်။
“သုံးဆယ်ရာခိုင်နှုန်း အောက်ပါပဲ... ပိုတောင် နိမ့်နိုင်သေးတယ်”
ကျိနင် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်ပြန်၏။ အစီအစဉ် သုံးခုစလုံးက နိုင်နိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် သေချာပေါက် ပျက်စီးပြီး အပြည့်အဝ ပြိုကွဲသွားနိုင်သည် မဟုတ်ပါလော။
ထျန်းရွှေမြို့ စစ်ပွဲ၏ စစ်သေနာပတိချုပ် တစ်ဦးအနေဖြင့် သူမ အမှန်တကယ် မည်သည့် အမှားများကို ပြုလုပ်ခဲ့မိသနည်း။
စစ်ရေးဗျူဟာအရ သူမ အမှားလုပ်ခဲ့ခြင်း မရှိချေ။ ရှုံးနိမ့်နိုင်ခြေ အနည်းဆုံးနှင့် အလုံခြုံဆုံး အစီအစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ခိုင်မာသည့် မြို့ရိုးကို အားကိုးကာ ခံစစ်ယူပြီး ယန်ယန်၏ တပ်ဖွဲ့သေဆုံးသည်အထိ အင်အားကုန်ခမ်းစေရန် ပြုလုပ်ခဲ့သည်။
သို့သော် ဆိုလွန်သည် ထိုမျှ ဉာဏ်နီဉာဏ်နက် များပြားကာ လူတစ်ထောင်ကျော်ဖြင့် ထျန်းရွှေ မြို့တော် ဗဟိုချက်ထဲသို့ ဝင်ရောက်လာရဲမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
စစ်ပွဲ စတင်ချိန်၌ အစီအစဉ် သုံးခု ရှိခဲ့သည်။
နူအာတန်နှင့် အခြားသူများ၏ ပထမ အစီအစဉ်မှာ ယန်ယန်၏ တပ်ဖွဲ့က ခရီးရှည် ချီတက်လာသဖြင့် ပင်ပန်းနွမ်းနယ်နေပြီး မည်သည့် ခံတပ်မှ မတည်ဆောက်ရသေးချိန်၌ အရင်ဆုံး တိုက်ခိုက်ရန် ဖြစ်သည်။
ထိုအစီအစဉ်ကို ကျိနင်က ပယ်ချခဲ့ပြီး ပေးဆပ်ရမည့် တန်ဖိုး ကြီးမားလွန်းသည်ဟု ထင်မြင်ခဲ့သည်။ ယန်ယန်၏ တပ်ဖွဲ့က လွင်ပြင်တိုက်ပွဲများ၌ ထူးချွန်သဖြင့် ဤအစီအစဉ်မှာ မိမိတို့၏ အားနည်းချက်ဖြင့် ရန်သူ၏ အားသာချက်ကို တိုက်ခိုက်သကဲ့သို့ ဖြစ်နေသည်။
တတိယ အစီအစဉ်မှာ ဆိုဟန်ရီ၏ အစီအစဉ်ဖြစ်ပြီး ထျန်းရွှေ မြို့စောင့်တပ်ကို ပိုင်ယွင်ကောင်တီမှ လှည့်ပတ်ကာ ယန်ယန်တပ်ဖွဲ့၏ အနောက်ဘက်သို့ သွားရောက်စေပြီးနောက် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တပ်ဖွဲ့နှင့်အတူ ညှပ်ပိတ် တိုက်ခိုက်ရန် ဖြစ်သည်။
ထိုအစီအစဉ်ကိုလည်း ကျိနင်က ပယ်ချခဲ့၏။ မြို့စောင့်တပ်များ ဆိုလွန်၏ လှည့်စားခြင်း ခံရမည်ကို သူမက စိုးရိမ် နေခဲ့၍ ဖြစ်သည်။
သူမသည် အလုံခြုံဆုံးနှင့် အပြည့်စုံဆုံးဟု ထင်ရသည့် ဒုတိယ အစီအစဉ်ကို ရွေးချယ်ခဲ့ပြီး ခိုင်မာသည့် မြို့ရိုးကို ခံစစ်ယူကာ ယန်ယန်၏ တပ်ဖွဲ့ အင်အားကုန်ခမ်းသွားစေရန် ပြုလုပ်ခဲ့သည်။
ယခုအချိန် စဥ်းစားကြည့်မှ ထို ရှေးရိုးစွဲ စိတ်ဓာတ်ကပင် ယနေ့ အကျပ်အတည်း၏ အဓိက အကြောင်းရင်း ဖြစ်နေတော့သည်။
အကယ်၍ နူအာတန်နှင့် အခြားသူများ၏ ပထမ အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့ပါက ရန်သူ၏ အားသာချက်ကို တိုက်ခိုက်မိသလို ဖြစ်ပြီး ရန်သူ တစ်ထောင်သေလျှင် ကိုယ့်ဘက်က ရှစ်ရာ သေဆုံးမည့် ခက်ခဲသော အောင်ပွဲဖြစ်နိုင်သော်လည်း နောက်ဆုံး၌ အနိုင်ရရှိမည်သာ။
အကယ်၍ ဆိုဟန်ရီ၏ နည်းဗျူဟာအတိုင်းသာ လုပ်ဆောင်ခဲ့ပါက ယခုအချိန်၌ ယန်ယန်၏ တပ်ဖွဲ့မှာ အမြစ်ပြတ်သွားလောက်လေပြီ။ ထို့ပြင် မဟာမိတ်တပ်များ၏ ထိခိုက်သေဆုံးမှု ပေးဆပ်ရခြင်းကလည်း အလွန် နည်းပါးပေလိမ့်မည်။
ယခုမူ သူမ၏ အလွန်အကျွံ သတိထားမှုကြောင့် မဟာမိတ်တပ်များကို ကြောက်မက်ဖွယ် အခြေအနေသို့ မထင်မှတ်ဘဲ တွန်းပို့လိုက်မိသွားပြီဖြစ်သည်။
တစ်ခါတစ်ရံ၌ လက်ထဲတွင် ဖဲကောင်းများ အလွန်များနေခြင်းသည် လူကို သေစေနိုင်၏။ နောက်ဆုံး၌ အခြားသူများ အကုန် ကစားသွားပြီးနောက် လက်ထဲရှိ ဖဲကောင်းများဖြင့်ပင် အသက်ရှူကျပ်သွားရတတ်သည်။
ကျိနင် အံကြိတ်ကာ ပြောလိုက်သည်။
“ဒီနေ့လို အခြေအနေမျိုး ရောက်လာရတဲ့ အကြောင်းရင်းက ငါ့ကြောင့်ပဲ... ငါက အရမ်းသတိကြီးလွန်းပြီး အမှားနဲ့ ပြီးပြည့်စုံမှုကို လိုလားတဲ့အတွက် အမှားတွေကို ကျူးလွန်မိခဲ့တယ်”
“မခံယူဝံ့ပါဘူး”
“ကျွန်တော်မျိုးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ အခြေအနေတွေ ဒီလောက်အထိ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရတာပါ”
နူအာတန် အလျင်အမြန် ပြောလိုက်၏။
ကျိနင် လက်ကာပြလိုက်ပြီး ဆက်ပြောလာသည်။
“အခုချိန်က နောက်ဆုတ်လို့ မရတော့ဘူး... စောစောက ဆွေးနွေးခဲ့သလိုပဲ... ခံစစ်ပဲဖြစ်ဖြစ်၊ ဆိုလွန်ကို သွားတိုက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ထျန်းရွှေ မြို့တော်ကို လှည့်ပတ် တိုက်ခိုက်တာပဲဖြစ်ဖြစ် အကုန်လုံးက နိုင်နိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းတောင် မရှိဘူး”
ကျိနင်၏ မျက်နှာပေါ်ရှိ ရူးသွပ်မှုနှင့် စွန့်လွှတ်လိုသည့် အမူအရာများကို မြင်လိုက်ရသောအခါ ထူလင်းတိ၏ နှလုံးသား ချက်ချင်း ခုန်ပေါက်လာတော့သည်။
ကျိနင် သက်ပြင်းရှည်ကြီးတစ်ချက်ချပြီးနောက် ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ဆက်လာပြောသည်။
“အဲ့ဒီနေ့က ငါ အရမ်းကို သတိထားလွန်းခဲ့လို့ ဒီကနေ့လို အခြေအနေမျိုး ရောက်လာတာ... အဲ့ဒီတော့ ဒီကနေ့မှာ ငါတို့ နောက်ဆုတ်လို့ မရတော့ဘူး... “
“ယန်ယန်ရဲ့ တပ်စခန်းကို ညဘက် ဝင်တိုက်မယ်... တစ်ကြိမ်နိုင်သွားတာနဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရုံသာမက အဆုံးအဖြတ် အောင်ပွဲကိုပါ ရရှိနိုင်မယ်”
ထိုစကားကြောင့် နေရာရှိ လူသုံးယောက်လုံး လန့်ဖျပ်သွားကြ၏။
ထူလင်းတိ ကန့်ကွက်လိုက်သည်။
“ဒါပေမဲ့... ယန်ယန်ရဲ့ တပ်ဖွဲ့က လွင်ပြင်တိုက်ပွဲတွေမှာ အထူးချွန်ဆုံးပဲလေ... ပြီးတော့ သူတို့က အချိန်အကြာကြီး အနားယူ အင်အားမွေးထားတာဆိုတော့ အခု အရင်သွားတိုက်ရင် နိုင်ဖို့ အရမ်းခက်လိမ့်မယ်”
ကျိနင် ပြန်ချေပလိုက်သည်။
“သူတို့ရဲ့ ခံတပ်တွေကို ငါ ကြည့်ပြီးပြီ... သစ်သား ခြံစည်းရိုးတွေနဲ့ ဆူးတပ်သစ်တုံးတွေ နည်းနည်းလောက်ပဲ ရှိတာပါ”
အစည်းအဝေးရှိလူအားလုံး ရုတ်တရက် မည်သို့ ပြန်ဖြေရမည်မှန်း မသိဖြစ်သွားကြ၏။ ထို သစ်သားများဖြင့် ပြုလုပ်ထားသည့် ရိုးရှင်းသော ခံတပ်များက ဘာမှမဟုတ်သကဲ့သို့ ထင်ရသော်လည်း တိုက်စစ်ကို နှေးကွေးစေရာတွင် အလွန် အသုံးဝင်သည် မဟုတ်ပါလော။
ကျိနင် ဆက်ပြောသည်။
“ပြီးတော့... ညှပ်ပိတ် တိုက်ခိုက်ခံရတာကို ရှောင်လွှဲချင်ရင် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ မဟုတ်ဘူးလား”
ဤသည်မှာ အမှန်တရားပင်။ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ ဆက်လက် ကျန်ရစ်နေသည်ဖြစ်စေ၊ ဆိုလွန်ကို အရင်သွားတိုက်သည်ဖြစ်စေ ညှပ်ပိတ် တိုက်ခိုက်ခံရနိုင်ခြေ ရှိနေ၏။
အဘယ်ကြောင့်ဆိုသော် ယန်ယန်၏ တပ်ဖွဲ့က အလွန် နီးကပ်လွန်းနေသဖြင့် ကျိနင်၏ မဟာမိတ်တပ်များ လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် သူတို့လည်း ချက်ချင်း လှုပ်ရှားလာမည် ဖြစ်သောကြောင့်ပင်။
ဒုတိယ အစီအစဉ်အရ မဟူရာ တပ်ဖွဲ့နှင့် လင်ဟိုင် တပ်ဖွဲ့မှ လူကိုးထောင်က ဆိုလွန်ကို တိုက်ခိုက်ပြီး နူအာတန်နှင့် အခြား အားနည်းသည့် တပ်ဖွဲ့ တစ်သောင်းက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ စောင့်မည်ဟုဆိုသည်။
ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ အများဆုံး ရလဒ်မှာ လက်ရွေးစင် ကိုးထောင် ထွက်ခွာသွားပြီး မကြာခင်တွင် ယန်ယန်၏ တပ်ဖွဲ့ တစ်သောင်းခွဲက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို တိုက်ခိုက်လာနိုင်သည်။
လက်ရွေးစင် ကိုးထောင်က ဆိုလွန်၏ မြို့စောင့်တပ် ထောင်ချီနှင့် ဆုံတွေ့ကာ ပြင်းထန်စွာ တိုက်ခိုက်နေချိန်၌ အနောက်ဘက်ရှိ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် ကျဆုံးသွားပေလိမ့်မည်။ ထိုအခါ ယန်ယန်၏ တပ်ဖွဲ့က တိုက်ရိုက် ဝင်ရောက် သတ်ဖြတ်လာမည်ဖြစ်သည်။
အကယ်၍ ယန်ယန်၏ တပ်ဖွဲ့ကို အရင်သွားတိုက်မည်ဆိုပါက ဆိုလွန်၏ တပ်ဖွဲ့မှာ မိုင်နှစ်ရာ အကွာအဝေး၌ ရှိနေသေးသဖြင့် ဤနေရာသို့ရောက်ရှိရန် အနည်းဆုံး နေ့တစ်ဝက် သို့မဟုတ် တစ်ညတာ ကြာပေဦးမည်။ ထို တစ်ရက် သို့မဟုတ် တစ်ညတာ အချိန်အတွင်း ယန်ယန်နှင့် တိုက်ပွဲက ပြီးဆုံးသွားနိုင်၏။
ထိုအချိန်တွင် ထူလင်းတိ ဝင်ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ တကယ့်ကို အမာခံချင်း အပြင်းအထန် ထိပ်တိုက်တွေ့တာပဲ ဖြစ်လိမ့်မယ်”
ကျိနင် ရှင်းပြသည်။
“ငါတို့ဆီမှာ လူတစ်သောင်းကိုးထောင် ရှိပြီး ယန်ယန်ဆီမှာ တစ်သောင်းခွဲပဲ ရှိတယ်... ငါတို့က တပ်ဖွဲ့ သုံးဖွဲ့ ပေါင်းထားတာဆိုပေမဲ့ ယန်ယန်ရဲ့ တပ်ဖွဲ့ထဲမှာလည်း ကြေးစားစစ်သည် အများကြီး ပါဝင်နေတယ်လေ... ငါ့အထင်တော့ ငါတို့ရဲ့ နိုင်နိုင်ခြေက အနည်းဆုံး လေးဆယ်ရာခိုင်နှုန်း ရှိတယ်”
နူအာတန်၊ ထူလင်းတိ၊ ကွေ့ချင်းကျုံးနှင့် အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထပ်မံ တားမြစ်ရန် ပြင်လိုက်ကြ၏။
ကျိနင် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“ထပ်မတားကြနဲ့တော့... ငါ ဆုံးဖြတ်ပြီးပြီ... အခု နောက်ဆုတ်လို့ မရတော့ဘူး... ရှေ့ဆက်တိုးမှပဲ သေမင်းခံတွင်းထဲကနေ အသက်ရှင် လွတ်မြောက်နိုင်မယ်... “
“ဆိုလွန်တောင် လူတစ်ထောင်နဲ့ ထျန်းရွှေ မြို့တော်ကို တိုက်ရဲသေးတာပဲ... ငါတို့က လူတစ်သောင်းကိုးထောင်တောင် ရှိနေတာ ယန်ယန်ရဲ့ လူတစ်သောင်းခွဲကို မတိုက်ရဲဘူးလား”
ထို့နောက် ကျိနင် မတ်တတ်ရပ်ကာ ခက်ထန်စွာ အမိန့်ပေးလိုက်၏။
“ငါ အမိန့်ပေးတယ်... ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာ ရှိတဲ့ တပ်ဖွဲ့တွေ အကုန်လုံး ထွက်ပြီး ယန်ယန်ရဲ့ တပ်ဖွဲ့ကို တိုက်ခိုက်ကြ”
“အမိန့်အတိုင်းပါ”
နူအာတန်၊ ကွေ့ချင်းကျုံး၊ ထူလင်းတိတို့ သုံးယောက် တပြိုင်နက် ဖြေကြားလိုက်ကြသည်။
စစ်ပွဲ တစ်ခုလုံးမှာ ကြီးမားသည့် စက်ဝိုင်းကြီးတစ်ခုကို လှည့်ပတ်ပြီးနောက် စမှတ်သို့ ပြန်လည် ရောက်ရှိသွားလေပြီ။
မကြာမီ နူအာတန်နှင့် အခြားသူများ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားကြ၏။ ယန်ယန်၏ တပ်ဖွဲ့ကို အရင်သွားတိုက်ခြင်းက နိုင်လျှင် သေချာပေါက် ကောင်းမွန်ပြီး မနိုင်လျှင်ပင် တပ်ဖွဲ့ အများစု ထွက်ပြေး လွတ်မြောက်နိုင်သေးသည်။
မည်သို့ပင်ဆိုစေ လွင်ပြင်တိုက်ပွဲ ဖြစ်သလို ညတိုက်ပွဲလည်း ဖြစ်သည် မဟုတ်ပါလော။
အကယ်၍ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ ခံစစ်အနေအထားဖြင့်တိုက်ခိုက်မည်ဆိုပါက တစ်ကြိမ် ရှုံးနိမ့်သည်နှင့် အမြစ်ပြတ်သွားနိုင်ပြီး ထွက်ပြေးစရာ နေရာပင် ရှိမည် မဟုတ်ချေ။ သို့သော် ထိုအကြောင်းပြချက်ကို လုပ်ဆောင်နိုင်သော်လည်း နှုတ်မှ ထုတ်ပြော၍တော့ မရပေ။
ထိုအချိန်၌ အပြင်ဘက်မှ ကျယ်လောင်သော ငွေရောင်ဝံပုလွေ စစ်ခရာသံကြီး ထွက်ပေါ်လာကာ ကောင်းကင်ကြီးကိုပင် တုန်လှုပ်သွားစေမည့် စစ်စည်တော် သံများ ထွက်ပေါ်လာ၏။
ခဏအကြာ၌ မြေပြင် တစ်ခုလုံး တုန်ရီလာသည့်အလား ဖြစ်သွားကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် လူအုပ်ကြီး၏ ခြေသံများကို ကြားလိုက်ရသည်။
ရုတ်တရက် အပြင်ဘက်ရှိ ကိုယ်ရံတော်က အလောတကြီး ဝင်လာကာ အသံပြဲကြီးဖြင့် သတင်းပို့လိုက်၏။
“မင်းသမီး... သခင်တို့... ယန်ယန်ရဲ့ တပ်ဖွဲ့က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို တိုက်ခိုက်လာပါပြီ”
ဤစကားကြောင့် နေရာရှိ လူလေးယောက်လုံး မျက်နှာပျက်ယွင်းသွားကြသည်။
တယ်တော်တဲ့ ယန်ယန်ပါလော။ လူလေးယောက်က အရင် သွားတိုက်ရန် ဆုံးဖြတ်လိုက်ချိန်မှာပင် ယန်ယန်က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို အရင် လာတိုက်နေလေပြီ။
ထူလင်းတိ အေးစက်စွာ ပြောလိုက်သည်။
“ယန်ယန်က ငါတို့ကို အမြစ်ပြတ် သုတ်သင်ချင်နေတာပဲ”
ကျိနင် အသက် ပြင်းပြင်းရှူလိုက်ပြီး ရဲတိုက် လသာဆောင်သို့ ထွက်၍ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
ယန်ယန်၏ တပ်ဖွဲ့ တစ်သောင်းခွဲက မရေမတွက်နိုင်သော မီးတုတ်များကို ထွန်းညှိထားရာ နေရာအနှံ့ရှိ ကြယ်လေးများအလား ထင်မှတ်ရသည်။
ဆယ်ရက်တာ အချိန်အတွင်း ယန်ယန်တစ်ယောက် ကြီးမားလှသည့် မြို့သိမ်း လက်နက်များကိုအလုံအလောက်ပြင်ဆင်ပြီးခဲ့လေပြီ။ ဥပမာအားဖြင့် ဧရာမ မြို့တံခါးဖွင့် သစ်တုံးကြီးများနှင့် မရေမတွက်နိုင်သော မြို့တက်လှေကားများပင်။
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တပ်ဖွဲ့ တစ်သောင်းခွဲက စနစ်တကျ ခြေလှမ်းများဖြင့် ချီတက်လာကြရာ သတ္တုများ မြေပြင်နှင့် ရိုက်ခတ်သံက ကြားရသူတိုင်းကို ထိတ်လန့်သွားစေသည်။
ဤတပ်ဖွဲ့၏ လက်နက်ကိရိယာများအတွက် ရွှေဒင်္ဂါး သိန်းပေါင်းများစွာ အကုန်အကျ ခံထားသည်။ ထိုမျှများပြားသည့် ငွေကြေးများက တပ်ဖွဲ့ ခုနစ်သောင်းမှ ရှစ်သောင်းအထိ လက်နက်တပ်ဆင်ပေးရန် လုံလောက်သော်လည်း ယခုအခါ လူတစ်သောင်းခွဲအတွက်သာ အသုံးပြုထားသဖြင့် လက်နက်ဖြစ်စေ၊ ချပ်ဝတ်တန်ဆာဖြစ်စေ အကောင်းဆုံးများသာ ဖြစ်နေ၏။
……
အပိုင်း ၃၂၉ ပြီး။