အခန်း ၃၃၀
Vol. 33 Ch. 330
အပိုင်း ၃၃၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ယန်ယန်က ခြင်္သေ့ကျားသားရဲ တစ်ကောင်ကို စီးနင်းလျက် တပ်ဖွဲ့၏ အရှေ့ဆုံးမှ လိုက်ပါလာပြီး မျက်လုံးများကို ကျဉ်း၍ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ မြင့်မားသော မြို့ရိုးကို မထီမဲ့မြင် ကြည့်လိုက်သည်။
လွန်ခဲ့သည့် နာရီအနည်းငယ်က သူလည်း ဆိုလွန်ထံမှ သတင်းစကား ရရှိခဲ့၏။ ထျန်းရွှေ မြို့တော်ကို သိမ်းပိုက်လိုက်ပြီး ဆိုလွန်က တပ်ဖွဲ့ ငါးထောင်ကို ဦးဆောင်ကာ တောင်ဘက်သို့ လာနေသည်ဟူ၍ပင်။
သူတို့တပ်ဖွဲ့သည် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် အနောက်ဘက်မှ တိုက်ခိုက်မည်ဟုလည်း ဆိုထား၏။
တပ်ဖွဲ့ငါးထောင်မှာ မြို့စောင့်တပ် လေးထောင်နှင့် ကျောက်စရစ်ကျွန်းမှ လက်ရွေးစင် တစ်ထောင် ဖြစ်သည်။ လက်ရွေးစင်တစ်ထောင်တပ်ဖွဲ့က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ သတင်းပို့သူများကို သတ်ဖြတ်ရန် တာဝန်ယူထားပြီး ဆိုလွန် တောင်ဘက်သို့ ထွက်လာချိန် လမ်းခုလတ်၌ ပူးပေါင်းခဲ့ကြသည်။
ထိုသတင်းက ယန်ယန်၏ ရင်တွင်း၌လည်း အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။
ဆိုလွန် လုပ်နိုင်ခဲ့ပေပြီ။ လူတစ်ထောင်ဖြင့် ထျန်းရွှေ မြို့တော်ကို သိမ်းပိုက်ပြီး ဆိုဟန်ရီကို သတ်ဖြတ်နိုင်ခဲ့သည်။
ဤလူက တကယ့်ကို မိစ္ဆာတစ်ကောင်အလား မထင်မှတ်နိုင်လောက်အောင် အစွမ်းထက်လွန်းလှသည်။
မူလက ယန်ယန်၏ အလုံခြုံဆုံး တိုက်ခိုက်ရေး နည်းလမ်းမှာ တပ်စခန်းကြီးထဲ၌ နေပြီး ကျိနင်၏ မဟာမိတ်တပ်များ သည်းမခံနိုင်တော့ဘဲ အရင် လာတိုက်မည့်အချိန်ကို စောင့်ဆိုင်းရန် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဆုံးရှုံးမှု အနည်းဆုံးဖြစ်ပြီး ကိုးဆယ်ရာခိုင်နှုန်း အနိုင်ရနိုင်၏။ တစ်ခုတည်းသော အားနည်းချက်မှာ ရန်သူကို အမြစ်ပြတ် သုတ်သင်နိုင်မည် မဟုတ်ဘဲ အများစု ထွက်ပြေး လွတ်မြောက်သွားနိုင်ခြင်းပင်။
ထွက်ပြေး လွတ်မြောက်သွားမည့် ထိုရန်သူများသည် ထျန်းရွှေမြို့ ဆန့်ကျင်ရေး တပ်ဖွဲ့များအဖြစ် ပြောင်းလဲသွားနိုင်ပြီး ရည်မှန်းချက်ကြီးသူများ၏ ထောက်ပံ့မှုနှင့် လက်နက်တပ်ဆင်ပေးမှုအောက်တွင် ထျန်းရွှေမြို့၏ ရေရှည် ပြဿနာတစ်ရပ် ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ယန်ယန်က ခက်ခဲသော လမ်းကို ရွေးချယ်ကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ ဤသို့ဖြင့် ရန်သူကို ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ထဲ၌ ပိတ်လှောင်ထားနိုင်ပြီး အနောက်ဘက်မှ ဆိုလွန်၏ တပ်များ အကူအညီဖြင့် ညှပ်ပိတ် တိုက်ခိုက်မည်။
ထိုအခါ ရန်သူကို အမြစ်ပြတ် သုတ်သင်ရန် အချိန်တစ်ခုသာလိုပေတော့မည်။ သို့ဆိုလျှင်ပကင် ဤရွှေးချယ်မှုကြောင့် ယန်ယန် တပ်ဖွဲ့၏ ထိခိုက်သေဆုံးမှု အလွန် ကြီးမားမည်ဖြစ်သည်။
သို့သော် သူ ဂရုမစိုက်ချေ။ သူသည်လည်း ချောင်ထိုးထားလို့ရသောလူ မဟုတ်ဘူး ဆိုတာ ဆိုလွန်ကို သိစေချင်သည်။ သူ၏ ငွေရောင်ဝံပုလွေ တပ်မတော်က သေခြင်းတရားကို ဘယ်တော့မှ မကြောက်ရွံ့ခဲ့ပေ။
အန္တရာယ်က အရမ်း ကြီးမားသော်လည်း ရိတ်သိမ်းရမည့် အရာက ပို၍ ကြီးမားနေ၏။
နာရီဝက်ခန့် အကြာ၌ ယန်ယန်၏ တပ်ဖွဲ့က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် ရှေ့ရှိ ကီလိုမီတာဝက်ခန့် အကွာအဝေးသို့ စုစည်းရောက်ရှိလာသည်။
ယန်ယန် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
“ငါ့ရဲ့ ငွေရောင်ဝံပုလွေ တပ်မတော်က လွင်ပြင်တိုက်ပွဲတွေမှာ ထူးချွန်ပြီး မြို့သိမ်းတိုက်ပွဲတွေမှာ အားနည်းတယ်လို့ လူတိုင်းက ပြောကြတယ်... “
“အဲ့ဒီအသံတွေက ထောင့်တိုင်းကို ပျံ့နှံ့နေတာပဲ... ဆိုတော့ ဒီကနေ့မှာ ငါ့ရဲ့ ငွေရောင်ဝံပုလွေ တပ်မတော်က လွင်ပြင်တိုက်ပွဲတင်မကဘူး... မြို့သိမ်းတိုက်ပွဲလည်း တိုက်နိုင်တယ် ဆိုတာကို လောကကြီး သိအောင် ပြသလိုက်ကြစို့... သွေးတွေ သုံးရမယ် ဆိုရင်တောင် အလောင်းတွေနဲ့ ပုံပြီး တိုက်မယ်”
“ရွှမ်း...”
“မြို့ကို တိုက်”
ယန်ယန် အဖိုးတန်ဓားကို အပြင်းအထန် ဆွဲထုတ်ကာ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်၏။
ချက်ချင်းပင် ထောင်ချီသောခွန်အား အထူးပြုစစ်သည်တော်များ ဧရာမ မြို့တက်လှေကားကြီးများကို သယ်ဆောင်ကာ မြို့ရိုးဆီသို့ ဒီရေလှိုင်းကြီးများအလား အပြင်းအထန် ပြေးဝင်သွားကြတော့သည်။
…
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်အပြင်ဘက်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် စစ်စည်တော်သံများက နားကွဲမတတ် ထွက်ပေါ်နေ၏။
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ မြို့ရိုးမှာ မီတာရာဂဏန်းခန့်သာ ရှည်လျားပြီး နှစ်ဖက်စလုံးတွင် မတ်စောက်သည့် ချောက်ကမ်းပါးကြီးများ ရှိနေသည်။
ယန်ယန်တပ်ဖွဲ့မှ ခွန်အား အခြေပြုစစ်သည်တော်များမှာ ဂျင်တစ်ရာကျော်လေးသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး မီတာနှစ်ဆယ်ခန့် မြင့်မားသည့် မြို့တက်လှေကားကြီးများကို သယ်ဆောင်၍ ရှေ့ဆုံးမှ အပြင်းအထန် ပြေးဝင်သွားကြ၏။
“ပစ်ကြ...”
မြို့ရိုးပေါ်ရှိ မဟူရာ တပ်ဖွဲ့မှ လေးစစ်သည် ထောင်ချီက အမိန့်ရသည်နှင့် တစ်ပြိုင်နက် မြှားများကို မိုးရွာချသည့်အလား ပစ်ခတ်လိုက်ကြသည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
မရေမတွက်နိုင်သော မြှားများ ခွန်အား အခြေပြုစစ်သည်တော်များ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီး မီးပွားများ ပွင့်ထွက်သွားသည်။
ထို ခွန်အား အခြေပြုစစ်သည်တော်များမှာ တစ်ယောက်လျှင် အရပ်နှစ်မီတာခန့်နှင့် အလေးချိန် ဂျင် သုံးလေးရာခန့် ရှိကြပြီး ကြီးမားလှသည့် ခွန်အားများ ပိုင်ဆိုင်ထားကြသည်။ ထို့အပြင် ခန္ဓာကိုယ်ပေါ်၌လည်း ဂျင်တစ်ရာကျော်လေးသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသဖြင့် သာမန် လေးနှင့် မြှားများက သူတို့ကို လုံးဝ အန္တရာယ် မပေးနိုင်ချေ။
ရာချီသော ခွန်အား အခြေပြုစစ်သည်တော်များသည် မြှားမိုးများကို အန်တုလျက် မြို့ရိုးဆီသို့ အဆက်မပြတ် ချဉ်းကပ်သွားကြ၏။
သူတို့၏ အနောက်ဘက်မှ လက်ရွေးစင် ဓားကိုင်စစ်သည် ထောင်ချီက ဧရာမ သစ်သားဒိုင်းကာကြီးများကိုအကာအကွယ်ယူလျက် တစ်လှမ်းချင်း ရှေ့တိုးလာကြသည်။
သို့တိုင် ပြည့်နှက်နေသည့် မြှားမိုးများအောက်တွင် စူးရှသည့် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး လူအချို့ အဆက်မပြတ် လဲကျနေ၏။
ယန်ယန် အမိန့်ပေးလိုက်သည်။
“ဒူးလေး နဲ့ လေးတပ်တွေ ပစ်ကြ”
ချက်ချင်းပင် ဧရာမ ဒူးလေးကြီး ရာချီနှင့် လေးသည်တော် ထောင်ချီက မြို့ရိုးဆီသို့ အပြင်းအထန် ပစ်ခတ်လိုက်ကြသည်။
အောက်ဘက်မှ အထက်သို့ ပစ်ခတ်ရသဖြင့် လေဆန်အနေအထား၌ရှိနေကာ ထိရောက်မှုသိပ်မရှိလှချေ။ ထို့ကြောင့် ရန်သူ့ လေးသည်တော်များကို ဖိနှိပ်ရန်သာ ကြိုးစားနိုင်ပြီး ကြီးမားသည့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေရန် မမျှော်လင့်ထားပေ။
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
စစ်စည်တော်သံများက နားကွဲမတတ် ဆူညံနေပြီး မီးတောက်များက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှ ကောင်းကင်ယံအထိ ထိုးတက်နေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်။
နောက်ဆုံး၌ ခွန်အား အခြေပြုစစ်သည်တော် ရာချီကပထမဆုံး မြို့တက်လှေကား အုပ်စုကို သယ်ဆောင်ကာ မြို့ရိုးအောက်သို့ ရောက်ရှိသွားကြလေပြီ။
ထို့နောက် ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး မီတာနှစ်ဆယ်ခန့် မြင့်မားသည့် မြို့ရိုးပေါ်သို့ လှေကားများကို ထောင်လိုက်ကြသည်။ ဒါဇင်ပေါင်းများစွာသောမြို့တက်လှေကားများ မြို့ရိုးနှင့် ပြင်းထန်စွာ ရိုက်ခတ်သွား၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ထိုအခါ ခွန်အား အခြေပြုစစ်သည်တော်ကြီး လေးယောက်က မြို့တက်လှေကားကို မြို့ရိုးနှင့် ကပ်နေစေရန် အစွမ်းကုန် ဖိကပ်ထားလိုက်ကြသည်။
မြို့ရိုးပေါ်ရှိ အရာရှိက ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
“တွန်းချ... လှေကားတွေကို တွန်းချပစ်”
သို့သော် ယန်ယန်တပ်ဖွဲ့ ပြုလုပ်ထားသည့် မြို့တက်လှေကားများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး မြို့ရိုးနှင့် အမြင့်ချင်း တူညီနေသဖြင့် ထိပ်ပိုင်း ပေါ်ထွက်နေခြင်း မရှိရာ တွန်းချရန် လုံးဝ နည်းလမ်းမရှိချေ။
“တက်ကြ...”
လက်ရွေးစင် စစ်သည်နှစ်ထောင်ခန့် မြို့တက်လှေကားများပေါ်သို့ လျင်မြန်စွာတက်လာကြသည်။
လှေကားပေါ်သို့ အရင်ဆုံး တက်သွားသူများမှာ လက်ရွေးစင် စစ်သည်တော်များ ဖြစ်ကြပြီး သူတို့၏ လက်ထဲ၌ ဧရာမ ဒိုင်းလွှားကြီးများကို ကိုင်ဆောင်ထားကြသည်။
သူတို့၏တာဝန်မှာ အနောက်မှ ညီအစ်ကိုများအတွက် မြှားများ၊ ကျောက်တုံးများနှင့် သစ်တုံးများကို ကာကွယ်ပေးရန် ဖြစ်သည်။
ထိုသူတို့မှာ ဒိုင်းစစ်သည်တော်များပင်။
ထို ဒိုင်းစစ်သည်တော်များ သေဆုံး၍ မဖြစ်ပေ။ သူတို့ သေဆုံးသွားသည်နှင့် အနောက်မှ စစ်သည်များအတွက် မြှားမိုးများနှင့် ကျောက်တုံးများကို ကာကွယ်ပေးမည့်သူ ရှိတော့မည် မဟုတ်ချေ။
“ကျောက်တုံးတွေနဲ့ ပေါက်... သစ်တုံးတွေနဲ့ လှိမ့်ချ”
အမိန့်ပေးသံနှင့်အတူ မြို့ရိုးပေါ်မှ ကျောက်တုံးမိုးများ ရွာချသည့်အလား ဂျင်တစ်ရာကျော်လေးသော ကျောက်တုံးကြီးများ ပြင်းထန်စွာ ကျဆင်းလာသလို ဂျင်ရာချီလေးသော သစ်တုံးကြီးများလည်း ရူးသွပ်စွာ လိမ့်ဆင်းလာသည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ငွေရောင်ဝံပုလွေ တပ်မတော်မှ ဒိုင်းစစ်သည်တော်များက ကြောက်မက်ဖွယ် ကျောက်တုံးမိုးများနှင့် သစ်တုံးများကို အန်တုလျက် အထက်သို့ ဖြည်းညှင်းစွာ တက်သွားကြသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် မြို့တက်လှေကားမှာ မြွေကြီးများအလား ထင်မှတ်ရပြီး လူများဖြင့် ပြည့်နှက်နေသည်။
ပုရွက်ဆိတ်များ နံရံပေါ်တွင် တွားသွားနေသကဲ့သို့ပင်။
“ဒုန်း... ဒုန်း... ဒုန်း...”
ဧရာမ ကျောက်တုံးကြီးများက သံမဏိ ဒိုင်းလွှားကြီးများပေါ်သို့ ရိုက်ခတ်သွားသော်လည်း ထို ဒိုင်းစစ်သည်တော်များမှာ အနည်းငယ်မျှသာ ယိမ်းယိုင်သွားသည်။
ဧရာမ ဒိုင်းလွှားကြီးများက အနောက်မှ စစ်သည်များကို ယခင်အတိုင်း ကာကွယ်ပေးထားဆဲပင်။
ကျိနင်နှင့် နူအာတန်တို့ အလွန် အံ့ဩသွားကြသည်။ ပထမအကြိမ် တိုက်ခိုက်မှုနဲ့တင် သူတို့ကို မြို့ရိုးပေါ် တက်လာခွင့် ပြုလိုက်ရတော့မည်လော။
နူအာတန် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
“ဆီပူတွေ ဘယ်ရောက်နေလဲ”
“မြန်မြန်လုပ်... မြန်မြန်လုပ်”
ကျိနင် အလျင်စလိုအော်ဟစ်အမိန့်ပေးလိုက်သည်။
“ဆီတွေ ပူလာတဲ့အထိ စောင့်မနေနဲ့တော့... အခု လောင်းချပြီး မီးရှို့လိုက်”
“ဟုတ်ကဲ့ပါ”
ထို့နောက် ဆီပုံးများ တစ်လုံးပြီးတစ်လုံး မြို့ရိုးပေါ်သို့ သယ်ဆောင်လာကြသည်။
ယန်ယန်က ဘေးရှိ ဖန်မိုကို တစ်ချက် ကြည့်လိုက်ပြီး နှစ်ယောက်သား လေးကြိုးတင်ကာ မြို့ရိုးဆီသို့မြှားများ ချိန်ရွယ်လိုက်ကြသည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ယန်ယန်၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပစ်မှတ်ကို အတိအကျ အမှတ်အသားပြုလိုက်၏။
ဖန်မိုမှာမူ မွေးရာပါ နတ်အဆင့် မြှားပစ်ပါရမီရှင် ဖြစ်သဖြင့် ချိန်ရွယ်ရန်ပင် မလိုအပ်ဘဲ လက်ညှိုးညွှန်ရာသို့ အတိအကျ ပစ်ခတ်နိုင်လေသည်။
ချက်ချင်းပင် ဆီအိုးများကို မလိုက်သည့် စစ်သည်များမှာ ဆီလောင်းချရန် အချိန်ပင် မရလိုက်ဘဲ ဧရာမ ဆီအိုးကြီးများ အောက်သို့ ပြုတ်ကျသွားကာ ဆီများ နေရာအနှံ့ လွင့်စဉ်ကုန်သည်။
ထိုဆီများမှာ တစ်ဝက်ခန့် ပူနေပြီဖြစ်သဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး လူများကို အရှင်လတ်လတ် လောင်ကျွမ်းသွားစေတော့သည်။
ယန်ယန်၏ မီးမြှားများ မြို့ရိုးပေါ်သို့ကျရောက်လာသည်။
"ဝုန်း..."
ချက်ချင်းပင် မြေပြင်ပေါ်သို့ ဖိတ်စင်သွားသည့် ဆီများကို မီးကူးသွားကာ ပြင်းထန်သည့် မီးတောက်ကြီးများ ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထူလင်းတိ၏ ရင်တွင်း၌ အလွန် အံ့ဩသွားရသည်။ တိုက်ပွဲ အစမှာတင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
ထိုအနေအထားအရ ကြည့်လျှင် ယန်ယန်တပ်ဖွဲ့၏ ပထမဆုံး တိုက်ခိုက်မှုလှိုင်းက မြို့ရိုးပေါ်သို့ သေချာပေါက် တက်ရောက်နိုင်မည့်ပုံရှိနေသည်။
ထူလင်းတိ အမိန့်ပေးလိုက်သည်။
"လက်ဖြောင့်တပ်တွေ... လေးပြင်တော့"
ထိုတစ်ကြိမ် ထျန်းရွှေမြို့သို့ သူမလာရောက်ခဲ့ရာတွင် လူတစ်ရာခန့်သာ ပါဝင်ခဲ့သည်။ လက်ရွေးစင် အရာရှိများကို နူအာတန်၏ ပုန်ကန်သူတပ်သား တစ်သောင်းထံသို့ စေလွှတ်ကာ လူတစ်ရာ တပ်ဖွဲ့ တစ်ခုစီကို ကြီးကြပ် ကွပ်ကဲစေခဲ့၏။
ထို့အပြင် လေးသည်တော် သုံးဦးကိုလည်း ခေါ်ဆောင်လာခဲ့ပြီး ထိုသုံးဦးစလုံးမှာ နဂါးလေးစစ်သည်များပင်။ သူတို့မှာ ထူလင်းမိသားစု၏ အဖိုးတန် ရတနာများဖြစ်ကြသည်။
ထူလင်းတိ အမိန့်ပေးပြီးနောက် နဂါးလေးကိုင်စစ်သည် သုံးဦးက လေးကြိုးကို ဆွဲကာ စတင် ပစ်ခတ်တော့သည်။
နဂါးလေးကိုင်စစ်သည်များ ပစ်ခတ်လိုက်သည့် မြှားများက သဘာဝကျစွာပင် သာမန်နှင့် မတူညီချေ။
ချက်ချင်းပင် ယန်ယန်နှင့် ဖန်မိုတို့ စတင် ဖိနှိပ်ခံလာရသည်။
ထိုအချိန်၌ နတ်အဆင့် မြှားပစ်ပါရမီရှင်နှင့် လက်ရွေးစင် လေးစစ်သည်တို့၏ ကွာခြားချက်ကို မြင်တွေ့ရလေပြီ။
ယန်ယန်၏ မြှားများက ပိုမို တိကျပြီး အားကောင်းသော်လည်း စိတ်ဝိညာဉ်စွမ်းအားနှင့် ခွန်အားကို အပြည့်အဝ အားကိုးနေရသည်။ တစ်ဖက်မှ နဂါးလေးကိုင်စစ်သည် သုံးဦးက စတင် ဖိနှိပ်လာပြီးနောက် ယန်ယန်တစ်ယောက် တန်ပြန်တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ယန်ယန်၏ မြှားပစ်ခတ်မှုမှာ စိတ်ဝိညာဉ်စွမ်းအားဖြင့် ပစ်မှတ်ကို အမှတ်အသားပြုရန် လိုအပ်သလို အချိန်ယူရသောကြောင့်ပင်။
သို့သော် ဖန်မိုက မတူညီချေ။ သူက ယခင်အတိုင်း ခံစားချက်ကို အားကိုးကာ ပစ်ခတ်နိုင်သေးပြီး ကျပန်း ပစ်ခတ်လိုက်လျှင်ပင် ပစ်မှတ်ကို ထိမှန်နေသည်။
"ရွှီး... ရွှီး... ရွှီး... ရွှီး..."
ထို့အပြင် သူပစ်ခတ်လိုက်သည်နှင့် မြှားများ အဆက်မပြတ် ထွက်သွားပြီး တစ်ကြိမ်လျှင် ငါးစင်းခန့် ပါဝင်၏။ သူမြားပစ်လိုက်သည့် အကြိမ်တိုင်းနီးပါး ဆီအိုးများကို မထားသည့် စစ်သည်များကို ထိမှန်သွားမြဲပင်။
အပိုင်း ၃၃၀ ပြီး။