ဝါးမြိုခြင်းဆေးလုံး…
Vol. 025 Ch. 1213
မိုလျိုကုန်းမြေသည် ပြန်တည်ငြိမ်နေပေပြီ။ ဝမ်လင်းက နေ့စဉ် တနေကုန် ဆေးပညာကို လေ့ကျင်နေရာ မူလကလန်မှ တပည့်များသည် တောင်ဘက်ခြံဝန်းကနေ ပေါက်ကွဲသံများ မကြာဆိုသလို ကြားနေရလေ၏။ မည်သူကမျှ ထိုခြံဝန်းထဲသို့ ဝင်မလာဝံ့ကြ၊ ဖြတ်သွားဖြတ်လား တပည့်အားလုံးမှာ ခြံဝန်းထဲသို့ လေးစားစွာ ကြည့်သွားကြသည်။
ဝမ်လင်းက သားရဲအရိုးပေါ်ရှိ ဆေးညွှန်းကိုလည်း လေ့လာခဲ့ရာ နောက်ဆုံးတွင် သူ့အသွင်အပြင်မှာ သုန်မှုန်နေတော့၏။သူက အချိန်အတန်ကြာ စဉ်းစားနေ၏။ ဆေးညွှန်းအရ ဖြစ်ပေါ်လာမည့် ဆေးလုံး၏ သက်ရောက်မှုက မှန်လား ဆိုသည့်အချက်ကို လစ်လျူရှုထားလျှင်ပင် ၎င်းဆေးလုံးကို ဖော်စပ်ရာ၌ လိုအပ်သောဆေးပင်အများစုအား သူ ကြားပင်မကြားဖူးဘဲ ဖြစ်နေသည်။
မူလကလန်၏ မှတ်တမ်းများကို လေ့လာကြည့်ပြီးနောက် ဝမ်လင်းက အချို့သဲလွန်စများကို တွေ့ရှိခဲ့၏။ ကြယ်အသွင်ပြောင်းသစ်သား၊ ကြယ်နဂါးမြက်၊ ပျက်သုဉ်းခြင်းပန်း ဟူသော ဆေးပင်သုံးပင်မှာ လွန်ခဲ့သောနှစ်သောင်းချီက တည်ရှိခဲ့ကြသည်။၎င်းဆေးပင်များသည် ရှားပါးလွန်းခဲ့ကာ ယနေ့ခေတ်တွင် ပျောက်ကွယ်လု၊မျိုးသုန်းလုနီး ဟု ဆိုနိုင်သည်။ သို့သော် မူလကလန်ရှိ မှတ်တမ်းများထဲ၌ သဲလွန်စအချို့ ပါရှိလေ၏။ ကြည့်ရသည်မှာ အဆင့်ရှစ်ပင်မကလန်၌ ကြယ်အသွင်ပြောင်းသစ်သား ဆေးပင် အနည်းငယ် ရှိနေဟန် တူ၏။
ပို၍ အရေးကြီးသည်က ဒီနိဗ္ဗာနလေဟာနယ်ဆေးလုံးသည် အဆင့်ဆယ့်သုံးသားရဲကိုးကောင်၏ စိတ်ဝိညာဉ်များ လိုအပ်နေခြင်းပင်။ ထိုစိတ်ဝိညာဉ်များကို ပေါင်းစည်းနိုင်မှသာ ဆေးလုံးသန့်စင်မှု လုပ်ဆောင်နိုင်ပေမည်။
ထိုမျှသာဆိုလျှင် ပြဿနာမဟုတ်သေး။ သို့သော် အောင်မြင်မှုနှုန်းက အတော်လေး နည်း၏။ ထို့အပြင် အခုဆေးညွှန်းကို ရေးထားသည့် သားရဲအရိုးအစိတ်အပိုင်းကိုလည်း ဆေးလုံးအဖြစ် အရည်ပျော်အောင် လုပ်ဖို့ လိုသေးပြန်သည်။ဆေးလုံးဖော်စပ်ရာ၌ ကျရှုံးတိုင်း ဤသားရဲအရိုးကို အနည်းငယ် ပိုနက်မှောင်လာစေမည်။ ထိုသားရဲအရိုး လုံးဝနက်မှောင်သွားသည်နှင့် ဆေးလုံးသန့်စင်ဖော်စပ်ဖို့မှာ မဖြစ်နိုင်တော့ပေ။
ဆေးလုံးဖော်စပ်တာ အောင်မြင်သွားသည်နှင့် ယင်းသားရဲအရိုးက ပျောက်ကွယ်ကာ ဆေးလုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပေမည်။
လက်ထဲရှိ သားရဲအရိုးကို ကြည့်နေရင်း ၎င်းက လုံးဝနက်မှောင်နေခြင်း မရှိသော်လည်း အနက်ရောင်သန်းနေပေပြီ။ ကြည့်ရသည်မှာ ၎င်းသားရဲအရိုးကို အကြိမ်အနည်းငယ်မက အသုံးပြုပြီးတာ ဖြစ်နိုင်၏။
“တခြားသူတွေ ဒီသားရဲအရိုးကို အကြိမ်ရေခပ်များများ သန့်စင်ပြီးတာ ထင်ရှားနေတယ်။ ဒါပေမယ့် သူတို့အားလုံး မအောင်မြင်ခဲ့ဘူး။ မဟုတ်ရင် ဒီအရိုးပိုင်းက ပျောက်ကွယ်သွားနေလောက်ပြီ။ ဆေးပင်တွေ၊ ဒါမှမဟုတ် သားရဲစိတ်ဝိညာဉ်တွေဟာ ရှားပါးလွန်းလှတယ် ဆိုပေမယ့်…ဒီသားရဲအရိုးပိုင်းကတော့ ထူးဆန်းလွန်းနေတာပဲ…”
“ဒီသားရဲအရိုးပိုင်းက ဘာလဲဆိုတာတော့ ငါ မသိဘူး။ ဒါပေမယ့် ဆေးလုံးရဲ့ သက်ရောက်မှုသာ မှန်မယ်ဆိုရင် တစ်ရာခိုင်နှုန်းပဲ အောင်မြင်နိုင်တဲ့ရာခိုင်နှုန်း ရှိရင်တောင် ငါ ကြိုးစားကြည့်ရမှာပဲ…”
ဝမ်လင်းက သားရဲအရိုးပိုင်းကို ကိုင်ထားလျက် သေချာလေ့လာကြည့်နေပြန်၏။ ထို့နောက် သူက ၎င်းကို ပြန်သိမ်းဆည်းလိုက်သည်။
သူ့လက်ထဲ၌ နောက်တစ်ခု ထပ်ရောက်လာသည်။ ၎င်းက သားရဲအရိုးပိုင်းနှင့်အတူ ပါလာသည့် ကျောက်စိမ်းပြားပင်။ သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကျောက်စိမ်းပြားကို စစ်ဆေးကြည့်ပြီးနောက် ဝမ်လင်း၏အမူအရာသည် ထူးဆန်းသွားသည်။ ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်ကို ထပ်မံဖွင့်ကာ အဆိပ်အဘွားအို၏ မူလစိတ်ဝိညာဉ်ကို ထုတ်ယူလိုက်သည်။
သူ့မျက်လုံးက တည်ငြိမ်၏။ ဝမ်လင်းက သူ့လက်ချောင်းဖြင့် ထိုမူလစိတ်ဝိညာဉ်ကို အကြိမ်ခပ်များများ လက်ညွှန်သည်။ သူ့လက်တစ်ချက်ညွှန်တိုင်း မူလစိတ်ဝိညာဉ်က တုန်ယင်ကာ အားနည်းလို့သွား၏။
ခဏအကြာတွင် ဝမ်လင်းက သူ့ညာလက်ကို ထိုမူလစိတ်ဝိညာဉ်၏ ဦးခေါင်းပေါ် တင်၍ နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သူက ထိုအဆိပ်အဘွားအို၏ စိတ်ဝိညာဉ်ကို ရှာဖွေမှု ပြုသည်။
အဆိပ်ငါးပါးကျင့်ကြံခြင်းနည်းလမ်း အပါအဝင် ထိုအဆိပ်အဘွားအို တွေ့ကြုံခဲ့သော မှတ်ဉာဏ်များက ဝမ်လင်းစိတ်ထဲသို့ ဝင်ရောက်လာလေ၏။ နောက်ဆုံးတွင်တော့ ဝမ်လင်းသည် ဆေးညွှန်းနှင့်ကျောက်စိမ်းပြားတို့ဖြင့် ပတ်သတ်သော မှတ်ဉာဏ်ကို တွေ့သွားသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ ညရောက်လာချိန်၌ ဝမ်လင်းက သူ့ညာလက်ကို ပြန်မ၏။ သူက အားနည်းသော်လည်း သေဆုံးခြင်းမရှိသော ထိုမူလစိတ်ဝိညာဉ်ကို ပြန်သိမ်းဆည်းသည်။ ထို့နောက် သူသည် ကျောက်စိမ်းပြားကို ကြည့်ကာ စတင်စဉ်းစားသည်။
ဝမ်လင်းက လွန်ခဲ့သောနှစ်ပေါင်း(၁၈၀၀၀)က ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်ကိုလည်း သိရှိသွားကာ ဤကျောက်စိမ်းပြား၏ အခန်းကဏ္ဋကိုလည်း နားလည်သွားသည်။
ထိုကျောက်စိမ်းပြားထဲ၌ မည်သည့်မန္တာန်၊ သို့တည်းမဟုတ် မည်သည့်ကျင့်ကြံခြင်းနည်းလမ်းမှ ရှိမနေပေ။ ဤကျောက်စိမ်းပြားက အသိအမှတ်ပြုတုန်ကင်သာ ဖြစ်၏။ ၎င်းကျောက်စိမ်းက လွန်ခဲ့သောနှစ်ပေါင်း(၁၈၀၀၀)က ကောင်းကင်ချိုးဖျက်ခြင်းကလန်၏ တပည့်ခေါင်းဆောင်၏ အမှတ်အသား ဖြစ်သည်။
ထိုသူ၏ နာမည်ကို စစ်မာမိုဟု ခေါ်သည်။ မတော်တဆသာ မဖြစ်ခဲ့ပါက သူသည် လွန်ခဲ့သော နှစ်ပေါင်း(၁၈၀၀၀)က ကောင်းကင်ချိုးဖျက်ခြင်းကလန်၏ နောင်တက်လာမည့် ကလန်ခေါင်းဆောင် ဖြစ်ခဲ့ပေလိမ့်မည်။ သူကား သားရဲအရိုးပိုင်းနှင့်ကျင့်ကြံသူအုပ်စုတစ်ခုကို ခေါ်ဆောင်ကာ ကလန်မှ ထွက်သွားခဲ့သူလည်း ဖြစ်သည်။ သူတို့က ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်နှင့် လမ်းခွဲ၍ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအတွင်း ပျောက်ကွယ်သွားခဲ့ကြပေသည်။
လွန်ခဲ့သောနှစ်ပေါင်း(၁၈၀၀၀)၊ အဆင့်ကိုးဒေသသို့ ဝင်ရောက်ခဲ့သော ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်သည် သူတို့၏ ကလန်သားများ ထွက်ခွာသွားမှုအပေါ် အလွန်ရှုပ်ထွေးသော ခံစားချက်များ ရှိခဲ့လေ၏။ နောက်ပိုင်းတွင် သူတို့က ထို ထွက်သွားခဲ့သည့် အုပ်စုမှာ ကပ်ဘေးများ ကြုံ၍ လုံးဝ ပျောက်ကွယ်သွားခဲ့ကြမှန်း သိခဲ့ကြသည်။ ထိုအချိန်က စစ်မာမို၏ ဆရာဖြစ်သူ ကလန်ခေါင်းဆောင်သည် နှစ်ပေါင်းတစ်သိန်း တည်တံ့မည့် အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ထိုအမိန့်မှာ…
“အနာဂတ်မှာ စစ်မာမိုရဲ့အသိအမှတ်ပြု တုန်ကင်ကို ယူလာနိုင်တဲ့ ဘယ်သူ့ကို မဆို ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ထဲ ဝင်ရောက်ခွင့်ပြုမယ်။ လက်ရှိမျိုးဆက်ကလန်ခေါင်းဆောင်ရဲ့ တပည့်တစ်ယောက် ဖြစ်လာစေရမယ်…” ဟူ၍ပင်။
ထိုအမိန့်က တိမ်ပင်လယ်၌ ပျံ့နှံ့ခဲ့ကာ ကျင့်ကြံသူများစွာကို အာရုံစိုက်စေခဲ့သည်။ ထိုအမိန့်သည် အမြင့်ရောက်ဖို့ ဆန္ဒရှိသူများကို အလွန်စိတ်ဝင်စားစေခဲ့သည်။ သို့သော် အချိန်သာ ကုန်လွန်ခဲ့ပေမယ့် မည်သူကမျှ ထိုကျောက်စိမ်းပြားကို မရှာတွေ့ခဲ့ကြ၊ ထို့ကြောင့်လည်း သည်ကိစ္စက တဖြည်းဖြည်း ပြန်အထိုင်ကျသွား၏။
အဆိပ်ငါးပါးကလန်က ရှီလောရှင်း၏ လှုပ်ရှားမှုကို သူတို့၏ သူလျိုကနေ တစ်ဆင့် တင်ပြမှုတစ်ခု ရရှိခဲ့ကြ၏။ မူလတုန်းက အဆိပ်ငါးပါးကလန်သည် ဤကိစ္စကို သိပ်မရေးမထားခဲ့ပေ။ သူတို့က စုံစမ်းကြည့်ရန် အဆိပ်အဘွားအိုခေါင်းဆောင်သော လူအနည်းငယ်ကိုသာ စေလွှတ်ခဲ့ကြ၏။
မည်သူကမျှ သည်ဆေးညွှန်းနှင့်ကျောက်စိမ်းပြား၏ သတင်းမှာ အမှန်ဖြစ်လာလိမ့်မည်ဟု မထင်ခဲ့၊မတွေးခဲ့ကြချေ။
ဝမ်လင်းသည် ကျောက်စိမ်းပြားကို ငြိမ်သက်စွာ ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ကျောက်စိမ်းပြားကို ပြန်သိမ်းသည်။
“အနာဂတ်မှာ ဒီဟာက ငါ့အတွက် အတော်လေး အသုံးတည့်ကောင်း တည့်လာနိုင်တယ်…”
သူက ကျောက်စိမ်းပြား သို့မဟုတ် ဆေးညွှန်းတို့နှင့် ပတ်သတ်၍ ဆက်ပူပန်မနေတော့ပေ။ တည်ငြိမ်သွားပြီးနောက် သူသည် သူ့ကိုယ်သူ ဆေးဝါးဖော်စပ်ရာတွင်သာ အာရုံစိုက် နစ်မြုပ်ထား၏။
သူက အရိုင်းကုန်းမြေ၌ ဆေးပင်မြောက်များစွာသာမက သားရဲစိတ်ဝိညာဉ်တော်တော်များများကိုလည်း ရိတ်သိမ်းကာ အကျိုးအမြတ် ရခဲ့၏။ ၎င်းသားရဲစိတ်ဝိညာဉ်အများစုကတော့ အဆင့်ငါး ဖြစ်ကြသည်။ထို့ကြောင့် ၎င်းတို့သည် ဝမ်လင်း၏ ခုလက်ရှိကျင့်ကြံမှုအတွက် အတော်လေး အသုံးတည့်လှပေသည်။
သူ့သိုလှောင်အိတ်ထဲ၌လည်း သားရဲစိတ်ဝိညာဉ်အချို့ ရှိသေး၏။ ၎င်းတို့က သန့်ရှင်းသောပန်းကလန်ဝင်များ၏ သားရဲစိတ်ဝိညာဉ်များမှ စိတ်ဝိညာဉ်များပင်။ ၎င်းတို့က ငွေရောင်အမျိုးသမီးအလောင်း၏ သတ်ဖြတ်၊စုဆောင်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
အလားတူပင် သူ့ထံ၌ အဆိပ်အဘွားအို၏ သက်စောင့်သားရဲစိတ်ဝိညာဉ် မြွေစိတ်ဝိညာဉ်လည်း ရှိသေးသည်။၎င်းက အဆင့်ခြောက်အထွတ်အထိပ်တွင် ရှိသည်။
ထိုအရာများအပြင် သူ သတ်ခဲ့သော အဆင့်ရှစ်သားရဲ၏ သားရဲစိတ်ဝိညာဉ်လည်း ကျန်သေးသည်။ ထိုစိတ်ဝိညာဉ်မှာ အလွန်အဖိုးတန်၏။ ထို့ကြောင့် ဝမ်လင်းက ၎င်းကို မပျက်စီးသွားစေချင်ပေ။ သူက တာအိုကျောင်းတော်ထဲသို့ ဝင်ကာ ဆေးလုံးတစ်လုံးကို ယူ၏။
သုံးကြိမ်သုံးခါ ကျရှုံးပြီးနောက် နောက်ဆုံးတွင် ဝမ်လင်းသည် အဆင့်ရှစ်စိတ်ဝိညာဉ်ခွဲခွာခြင်းမရဏဆေးလုံးကို ပြုလုပ်ရန် စိတ်ဝိညာဉ်နှင့်ဆေးလုံးတို့အား ပေါင်းစပ်နိုင်ခဲ့သည်။
အဆိပ်အဘွားအို၏မှတ်ဉာဏ်များကို ရှာဖွေပြီးနောက် သူသည် သားရဲများကို ဆင့်ကဲပြောင်းလဲအောင် လုပ်ဖို့ စိတ်ဝင်စားဖွယ်နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သေး၏။
ထိုသားရဲစိတ်ဝိညာဉ်သန့်စင်ခြင်းနည်းလမ်းကို အဆိပ်ငါးပါးကလန်၏ ပါရမီရှင်တစ်ယောက်က တီထွင်ခဲ့ခြင်းပင်။၎င်းနည်းလမ်းနာမည်ကို ရန်ချွီရှင်းဟု ခေါ်၏။ ၎င်းက သားရဲစိတ်ဝိညာဉ်များကို ထိန်းသိမ်းဖို့ရာ လှောင့်ချိုင်အစီအရင်တစ်ခုကို အသုံးပြုခြင်း ဖြစ်သည်။ ထို့နောက် သင်သည် အဆိပ်ကို အသုံးပြု၍ ၎င်းသားရဲစိတ်ဝိညာဉ်တို့ကို တစ်ခုနှင့်တစ်ခု ဝါးမြိုအောင် လုပ်ပြီး ပိုအားကောင်းသည့် စိတ်ဝိညာဉ်တစ်ခု ဖန်တီးနိုင်ဖို့ငှာ ဆင့်ကဲပြောင်းလဲဖို့ လှုံ့ဆော်မှု ပေးရမည်။
သို့ရာတွင် ထိုနည်းလမ်း၌ အားနည်းချက်တစ်ခု ရှိသည်။ ထိုအားနည်းချက်မှာ ဆင့်ကဲသားရဲစိတ်ဝိညာဉ်က အခြားပုံမှန်သားရဲစိတ်ဝိညာဉ်များကို မဝါးမြိုနိုင်ပေ။ ၎င်းတို့က အခြားဆင့်ကဲသားရဲစိတ်ဝိညာဉ်များကိုသာ ဝါးမြိုနိုင်၏။
သားရဲစိတ်ဝိညာဉ်တစ်ခုကို သန့်စင်နိုင်ရန် အောင်မြင်နှုန်းကလည်း မြင့်မားလှခြင်း မရှိပေ။ သားရဲစိတ်ဝိညာဉ်၏ အဆင့်ပိုမြင့်လေလေ အောင်မြင်နိုင်နှုန်းက နိမ့်လေပင် ဖြစ်မည်။ အဆင့်ကိုးသားရဲစိတ်ဝိညာဉ်တစ်ခုအတွက် အဆင့်ရှစ်သားရဲ စိတ်ဝိညာဉ်များစွာ တစ်ခုနှင့်တစ်ခု ဝါးမြိုဖို့ လိုအပ်ပေလိမ့်မည်။ ထို့အတူ ဆင့်ကဲအဆင့်ရှစ်သားရဲစိတ်ဝိညာဉ်အတွက်တော့ အဆင့်ခုနစ်သားရဲစိတ်ဝိညာဉ်များစွာ လိုအပ်မည် ဖြစ်သည်။
ယင်းသို့ ဆင့်ကဲသားရဲစိတ်ဝိညာဉ်များကို မတော်တဆ အဆင့်မြင့်စိတ်ဝိညာဉ်တစ်ခုအဖြစ် ဖန်တီးခဲ့မိပါက ထိုစိတ်ဝိညာဉ် အားဖြည့်ဖို့အတွက် ရတနာများစွာ လိုအပ်မည် ဖြစ်သည်။
ဆေးဝါးဖော်စပ်သည့် ပညာရပ် ဖြစ်နေသ၍ ကျရှုံးဖို့ အခွင့်အလမ်း ရှိနေဦးမည် ဖြစ်ရာ ကျရှုံးမှုတိုင်းကလည်း ထိုဖော်စပ်သည့် ဆေးဝါးကို အားနည်းသွားစေမည် ဖြစ်၏။
ဝမ်လင်းက ထိုအချက်ကို ကောင်းကောင်းသိထား၏။ သူ ပထမဆုံး ပြုလုပ်ခဲ့သည့် ဆေးလုံးမှာ ဆယ်ကြိမ်ကျော် ကျရှုံးခဲ့၏။ သူ အောင်မြင်ခဲ့သော်လည်း ထိုသားရဲစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတော်တော်များများသည် ပျောက်ကွယ်ကာ ဆေးလုံး၏ အာနိသင်ကို အတော်လေး နိမ့်သွားစေခဲ့ပြီ ဖြစ်သည်။
ထိုသားရဲစိတ်ဝိညာဉ်များကို ဆင့်ကဲပြောင်းလဲစေမည့် နည်းလမ်းကို တွေ့မြင်ပြီးနောက် ဝမ်လင်းက ထိုနည်းလမ်းကို တိတ်တဆိတ် တွက်ချက် ကြည့်နေ၏။ ကုန်ကျစရိတ်က သူ့ကိုပါ တုန်လှုပ်သွားစေတော့သည်။ သူက အဆိပ်အဘွားအို၏ မှတ်ဉာဏ်ထဲမှ အဆိပ်နည်းလမ်းကိုလည်း လေ့လာခဲ့ရာ အနည်းငယ် သိရှိလာခဲ့၏။
ဝမ်လင်းက သူ သိရှိသည့်အချက်ကို စမ်းသပ်ရန် မူလကလန်ကို မရွေးချယ်ခဲ့၊ထိုအစား သူက သည်ကုန်းမြေပေါ်ရှိ တနေရာရှိ တောင်တစ်လုံးထဲမှ လှိုဏ်ဂူတစ်ခုကို ရှာခဲ့သည်။သူက ထိုတောင်ပေါ်တွင် အတားအဆီးများစွာ ချမှတ်၏။ထို့နောက် သူ့သိုလှောင်နေရာလွတ်ထဲမှ အဆင့်ငါးသားရဲစိတ်ဝိညာဉ်အချို့ကိုထုတ်၊ အဆိပ်များကို ကူးစက်စေသည်။ ၎င်းစိတ်ဝိညာဉ်အချင်းချင်း ဝါးမြိုလား သေချာအောင် ရက်အနည်းငယ်လောက် စောင့်ကြည့်လေ့လာပြီးနောက် သူက နောက်ထပ် အတားအဆီးများ ထပ်မံ ချမှတ်ပြီး မူလကလန်သို့ ပြန်လာခဲ့သည်။
ရက်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ဝမ်လင်းက သူ သန့်စင်ဖော်စပ်ခဲ့သည့် အဆင့်ရှစ်ဆေးလုံးတစ်လုံး အပါအဝင် ကျန်ဆေးလုံးများကို ထုတ်ယူကာ ၎င်းတို့ကို စတင် မြိုချကြည့်သည်။ပထမဆုံး သူက အဆင့်ငါးဆေးလုံးတစ်လုံးကို သောက်ကြည့်၏။
ထိုဆေးလုံးထဲရှိ စိတ်ဝိညာဉ်သားရဲက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကို လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ချက်ခြင်း ပျောက်ကွယ်သွား၏။၎င်းက သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားကာ ဝမ်လင်းကို ဆန်းကြယ်သောအခြေအနေတစ်ခုသို့ ဝင်ရောက်သွားစေခဲ့သည်။
ဝမ်လင်းသည် အဆင့်ငါးဆေးလုံးများကို ထပ်မံ ဝါးမြိုကြည့်နေရင်း သူက ထိုဆန်းကြယ်သောအခြေအနေထဲမှ တစ်ခုခုကို ခပ်ရေးရေး မြင်လာနိုင်၏။ သူက သားရဲများ မွေးဖွားလာပုံကနေစ၍ ၎င်းတို့ ဥပဒေသကို နားလည်ကာ မူလစွမ်းအင်များကို စုပ်ယူပုံတို့အား မြင်သည်။
အဆင့်ငါးဆေးလုံးထဲရှိ သားရဲစိတ်ဝိညာဉ်များက ဝမ်လင်းအတွက် အများကြီး အသုံးမဝင်ပေ။ သူက ထိုဆေးလုံးများကို သားရဲစိတ်ဝိညာဉ်များ ကောင်းကင်နှင့်မြေကြီးအား နားလည်သည့် ခံစားမှုမျိုးနှင့် ရင်းနှီးကျွမ်းဝင်မှု ရအောင်သာ သုံးစွဲကြည့်ခြင်းပင်။
အဆင့်ငါးဆေးလုံးများကို သောက်ပြီးနောက် ဝမ်လင်းသည် အဆင့်ခြောက်ဆေးလုံးတစ်လုံးကို မြိုချ၏။အထဲရှိ သားရဲစိတ်ဝိညာဉ်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် တစ်ယောက်နှင့် ညီမျှ၏။ ၎င်းက ချက်ခြင်းပင် ဝမ်လင်း၏ နယ်ပယ်ကို လှုပ်ရှားလာစေခဲ့သည်။
သူက ထိုသားရဲအဖြစ်သို့ ပြောင်းသွားကာ တဖြည်းဖြည်းချင်း ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်၍ ဉာဏ်အလင်း ရလာသည့်အလား ထင်မှတ်ရ၏။ ထိုမြင်ကွင်းများက အလွန်အစစ်အမှန်ဖြစ်လိုက်၊ အတုအယောင်ဖြစ်လိုက် ခံစားရ၏။ ဝမ်လင်းက ထိုဆန်းကြယ်သောအခြေအနေတွင် နစ်မြောရင်း သူက သူ့ကိုယ်ပိုင်တာအိုအတွက် ရှုပ်ထွေသောဉာဏ်အလင်း နားလည်မှုကို ရှာဖွေနေသည်။ သူက အမှန်နှင့်အမှားကြားရှိ တည်ရှိမှုကို ရှာဖွေနေသည်။
အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် အဆင့်ရှစ်ဆေးလုံးသာ ကျန်သည့်အချိန်တွင် သူသည် သူ့ဆန်းကြယ်သောအခြေအနေကနေ နိုးထလာ၏။ သူက ရှေ့တည့်တည့်သို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လာသည်။
“လူတစ်ယောက်ရဲ့ တာအိုကို သူ့ဟာသူ သေချာစေတာဟာ တိုက်ရိုက်နည်းပဲ။ လူတစ်ယောက်ရဲ့တာအိုကို အခြားမတူညီတဲ့ရှု့ထောင့်တွေကနေ သေချာစေတာဟာ သွယ်ဝိုက်တာပဲ။ တိမ်ပင်လယ်ရဲ့ ဆေးလုံးတွေဟာ ကံကောင်းမှုတစ်ခု မဟုတ်ဘူး။ ဒီဆေးလုံးတွေက ကျင့်ကြံသူတွေကို တာအိုကို ထပ်ခါထပ်ခါ ရှာဖွေဖို့ အခွင့်အရေးပေးတာသာ ဖြစ်တယ်။ သူတို့ဟာ သားရဲစိတ်ဝိညာဉ်တွေကို အသုံးပြုပြီး တာအိုကို ရှာဖွေဖို့ နောက်နည်လမ်းတစ်ခုသုံးတာ၊ အခြားကြယ်အဖွဲ့အစည်းနှစ်ခုနဲ့ မတူတာက ဉာဏ်အလင်းရတဲ့ ဖြစ်စဉ်ကို ဖြတ်တောက်ပစ်ဖို့ စီမံနိုင်တာပဲ…”
“ဒါပေမယ့်လည်း သားရဲတွေဟာ သားရဲတွေပါပဲ။ သူတို့ တာအိုကို နားလည်းတဲ့နည်းလမ်းဟာ တိုက်ရိုက် မဟုတ်ဘူး။ငါတို့ကလည်း မူလအစကို ရှင်းရှင်းလင်းလင်း ကောက်ကြောင်းမလိုက်နိုင်ဘူး။ ငါတို့ဟာ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် ဒါမှမဟုတ် သားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပြီး ဆေးလုံးတစ်လုံးကို သန့်စင်ဖော်စပ်တာပဲ။ ဒီလိုနဲ့ ဒါဟာ ဉာဏ်အလင်းကို ပိုရှင်းလင်းစေလိမ့်မယ်။မဟုတ်ရင် လူတစ်ယောက်ဟာ သူ့ကိုယ်ပိုင်သေချာတဲ့ သူ့အတွက် မှန်ကန်တဲ့တာအိုကို ရဖို့အတွက် ဆေးလုံးအများကြီး မြိုချနေရလိမ့်မယ်…”
“တာအိုဟာ အတွေးလိုပဲ။ လူတိုင်းရဲ့ အတွေးဟာ ကွာခြားတယ်။ တစ်ယောက်ဟာ သူ့ကိုယ်ပိုင်စိတ်ကို တိုးတက်စေချင်ရင် အခြားလူတွေရဲ့ အတွေးတွေကိုလည်း သင်ယူရလိမ့်မယ်။ ဒီသဘောတရားအရ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းက သားရဲစိတ်ဝိညာဉ်တွေကို ရွေးချယ်ခဲ့တယ်။ ရှေ့ဖြစ်ဟောသူလို လူကတော့ သူ့ကိုယ်ပိုင်တပည့်တွေရဲ့ စိတ်အတွေးကို အသုံးပြုဖို့ ရွေးချယ်ခဲ့တယ်…”
ဝမ်လင်း စိတ်ရှုပ်ထွေးနေရင်း အလင်းတန်းများသည် မိုလျိုကုန်းမြေရှိရာသို့ ပျံသန်းလာနေကြ၏။ အဆင့်ခြောက်ဒေသမှ ကျင့်ကြံသူများ၏ ရှာဖွေမှုသည် ပြန့်နှံ့ကာ မိုလျိုကုန်းမြေထိ ရောက်ရှိလာခဲ့ပေပြီ။ ထိုသူတို့က ကုန်းမြေ၏ အကာအကွယ်အရံအတားထဲသို့ ခြေချလာကြသည်။
***