← Chapters

လောကနံပါတ်တစ်၊ အမတကမ္ဘာတွင် ကြမ္မာဆိုး ဖြန့်ကျက်ခြင်း

Vol. 15 Ch. 196

လောကနံပါတ်တစ်၊ အမတကမ္ဘာတွင် ကြမ္မာဆိုး ဖြန့်ကျက်ခြင်း

Vol. 15 Ch. 196

အခန်း (၁၉၆) လောကနံပါတ်တစ်၊ အမတကမ္ဘာတွင် ကြမ္မာဆိုး ဖြန့်ကျက်ခြင်း

‘ဒါ သတင်းဆိုးပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာက အင်အားကြီးမားလာပြီး တစ်ခြားလူတွေ အာရုံစိုက်မှာကို လုံးဝ မလိုချင်ပါဘူး။ အလယ်မှာပဲ ဆက်နေပြီး နာမည်မကြီးလာမှသာ ဟန်ကျွယ်အတွက် အကောင်းဆုံး ဖြစ်မှာပါ။

အခုလောလောဆယ်မှာတော့ ဒါက ပြဿာနာမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ကို သုံးလေးရာပဲ တက်သွားသေးလို့ပါ။ ဒါပေမဲ့ ဒီလိုသာ ဆက်တက်နေမယ်ဆိုရင် ကျိန်းသေပေါက် ပြဿနာရှိလာမှာပါ။

ဟန်ကျွယ်ဟာ ဒီအနန္တကမ္ဘာအဆင့် သတ်မှတ်တဲ့ ကောင်းကင်တာအို ကျောက်ပြားကို ဂရုမစိုက်လို့ မဖြစ်တော့ဘူးလို့ ခံစားလိုက်ရပါတယ်။

‘ငါလည်း ဘာမှမလုပ်ဘဲနဲ့ ကြက်သွေးရောင်တိမ်ကမ္ဘာက ဘာဖြစ်လို့ အင်အားကြီးလာတာလဲ’

အမတနတ်ဘုရားဖြစ်လာပြီးနောက် ဟန်ကျွယ်ရဲ့ ကံတရားအထောက်အပံ့ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာနဲ့ ဆက်နွှယ်မှု မရှိတော့ပါဘူး။

‘ဒါက ဝီရိယတောင်ကြောင့်များလား’

ဟန်ကျွယ်ဟာ အကြောင်းရင်းကို စဉ်းစားမရတာကြောင့် ခေါင်းရှုပ်ခံပြီး ဆက်မတွေးပါဘူး။

ယွီဂျင်ဂိုဏ်းတော်ကြီး၊ အဓိကတောင်ထိပ်၊ ဧည့်ခန်းမ။

တာအိုသခင်ကျိုးတိဟာ သလွန်ပေါ်မှာ စိုးရိမ်တဲ့မျက်နှာနဲ့ ထိုင်နေပါတယ်။ ဂိုဏ်းအကြီးအကဲတွေ အကုန်လုံးလည်း စိုးရိမ်ပူပန်တဲ့ မျက်နှာထားချည်းပါပဲ။

လျူပုမီက ပြောလိုက်ပါတယ် “ဒီကိစ္စက ရှောင်လွှဲလို့မရဘူး၊ မုရုံချီက နတ်သတ်အကြီးအကဲရဲ့ မြေးတပည့်ပဲ၊ ဒီဆက်ဆံရေးကို လူမသိဘူးဆိုပေမဲ့ မုရုံချီသာ တစ်ခုခုဖြစ်ရင် နတ်သတ်အကြီးအကဲက ကျိန်းသေပေါက် အမျက်ထွက်လိမ့်မယ်”

တစ်ခြားအကြီးအကဲတွေကလည်း လျူပုမီစကားကို သဘောတူပါတယ်။

တာအိုသခင်ကျိုးတိဟာ ခေါင်းကိုက်သွားပြီး ကူကယ်ရာမဲ့တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မုရုံချီက ပြဿနာတက်နေတာ မဟုတ်ဘူး၊ သူက မြင့်မြတ်နယ်မြေကို ဖျက်ဆီးချင်နေတာ၊ မင်းတို့တွေ သူ့ကို ဖျောင်းဖျလို့မရဘူးလား၊ နတ်သတ်အကြီးအကဲကို သွားရှာဖို့က မဖြစ်နိုင်ဘူး၊ နတ်သတ်အကြီးအကဲက သေမျိုးကမ္ဘာရဲ့ကိစ္စတွေကို ဝင်မပါဘူးလို့ ငါ့ကို ပြောထားပြီးပြီ၊ ဒီထဲမှာ သူတပည့်နဲ့ မြေးတပည့်တွေရဲ့ ရန်ငြိုးရန်စလည်းပါတယ်၊ သူက ဂရုမစိုက်ဘူးပြောပေမဲ့ မုရုံချီသေသွားရင် ကျိန်းသေပေါက် စိတ်ဆိုးလိမ့်မယ်၊ ဒီနေ့ ငါ မင်းကို ဆင့်ခေါ်ရတာက လုံးဝပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို လိုချင်လို့ပဲ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်ခြင်းက အုပ်စိုးသွားပါတယ်။

မုရုံချီက ဖျောင်းဖျဖို့ဆိုတာက အရမ်းခက်ပါတယ်။ အခုလက်ရှိ မုရုံချီက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ထိပ်သီးတစ်ယောက် ဖြစ်နေပါပြီ။ အကြီးဆုံးတပည့် မဟုတ်တာ ကြာခဲ့ပါပြီ။

“မုရုံချီနဲ့ ဖန်းလျန်က ဆက်ဆံရေးကောင်းရှိတယ်၊ ဖန်းလျန်က သနားကြင်နာတက်တဲ့သူဆိုတော့ မုရုံချီကို ဖျောင်းဖျဖို့ သူ့ကိုခိုင်းရင် မကောင်းဘူးလား” အကြီးအကဲတစ်ယောက်က အဆိုပြုပါတယ်။

ဖန်းလျန်နဲ့ မုရုံချီဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ထိပ်ဆုံးပါရမီရှင်တွေပါ။ သူတို့တွေက လောကကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကြီး ကျင့်ကြံသူတွေ ဖြစ်နေကြပါပြီ။

တာအိုသခင်ကျိုးတိရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “ဖန်းလျန်က ဂိုဏ်းထဲမှာမရှိဘူးဆိုရင်ရော မုရုံချီဆီ ဘယ်သူသွားမလဲ”

လျူပုမီက ဖြေလိုက်ပါတယ် “ကျုပ် သွားမယ်၊ ကျုပ် ယွီဂျင်ဂိုဏ်းတော်ကြီးကို ကိုယ်စားပြုပြီး သွားပေးမယ်”

တာအိုသခင်ကျိုးတိဟာ လျူပုမီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဒီကိစ္စက အဆုံးသတ်သွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ် ၇ နှစ် ကုန်ဆုံးသွားပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဆီ မိတ်ဆွေဟောင်းတစ်ယောက် လာလည်ပါတယ်။ ဒီမိတ်ဆွေဟောင်းကတော့ ကျန်းဝူဂိုဏ်းရဲ့ ဟွမ်ဂျိဟောင်ပဲ ဖြစ်ပါတယ်။ ဟွမ်ဂျိဟောင်ဟာ ရန်ဒေသက ပြဒါးငှက်ဂိုဏ်းရဲ့ ဓားအကြီးအကဲ ဖြစ်ခဲ့ဖူးပြီး ဟန်ကျွယ်ကို စိန်ခေါ် တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် လက်ချက်နဲ့ သေလုနီး ဖြစ်သွားခဲ့ပါတယ်။

ဟွမ်ဂျိဟောင်မှာ ကံတရားအထောက်အပံ့ရှိပြီး မွေးရာပါ ဓားနှလုံးသား ရှိတာကြောင့် ဓားတာအိုမြစ်ထဲကို ရောက်ဖူးပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်ကို တစ်ခြားသူတွေထက် ပိုသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟွမ်ဂျိဟောင်က တိုက်ခိုက်တာကို ရူးသွပ်တဲ့လူမို့လို့ပါ။ ဘယ်အချိန်ကြည့်ကြည့် ဟွမ်ဂျိဟောင် တိုက်ခိုက်ခံရတဲ့ အရေအတွက်က ဂျိရှင်းရှန်တို့လို ပါရမီရှင်တွေ တိုက်ခိုက်ခံရတဲ့ အရေအတွက်နဲ့ သိပ်မကွာပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏတွေးလိုက်ပြီး ဟွမ်ဂျိဟောင်ကို လက်ခံတွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဝီရိယတောင်ထဲကို ဝင်လာပြီးနောက် ဟွမ်ဂျိဟောင်ဟာ အံဩတကြီး ဖြစ်သွားပါတယ်။

‘ဘယ်လောက်တောင် သိပ်သည်းလိုက်တဲ့ စိတ်ဝိညာဉ်ချီလဲ’

ဟွမ်ဂျိဟောင်ဟာ လောကအနှံ့ခြေဆန့်ခဲ့ပေမဲ့ ဒီလောက် စိတ်ဝိညာဉ်ထူထပ်သိပ်သည်းတာကို တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ တောင်ထိပ်ကို ရောက်သွားတဲ့ ဟွမ်ဂျိဟောင်ဟာ ခေါင်းငါးလုံး မြွေနဂါးဘုရင်နဲ့ ရွှေကျီးကန်းနှစ်ကောင်ကို မြင်လိုက်ရတာကြောင့် တစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေ အေးခဲသွားပါတယ်။

‘ဒီနတ်ဆိုးသုံးကောင်ရဲ့ ရောင်ဝါက ကြောက်ဖို့ကောင်းလှချည်လား’

ထူလင်းအာဟာ ဟွမ်ဂျိဟောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုကာ ဆက်လက်ကျင့်ကြံပါတယ်။ ငရဲကြက်နက်ကလည်း ဟွမ်ဂျိဟောင်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ရင်းနှီးနေသလို ခံစားလိုက်ရပါတယ်။ ချူရှီရန်ကတော့ ကျင့်ကြံတာ မပျက်ပါဘူး။

“ဝင်လာခဲ့”

ဟန်ကျွယ်ရဲ့ အသံဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီးနောက် လိုဏ်ဂူတံခါး ပွင့်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဝူတောက်ကျန့်က စိတ်မချမ်းသာတဲ့ မျက်နှာနဲ့ ထွက်လာပါတယ်။

ဟွမ်ဂျိဟောင်ဟာ ဝူတောက်ကျန့်ကို ကြည့်ပြီး စိတ်ထဲမှာ လန့်သွားပါတယ် ‘ဒီအမျိုးသမီးရဲ့ ကျင့်ကြံမှုက မြင့်လှချည်လား၊ ငါ့ကျင့်ကြံမှုကို မမီဘူးဆိုပေမဲ့ ကျင့်ကြံခြင်းလောကမှာဆိုရင် ကျိန်းသေပေါက် စွမ်းအားကြီးပုဂ္ဂိုလ်ပဲ’

‘ဒီလောက်စွမ်းအားကြီးတဲ့ ထိပ်သီးတွေက သူ ဘယ်လိုများ စုစည်းထားတာလဲ’

ဟွမ်ဂျိဟောင်ဟာ စိတ်ထဲမှာ နောင်တရသွားပေမဲ့ သူ့စိတ်အခြေအနေကို ပြန်ထိန်းသိမ်းပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လိုက်ပါတယ်။

ကျိုးမင်ယွဲ့က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒီလူက ဘယ်သူလဲ၊ သူက ဒီမှာရှိတဲ့လူတွေလောက်လည်း စွမ်းအားမကြီးဘဲနဲ့ ဆရာဘိုးဘိုးရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဘာလို့ဝင်နိုင်တာလဲ”

ချူရှီရန်က မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ် “ကိုယ့်ဘာသာ ကျင့်ကြံစမ်းပါ၊ မင်းက ဆရာဘိုးဘိုး ဆင့်ခေါ်ရလောက်တဲ့အထိ အရည်အချင်း မရှိသေးဘူး”

ကျိုးမင်းယွဲဟာ အနေရခက်သွားပါတယ်။ ကျိုးမင်ယွဲ့ရဲ့ ကျင့်ကြံမှုအလျင်က အရမ်းမြန်ပေမဲ့ ဖူစန်းသစ်ပင်အောက်မှာတော့ သာမန်ပဲ ရှိပါတယ်။ တစ်ခါတစ်လေကျတော့လည်း ကျိုးမင်ယွဲ့ဟာ ဒီလူထူးဆန်းတွေက ဘယ်လိုလူတွေလဲဆိုတာတောင် သိချင်သွားပါတယ်။

အပြင်လောကမှာဆိုရင် ကနဦးဝိညာဉ် ကျင့်ကြံသူက ထိပ်သီးကျင့်ကြံလို့ ယူဆလို့ရနေပါပြီ။ ဒါပေမဲ့ ဒီနေရာမှာတော့.....။ ပေထောင်ချီမြင့်မားတဲ့ သစ်ပင်ပေါ်မှာ နတ်ရွှေကျီးကန်းနှစ်ကောင် လဲလျောင်းနေတယ်လို့ပြောရင် ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပါဘူး။

ကျိုးမင်ယွဲ့ဟာ သက်ပြင်းချလိုက်ပြီး ဆက်လက်ကျင့်ကြပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာတော့ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့ ဟွမ်ဂျိဟောင်ဟာ ကြက်သေသေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို အရမ်းချောလို့ပါ။ ဟန်ကျွယ်နေရာမှာ မိန်းမလှဆိုရင်တောင် ဟွမ်ဂျိဟောင်က အခုလိုဖြစ်သွားမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်ရဲ့ အကြည့်ကို ကြာကြာမခံနိုင်တာကြောင့် မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”

ဟွမ်ဂျိဟောင်ဟာ သတိပြန်ဝင်လာပြီး မေးလိုက်ပါတယ် “မုရုံချီက မင်းရဲ့ မြေးတပည့်လား”

“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”

“ဒီကောင်လေးက တော်တော်ဘဝမြင့်လွန်းတယ်၊ သူ့ကိုယ်သူ လောကနံပါတ်တစ်တဲ့”

“မဆိုးဘူး”

“သူက နံပါတ်တစ်ဆိုရင် မင်းကျ‌တော့ရော၊ သူ့ကို မင်းကို ဂရုမစိုက်တာ မဟုတ်ဘူးလား”

“ငါက ဒီကမ္ဘာနဲ့ မသက်ဆိုင်ဆိုင်တော့ဘူး၊ ငါက ကောင်းကင်ရဲ့အထက်မှာ”

ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်စကားကြောင့် တံတွေးသီးသွားပါတယ်။

ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “မင်း ငါ့ကို လာရှာတာ ဒီကိစ္စနဲ့လား”

‘ဟွမ်ဂျိဟောင်က ဒီလောက်တောင် ပျင်းသွားပြီလား’

ဟွမ်ဂျိဟောင်က ပြန်ဖြေပါတယ် “မုရုံချီက ငါ့လက်အောက်က လူတစ်ယောက်က ရန်စထားတယ်၊ ဒါကြောင့် ငါ့လက်အောက်ကလူကို ကာကွယ်ပေးဖို့အတွက် ငါ သူနဲ့ တိုက်ခိုက်ရလိမ့်မယ်၊ သူက မင်းရဲ့ မြေးတပည့်ဆိုတော့ ငါ သူ့အသက်ကို ချမ်းသာပေးမှာပါ”

“အင်း” ဟန်ကျွယ်ဟာ ထူးဆန်းတဲ့အပြုံးနဲ့ ပြန်ပြောလိုက်ပါတယ်။

ဟွမ်ဂျိဟောင်ဟာ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်ပါတယ် “မင်း ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ” ဟွမ်ဂျိဟောင်ရဲ့အသံဟာ တော်တော်လေး တုန်ယင်နေပါတယ်။

“ငါ ပြောရင်တောင် မင်းနားလည်မှာ မဟုတ်ဘူး၊ ဘာလဲ... မင်းက ငါနဲ့ လက်ရည်စမ်းချင်သေးလို့လား”

ဟွမ်ဂျိဟောင်ဟာ ချက်ချင်းပဲ ခေါင်းခါပြလိုက်ပါတယ်။

‘လာနောက်နေတာလား၊ မင်းက အမတတွေကိုတောင် တိုက်နိုင်တာ၊ ငါက ဘယ်လိုလုပ်ပြီး မင်းကို တိုက်ရဲမှာလဲ’

အရင်တုန်းက ဟွမ်ဂျိဟောင်ရဲ့ ဆရာသခင် ရှန့်ကွမ်းချိုးကျန့်ဟာ ဟန်ကျွယ်ကို စိန်ခေါ်တိုက်ခိုက်ခဲ့ပေမဲ့ စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီစိတ်ဒဏ်ရာကြောင့် ရှန့်ကွမ်းချိုးကျန့်ဟာ ဒီနေ့ထိတောင် ကျင့်ကြံမှု သိပ်မတိုးတက်ပါဘူး။

“မင်း ဘယ်တော့ ဘုံပျံတက်မှာလဲ” ဟွမ်ဂျိဟောင်က ဂရုတစိုက် မေးလိုက်ပါတယ်။

ဟန်ကျွယ်က ပြုံးပြီး ဖြေလိုက်ပါတယ် “ဘုံပျံတက်တာလား၊ ဘယ်တော့မှ မတက်ဘူး၊ ငါက သေမျိုးကမ္ဘာမှာပဲ ထာဝရနေမှာ”

ဟန်ကျွယ်အဖြေကြောင့် ဟွမ်ဂျိဟောင်ရဲ့ အမူအရာဟာ လုံးဝပြောင်းလဲသွားပါတယ်။

ငါးမိနစ်ကြာပြီးနောက် ဟွမ်ဂျိဟောင်ဟာ ဝိညာဉ်မရှိတော့တဲ့လူလို ငေးကြောင်ကြောင်နဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပါတယ်။

ငရဲကြက်နက်က စလိုက်ပါတယ် “ငါ အခု သတိရပြီ၊ သူက သူ့ဆရာသခင်ပါ ခေါ်လာပြီး သခင်ကို စိန်ခေါ်ဖူးတယ်”

ကျိုးမင်ယွဲ့က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒီတော့ ဘာဖြစ်သွားလဲ”

“ဘာဖြစ်သွားရမှာလဲ၊ သူ့ဆရာသခင် သေလောက်အောင် ကြောက်သွားတာပဲ”

“ဆရာဘိုးဘိုးက အဲဒီလောက်တောင် စွမ်းအားကြီးတာလား”

လူတစ်ယောက်နဲ့ ကြက်တစ်ကောင်က သူ့ကို လှောင်ပြောင်နေတာကြောင့် ဟွမ်ဂျိဟောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟွမ်ဂျိဟောင် စိတ်ထဲမှာ မသက်မသာ ဖြစ်ပေမဲ့ ဘာတစ်ခွန်းမှ မပြောဘဲ ဝီရိယတောင်ကနေ အလျင်အမြန် ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပြီး မုရုံချီကို အကဲခတ်လိုက်ပါတယ် ‘ဒီကောင်လေး ဒီနှစ်တွေမှာ ဘာတွေလုပ်နေပါလိမ့်’

မုရုံချီဟာ တောင်ထိပ်တစ်ခုပေါ်မှာ ကျင့်ကြံအားထုတ်နေပါတယ်။ လေအဝှေ့မှာတော့ မုရုံချီရဲ့ ဝတ်ရုံဟာ တဖျတ်ဖျတ် ခတ်သွားပါတယ်။ အခုဆိုရင် မုရုံချီဟာ ကျင့်ကြံခြင်းလောက ထိပ်သီးတစ်ယောက်ရဲ့ အရှိန်အဟုန်မျိုး ရှိနေပါပြီ။

မုရုံချီ ကျင့်ကြံနေတာကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ စူးစမ်းလိုစိတ် ပျောက်ကွယ်သွားပါတယ်။

မုရုံချီရဲ့ ကျင့်ကြံမှုအလျင်က တော်တော်လေးကို မြန်ဆန်ပါတယ်။ သူဟာ မကြာသေးခင်ကမှ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ထိုးဖောက်ရောက်ရှိသွားတာပါ။

ဟန်ကျွယ်ဟာ မုရုံချီကိုကြည့်ပြီး ရှန်နန်းတော်ရဲ့ အမတဧကရာဇ် ဝင်စားတဲ့သူကို တွေးမိသွားပါတယ် ‘စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပြန်လည်မွေးဖွားရင် သူတို့ရဲ့ ကျင့်ကြံမှုအလျင်က အရင်ဘဝထက် ပိုမြန်တာလား’

ဒီနှုန်းနဲ့သာ ဆက်သွားမယ်ဆိုရင် မုရုံချီက သေမျိုးကမ္ဘာရဲ့ ထိပ်ဆုံးက နောက်ထပ် နှစ်သုံးလေးရာအတွင်း ရောက်ရှိသွားမှာပါ။ ဒီထက်လည်း ပိုမြန်ကောင်း မြန်နိုင်ပါတယ်။

ဖန်းလျန်ကလည်း နောက်ကျန်မနေခဲ့ပါဘူး။ ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌမအဆင့်ကို ရောက်ရှိနေပါပြီ။

ဟန်ကျွယ် တွေးတောနေတုန်းမှာပဲ စာကြောင်းသုံးကြောင်း သူ့ရှေ့မှာ ပေါ်လာပါတယ်။

[သင့်တပည့်စုချီသည် ဘုံပျံတက်ပြီး အမတကမ္ဘာသို့ ကြမ္မာဆိုး သယ်ဆောင်သွားသဖြင့် အမတကမ္ဘာ၏ ကံတရား အ‌ထောက်အပံ့အား ပြောင်းလဲသွားစေသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ချက်ချင်းဘုံပျံတက်ပြီး စုချီဟာ ဟန့်တားပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာအား ရရှိမည်။]

[၂။ သေမျိုးကမ္ဘာတွင် ဆက်လက်ကျင့်ကြံ၍ ကောင်းကင်ရုံးတော်၏ အကြံအစည်အား ဝင်မနှောင့်ယှက်ပါနှင့်။ ဆုလာဘ်အဖြစ် ကျပမ်း စွမ်းအားကြီးသွေးစည်းကို ရရှိမည်။]

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters