ခွင့်လွှတ်ပေးပါ…
Vol. 025 Ch. 1215
ကျိုးဟိုင်၏ ရင်ဘက်ပေါ်တွင် အနက်ရောင်လက်ဝါးရာ ထင်းနေ၏။ တောင်ဘက်ခြံဝန်းကနေ လွင့်ထွက်သွားသည့် ကျိုးဟိုင်၏ ရင်ဘက်ပေါ်ရှိ အနက်ရောင်လက်ဝါးရာကနေ သူ့အသက်ဓာတ်အမျှင်တန်းများ ထွက်ပေါ်လာနေ၏။ သူ့ခန္ဓာကိုယ်က အရိုးစုကဲ့သို့ ကြုံ့သွားဖို့ရာ အချိန်သိပ်မကြာလိုက်ပေ။
ထိုအသက်ဓာတ်ကို စွမ်းအားတစ်ခုက ရွှေ့လျားစေသည့်အလား ဒဏ်ရာရရှိသွားသည့် မူလကလန်၏ တပည့်ထံသို့ ဝင်ရောက်သွားသည်။ ထိုအခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်၍ အပြာရောင်အလင်း ပျောက်ကွယ်ကွာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ကျိုးဟိုင်၏ ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ ဝုန်းခနဲ စောင့်ကျ၏။ သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။
မိစ္ဆာစုဆောင်းခြင်းကလန်မှ ကျောက်ယုသည် ပင့်သက်ရှိုက်မိကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နှက်နေ၏။ သူက တောင်ဘက်ခြံဝန်းကို စူးစိုက်ကြည့်နေရာကနေ နောက်သို့ ခြေလှမ်းဆယ့်နှစ်လှမ်းလောက် ဆုတ်သည်။ သူက မူလကလန်၏ မြင့်မြတ်သောဆရာဦးလေးသည် အခုလိုမျိုး အစွမ်းထက်လှမည်ဟု မထင်ထားမိခဲ့ပေ။
လုယန်ဖေကို စော်ကားသလို စနောက်ခဲ့သည့် သူ့စကားများကို ပြန်တွေးမိသည့်အခါ ကျောက်ယုသည် သူ့ဦးရေပြားပါ ထုံထိုင်းသွားသလို ခံစားမိ၏။
“မူလကလန်ဟာ အခုလိုမျိုး အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိနေတာလား…”
ဖန်ပိုင်ရှန်၏ ဟန်ပန်က အလေးအနက် ဖြစ်လာ၏။ ကျိုးဟိုင်ကို အခုလို အလွယ်တကူ ဒဏ်ရာအပြင်းအထန် ရစေခဲ့သည့်သူမှာ အစွမ်းထက်မွန်းစတားအို တစ်ယောက် ဖြစ်ရပေမည်။
“ငါ့မူလကလန်က လူတွေကို ထိခိုက်နာကျင်အောင် လုပ်ဖို့ မင်းတို့ကို ဘယ်သူကများ အခွင့်ပေးခဲ့သလဲ…” အေးစက်စက်စကားလုံးများ ပဲ့တင်ထပ်လာသည်။ ၎င်းစကားများထဲ၌ ဥပဒေသမပါ၊ စောနက ဖန်ပိုင်ရှန်၏ စကားများကဲ့သို့လည်း မြေပြင်ထုကို မတုန်ခါသွားစေပေ။ သို့သော် ဤရိုးရှင်းသောစကားများက ဓားသွားများအလား ဖန်ပိုင်ရှန်၊ကျိုးဟိုင်နှင့် ကျောက်ယုတို့၏ စိတ်နှလုံးထဲသို့ ထိုးစိုက်သွားပေပြီ။
တိတ်ဆိတ်မှုကဲ့သို့ပင် ဤစကားလုံးများထဲ၌ ကြောက်မက်ဖွယ်ဖိအားတစ်ခု ပါဝင်ပေ၏။
တောင်ဘက်ခြံဝန်းထဲကနေ ခြေလှမ်းသံများ ထွက်ပေါ်လာရင်း ဝမ်လင်းသည် လက်နောက်ပစ်လျှက် ဖြည်းဖြည်းချင်း လှမ်းလျှောက် ထွက်လာ၏။ သူသည် အဖြူရောင်ဆံပင်များ မပိုင်ဆိုင်ဘဲ ခုချိန်၌ သူ့အနက်ရောင်ဆံပင်များက လေမတိုက်ပါဘဲ ဝဲလွင့်နေသည်။ သူ့ထံမှ ခွန်အားကို ပေးစွမ်းနေ၏။ သူ့မျက်လုံးတို့က ကြယ်များကဲ့သို့ တောက်ပနေသည်။ သင်သည် အခုချိန်၌ ဝမ်လင်း၏မျက်လုံးနှစ်လုံးကို ကြည့်မိပါက သင့်စိတ်ဝိညာဉ်မှာ အမှန်နှင့်အမှား ပုံရိပ်ယောင်ထဲသို့ နစ်မြုပ်ခြင်း ခံရသကဲ့သို့ ခံစားမိသွားနိုင်ပေသည်။
ထိုကဲ့သို့သော ခံစားမှုမျိုးက ထူးဆန်းလွန်း၏။ မည်သူကမျှ သေချာရှင်းပြနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ရှင်းလင်းစွာ ခံစားမိနိုင်၏။
“တာအိုနယ်ပယ်…” ဖန်ပိုင်ရှန်၏မျက်နှာက ဖြူရောသွား၏။ သူသည် ဤနေရာတွင် ကျင့်ကြံမှုအမြင့်ဆုံး၊ နံပါတစ်အဆင့်ခြောက်ကလန်၏ ပင်မတပည့်လည်း ဖြစ်ရာ ထို့ကြောင့် သူသည် ချက်ခြင်းပင် ဒီမြင့်မြတ်သောဆရာဦးလေး ဆိုသူက တာအိုနယ်ပယ်ကို အသုံးပြုခြင်း ဖြစ်နေကြောင်းကို သိရှိသွားသည်။
သည်နယ်ပယ်က ဥပဒေသစကားလုံးထက် များစွာ ပိုမြင့်မားပေသည်။
သူတို့၏ တာအိုမန္တာန်ကလန်က တာအို ဟူသော စကားလုံးကို အာရုံစိုက်၏။ ဖန်ပိုင်ရှန်၏ မှတ်ဉာဏ်ထဲ၌ ကလန်၏အကြီးအကဲခေါင်းဆောင်ကသာ အခုလိုမျိုး တာအိုနယ်ပယ်ကို ပိုင်ဆိုင်ထားပေသည်။
“သူ ဒီမှာ ရပ်နေတဲ့အခါမှာ သူဟာ တာအိုပဲ…” ဖန်ပိုင်ရှန်သည် နောက်သို့ အလိုလို ဆုတ်မိကာ အကြီးအကဲခေါင်းဆောင် တစ်ခါက ပြောခဲ့ဖူးသည့် စကားကို ပြန်တွေးမိသည်။
“မင်း…” ဝမ်လင်းသည် ရုန်းကန်နေသည့် ကျိုးဟိုင်ဘေးနားသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။ သူက ကျိုးဟိုင်ကို ပုရွတ်ဆိတ်တစ်ကောင်ကို ကြည့်သလိုမျိုး ကြည့်၏။
ကျိုးဟိုင်၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သူက ဝမ်လင်းကို အလိုလို ပြန်ကြည့်မိသည်နှင့် သူ့ခန္ဓာကိုယ်သည် အပြင်းအထန် ပိုတုန်ယင်သွားသည်။ သူသည် သူ့အား ထိခိုက်အောင် လုပ်နိုင်သည့် သူဟာ လောက၊ သူကတော့ ထိုလောကအတွင်းရှိ အားနည်းသည့် တည်ရှိမှုတစ်ခုမျှသာ ဟု တွေးထင်မိသည့် ပုံရိပ်ယောင်တစ်ခုထဲသို့ ဝင်ရောက်သွားလေ၏။
သူ့နှလုံးမှာ အရူးအမူး ခုန်ပေါက်နေမိ၏။သူ့စိတ်သည် ရှုပ်ထွေးနေသည်။ သူက သူ့ရှေ့ရှိ လူ၏ ကျင့်ကြံမှုအဆင့်ကိုလည်း မမြင်နိုင်တော့၊ သို့သော် ခုချိန်အခိုက်အတန့်၌ သူသည် ကလန်၏ မည်သည့်အကြီးအကဲမျှ သို့မဟုတ် ကလန်ခေါင်းဆောင်သည်ပင် သူ့ကိုအခုလိုမျိုး ကြောက်လန့်အောင် မလုပ်နိုင်ဟု ခံစားမိနေရသည်။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ မိစ္ဆာစုဆောင်းခြင်းကလန်မှ ကျောက်ယုထံ လှမ်းကြည့်၍ တည်ငြိမ်စွာ မေးသည်။ “ဒါမှမဟုတ်…မင်းလား…”
ကျောက်ယုသည် အလိုလို နှုတ်ခမ်းသပ်မိ၏။ သူက မြေပြင်ထက်ရှိ ရုန်းကန်နေသော ကျိုးဟိုင်ကို ကြည့်သည်။ ထို့နောက် ဝမ်လင်းကို ကြည့်မိ၏။ ရုတ်တရက် သူ့အမူအရာသည် လေးစားဟန် ပေါက်လာသည်။
“မိစ္ဆာစုဆောင်းခြင်းကလန်ရဲ့ ဂျူနီယာကျောက်ယုက စီနီယာ့ကို နှုတ်ဆက်ပါတယ်…”
ကျောက်ယုက ချက်ခြင်းပင် သူ့လက်နှစ်ဖက်ကို ယှက်ကာ အလွန်လေးစားဟန် ပြုမူသည်။ သို့ရာတွင် သူက ဝမ်လင်း၏ မျက်လုံးကိုတော့ မကြည့်ဝံ့ချေ။
“ဒါမှမဟုတ်…မင်းလား…” ဝမ်လင်း၏အကြည့်က တာအိုမန္တာန်ကလန်၏ ဖန်ပိုင်ရှန်ထံသို့ ကျရောက်သွားပြန်သည်။
ဖန်ပိုင်ရှန်၏မျက်နှာသည် ဖြူရောသွား၏။သူက သူ့လက်နှစ်ဖက်ကို လေးစားစွာ ယှက်၍ ခပ်တိုးတိုး ဆိုသည်။ “စီနီယာ…ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ…”
“အစောပိုင်းတုန်းက မင်းတို့ရဲ့ ရှာဖွေမှုကို အနှောက်အယှက်ပြုတာနဲ့ ငါတို့က အကျိုးဆက်ကို ခံစားရမယ်ဆို…”
ဝမ်လင်းက ဖန်ပိုင်ရှန်ကို အေးစက်စက် ကြည့်၏။
ဖန်ပိုင်ရှန်၏ နှဖူးထက်တွင် ချွေးပြန်နေပေပြီ။သူက ဝမ်လင်း၏ မျက်လုံးကို မကြည့်ဝံ့ပေ။ သူသည် ထိုသူသာ ဒေါသထွက်သွားပါက ချက်ခြင်း သူ အမြစ်ဖျက်ခံရမည် ကဲ့သို့ ခံစားမိနေ၏။
အနည်းငယ် စဉ်းစားပြီးနောက် ဖန်ပိုင်ရှန်က အံတင်းတင်းကြိတ်ကာ သူ့ညာလက်ဖြင့် သူ့ရင်ဘက်ကို ခပ်ကြမ်းကြမ်း ရိုက်ချ၏။ ဘန်းခနဲ မည်ဟည်းကာ သူ့ခန္ဓာကိုယ်သည် တုန်ခါ၍ သူသည် သွေးများစွာ အန်ထုတ်လိုက်ရ၏။ သူ့အသွင်က ပို၍ပင် ဖြူရောသွားပြီး သူ့မူလစိတ်ဝိညာဉ်ပါ ဒဏ်ရာ ရသွားသည်။
ဖန်ပိုင်ရှန်က သူ့ပါးစပ်ထောင့်မှ သွေးများကို မသုတ်ပေ။ သူက ခါးသီးစွာ ဆိုလာ၏။ “ဒါက စီနီယာရဲ့ ဒေါသ ဖြေလျော့ပေးနိုင်ဖို့ပါ…”
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ ထို့နောက် သူက ကျောက်ယုကို လှမ်းကြည့်၏။
ကျောက်ယုသည် မချင့်ပြုံး ပြုံးမိ၏။ ဖန်ပိုင်ရှန်ပင် သည်လူ့ကို မစော်ကားဝံ့မှတော့ သူက မည်သို့ လုပ်ဝံ့ပါတော့မည်နည်း။ ထို့အပြင် သူက သည်လူ ကျိုးဟိုင်ကို ဒဏ်ရာအပြင်းအထန် ရသွားအောင် မည်သို့ တိုက်ခိုက်လိုက်မှန်းပင် မမြင်နိုင်ခဲ့ပေ။ သူသာ ခုခံဖို့ ကြိုးစားပါက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ကျောက်ယုက အံတင်းတင်းကြိတ်ကာ သူ့ညာလက်ဖြင့် သူ့ရင်ဘက်ကိုယ်သူ ခပ်ပြင်းပြင်း ရိုက်ချ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလျက် သွေးအန်၏။ သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောလာသည်။ “ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့…စီနီယာ…”
ထိုမြင်ကွင်းက မူလကလန်၏ တပည့်အားလုံးကို အတော်လေး စိတ်လှုပ်ရှားစေသည်။ သူတို့က ဝမ်လင်းကို အထင်ကြီးစွာ ကြည့်နေကြသည်။ လီရှောင်တန်နှင့် အခြားသူများလည်း အတူတူသာ ဖြစ်၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလာသည်။ “မင်းတို့အားလုံး ဆက်ရှာကြည့်နိုင်တယ်…”
“မလိုတော့ပါ…” ဖန်ပိုင်ရှန်က ခပ်သွက်သွက် ပြော၏။ သို့သော် သူ့စကားမဆုံးခင်မှာပင် ဝမ်လင်း၏ ကြားဖြတ်၍ ပြောလာ၏။
“မင်းတို့ ရှာလို့ပြီးသွားရင်တော့ ဒီမိုလျိုကုန်းမြေကနေ မြန်မြန်ထွက်သွားကြတော့…”
“အမိန့်အတိုင်းပါ…” ဖန်ပိုင်ရှန်က မချင့်ပြုံးပြုံး၏။ သူက သူတို့ လုပ်ဆောင်မှုများက မူလကလန်၏ မြင့်မြတ်သောဆရာဦးလေးကို ဒေါသထွက်စေခဲ့မိပြီကို သိသည်။ ထိုသူ သူတို့သုံးယောက်ကို မသတ်ခဲ့ခြင်းမှာလည်း သူက သူတို့၏ကလန်များနှင့် ပတ်သတ်၍ ပူပန်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
“ဆရာသာ ငါတို့ တာအိုနယ်ပယ် ပိုင်ဆိုင်တဲ့ မွန်းစတားအိုတစ်ယောက်ကို သွားပြီး ရန်စမိတာ သိခဲ့ရင် အပြစ်ပေးတာ မခံရဖို့ များတယ်။ ဆရာတောင် ဒီလိုလူမျိုးကို လွယ်လွယ် ရန်စလို့ ရမှာ မဟုတ်ဘူး။ လက်တစ်ချက်ဝေ့ရုံနဲ့ ကျိုးဟိုင်ကို ဒဏ်ရာအပြင်းအထန် ရသွားတာကို ထည့်မတွက်နဲ့ဦး…သူသာ ကျိုးဟိုင်ကို သတ်ချင်ရင် ဒီကောင် သေနေလောက်ပြီ…”
သက်ပြင်းချလိုက်ပြီးနောက် ဖန်ပိုင်ရှန်သည် သူ့ဆရာ သူ ထွက်မလာခင်က ပြောခဲ့ဖူးသည့် စကားများကို ပြန်အမှတ်ရသွားမိသည်။
သူ့ဆရာ တစ်ခါတုန်းက သူ့အထက်၌ လူများစွာ ရှိကြောင်း၊ ထိုသူများက ဇာတ်မြုပ်ကာ ပုန်းကွယ်နေကြကြောင်း သူ့အား ပြောခဲ့ဖူး၏။ထိုကဲ့သို့သော အစွမ်းထက်ကျင့်ကြံသူအချို့ဆိုလျှင် အဆင့်ငါးကလန်များအတွင်း၌ပင် ရှိတတ်ကြသည်။ နှစ်ပေါင်းများစွာ အမွေအနှစ်တို့ ရရှိပြီးနောက် အဆင့်ငါးကလန်မှ တစ်ချို့လူများသည် ထွက်ခွာသွားကြတာ ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် ထိုကဲ့သို့သော သူများမှာ အစွမ်းထက်လှသည်။ သည်လူများက ကျော်ကြားလှခြင်း မရှိသော်လည်း သူတို့နှင့်ကြုံသည်နှင့် သတိထားမှ ဖြစ်ပေမည်။
ထို့အတွက်ကြောင့်လည်း ဖန်ပိုင်ရှန်တို့သည် သူတို့၏ ရှာဖွေနေစဉ်အတွင်း သည်လိုမွန်းစတားအိုတစ်ယောက်နှင့် တွေ့ပါက ယဉ်ယဉ်ကျေးကျေး ရှင်းပြကာ မစော်ကားမိအောင် နေရလေ၏။
ဖန်ပိုင်ရှန်သည် တလေးတစား ပြန်ထွက်ခွာလာ၏။ သို့သော် အနည်းငယ် စဉ်းစားပြီးနောက် သူက မိုလျိုကုန်းမြေကို သေချာ ရှာဖွေကြည့်လိုက်သေးသည်။ ဘာတစ်ခုမျှ ရှာမတွေ့မှ တပည့်များအားလုံးကို ပြန်စုစည်းကာ ကျိုးဟိုင်ကို တွဲခေါ်၍ ပြန်ထွက်ခွာသွားကြတော့သည်။
ဖန်ပိုင်ရှန်နှင့် ကျောက်ယုတို့သည် သည်မိုလျိုကုန်းမြေ၏ အရံအတားကနေ ထွက်လာမှ စိတ်သက်သာရာ ရတော့၏။ ကျိုးဟိုင်ကမူ ဆေးလုံးအချို့ကို မြိုချပြီးနောက် ပျံသန်းဖို့အတွက် လုံလောက်အောင် ပြန်ကောင်းမွန်လာခဲ့သည်။ သူ့အသွင်ဟန်ပန်ကတော့ ဖြူရောနေဆဲပင်။ သူ့မျက်လုံးထဲ၌လည်း အခုထိ ထိတ်လန့်မှု မပြေသေးပေ။
ဖန်ပိုင်ရှန်က ပြောလာ၏။ “ရောင်းရင်းကျင့်ကြံသူကျိုး…ကျေးဇူးပြုပြီး ဟိုစီနီယာက သင့်ကို ဘယ်လိုပုံစံတိုက်ခိုက်ခဲ့တာလည်း အသေးစိတ် ပြောပြပါဦး…”
ကျိုးဟိုင်သည် သူ့စိတ်နှလုံးထဲ၌ ကြောက်လန့်မှု တွယ်ငြိနေဆဲပင်။ အနည်းငယ် ငြိမ်သက်ကာ စဉ်းစားပြီးမှ သူက ပြောလာ၏။ “ဒီစီနီယာရဲ့ ကျင့်ကြံမှုအဆင့်က အနည်းဆုံး နိဗ္ဗာနဖြိုခွဲခြင်းအလယ် အဆင့် ဒါမှမဟုတ် အဲ့ထက် ပိုမြင့်နိုင်တယ်။ သူ ငါ့ကို တိုက်ခိုက်လိုက်တာကို ငါ မမြင်လိုက်ရဘူး။ ငါ တောင်ဘက်ခြံဝန်းထဲ ဝင်သွားတာနဲ့ အံ့မခန်းမူလစွမ်းအင်က လက်ဝါးတစ်ခုအဖြစ် စုစည်းလာပြီး ငါ့ရင်ဘက်ပေါ် ကျရောက်သွားတယ်လို့ပဲ ခံစားမိလိုက်တယ်…”
ထိုသို့ ပြောလိုက်ပြီးနောက် သူက ရင်ဘက်ကို ကြည့်သည်။ လက်ဝါးရာက နက်နေဆဲပင်။
ကျောက်ယုက ရုတ်တရက် မေးလာ၏။ “ဒါက အဆိပ်တိုက်ခိုက်မှုလား…”
ကျိုးဟိုင်က ခေါင်းယမ်းကာ ပြော၏။ “ဒီစီနီယာရှိမှာ အဆိပ်အသုံးပြုတိုက်ခိုက်တဲ့ အရိပ်အယောင် လုံးဝ မတွေ့ရဘူး။ ဒါ့ကြောင့် ဒါဟာ အဆိပ်အဘွားအိုလို့လည်း ပြောလို့ မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အဆိပ်အဘွားအိုဆိုလည်း အခုလိုမျိုးခွန်အား မရှိဘူး။ ငါ မူလကလန်ရဲ့ တပည့်တွေကို တိတ်တဆိတ် ရှာဖွေကြည့်ခဲ့သေးတယ်။ သူတို့ရဲ့ ဆရာဦးလေးအပေါ် ဂုဏ်ယူမှုနဲ့ ဝင့်ကြွားမှုက မှားတာ မဖြစ်နိုင်ဘူး။ ဒီလူက တကယ့်ကို သူတို့ရဲ့ ဆရာဦးလေးပဲ ဖြစ်ရမယ်…”
“ဒါအမှန်ပဲ…” ဖန်ပိုင်ရှန်က ခေါင်းညိတ်ကာ ပြောသည်။ ဒီလူသာ အဆိပ်အဘွားအိုနဲ့ ပတ်သတ်နေခဲ့ရင် ဒါမှမဟုတ် ကျောက်စိမ်းပြားကိစ္စကို သိခဲ့ရင် သူဟာ အခုလိုမျိုး လုပ်ဆောင်မှာ မဟုတ်ဘူး။ ဆက် ဖုံးကွယ်နေဦးမှာပဲ။ ဒီလိုလုပ်ဖို့က သူ့ကျင့်ကြံမှုအဆင့်နဲ့ဆို လွယ်လွယ်လေးပဲကို…”
ကျောက်ယုက ခေါင်းညိတ်၏။ သူက မည်သို့ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးကာ ပြောလာသည်။ “မူလကလန်ရဲ့ ဒီမြင့်မြတ်တဲ့ဆရာဦးလေးက တကယ့်ကို အစွမ်းထက်တယ်။ အဆင့်ခြောက်ဒေသမှာတော့ သူ့ကို အာရုံစိုက်စေလောက်တဲ့ လူမျိုးပဲ။ ကံကောင်းစွာနဲ့ သူက ငါတို့ကို ဒဏ်ရာသာ ရစေခဲ့ပြီး မသတ်ခဲ့တာ…။မဟုတ်ရင်…”
ကျောက်ယုက ထိုသို့ ပြောနေရင်းဖြင့် ကျိုးဟိုင်ထံ လှမ်းကြည့်သည်။
ကျိုးဟိုင်က တိတ်ဆိတ်စွာ စဉ်းစားသွားသည်။ သူ့စိတ်နှလုံးသည်ပင် ထိန်လန့်၍ အေးစက်သွားရ၏။
“အစောပိုင်းတုန်းက ငါတို့ ဒီကိုလာခဲ့တဲ့လမ်းမှာ…ခရမ်းရောင်တာအိုကလန်က လူတွေကို တွေ့ခဲ့တယ်။ သူတို့က ရန်ငြှိုးတစ်ခုခုကြောင့် မူလကလန်ရှိ ဦးတည်နေတဲ့ပုံပဲ။ ကြည့်ရတာ လုယန်ကုန်းဟာ သတ္တုပြားကို သွားကန်မိတော့မှာပဲ…”
ကျိုးဟိုင်သည် ပြုံးမိ၏။ သူသည် တစ်စုံတစ်ယောက်ကံဆိုးတော့မည်ကို တွေး၍ ကျေနပ်သွားဟန် တူသည်။
“ဒီလူက မရိုးရှင်းဘူး…” ဖန်ပိုင်ရှန်က ထိုကိစ္စကို ဆက်၍ ပြောချင်ဟန် မရတော့ပေ။သူက ဆိုလိုက်၏။
“ထားလိုက်ပါတော့…ငါတို့သုံးယောက် နောင်ကျရင် ပိုဂရုစိုက်သင့်ပြီ။ ခုတော့ နောက်ထပ် ကုန်းမြေတစ်ခုကို သွားကြမယ်…”
သူတို့သုံးယောက်သည် သူတို့ကလန်သုံးခု၏ တပည့်များကို ခေါ်ကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားကြလေသည်။
“အကြီးအကဲခေါင်းဆောင်ရဲ့ စိတ်ကို ဖမ်းစားနိုင်ဖို့ဟာ လွယ်တော့ မလွယ်ဘူး။ ဒီလုယန်ကုန်းရဲ့ ဇာစ်မြစ်က အတော်လေး ထူးဆန်းလွန်းလှတယ်…”
အလင်းတန်းအတွင်း၌ ဖန်ပိုင်ရှန်က ခေါင်းယမ်းမိ၏။သူက ထိုအကြောင်းကို တွေးနေရာကနေ ရပ်တန့်လိုက်သည်။
ဝမ်လင်းက မိုးကုပ်စက်ဝန်းထံကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။ သူက တိုက်ခိုက်ခဲ့ချိန်က သူ့စိတ်ကိုယ်သူ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သူသည် အရိုင်းကုန်းမြေကနေ အလျင်စလို ပြန်လာခဲ့ရသည့်အတွက် သဲလွန်စအချို့ကို ချန်ထားမိခဲ့ဆဲသာ ဖြစ်သည်။
သူက ထိုသဲလွန်စများကို မရှင်းလင်းနိုင်ခဲ့ဘဲ သူ့အတွက် အချိန်လည်း မရခဲ့ပေ။ ပို၍ အရေးကြီးသည်က သူက သဲလွန်စများကို ရှင်းလင်းဖို့ ပိုကြိုးစားမိလေလေ သဲလွန်စများကို ပိုမို၍ ချန်ထားမိသွားတာပါ ဖြစ်သွားနိုင်သည်။
“ခုချိန်မှာ အရေးကြီးဆုံးက ငါ့ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ မြန်မြန် မြှင့်ဖို့ပဲ။ ငါ သိခဲ့ရသလောက်ဆိုရင် ငါဟာ လေကောင်းကင်ဘုံနယ်မြေရှိ ခရီးတစ်ခု သွားရလိမ့်မယ်…”
အဆိပ်အဘွားအို၏ မှတ်ဉာဏ်များနှင့် မူလကလန်၏ မှတ်တမ်းများအရ သူသည် လေကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်မည့်အချိန်ကို သိရှိခဲ့ပေ၏။ ဝင်ပေါက်ကား အဆင့်ရှစ်ဒေသ၏ မြောက်ပိုင်းတွင် ရှိ၏။ သို့သော် မည်သူကမျှ အတွင်းဘက် အနက်ပိုင်းသို့ မသွားလာဝံ့ကြချေ။ သူတို့အားလုံးနီးပါးက ကောင်းကင်ဘုံနယ်မြေဖွင့်လှစ်ချိန်၌ အစွန်းအဖျားတွင်သာ တတ်နိုင်သမျှ ရတနာအချို့ကို ရှာဖွေမှု ပြုကြသည်။
“လေကောင်းကင်ဘုံနယ်မြေဟာ ထာဆန်ကို သတ်ဖို့အတွက် ငါ့ဝှက်ဖဲပဲ…” ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားလေ၏။ သူ့အဖို့ အဆိပ်အဘွားအို၏ မှတ်ဉာဏ်ထဲရှိ သားရဲဆင့်ကဲပြောင်းလဲစေခြင်းကို အာရုံစိုက်ရသည့် အကြောင်းရင်းမှာလည်း ၎င်းနည်းလမ်းအောင်မြင်သည်နှင့် လေကောင်းကင်ဘုံနယ်မြေတွင် သူ့အခွင့်အရေးမှာ အတော်လေး မြင့်မားသွားမည် ဖြစ်ခြင်းကြောင့်တည်း။
ဝမ်လင်းက သူ ထိုသားရဲဆင့်ကဲပြောင်းလဲခြင်းကို လေ့လာစမ်းသပ်နေသည့် နေရာတွင် ပိုများပြားသော အတားအဆီးများကို နေရာထပ်ချ၏။ ဝမ်လင်းထက် အတားအဆီးပညာရပ်တွင် သိသာစွာ ပိုမကျွမ်းကျင်ပါက တစ်စုံတစ်ယောက်သည် ဤနေရာကို ရှာတွေ့နိုင်ဖို့မှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူက ဤစမ်းသပ်နေရာအတွင်းရှိ အရာအားလုံးကို ဖျက်စီးပစ်ဖို့ အတွေးတစ်ချက်သာ လို၏။ ထို့ကြောင့် သူသည် အခြားသူများ တစ်ခုခု ရှာတွေ့သွားမည်အား မစိုးရိမ်နေခြင်း ဖြစ်၏။