အမတဘုံမှ အဂ္ဂပြည်၊ မီးဧကရာဇ်
Vol. 16 Ch. 202
အခန်း (၂၀၂) အမတဘုံမှ အဂ္ဂပြည်၊ မီးဧကရာဇ်
ဓားချီကနေ ဖြစ်ပေါ်လာတဲ့ ဓားအရိပ်သန်းချီဟာ ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ ဒီဓားအရိပ်တွေဟာ ဝတ်ရုံနက်ကို အလွန်လျင်မြန်စွာ လွှမ်းမိုးသွားပါတယ်။ ရေလွှမ်းနဂါးကနေ ဖြစ်တည်လာတဲ့ စေတီကြီးတောင် ဓားအရိပ်တွေကြားမှာ ပျောက်ကွယ်သွားပါတယ်။
ဓားအရိပ်သန်းချီကြားထဲက ဝတ်ရုံနက်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး အလွန်ကြောက်ရွံ့သွားပါတယ်။
‘မဖြစ်နိုင်ဘူး...’
‘ဒီလိုဝိညာဉ်စွမ်းအားမျိုး....’
‘ဒီလိုဓားချီနဲ့...’
‘သူက တကယ်ပဲ ဆန်းကြယ်အမတလား’
ဝတ်ရုံနက်ဟာ အံကြိတ်ပြီး ဝိညာဉ်စွမ်းအားကို အားကုန်ထုတ်ကာ ခုခံပါတယ်။ ဒါပေမဲ့လည်း များပြားလွန်းတဲ့ ဓားအရိပ်တွေကြောင့် ဝတ်ရုံနက်ကို ကာထားတဲ့ စေတီကြီးဟာ မျက်စိနဲ့မြင်နိုင်တဲ့အထိ လျင်မြန်စွာ ပျက်စီးလာပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဝတ်ရုံနက်ရဲ့ ရတနာက စက္ကန့်အနည်းငယ်အတွင်းမှာ လုံးဝပျက်စီးသွားတော့မှာပါ။
‘သေစမ်း’
ဝတ်ရုံနက်က အော်ပြောလိုက်ပါတယ် “စကားကောင်းကောင်း ပြောရအောင်၊ သတ်ဖို့ မလိုပါဘူး”
[လေလွင့်ကျင့်ကြံသူ ရှန့်ဝေါ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ သတ်ဖြတ်ငွေ့တွေ လွှမ်းသွားပါတယ်။ ချက်ချင်းဆိုသလို ဝိညာဉ်စွမ်းအားကို ထပ်တိုးလိုက်ပြီး ရှန့်ဝေါ်ကို အသေသတ်ပါတယ်။
တစ်ခဏအတွင်းပဲ ရှန့်ဝေါ်ရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ရော လုံးဝပျက်စီးသွားပါတယ်။ ရှန့်ဝေါ်ဟာ ဓားအရိပ်တွေကြားမှာ လုံးဝကို ပျောက်ကွယ်သွားတာပါ။ အမှုန်တစ်စတစ်လေတောင် ကျန်မနေခဲ့ပါဘူး။
ဟန်ကျွယ်ဟာ လေလွင့်ကျင့်ကြံသူ ရှန့်ဝေါ်ရဲ့ ရောင်ဝါကို ထပ်ပြီးတော့ အာရုံမခံနိုင်တော့မှ တိုက်ခိုက်တာ ရပ်တန့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ လေလွင့်ကျင့်ကြံသူ ရှန့်ဝေါ်ရဲ့ ရုပ်ပုံကို မတွေ့ရတော့တာကြောင့် တကယ်သေသွားပြီလို့ သိလိုက်ပါတယ်။
ရှန့်ဝေါ် သေသွားပေမဲ့ ဟန်ကျွယ်ကတော့ စိတ်မကြည်ပါဘူး။
‘ဘာတွေ ဖြစ်ပြန်ပြီလဲ၊ ငါ့ဘာသာ အေးဆေး ကျင့်ကြံနေတာကို ဘယ်သူက ငါ့သေမျိုးကမ္ဘာကို ဖျက်ဆီးချင်တာလဲ၊ ငါ တော်တော်လေး ကံမကောင်းတာပဲ’
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပြီး သူ့အိပ်ရာပေါ်မှာ ထိုင်လိုက်တယ်ဆိုရင်ပဲ စာကြောင်းတစ်ကြောင်း သူ့ရှေ့မှာ ပေါ်လာပါတယ်။
[မဟာညီညွှတ်မှု ဆန်းကြယ်အမတအား ပထမဆုံး သတ်ဖြတ်လိုက်ခြင်းအတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်နိုင်သည်။]
[၂။ ဖုံးကွယ်ခြင်း လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်နိုင်သည်။]
ဟန်ကျွယ်ဟာ မျက်ပေါက်ကျဉ်းသွားပြီး သေသေချာချာ စဉ်းစားလိုက်ပါတယ်။ အတန်ကြာအောင် စဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ဆောင်ချက်က အရမ်းကြမ်းလို့ပါ။ကိုယ့်စွမ်းအားနဲ့ ရန်သူရဲ့စွမ်းအား ဘယ်လောက်ရှိတယ်ဆိုတာကို ဒီလုပ်ဆောင်ချက်ကနေ အသေးစိတ် သိနိုင်ပါတယ်။
[သင်သည် အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်အား အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့သည်။]
[ဤသေမျိုးကမ္ဘာသည် သင်ပိုင်ဆိုင်သော သေမျိုးကမ္ဘာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသည်။ ထို့ကြောင့် အသွင်တူလက်ရည်စမ်းပွဲ၏ လုပ်ဆောင်နိုင်စွမ်းသည် ဤသေမျိုးကမ္ဘာအား ဗဟိုထား၍ ပတ်လည် ဟင်းလင်းပြင်အား လွှမ်းမိုးသွား၏။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကြောင့် အံအားသင့်ပြီး ကျေနပ်သွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲရဲ့ လုပ်ဆောင်နိုင်စွမ်း အကွာအဝေးကို တိုးချဲ့နိုင်လိုက်ပါပြီ။ ဟန်ကျွယ်ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ယွီဂျင်ဂိုဏ်းတော်ကြီး ပတ်လည်က မိုင်တစ်ရာဆိုတာ တော်တော်လေးကို သေးငယ်တဲ့ နေရာလေးပါ။
ဟန်ကျွယ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာက စွမ်းအားအကြီးဆုံးလူကို ချက်ချင်းပဲ ရှာဖွေလိုက်ပါတယ်။
[တုန်းဖာတျန်: မဟာညီညွှတ်မှု မြေအမတ ကနဦးအဆင့်၊ ကောင်းကင်အမတစံအိမ်၏ အကြီးအကဲ]
‘ဟ... ကောင်းကင်အမတစံအိမ်မှာ ဒီလိုမျိုး ထိပ်သီးကျင့်ကြံသူ ရှိနေတာလား၊ ကောင်းကင်အမတစံအိမ်က ဒီလောက်များပြားတဲ့ ကပ်ဘေးတွေကြုံ ရန်သူတွေ အများကြီး ဝိုင်းတိုက်ခံရတာတောင် မပျက်စီးဘဲ ဒီနေ့အထိ တည်ရှိနေတာ အံဩစရာ မရှိတော့ပါဘူး’
‘တာအိုသခင်ကျွယ်ရန် ကောင်းကင်အမစံအိမ်ထဲဝင်ပြီး သောင်းကျန်းတုန်းက ဒီပုဂ္ဂိုလ် ဘာလို့ မလှုပ်ရှားတာလဲ’
ဟန်ကျွယ်ဟာ ဆက်စစ်ဆေးတဲ့အခါ ကြက်သွေးရောင် တိမ်ကမ္ဘာမှာ ပုန်းအောင်းနေတဲ့ ထိပ်သီးတွေ တော်တော်လေး များပြားတာကို တွေ့လိုက်ရပါတယ်။ မြေလျှောက်အမတတွေချည်းပဲ တော်တော်လေး များပါတယ်။ ကြည့်ရတာတော့ သူတို့ကို မြေနတ်လို ခေါ်ကြပုံပါပဲ။
ကြက်သွေးရောင် တိမ်ကမ္ဘာမှာ ကောင်းကင်ဘုံဝင် ကျင့်ကြံသူချည်းပဲ တစ်ရာကျော်ပါတယ်။ တကယ်ကို မယုံနိုင်စရာပါ။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာကို လျှော့တွက်မိကြောင်း သဘောပေါက်သွားပါတယ်။
တစ်ချို့ကျင့်ကြံသူတွေ ပုန်းအောင်းနေတာကို ကောင်းကင်တာအို တိုကင်နဲ့ စစ်ဆေးရင်တောင် မတွေ့နိုင်ပါဘူး။ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ အနန္တကမ္ဘာအဆင့်က ဆက်ပြီးတော့ တိုက်နေတာ အံဩစရာ မရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ တစ်ခဏဆက်ကြည့်ပြီးတဲ့ အခါမှာတော့ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
ဒီလိုနဲ့ လေးနှစ်ကြာတဲ့အခါမှာတော့ တိထိုက်ပိုင် အလည် ရောက်လာပြန်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းလိုက်ပါတယ်။
“မက်မွန်းသီးပွဲတော် ပြီးသွားပြီ၊ ဒီပွဲမှာ ရှန်နန်းတော်က အရေးမသာတော့ အကျဉ်းချုပ်လိုက်ရင် ပြီးပြည့်စုံတဲ့ပွဲတော်တစ်ခုလို့ ပြောလို့ရတယ်” တိထိုက်ပိုင်ရဲ့ မျက်နှာက ပြုံးရွှင်နေတဲ့အတွက် စိတ်ကောင်းဝင်နေကြောင်း သိသာထင်ရှားလှပါတယ်။
ဟန်ကျွယ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဓားနတ်ဧကရာဇ်ကို အနိုင်ယူလိုက်တာလား”
“ဟုတ်တယ်”
“ဘယ်သူ အနိုင်ယူလိုက်တာလဲ”
“ပါရမီရှင်တစ်ပါး... သူက ကောင်းကင်ရုံးတော်ရဲ့ အမတနတ်ဘုရားတစ်ပါးဆိုပေမဲ့ တာအိုဂိုဏ်းရဲ့ အမွေကို ဆက်ခံထားတယ်၊ လူရှေ့သူရှေ့လည်း သိပ်မထွက်ဘူး၊ သူ ဘယ်သူလဲဆိုတာ မမေးနဲ့၊ မကြာခင် မင်း သူနဲ့တွေ့ရလိမ့်မမယ်”
‘ကောင်းကင်ရုံးတော်က တာအိုဂိုဏ်းနဲ့ ဆက်စပ်နေတာလား’ ဟန်ကျွယ်မှာ တွေးစရာတစ်ခု ပေါ်သွားပါတယ်။
တိထိုက်ပိုင်က ဆက်ပြောပါတယ် “ဒီအတောအတွင်း ကောင်းကင်ရုံးတော် လက်အောက်မှာရှိတဲ့ သေမျိုးကမ္ဘာတွေကို အင်အားစုတစ်စုက ဖျက်ဆီးချင်နေတာ၊ မင်း သတိထားအုန်း”
ဟန်ကျွယ်က မနေနိုင်ဘဲ ပြောလိုက်ပါတယ် “လွန်ခဲ့တဲ့နှစ်အနည်းတုန်းကတော့ လေလွင့်ကျင့်ကြံသူရှန့်ဝေါ်လို့ခေါ်တဲ့ ကျင့်ကြံသူတစ်ယောက် ရောက်လာတယ်”
လေလွင့်ကျင့်ကြံသူ ရှန့်ဝေါ်ကိုသတ်ပြီးနောက် ဟန်ကျွယ်ဟာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး မုန်းတီးတာကို မခံစားရတဲ့အတွက် ရှန့်ဝေါ်က ခြေသလုံးအိမ်တိုင် ကျင့်ကြံလို့တောင် သံသယဝင်သွားပါသေးတယ်။ ဒါပေမဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူကတော့ ကောင်းကင်ရုံးတော်ကို ရန်စရဲမှာ မဟုတ်ပါဘူး။
“လေလွင့်ကျင့်ကြံသူ ရှန့်ဝေါ်”
တိထိုက်ပိုင်ဟာ မျက်မှောင်ကြုတ်သွားပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားပါတယ် “လေလွင့်ကျင်ကြံသူ ရှန့်ဝေါ်က ဆန်းကြယ်အမတ၊ မင်း...”
ဟန်ကျွယ်ဟာ ပြုံးရုံသာပြုံးပြီး ဘာမှ မပြောပါဘူး။
တိထိုက်ပိုင်ဟာ ထိတ်လန့်သွားပါတယ် ‘ဒီကောင်လေးက ဆန်းကြယ်အမတကို သတ်နိုင်လောက်တဲ့အထိ စွမ်းအားကြီးလာပြီလား၊ ဒီတိုးတက်မှုနှုန်းက ယုတ္တိလုံးဝ မရှိဘူး’
တိထိုက်ပိုင်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “လေလွင့်ကျင့်ကြံသူ ရှန့်ဝေါ်က အဂ္ဂပြည်ရဲ့ စွမ်းအားကြီး ခြေသလုံးအိမ်တိုင် ကျင့်ကြံသူပဲ၊ ကြည့်ရတာ လူသားတွေက ကောင်းကင်ရုံးတော်ကို သိပ်မကြည်တော့ဘူးထင်တယ်”
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “အမတကမ္ဘာမှာ တိုင်းပြည်တွေ ရှိတာပဲလား”
“ရှိတာပေါ့၊ အမတကမ္ဘာမှာ လူသားတွေလည်း ရှိတယ်၊ နည်းနည်းလေး မဟုတ်ဘူး၊ အများကြီးကို ရှိတယ်၊ လူသားတွေက ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်မင်းသားလေ၊ ကောင်းကင်ရုံးတော်နဲ့ ရှန်နန်းတော်က အမတတွေ ရွေးချယ်တဲ့အခါမှာ လူသားတွေကို အဓိကထားပြီး ရွေးချယ်ကြတာ”
“သူတို့တွေ ထပ်လာအုန်းမှာလား”
“ငါ ကြက်သွေးရောင်တိမ်ကမ္ဘာကို ကာကွယ်ဖို့ အမတနတ်ဘုရားတွေ စေလွှတ်ပေးမယ်၊ ဒီကိစ္စအတွက် မင်း စိုးရိမ်စရာ မလိုဘူး” ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့ ကတိပေးချက်ကြောင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
‘ကောင်းကင်ရုံးတော်က နာမည်ကြီးသလောက် ရင်းမြစ်တွေ မနည်းရှိနေတာပဲ’
တိထိုက်ပိုင်က ချက်ချင်းမတ်တတ်ရပ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဘယ်အင်အားစုကမှန်း သိမှတော့ ဖြေရှင်းဖို့လွယ်ပါတယ်၊ ဒီလေလွင့်ကျင့်ကြံသူ ရှန့်ဝေါ်က တော်တော်တုံးတာပဲ၊ သူ ဘယ်သူလဲဆိုတာကို မင်းကို ပြောလိုက်သေးတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ တိထိုက်ပိုင်ကို နှုတ်ဆက်လိုက်ပါတယ်။
တိထိုက်ပိုင် ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက် လျှောက်သွားပြီး မြေအမတဘူးနွယ်ပင်ကို ကြည့်ရှုစစ်ဆေးတဲ့အခါဘူးစေ့ခုနစ်စေ့က ဘူးသီး သေးသေးလေး ခုနစ်လုံး ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီဘူးသီးတွေရဲ့ စိတ်ဝိညာဉ်ကလည်း အသွင်ယူစ ပြုလာပါပြီ။
ဟန်ကျွယ်ဟာ မြေကြီးထဲ မြှုပ်နှံထားတဲ့ မက်မွန်သီးစေ့ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ ဘာမှမဖြစ်သေးတာကို တွေ့လိုက်ရပါတယ်။
ကြည့်ရတာ ကောင်းကင်မက်မွန်ပင်ကို စိုက်ပျိုးဖို့က ထင်သလောက် မရိုးရှင်းပုံပါပဲ။ ဒါကလည်း မထူးဆန်းပါဘူး။ လွယ်လွယ်သာ စိုက်ပျိုးလို့ရနေရင် ကောင်းကင်မက်မွန်ပင်ကို နေရာတိုင်းမှာ တွေ့နေရမှာပါ။
“ဆရာဘိုးဘိုး”
အသံတစ်သံက ဟန်ကျွယ်ရဲ့ အတွေးတွေကို ဝင်နှောင့်လိုက်ပါတယ်။
ကျိုးမင်ယွဲ့ဟာ ဟန်ကျွယ်ဆီ ရင်တထိတ်ထိတ်နဲ့ လျှောက်လာပါတယ်။
ဟန်ကျွယ်ဟာ ကျိုးမင်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပါတယ် “အင်း... ဘာကိစ္စလဲ”
ကျိုးမင်ယွဲ့ဟာ ရှိသမျှသတ္တိတွေကို စုစည်းပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော် ဆရာဘိုးဘိုးဆီက မန္တန်နဲ့ ဆန်းကြယ်စွမ်းအားတွေ သင်ယူချင်တယ်၊ ဆရာဘိုးဘိုးဆီက သင်ကြားမှုရရှိအောင် ကျွန်တော် ဘာလုပ်ရမလဲ”
ချူရှီရန်ဟာ ကျင့်ကြံတဲ့ကိစ္စနဲ့ ပတ်သက်ရင် အရမ်းပျင်းပါတယ်။ ဆန်းကြယ်စွမ်းအားတို့ မန္တန်တို့ကို သင်ယူလေ့လာထားခြင်း မရှိတာကြောင့် ကျိုးမင်ယွဲ့ကို ဘာမှ မသင်ပေးနိုင်ပါဘူး။
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ကောင်းပြီ... ငါမင်းကို တစ်ကွက် သင်ပေးမယ်”
ကျိုးမင်ယွဲ့ဟာ ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်ရှေ့မှာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ ကျိုးမင်ယွဲ့ဟာ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။
မလှမ်းမကမ်းမှာရှိနေတဲ့ ချူရှီရန်ကတော့ ဒီမြင်ကွင်းကိုကြည့်ပြီး နှုတ်ခမ်းမဲ့လိုက်ပါတယ်။
ဒါကိုမြင်သွားတဲ့ ငရဲကြက်နက်က စလိုက်ပါတယ် “မင်းက တကယ်ကို ဆရာကောင်း ပီသပါပေတယ်၊ ဒီလိုသာဆက်သွားရင် မင်းဆရာဦးလေး ရွှင်ချန်အန်းနဲ့ တူလာလိမ့်မယ်”
ချူရှီရန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်ရဲ့ ဆရာသခင်ကလည်း ကျွန်တော်ကို ဘာမှမသင်ပေးပါဘူး”
ရန်ထျန်တုန်းဟာ ချူရှီရန်က ကျင့်ကြံတာ မနှစ်သက်မှန်း သိလိုက်ရကတည်းက ချူရှီရန်ကို လျစ်လျူရှုထားပါတယ်။ နောက်ပြီး ရန်ထျန်တုန်းဟာ တစ်ချိန်လုံး အပြင်ပဲ ထွက်နေတာကြောင့် ဆရာတပည့်ဆက်ဆံရေးက နည်းနည်းအေးစက်လာပါတယ်။
ငရဲကြက်နက်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိုးမင်ယွဲ့ကို လေနတ်သားပညာရပ်နဲ့ မိုးကြိုးမုန်တိုင်းပညာရပ်ကို သင်ကြာပေးပါတယ်။ ကျိုးမင်းယွဲ့ရဲ့ အရည်အချင်းက မဆိုးလှပါဘူး။ ဟန်ကျွယ် ရက်အနည်းငယ် သင်ပေးရုံနဲ့ ပညာရပ်နှစ်ခုကို ထုံးလိုမွှေရောက်လိုနှောက် တက်မြောက်သွားပါတယ်။
ဒီလိုနဲ့ ၁၀ နှစ်ဆိုတဲ့ အချိန်ကာလဟာ လျှပ်တပြက် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကြက်သွေးရောင် တိမ်ကမ္ဘာ ပတ်ဝန်းကျင်မှာ ရှိတဲ့ စွမ်းအားအကြီးဆုံးလူကို စစ်ဆေးလိုက်ပါတယ်။ လေလွင်ကျင့်ကြံသူ ရှန့်ဝေါ်ရဲ့ တိုက်ခိုက်မှုကို ခံရပြီးတဲ့နောက်ပိုင်း ဟန်ကျွယ်ဟာ အမြဲလိုလို ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးလာပါတယ်။
[မီးဧကရာဇ်: မဟာညီညွှတ်မှု ရွှေအမတ၊ ကောင်းကင်ရုံးတော်၏ တတိယအဆင့် အမတအရာရှိ။]
ဟန်ကျွယ်ဟာ မီးဧကရာဇ်ရဲ့ ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရတဲ့အခါမှာ အလိုလိုရင်တုန်သွားပါတယ်။ ဒါပေမဲ့ ကောင်းကင်ရုံးတော်ကမှန်း တွေ့လိုက်ရတဲ့အခါ သက်သာရာရသွားပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ငါ သူ့ကို သွားနှုတ်ဆက်သင့်လား’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက သူ့အပေါ်မှာ မျက်နှာသာပေးမှု လုံးဝမရှိတဲ့အတွက် သူနဲ့ မိတ်ဆွေမဖြစ်လိုတာ ထင်ရှားလှပါတယ်။
‘ထားလိုက်ပါတော့၊ သူက သူ့အလုပ် သူလုပ်နေတာပဲ’
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပြီး မီးဧကရာဇ်နဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မီးဧကရာဇ်ကို အနိုင်ယူဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ သိရဖို့ မစောင့်နိုင်တော့ပါဘူး။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။