← Chapters

မင်းတို့ ငါ့ကိုရှုံးချင်တာ သေချာလို့လား

Vol. 36 Ch. 511

မင်းတို့ ငါ့ကိုရှုံးချင်တာ သေချာလို့လား

Vol. 36 Ch. 511

အခန်း (၅၁၁) မင်းတို့ ငါ့ကိုရှုံးချင်တာ သေချာလို့လား

လီရှန်းက ကျန်လုန်ဓားသိုင်း (၇) ရပ်မှ ဆဋ္ဌမမြောက်ဓားသိုင်းဖြစ်သော “ထောင့်မှန်ချိုးဖျက်ဓားသိုင်း” ကို  ကျင့်ကြံအောင်မြင်ပြီးကြောင်း တွေ့ရသည့်အခါ ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ ၏ မျက်နှာသည်ပင် တည်ကြည်လေးနက်သွားသည်။

နှစ်ဖက်လုံးက တစ်ယော်ကအကြောင်းတစ်ယောက် ကောင်းကောင်းသိကြသည်ဖြစ်ရာ ရေသလင်းနန်းတော်မှ သိုင်းကျင့်ကြံသူများသည်လည်း ဤဓားသိုင်းအကြောင်း အပြည့်အဝသိရှိသည်ပင်။

ဤနေရာတွင်ရှိနေကြသော အကြီးအကဲ’တုန်း’ အပါအဝင် ရေသလင်းနန်းတော်မှ သိုင်းသမားများအားလုံးသည် အမတဝိညာဉ်အဆင့်သို့ ပြန်ဆင်းပြီး လီရှန်ကို ရင်ဆိုင်ရမည်ဆိုလျှင် သေချာပေါက် နေဝင်ချိန် ရောက်သွားပေလိမ့်မည်။

လီရှန်ဆိုသည်က အမတဝိညာဉ်နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် ဖြစ်သော်လည်း အမှန်တကယ်အင်အားကြီးမားသော ပြိုင်ဘက်ဖြစ်၏။

လက်ရှိ အမတဝိညာဉ်အဆင့် ထိပ်တန်း (၁၀)ယောက်ကို မဆိုနှင့် ခေတ်အဆက်ဆက် ထိပ်တန်းအဆင့်ရှိခဲ့ကြသော အမတဝိညာဉ်သိုင်းဆရာသခင်များကိုပင်လျှင် လီရှန်းအနေဖြင့် နံပါတ် (၁)နေရာကို စိန်ခေါ်ခွင့် ရှိနိုင်ပေသည်။

ရေသလင်းနန်းတော်မှလူများက လီရှန်၏ဓားသိုင်းကိုကြည့်ပြီး အံ့အားသင့်သွားကြသော်လည်း စိုးရိမ်ပူပန်ခြင်း မရှိကြပေ။

ထိုအချိန်...

လီရှန်နှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော ကျန်းဟောက်ချန်က ပစ္စည်းတစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။

ထိုပစ္စည်း၏ မူလဇာစ်မြစ်ကို သိရှိသူတိုင်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။

သိုင်းသမားနှစ်ယောက်တိုက်ခိုက်ရာတွင် အမျိုးမျိုးသော မှော်ဝင်လက်နက်များ ၊ ရတနာပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်ထားခြင်းမရှိပေ။

ထိုကြောင့် ကျန်းဟောက်ချန်က စွမ်းအားမြင့်မားသော ရတနာပစ္စည်းတစ်ခုကို ထုတ်ယူခဲ့မည်ဆိုလျှင် မည်သူမှ စိတ်ဝင်စားကြမည် မဟုတ်ပေ။ လီရှန်ကို ရင်ဆိုင်ရန် ကိုယ့်ကိုယ်ကိုယ် ယုံကည်မှုမရှိသောကြောင့် ရတနာပစ္စည်းအသုံးပြုသည်ဟုပင် ဝေဖန်ကြမည် ဖြစ်၏။

သို့ပေသိ...

ကျန်းဟောက်ချန် ထုတ်ယူလိုက်သည့်အရာမှာ နှစ်ဖက်သွားဓားရှည်တစ်လက် ဖြစ်သည်။

ရေသလင်းနန်းတော်က ဓားသိုင်းအသုံးမပြုကြောင်း လူတိုင်းသိရှိကြသည်။

ကျန်းဟောက်ချန်သည်လည်း ထိပ်တန်းဓားသိုင်းအချို့ကို လျှို့ဝှက်စွာ သင်ယူဓားခြင်းမရှိပေ။ သူက ဓားအသုံးပြုသူတစ်ယောက် မဟုတ်သည်မှာ ထင်ရှား၏။

သူ့ထုတ်ယူလိုက်သည့်ဓားရှည်က တိုက်ပွဲတစ်ပွဲကို အနိုင်ယူပြီး ပြိုင်ဘက်ထံမှသိမ်းယူထားသော ဓားရှည်တစ်လက်ဖြစ်သည်။

ထို့ပြင် အလယ်ဆင့်မှော်ဝင်ဓားတစ်လက်မျှသာဖြစ်လေရာ လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းကဲ့သို့ ထင်ရှားသောသိုင်းဂိုဏ်းကြီးများအတွက် ရှားပါးပစ္စည်း မဟုတ်ပေ။

သို့သော် ၎င်းမှော်ဝင်ဓားရှည်၏ မူလပိုင်ရှင်ကို သိရှိသူများကတော့ အံ့သြတုန်လှုပ်သွားကြရသည်။

၎င်းနှစ်ဖက်သွားဓား၏ မူလပိုင်ရှင်မှာ တစ်ကိုယ်တော်သိုင်းကျင့်ကြံသူများတွင် နာမည်ကျော်ကြားသော “လေလွင့်ပင်လယ်သိုင်းသမား’ “လန်ခွင်း” ဖြစ်ပြီး ထိုသူက အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်၏။

နေရာတိုင်းတွင် တရားမဲ့မှုများ ရှိနေပြီး အခြားသူများ၏ နောက်ခံကိုအရေးမစိုက်ဘဲ ဥပဒေမဲ့ စိတ်ထင်တိုင်းပြုမူကြသော ရာဇဝတ်ကောင်များ နေရာတိုင်းတွင်ရှိလေသည်။ လန်ခွင်းက ထိုသို့ နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ယောက်ပင်။

လန်ခွင်းကဲ့သို့ ဓားသမားတစ်ယောက်အတွက် ဓားရှိသည့်နေရာတွင် ဓားပိုင်ရှင်ရှိရပေမည်။

ယခု လန်ခွင်း၏လက်နက်က ကျန်းဟောက်ချန်လက်ထဲ ကျရောက်နေသည်ဖြစ်ရာ သူ့ကံကြမ္မာကို ရှင်းပြနေစရာ မလိုတော့ပေ။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် စွမ်းအားကွာခြားမှု နည်းပါးလေ ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မတူညီလျှင်တော့ စွမ်းအားကွာခြားမှု ကြီးမားမည် ဖြစ်၏။ ထို့ကြောင့် အမတဝိညာဉ်သိုင်းဆရာသခင်တစ်ယော်ကအနေဖြင့် အမတလက်ဖွဲ့ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူရန်မှာ ရှားပါးဖြစ်ရပ်သာပင်။

သို့သော် ထိုနိယာမကိုချိုးဖျက်နိုင်စွမ်းရှိသော ပါရမီရှင်များလည်း ရှိကြသည်။ ကျန်းဟောက်ချန်နှင့် လီရှန် (၂)ယောက်လုံးက ထိုသို့သော ပါရမီရှင်များ ဖြစ်ကြ၏။

ထိပ်တန်း အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၁၀)ယောက်တွင် သူတို့နှစ်ယောက်အေက်အဆင့်ရှိသူများက သူတို့နှစ်ယောက်နှင့် သိသာထင်ရှားစွာ အရည်အချင်းကွာခြားသည်။

မည်သို့ပင်ဖြစ်စေ အမတဝိညာဉ်နှောင်းပိုင်းအဆင့်ရှိသော ကျန်းဟောက်ချန်က အမတလက်ဖွဲ့အဆင့်ရှိသော လန်ခွင်းအား သတ်ဖြတ်လိုက်ခြင်းက လူတိုင်းကို အံ့သြတုန်လှုပ်စေသည်ပင်။

ထို့ပြင် သူက လန်ခွင်းကို အနိုင်ယူခဲ့ရုံမျှသာမဟုတ်ဘဲ သတ်ဖြတ်ပြီး လက်နက်ကိုပါ အပိုင်သိမ်းလာခဲ့ခြင်း ဖြစ်၏။

လန်ခွင်းက တစ်ကိုယ်တော်သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ သူ၏ကျင့်ကြံခြင်းအခြေခံက ‌ရေသလင်းနန်းတော် ၊ ကျန်လုန်ဂိုဏ်း စသည့် ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ ကျင့်ကြံသူများလောက် ခိုင်မာခြင်းမရှိပေ။ သို့တိုင် အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။

ကျန်းဟောက်ချန်က လန်ခွင်း၏ဓားရှည်ကို လက်ထဲတွင်ကိုင်ထားရင်း တိတ်ဆိတ်စွာမတ်တတ်ရပ်လျှက် မျက်နှာအမူအရာက တည်ငြိမ်နေသည်။

လှုပ်ရှားမှုမလို ၊ စကားလုံးများမလိုဘဲ သူ့အရှေ့မှ လီရှန်း၏ “ထောင့်မှန်ချိုးဖျက်ဓား” ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ဖိနှိပ်ထားသည်။

လီရှန်းက ကျင့်ကြံခြင်းအဆင့်တူသော အခြာသူများ မကျင့်ကြံနိုင်သည့် ထိပ်တန်းသိုင်းပညာတစ်ရပ်ကို ကျင့်ကြံအောင်မြင်ခဲ့ခြင်းက အမှန်တကယ်ပင် အံ့သြတုန်လှုပ်စရာ ဖြစ်၏။ သို့သော် ကျန်းဟောက်ချန်ကလည်း ခေသူမဟုတ်လေရာ တိုက်ပွဲ၏ နောက်ဆုံးရလဒ်က အရာရာကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

ကျန်လုန်ဂိုဏ်းမှ သိုင်းသမားများက ဝန်ခံလိုစိတ်မရှိသဖြင့် ခံစားချက်ကင်းမဲ့ဟန်ဆောင်နေကြသော်လည်း သူတို့စိတ်ထဲတွင်တော့ “ကျန်းဟောက်ချန်က အမတဝိညာဉ်အဆင့် နံပါတ် (၁) ရထိုက်ပေသည်” ဟု တွေးမိကြသည်။

ရောက်ရောက်ချင်းမှာပင် အမတဝိညာဉ်သိုင်းဆရာသခင် (၂)ယောက်၏ အားပြိုင်မှုက အထွတ်ထိပ်သို့ ရောက်ရှိသွားသည်။

စိန်ခေါ်ပွဲလာရောက်ကြည့်ရှုကြသော သိုင်းသမားများအားလုံးမှာလည်း စိတ်ဓာတ်များ တက်ကြွလာကြသည်။

ဤနေရာသို့ ရောက်ရှိနေကြသော ပွဲကြည့်ပရိတ်သတ်များထဲတွင် ကျန်းဟောက်ချန်နှင့် လီရှန်ကဲ့သို့ စွမ်းအားမြင့်မားသူ တစ်ယောက်မှ မပါဝင်ကြပေ။

မည်သို့ပင်ဖြစ်စေ ဤသို့သောစိန်ခေါ်ပွဲမျိုးက ရှားပါးတိုက်ပွဲ ဖြစ်၏။ အမတဝိညာဉ်အဆင့် ထိပ်တန်း (၁၀)ယောက်တွင် နံပါတ် (၁)နှင့် နံပါတ် (၂) ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်လေရာ အခန့်မသင့်ပါက သူတို့ထဲမှတစ်ယောက် အသက်ပျောက်သွားနိုင်သည်။

ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူများက ကျန်းဟောက်ချန်နှင့် လီရှန်တို့ကို အလွယ်တကူ အနိုင်ယူနိုင်မည် ဖြစ်သော်လည်း ယခုတိုက်ပွဲက အမတဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ အထွတ်ထိပ်တိုက်ပွဲဖြစ်သဖြင့် စိတ်ဝင်စားစရာကောင်းလှသည်။

အထူးသဖြင့် လီရှန်နှင့် ကျန်းဟောက်ချန် (၂)ယောက်လုံးက ဝိညာဉ်သစ်ရွက် (၉)ရွက်မှ အမတနတ်ပန်း (၉)ပွင့် ပွင့်ကြသူများ ဖြစ်သည့်အပြင် တကယ့်ထိပ်တန်းသိုင်းဂိုဏ်းကြီးများဖြစ်သော ရေသလင်းနန်းတော်နှင့် ကျန်လုန်ဂိုဏ်းတို့မှ တပည့်များဖြစ်ကြလေရာ ဤတိုက်ပွဲက သည်းထိတ်ရင်ဖိုတိုက်ပွဲတစ်ခုဟု ဆိုနိုင်၏။

ဖူအန်းစုသည်ပင် တိုက်ပွဲကို အလွန်စိတ်ဝင်စားနေခဲ့သည်။

သို့ရာတွင် ရေသလင်းနန်းတော်မှ အကြီးအကဲနှင့် ကျန်လုန်ဂိုဏ်းမှလူများကလည်း သူမကို အာရုံစိုက်နေကြ၏။

ပင်လယ်သုံးစင်းဆုံစည်းရာ ပင်လယ်နက်စင်္ကြံတွင် အစဉ်အမြဲစီးဆင်းနေသည့် ညစ်ညမ်းရေအောက်စီးကြောင်းများ ပျောက်ကွယ်သွားပြီး ကန်းလင်မိုးရေစက်များဖြင့် အစားထိုးထားကြောင်း တွေ့ရသည့်အခါ သူတို့အားလုံး တုန်လှုပ်သွားကြသည်။

ကန်းလင်မိုးရေစက်များဖြင့် ဖွဲ့စည်းထားသော ကြည်လင်သန့်စင်သည့် ပကတိရေသွေးကြောအတွင်းမှ ပုံရိပ်နှစ်ခုသည်လည်း သူတို့၏ စိတ်အာရုံကို ဆွဲဆောင်စေ၏။

မူလက တစ်ယောက်နှင်တစ်ယောက် စူးစိုက်ကြည့်နေကြသော ကျန်းဟောက်ချန်နှင့် လီချန်တို့သည်လည်း သူတို့ရှေ့မှ ထူးခြားသောအခြေအနေကို အာရုံစိုက်မိကြသည်ပင်။

သိုင်းသမားအချို့က အခြေအနေကို အလျှင်အမြန် ရှင်းပြလိုက်ကြသည်။

အကြောင်းရင်းကြားသိရပြီးနောက် ရေသလင်းနန်းတော်နှင့် ကျန်လုန်ဂိုဏ်းတို့မှ သိုင်းသမားများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။

ရေသလင်းနန်းတော်မှ ထပ်တန်းအကြီးအကဲဖြစ်သော အကြီးအကဲ’တုန်း’ က ဖူအန်းစုကိုကြည့်ရင်း လေးလံသောအသံဖြင့် မေးလိုက်၏။

“မင်းက မိစ္ဆာသူတော်စင်ဂိုဏ်းကလား”

ဖူအန်းစုက ခပ်တည်တည်မျက်နှာထားဖြင့်...

“လွန်ခဲ့တဲ့ရက်ပိုင်းကမှ အဲဒီဂိုဏ်းအကြောင်းကို ကြားဖူးတာ”

အကြီးအကဲ’တုန်း’ က မျက်မှောင်တစ်ချက်ကြုံ့ရင်း ကြံ့ဝိညာဉ်ကျွန်းမှ လူများကို လှည့်ကြည့်လိုက်သည်။

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားတစ်ယောက်က အလျှင်အမြန် ရှင်းပြသည်။

“သူနဲ့အတူပါလာတဲ့ လူငယ်က ဝင်္ကပါပင်လယ်က အရံအတားကို ချိုးဖျက်ဖို့အတွက် မိစ္ဆာသူတော်စင်ဂိုဏ်းက ပစ္စည်းဖြစ်တဲ့ သွေးနီတစ္ဆေအင်းသင်္ကေတကို အသုံးပြုတဲ့တာ ၊ ငါတို့ဂိုဏ်းက ဆရာဦးလေး’ဖန်း’ ကိုယ်တိုင် အတည်ပြုထားတာ ၊ အမှားမရှိနိုင်ဘူး”

ထိုစကားကိုကြားတော့ ဖူအန်းစုက မထီမဲ့မြင်ဟန်ဖြင့် ရယ်မောလိုက်သည်။

အကြီးအကဲ’တုန်း’ က...

“မင်းပြောတဲ့ ‘ဖန်း’ ဆိုတာ ဖန်းကျောက်ဟုန်ကို ပြောတာမဟုတ်လား ၊ အခု သူ ဘယ်မှာလဲ”

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း...

“ဆရာဦးလေး’ဖန်း’က အဲဒီလူငယ်က မိစ္ဆာသူတော်စင်ဂိုဏ်းကဆိုတာ သိသွားတော့ သူတို့ဂိုဏ်းက နှုတ်ပိတ်လိုက်ပြီ နေမှာပေါ့”

ကျန်လုန်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်က သူတို့ကို ဦးဆောင်လာသော အကြီးအကဲကို ခပ်တိုးတိုး လေသံဖြင့် မေးလိုက်သည်။

“ဆရာဦးလေး’ယွဲ့’... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ”

အကြီးအကဲ’ယွဲ့’ က ခေါင်းခါယမ်းရင်း...

“စောင့်ကြည့်ကြတာပေါ့”

မိစ္ဆာသူတော်စင်ဂိုဏ်းက ထူးဆန်းပြီး အလွန်တရာလျှို့ဝှက်ဆန်းကျယ်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ မိစ္ဆာလမ်းစဉ်လိုက်သောသိုင်းသမားချင်းအတူတူပင်လျှင် မိစ္ဆာသူတော်စင်ဂိုဏ်း၏ ထူးခြားမှုကို သတိထားမိကြသည်။

ရောက်လာပြီးကတည်းက စကားတစ်ခွန်းမဆိုသော လီရှန်က ယခုတော့ ပါးစပ်ကိုဖွင့်ကာ စကားပြောလိုက်သည်။ သူ့အသံက ဓားသွားပမာ အေးစက်လှ၏။

“ကျန်းရှုန်ကိုသတ်လိုက်တာက စာမဖွဲ့လောက်ပါဘူး”

ကျန်းဟောက်ချန်က ကန်းလင်မိုးရေစက်များဖြင့်ဖွဲ့စည်းထားသောပကတိရေသွေးကြောအတွင်းမှ ပုံရိပ် (၂)ခုကို လှမ်းကြည့်ရင်း...

“ဒါပေမဲ့... သူက အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးတယ်”

လီရှန်က အေးစက်စွာဖြင့်...

“သူက မိစ္ဆာသူတော်စင်ဂိုဏ်းက ဟုတ် မဟုတ်ဆိုတာ စိတ်မဝင်စားဘူး ၊ ဒီနေ့ ဒီနေရာကို လာရတဲ့အကြောင်းင်းက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် နံပါတ် (၁)နေရာကို ရယူဖို့အတွက် လာခဲ့တာ”

သူက ဆက်ပြောသည်။

“မင်းနဲ့ တိုက်ခိုက်လို့ မသေဘူးဆိုရင်တော့ အဲဒီလူငယ်နဲ့ ဆက်ပြီးတိုက်ခိုက်တာပေါ့”

ကျန်းဟောက်ချန်က...

“ကျန်းရှုန်ကို သတ်နိုင်တယ်ဆိုကတည်းက ဒီလူငယ်က ငါတို့နှစ်ယောက်နဲ့ အရည်အချင်းတူတယ်လို့ ပြောလို့ရတယ် ၊ ဒီလိုလူမျိုးကို အရင်က မကြားဖူးပါဘူး ၊ သူနဲ့ သေချာပေါက် လက်ရည်ယှဉ်ကြည့်ရမယ်”

လီရှန်းမျက်နှာအမူအရာ အေးစက်နေချိန် ကျန်းဟောက်ချန်က ဆက်ပြောသည်။

“သူ ဒီနေရာကို ရောက်လာတယ်ဆိုကတည်းက ငါတို့နှစ်ယောက်စိန်ခေါ်ပွဲအပေါ် လွှမ်းမိုးမှုရှိတာပဲ ၊ ဆိုတော့... ငါတို့ (၃)ယောက်က သမုဒ္ဒရာကမ္ဘာရဲ့ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တွေမှာ စွမ်းအားအကြီးမားဆုံး ဖြစ်သင့်တယ် ၊ ဟုတ်တယ်မလား ၊ ဒီတော့ အမတလက်ဖွဲ့အဆင့် အကြီးအကဲတွေကို မနှောက်ယှက်ဘဲ နည်းနည်းပါးပါး တိုက်ခိုက်ကြည့်ကြတာပေါ့”

ထို့နောက် သူက ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အသုံးပြုကာ ကန်းလင်မိုးရေစက်များဖြင့် ဖွဲ့စည်းထားသော ပကတိရေသွေးကြောရှိရာသို့ အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

“မင်း ဘယ်လိုသဘောရလဲ”

သူ့စကားမဆုံးခင်မှာပင် ပကတိရေသွေးကြောအတွင်းမှ ရယ်သံသဲ့သဲ့ ရုတ်တရက်ထွက်ပေါ်လာသည်။

“မင်းတို့ ငါ့ကို ရှုံးချင်တာ သေချာလို့လား ၊ ဘာလို့ အဲဒီလို ဖြစ်ချင်ရတာလဲ”

ထို့နောက် ကြည်လင်သောရေစီးကြောင်းအတွင်းမှ ရန်ကျောက်ကဲပုံရိပ်က ရောင်ဝါများတောက်ပလျှက် ရေပြင်ထက်သို့ ထွက်ပေါ်လာ၏။

ရန်ကျောက်ကဲစကားကိုကြားတော့ လီရှန်က အလွန်တရာဒေါသထွက်သွားပြီး ကျန်းဟောက်ချန်ကတော့ မျက်ခုံးများ တွန့်ချိုးထားသည်။

သို့သော် သူတို့ လူငယ်ကို လှမ်းကြည့်လိုက်မိသည့်အခါ အတော်လေး အံ့အားသင့်သွားရသည်။

ဤနေရာသို့ ရောက်ရှိနေသူများအားလုံး မျက်လုံးများပြူးကျယ်လျှက် စကားမပြောနိုင်ဖြစ်သွားကြသည်။

ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းအလယ်တွင် ဝိညာဉ်သစ်ရွက် (၁၀)ရွက် ထွက်ပေါ်လာကာ အဆိုပါ သစ်ရွက် (၁၀)ရွက်မှ အမတနတ်ပန်း (၁၀)ပွင့်ပွင့်နေသည်ကို တွေ့မြင်ကြရသည် မဟုတ်ပါလား။

All Chapters