← Chapters

နဂါးတစ်ကောင်က ကျားကိုစားချင်တဲ့အခါ ဝက်တစ်ကောင်လိုဟန်ဆောင်နေစရာ မလိုပါဘူး

Vol. 36 Ch. 512

နဂါးတစ်ကောင်က ကျားကိုစားချင်တဲ့အခါ ဝက်တစ်ကောင်လိုဟန်ဆောင်နေစရာ မလိုပါဘူး

Vol. 36 Ch. 512

အခန်း (၅၁၂) နဂါးတစ်ကောင်က ကျားကိုစားချင်တဲ့အခါ ဝက်တစ်ကောင်လိုဟန်ဆောင်နေစရာ မလိုပါဘူး

သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများအားလုံး မျက်လုံးမျက်ဆံများပြူးလျှက် စကားမပြောနိုင် ဖြစ်နေကြသည်။

“ဝိညာဉ်သစ်ရွက် (၁၀) ရွက်က အမတနတ်ပန်း (၁၀)ပွင့် ပွင့်တာလား”

သူတို့ တွေ့မြင်နေရသောမြင်ကွင်းက ဒဏ္ဍာရီများထဲတွင်သာ ကြားဖူးသောမြင်ကွင်းတစ်ခုဖြစ်ပြီး မဟာကပ်ဘေးကြီးပြီးနောက် သမုဒ္ဒရာကမ္ဘာတွင် တစ်ခါမှ ထွက်ပေါ်ခဲ့ဖူးခြင်း မရှိပေ။

မဟာကပ်ဘေးကြီးမတိုင်ခင် စကြာဝဠာအသင်္ချေတွင်ပင် ဝိညာဉ်သစ်ရွက် (၁၀) ရွက်မှ အမတနတ်ပန်း (၁၀)ပွင့်ပွင့်ခြင်းဆိုသည်မှာ ဒဏ္ဍာရီဆန်သော ဖြစ်ရပ်သာပင်။

မြင်ကွင်းကိုကြည့်ရင်း ဖူအန်းစုသည်ပင် မှင်တက်သွား၏။

“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဒီလိုအောင်မြင်မှုရတာ ရန်တိက ပထမဆုံးပဲ ၊ အခု ဒီကောင်လေးကတော့ ဒုတိယပေါ့”

သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ရန်ကျောက်ကဲ၏ ဝိညာဉ်သစ်ရွက်နှင့် အမတနတ်ပန်း မြင်ကွင်းများက ရန်တိနှင့်မတူကွဲပြားကြောင်း တွေ့ရသည်။

ရန်တိ၏ ဝိညာဉ်သစ်ရွက် (၁၀) ရွက်မှ အမတနတ်ပန်း (၁၀)ပွင့် ပွင့်လာသည့်အခါ အင်းသင်္ကေတများစွာ ရှိနေကြောင်းတွေ့ရသည်။ ထိုအင်းသင်္ကေတများက နက်နဲသော်လည်း ထင်ထင်ရှားရှားရှိသဖြင့် အခြားသူများ ပိုင်းခြားသိမြင်နိုင်၏။

သို့သော် ရန်ကျောက်ကဲ၏ (၁၀)ခုမြောက် ဝိညာဉ်သစ်ရွက်နှင့် အမတနတ်ပန်းကတော့ ပရမ်းပတာမြင်ကွင်းများကိုသာ ပုံရိပ်ယောင်ပမာ ပြသနေပြီး ရန်တိထက်ပိုပြီး လျှို့ဝှက်ဆန်းကျယ်သည်ဟု ဆိုနိုင်သည်။

ရန်ကျောက်ကဲကိုကြည့်ရင်း သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများမှာ ဘာကိုကြောက်မှန်းမသိ ကြောက်ရွံ့သွားမိကြသည်။

အထူးသဖြင့် ရန်ကျောက်ကဲကို အရင်ဆုံး ကြည့်မိကြသော ကျန်းဟုန်ချန်နှင့် လီရှန်တို့နှစ်ယောက်မှာ အလွန်တရာစိတ်လှုပ်ရှားပြီး မရေမရာ ခံစားလိုက်ကြရသည်။

“ဝိညာဉ်သစ်ရွက် (၉)ရွက်ကနေ အမတနတ်ပန်း (၉)ပွင့်ပွင့်တာတောင် အတော်လေး စွမ်းအားမြင့်မားပြီး အဆင့်တူတွေအလယ်မှာ ပြိုင်ဘက်ကင်းဖြစ်နေပြီ ၊ အခု ဝိညာဉ်သစ်ရွက် (၁၀)ရွက်ကနေ အမတနတ်ပန်း (၁၀)ပွင့်ပွင့်တဲ့သူ ပေါ်လာပြီဆိုတော့... ဒီလူက ဘယ်လောက်တောင် စွမ်းအားမြင့်မားနေမလဲ”

ကျန်းဟောက်ချန်နှင့် လီရှန်တို့ သတိပြန်ဝင်လာသည့်အခါ သူတို့က ယှဉ်ပြိုင်လိုသောဆန္ဒများစွာဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်ကြ၏။

ရန်ကျောက်ကဲမျက်နှာကတော့ ကန်းလင်မိုးရေစက်များပမာ တစ်ချက်လှိုင်းထခြင်းမရှိဘဲ တည်ငြိမ်နေသည်။

“ငါ ပင်လယ်နက်စင်္ကြံကို လာရောက်တာက တခြားလုပ်စရာကိစ္စရှိလို့ပါ ၊ ဒီကိုမလာခင်က မင်းတို့တွေ ဒီနေရာမှာ စိန်ခေါ်ပွဲလုပ်မယ်ဆိုတာတောင် မသိခဲ့ဘူး”

သူက ပခုံးတစ်ချက်တွန့်ကာ ပြုံးရင်း...

“အခုချိန်ထိ ငါက မင်းတို့တိုက်ပွဲကို စွက်ဖက်ဖို ဆန္ဒမရှိပါဘူး ၊ ဒီ အမတဝိညာဉ်အဆင့် နံပါတ် (၁)နေရာလေးအတွက် မင်းတို့တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ကြပေါ့ ၊ ဘာလို့ ငါ့ကိုလာပြီး နွယ်နေရတာလဲ”

ကျန်းဟောက်ချန်က သိမ်မွေ့သည့်လေသံဖြင့်...

“ဒါပေမဲ့ ငါတို့ စိန်ခေါ်ပွဲလုပ်မယ့် ပင်လယ်နက်စင်္ကြံမှာ မင်းရှိနေတယ်လေ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ငါက တကယ်လမ်းသွားရင်း ကြုံတာပါ ၊ ဒီနေရာမှာ ကိစ္စရှိလို့ ခဏပဲနေတာ ၊ ငါ့ကိစ္စပြီးတာနဲ့ ထွက်သွားမှာပဲ ၊ အခုတော့ လုပ်စရာတွေမပြီးသေးလို့ နေရာရွှေ့လို့မရသေးဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့... ငါ့ဟာငါ ဒီ ရေအောက်ကပကတိသွေးကြောထဲမှာနေတာ မင်းတို့တိုက်ပွဲကို အနှောက်အယှက် မဖြစ်ပါဘူး ၊ မင်းတို့ဟာမင်းတို့ နံပါတ် (၁)နေရာလိုချင်ရင် တိုက်ခိုက်ကြလေ ၊ ငါ ဒီနေရာမှာ ရှိနေတာက အရေးကြီးလို့လား”

လီရှန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူ့ပတ်ဝန်းကျင်မှ ဓားအလင်းတန်းများက တောက်ပသွားပြီး ချီစွမ်းအားများ မြင့်တက်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပိုမိုပြတ်သားလာ၏။

“စောစောက ငါ မင်းကို လျှော့တွက်ခဲ့မိတယ် ၊ အခုတော့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အတော်လေး နက်နဲတာပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဝိညာဉ်သစ်ရွက် (၁၀)ရွက်က အမတနတ်ပန်း (၁၀)ပွင့် ပွင့်တယ်ဆိုတာလောက်နဲ့ ဝိညာဉ်သစ်ရွက် (၉)ရွက်က အမတနတ်ပန်း (၉)ပွင့်ပွင့်တဲ့ ငါ့ကို အနိုင်ယူနိုင်မယ်ဆိုတာ မသေချာပါဘူး ၊ ပြီးတော့ မင်းက ငါတို့အတွက် အတားအဆီး ဖြစ်နေလို့ ယှဉ်ပြိုင်ကြည့်ချင်တယ်”

“ကျန်းဟောက်ချန်ထက်ဆာရင် ငါက မင်းနဲ့တောင် ပိုပြီး တိုက်ခိုက်ချင်နေပြီ”

ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်ရင်း...

“တိုက်ခိုက်ဖို့ လိုလို့လား ၊ ငါတို့ကြားမှာ ရန်ငြိုးလည်းမရှိ ပြဿနာလည်းမရှိဘူးလေ ၊ ပြီးတော့... ငါက မင်းတို့နှစ်ယောက်စိန်ခေါ်ပွဲကို ကြည့်ရဖို့ ပိုပြီးစိတ်ဝင်စားနေတာပါ”

ကျန်းဟောက်ချန်နဲ့ လီရှန်တို့၏ စိန်ခေါ်ပွဲကိုကြည့်ဖို့ သူတကယ်ပဲ စိတ်ဝင်စားခဲ့သည်။

သူတို့၏ ထူးခြားသော ကျင့်ကြံခြင်းအဆင့်ကြောင့်မဟုတ်ဘဲ ဤစိန်ခေါ်ပွဲက ဟိုးရှေးယခင် အမှတ်တရများစွာကို ပြန်လည်နိုးထလာစေသည့်အတွက် ဖြစ်၏။

ဤသည်က...

“လျှို့ဝှက်မြို့တော်ထက်မှ လပြည့်ညတိုက်ပွဲ” မျိုး ဖြစ်ပေသည်။

ထိုသို့သော ဂန္ထဝင်ဆန်ပြီး မိုးမြေတစ်ခွင် လူအများစောင့်ကြည့်ကြသော ကမ္ဘာ့တုန်လှုပ်ဖွယ် စိန်ခေါ်ပွဲကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရပါစေကြောင်း ရန်ကျောက်ကဲ အမြဲတမ်း ဆန္ဒပြုခဲ့သည်ပင်။

ရန်ကျောက်ကဲက ကျန်းဟောက်ချန်နှင့် လီရှန်ကို တစ်ချက်ဝေ့ကြည့်ရင်း...

“လောကမှ နံပါတ် (၁) စာပေပညာရှင်ရယ်လို့ မရှိသလို နံပါတ် (၂) သိုင်းကျင့်ကြံသူဆိုတာလည်း မရှိပါဘူး ၊ အမတဝိညာဉ်အဆင့် ထိပ်တန်း (၁၀)ယောက်မှာ ထိပ်ဆုံးအဆင့်မှာရှိနေတဲ့နှစ်ယောက်က အရင်တုန်းက တစ်ခါမှ ထိပ်တိုက်ရင်ဆိုင်တာ မရှိခဲ့ကြဘူး မဟုတ်လား ၊ ဒီ အဆင့်သတ်မှတ်ချက်တွေက တခြားသူတွေက စီစဉ်ပေးထားတာဖြစ်ပြီး အမြဲတမ်း အငြင်းပွားမှုတွေ ရှိနေခဲ့တယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့... ဒီတစ်ခါတော့ ပင်လယ်နက်စင်္ကြံမှာ အဆုံးအဖြတ်တိုက်ပွဲဆင်နွှဲကြတယ် ၊ ဒီတိုက်ပွဲမှာ အနိုင်ရတဲ့သူက အငြင်းပွားစရာမရှိဘဲ နံပါတ် (၁)နေရာကို ရမှာပါ ၊ နောင်အနာဂတ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုမရှိတော့ဘဲ မှန်ကန်ထိုက်တန်တဲ့ အဆင့်သတ်မှတ်ချက်တစ်ခု ဖြစ်လာမှာပါ”

“မင်းတို့တွေက မိစ္ဆာဂိုဏ်းနဲ့ လမ်းမှန်ဂိုဏ်းဆိုပြီး ခွဲခြားထားကြပေမယ့်... ဒီတိုက်ပွဲက မင်းတို့ရပ်တည်တဲ့ဘက်အတွက် အရှိန်အဟုန်ကိုလည်း မြင့်တက်လာစေမှာပါ ၊ မိစ္ဆာလမ်းစဉ်က လမ်းမှန်ကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူးလား ၊ ဒါမှမဟုတ် မိစ္ဆာလမ်းစဉ်က လမ်းမှန်ကို အနိုင်ယူသွားနိုင်မလား... တွေ့မြင်ရမယ့် တိုက်ပွဲပါပဲ”

“အချိန်ကြာလာတာနဲ့အမျှ ဒီတိုက်ပွဲရလဒ်က သမုဒ္ဒရာကမ္ဘာရဲ့ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာမှာ သေချာပါတယ် ၊ မင်းတို့နှစ်ယောက်လုံး အသက်ငယ်ငယ်နဲ့ သေဆုံးမသွားဘူးဆိုရင် အနာဂတ်မှာ မိုးမြေကိုတုန်လှုပ်စေတဲ့ ဒဏ္ဍာရီတွေ ဖြစ်လာလိမ့်မယ် ၊ ဒီနေ့တိုက်ပွဲဟာ မင်းတို့ရဲ့ အနာဂတ်ဒဏ္ဍာရီအတွက် တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့လည်း မျှော်လင့်ထားတယ်”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဖြန့်ကားလျှက် ပြုံးလိုက်ရင်း...

“ဒီလောက် ကြီးမြတ်တဲ့ကိစ္စတွေ မင်းတို့ရှေ့မှာရှိနေတာတောင် မလိုအပ်ဘဲ ငါ့ကို ဘာလို့ ပြဿနာရှာနေမလဲ”

လီရှန်က ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးလိုက်သည်။

သူ၏ဓားအလင်းတန်းများက ရန်ကျောက်ကဲကို ပိတ်ဆို့ထားလိုက်ပြီး...

“မင်းနဲ့ မတိုက်ခိုက်ဘဲ ငါက နံပါတ် (၁) ဟုတ် မဟုတ် ဘယ်လိုလုပ် သိနိုင်မှာလဲ”

သူက ရန်ကျောက်ကဲကို ဓားအလင်းတန်းများဖြင့် ပိတ်ဆို့ထားသော်လည်း ရန်ကျောက်ကဲ၏မျက်ဝန်းများက အစွန်းဆုံအထိတောက်ပလာသည့်အခါ လီရှန်၏မျက်လုံးများ နာကျင်လာသည်။

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“ပွင့်ပွင့်လင်းလင်းပြောရရင်... မင်းရဲ့အပြုအမူကို ငါ အ‌တော်လေးစားတယ် ၊ ကျင့်ကြံခြင်းအဆင့်အတူတူမှာ ဘယ်သိုင်းသမားက သူတစ်ပါးထက် အဆင့်နိမ့်တယ်လို့ သတ်မှတ်တာ ခံချင်မှာလဲ ၊ ဘယ်သူကတော်တယ် ဘယ်သူကညံ့တယ်ဆိုတာ တိုက်ပွဲကပဲ ဆုံးဖြတ်ပေးရမှာပေါ့ ၊ အင်း...  မင်း ငါနဲ့ တိုက်ချင်တယ်ဆိုတာ သဘာဝကျပါတယ်”

သူက တွေးဆရင်း ဆက်ပြောသည်။

“ဒါပေမဲ့... မင်းကိုကြည့်ရတာ တစ်ခုခုကို အထင်လွဲနေပုံရတယ်”

သူ စကားပြောနေစဉ်မှာပင် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်မှ အမတနတ်ပန်း (၁၀)ပွင့်သည် နက်နဲသောအင်းသင်္ကေတများအဖြစ် စတင် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကိုတော့တော့ အားလုံးက မှင်တက်သွားပြီး...

“ဒါက... ဒါက... အမတနတ်ပန်းတွေက အမတအင်းသင်္ကေတတွေအဖြစ် ပြောင်းလဲနေတာ မဟုတ်လား ၊ သူက အမတလက်ဖွဲ့အဆင့်ကို တက်ရောက်တော့မှာလား...”

လီရှန်သည်လည်း သူ၏ဦးခေါင်းထက်မှ အမတနတ်ပန်းများကို ခေါင်းမော့ကြည့်လိုက်စဉ် ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ငါက ငါ့ရဲ့ ဝိညာဉ်သစ်ရွက်နဲ့ အမတနတ်ပန်းတွေကို ထုတ်ဖော်ပြသတာက မင်းတို့နဲ့ ယှဉ်ပြိုင်ချင်လို့မဟုတ်ဘူး ၊ ငါက အဆင့်တက်တော့မှာ မို့လို့ပဲ...”

သူက ဆက်ပြောသည်။

“မင်းတို့နှစ်ယောက်ရဲ့ စိန်ခေါ်ပွဲကို ငါတကယ် စိတ်ဝင်စားတာပါ ၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်နဲ့ တိုက်ခိုက်ဖို့တော့ ငါ စိတ်မဝင်စားဘူး”

“မင်းတို့အားလုံး စိတ်မရှိကြပါနဲ့ ၊ ငါက မကြာခင်မှ အမတဝိညာဉ်အဆင့် မဟုတ်လောက်တော့ဘူး ၊ ဒီတော့ ငါနဲ့မတိုက်ခိုက်ရင်လည်း မင်းတို့အနေနဲ့ အမတဝိညာဉ်အဆင့် နံပါတ် (၁) ဘယ်သူလဲဆိုတာ ဆုံးဖြတ်နိုင်ပါသေးတယ်”

ကျန်းဟောက်ချန်နှင့် လီရှန်တို့ နှစ်ယောက်လုံး ရန်ကျောက်ကဲကိုကြည့်ရင်း တုန်လှုပ်သွားကြသည်။

အံ့သြမှင်တက်နေသည့် ထိုသူနှစ်ယောက်ကိုကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောလိုက်၏။

“ကျားကိုစားဖို့ ဝက်တစ်ကောင်လိုဟန်ဆောင်တဲ့အလုပ်မျိုး ငါ မလုပ်တတ်ဘူး ၊ တစ်ခါတစ်လေ စိတ်ကူးပေါက်လို့ လှည့်စားတာမျိုးတွေ လုပ်တတ်ပေမယ့် အချိန်အများစုမှာ အဲဒါမျိုးတွေ မလုပ်တတ်ပါဘူး ၊ ဝံပုလွေတစ်ကောင်က ကျားကိုစားချင်ရင် ဝက်တစ်ကောင်လိုဟန်ဆောင်ပြီး လှည့်စားကောင်းလှည့်စားနိုင်မယ် ၊ ဒါက သဘာဝကျတဲ့အရာပါ”

“ဒါပေမဲ့... နဂါးတစ်ကောင်က ကျားကိုစားချင်တဲ့အခါ ဝက်တစ်ကောင်လို ဟန်ဆောင်နေစရာ မလိုပါဘူး”

သူ့လေသံက သိမ်မွေ့သော်လည်း ဤနေရာမှလူသားတိုင်း၏ နှလုံးသာကို နက်ရှိုင်စွာ ရိုက်ခတ်သွားသည်။

ကျန်းဟောက်ချန်က ခဏမျှ တိတ်ဆိတ်နေပြီး နောက်ဆုံးတော့ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

သူက လေးလံသောလေသံဖြင့်...

“ငါ ရေသလင်းနန်းတော်က ကျန်းဟုန်ချန် ပါ ... ကျေးဇူးပြုပြီး ဒီကမိတ်ဆွေလေး... သင်ပြပေးပါ”

လီရှန်သည်လည်း သက်ပြင်းချလိုက်ပြီး မျက်ဝန်းများက တောက်ပလာသည်။

“မင်းနာမည်က ရန်ကျောက်ကဲလို့ ငါ ကြားထားတယ် ၊ ကဲ... ‘ရန်’ မျိုးနွယ်... အခု ငါတို့ကြားမှာ ရန်ငြိုးရှိသွားပြီ ၊ ဒီ ‘လီ’ မျိုးနွယ်က မင်း အမတလက်ဖွဲ့အဆင့် တက်လှမ်းမှာကို တားဆီးချင်ပါတယ် ၊ ကျင့်ကြံသူတစ်ယောက်ရဲ့ တာအိုကို တားဆီးတာက မိဘတွေကို သတ်ဖြတ်သလိုပဲ ရန်ငြိုးကြီးမားတယ် မဟုတ်လား”

ထို့နောက် လီရှန်က ကျယ်‌လောင်သောကြုံးဝါးသံတစ်ချက်ပြုရင်း...

“ဒီလောက် ရန်ငြိုးကြီးမှတော့ မင်းတိုက်ခိုက်ဖို့ ဆန္ဒရှိသင့်ပြီ မဟုတ်လား”

ရန်ကျောက်ကဲက ကျန်းဟောက်ချန်နှင့် လီရှန်ကို လေးစားစွာ ကြည့်လိုက်သည်။

သူ၏ဦးခေါင်းထက်တွင် အင်းသင်္ကေတများအဖြစ် စတင်ပေါင်းစပ်နေသည့် အမတနတ်ပန်း (၁၀)ပွင့်က ခဏမျှ ရပ်တန့်သွား၏။

သူက ခေါင်းညတ်ရင်း ထိုသူနှစ်ယောက်ထံသို့ ကြိုဆိုသည့်ဟန် လက်တစ်ဖက်ဆန့်တန်းလိုက်ပြီး...

“သိုင်းတာအိုအပေါ်ထားရှိတဲ့ မင်းတို့စိတ်ထားက သန့်စင်တယ် ၊ ပြီးတော့ ဆုံးဖြတ်ချက်လည်းခိုင်မာတယ် ၊ ဒီတော့... ငါတို့တွေ တိုက်ခိုက်ကြတာပေါ့”

ရန်ကျောက်ကဲက ကျန်းဟောက်ချန်နှင့် လီရှန်တို့ထက် များစွာအသက်ငယ်ရွယ်သည့်တိုင် ရန်ကျောက်ကဲကို ကြည့်နေသူတိုင်းက တောင်မြင့်ကြီးတစ်ခုကို မျှော်ကြည့်နေရသည့်ပမာ ခံစားကြရသည်။

ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ နှင့် ကျန်လုန်ဂိုဏ်းမှ အကြီးအကဲ’ယွဲ့’ တို့သည် အမတလက်ဖွဲ့အဆင့်ရှိသော ဝါရင့်သိုင်းကျင့်ကြံသူများ ဖြစ်ကြသည်။

အစပိုင်းတွင် ရန်ကျောက်ကဲ၏စကားများကြောင့် သူတို့ဒေါသဖြစ်ခဲ့ကြသော်လည်း အနားတွင်ရှိနေသော ဖူအန်းစုကြောင့် တိုက်ခိုက်ခြင်းမပြုဝံ့ဘဲ လက်သီးသာလျှင် ကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။

ယခု ရန်ကျောက်ကဲက သူ၏ဦးခေါင်းထက်မှ အမတနတ်ပန်း (၁၀)ပွင့်ကို အမတအင်းသင်္ကေတများအဖြစ် ပေါင်းစပ်ခြင်း ရူပါရုံကို ခဏမျှရပ်တန့်လိုက်ကြောင်း တွေ့ရသည့်အခါ သူတို့၏မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။

ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ တက်ရောက်ရာတွင် ကံတရား ၊ သိုင်းစွမ်းအားနှင့် အချိန်ကာလကို မှီခိုရသည်ဖြစ်လေရာ အခွင့်အရေးရခိုက်တွင် တစ်ချက်တည်းဖြင့် အဆင့်တက်ရန် လိုအပ်သည်။

ရန်ကျောက်ကဲ ကဲ့သို့ မည်သူမှ မဖြစ်ဖူးကြပေ။

ရန်ကျောက်ကဲကတော့ ကျင့်ကြံခြင်းအဆင့်တက်နေသည်ကို ခေတ္တရပ်ချင်သည်ဆိုလျှင် ရပ်တန့်နိုင်စွမ်းရှိပြီး နောင်တစ်ချိန်မှ ဆက်လက်လုပ်ဆောင်နိုင်စွမ်းရှိနေသည်။

ထိုလူငယ်က ဤသို့နှယ် ကျင့်ကြံခြင်းအဆင့်တက်ခြင်းကို ခေတ္တရပ်ဆိုင်းလိုက်ခြင်းက ရှုံးနိမ့်မှုဖြစ်ပေါ်သွားခြင်း မဟုတ်သလို လက်ရှိအခွင့်ရေးကို လက်လွှတ်လိုက်ခြင်းလည်း မဟုတ်ပေ။ ယင်းအစား သူအလိုရှိသလို အချိန်မရွေး ကျင့်ကြံခြင်းအဆင့်တက်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုသို့ ပေါ့ပေါ့ပါးပါး ကျင့်ကြံခြင်းအဆင့်တက်ခြင်းမျိုးကို အမတဝိညာဉ် နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တွင် မည်သူ့ကို တွေ့ရှိနိုင်ပါမည်နည်း။

အကြီးအကဲ’တုန်း’ နှင့် အခြားသော အမတလက်ဖွဲ့သိုင်းဆရာသခင်များသည် ရန်ကျောက်ကဲကိုကြည့်ရင်း နားလည်နိုင်ခြင်းများ ပျောက်ဆုံးလျှက် အလွန်အမင်း အံ့သြတုန်လှုပ်သွားကြရလေ၏။

All Chapters