ဟောင်တျန်ဝင်စားသူ၊ ကြောက်မက်ဖွယ် အရည်အချင်း
Vol. 16 Ch. 205
အခန်း (၂၀၅) ဟောင်တျန်ဝင်စားသူ၊ ကြောက်မက်ဖွယ် အရည်အချင်း
လီတျန်ရှင်း ထွက်သွားတဲ့အခါ လီယောင်ဟာ ချက်ချင်းပဲ ပြန်ကျင့်ကြံပါတယ်။
ဒါကိုကြည့်ပြီး ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ဒီမိန်းမက လက်ထပ်ရမဲ့ကိစ္စကိုတောင် အမှုမထားပါလား၊ သူ့နေရာမှာ တစ်ခြားသူသာဆိုရင် မိုးမီးလောင်ပြီ’
ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ အိပ်ရာထက်ပြန်ပြီး ဆက်ကျင့်ကြံ အားထုတ်ပါတယ်။ လီယောင်ရဲ့ ဒုက္ခကိုတော့ ဟန်ကျွယ်က ဝင်ကယ်ဖို့ စိတ်ကူး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီယောင်ရဲ့ မျက်နှာထားအရ လုံးဝမကြောက်ရွံ့မှန်း သိသာနေလို့ပါ။
နှစ်နှစ်ကြာတဲ့အခါမှတော့ တိထိုက်ပိုင် ရောက်လာပါတယ်။
ဒီတစ်ခါမှာတော့ တိထိုက်ပိုင်မျက်နှာက တည်ကြည်လေးနက်နေပါတယ်။ ကောင်းကင်ရုံးတော်မှာ ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်ခဲ့ပုံပါပဲ။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းပြီး တိထိုက်ပိုင်ကို လက်ခံတွေ့ဆုံပါတယ်။
တိထိုက်ပိုင်ဟာ ထိုင်ခုံမှာ ထိုင်ပြီးတာနဲ့ ပထမဦးဆုံး သက်ပြင်းချလိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်က ဂရုတစိုက် မေးလိုက်ပါတယ် “ဘာဖြစ်လာတာလဲ၊ ကောင်းကင်ရုံးတော်မှာ တစ်ခုခု ဖြစ်လို့လား”
တိထိုက်ပိုင်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်”
ဟန်ကျွယ်ဟာ တိထိုက်ပိုင်စကားကြောင့် နှလုံးခုန် မြန်သွားပါတယ် ‘ငါ နောက်ခံက ပြိုလဲတော့မှာလား’
“ကောင်းကင်ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တစ်ပါးက နောက်ထပ်သားတော်တစ်ပါး မွေးဖွားတော့မယ်၊ ဒီသားတော်က ကြီးမားတဲ့ ကံတရား အထောက်အပံ့ရှိပြီး သဘာဝအလျောက် မွေးဖွားလာတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တဲ့၊ တာအိုသခင်ရဲ့စကားအရ သူက နောက်ထပ် ကောင်းကင်ဧကရာဇ်ဖြစ်လာပြီး ကောင်းကင်ရုံးတော် ထိပ်ဆုံးကိုရောက်ဖို့ မျှော်လင့်ချက်တဲ့” တိထိုက်ပိုင်ဟာ ရုတ်တရက် ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မှင်သက်အံဩသွားပါတယ် ‘ဒါလား... ဒါကို ခင်ဗျားက ကောင်းကင်ပြိုကျသလိုမျိုး လုပ်နေတယ်’
ဟန်ကျွယ်ဟာ တိထိုက်ပိုင်က စိတ်ထဲမှာ ကျိန်ဆဲလုနီး ဖြစ်သွားပေမဲ့ မျက်နှာမှာတော့ ပြုံးလိုက်ပါတယ် “ဒါသတင်းကောင်းပဲ... ဂုဏ်ပြုပါတယ်”
တိထိုက်ပိုင်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “မင်းက တစ်ခုခုဖြစ်လား မေးမှတော့ ငါက အခွင့်ကောင်းယူပြီး မင်းကို ခြောက်လိုက်တာ”
ဟန်ကျွယ်ဟာ ဘာမှမတက်နိုင် ဖြစ်သွားပါတယ် ‘ခင်ဗျားက ပညာရှင်အမတတွေရဲ့ ခေါင်းဆောင်နော်၊ နာမည်ဆိုးထွက်မှာ မကြောက်ဘူးလား’
“အဲဒါတော့...” ဟန်ကျွယ်က ဆက်မေးလိုက်ပါတယ်။
“ကောင်းကင်ရုံးတော်က ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲတစ်ပွဲ ကျင်းပလိမ့်မယ်၊ မင်း တက်မှာလား”
“ကျွန်တော် မတက်လို့မရဘူးလား”
“ဟားဟား... မင်း မတက်ချင်ဘူးဆိုတာ ငါ သိတယ်၊ အရှင်မင်းကြီးကလည်း ဒါကို ခန့်မှန်းမိတယ်၊ ဒါကြောင့် မင်းကို မဖိတ်ဘူး”
“ဟီးဟီး...”
ဟန်ကျွယ်မျက်နှာဟာ အနည်းငယ်မဲ့သွားပြီး ဒါက ရယ်စရာကောင်းလို့လားလို့ တိထိုက်ပိုင်ကို မေးခွန်းထုတ်ချင်သွားပါတယ်။
တိထိုက်ပိုင်က အလေးအနက် ပြောလိုက်ပါတယ် “လာရင်းကိစ္စ ပြောရမယ်ဆိုရင် အရှင်မင်းကြီးက မင်းသားလေးကို မင်းဆီ ပို့ချင်နေတယ်၊ မင်းသူ့ကို လက်ခံဖို့ဆန္ဒရှိလား”
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ခင်ဗျားတို့က ကျုပ်ရဲ့စိတ်ဝိညာဉ်ချီကို အချောင်လိုချင်နေတာပဲ’ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာကြောင့် ငြင်းပယ်ဖို့ အကြောင်းပြချက် မရှိပါဘူး။
ကောင်းကင်ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကို သိသာထင်ရှားလွန်းပါတယ်။ ဒါက ဟန်ကျွယ်ကို ကောင်းကင်ရုံးတော်ထဲ လုံးဝဆွဲသွင်းတာပါ။
ဒါပေမဲ့ ဟန်ကျွယ်ကတော့ ကောင်းကင်ဧကရာဇ်က လျှော့တွက်မိတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ မခုခံနိုင်တဲ့ အန္တရာယ်နဲ့သာ တွေ့မယ်ဆိုရင် ဟန်ကျွယ်ဟာ သူတပည့်တွေကို ကျိန်းသေပေါက် ပစ်ထားခဲ့မှာမို့လို့ပါ။ ဟန်ကျွယ်ဟာ သူ့တပည့်တွေအတွက် အကောင်းဆုံးကြိုးစားမှာ ဖြစ်ပေမဲ့ သူ့တို့နဲ့တော့ တစ်ရက်တည်း တစ်လတည်း တစ်နှစ်တည်း အသေခံမှာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “သူက ကျွန်တော်ဆီမှာ ခဏနေမှာလား ဒါမှမဟုတ် တပည့်အဖြစ် လက်ခံစေချင်တာလား”
တိထိုက်ပိုင်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “တပည့်အဖြစ်လက်ခံလိုက်”
အမှန်အတိုင်းပြောရရင် တိထိုက်ပိုင်လည်း ကောင်းကင်ဧကရာဇ်က ဘာလို့ ဒီလိုလုပ်တာလဲဆိုတာကို နားမလည်ပါဘူး။ ဒီကိစ္စကြောင့် ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို အမြင့်ကြီးတွေးလွန်းတယ်လို့ တိထိုက်ပိုင် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ အရည်အချင်းက ရှန်စစ်သူကြီးနဲ့ နှိုင်းယှဉ်လို့ရတယ်ဆိုပေမဲ့ ကောင်းကင်ဧကရာဇ်ဟာ ရှန်စစ်သူကြီးကို ဟန်ကျွယ်လောက်ထိ ကြိုးစားပြီး ကောင်းကင်ရုံးတော်ထဲ ဆွဲမသွင်းခဲ့ပါဘူး။
“ရတယ်လေ”
ဟန်ကျွယ်က သဘောတူလိုက်ပါတယ်။ တိထိုက်ပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဒီနှစ်ထဲမှာ ကောင်းကင်ရုံးတော်ရဲ့ အမတနဲ့နတ်ဘုရားတွေက အဖွဲ့ဖွဲ့ပြီး တစ်ခုခုလုပ်ဖို့ ကြိုးစားနေကြတယ်၊ တစ်ယောက်ယောက် မင်းကိုလာရှာရင် ငါ့ကို ချက်ချင်းပြော၊ သူတို့ပြောမဲ့ကိစ္စက လုံးဝကိစ္စကောင်း မဟုတ်ဘူး”
တိထိုက်ပိုင်စကားကြောင့် ဟန်ကျွယ်ဟာ ဗိုလ်ချုပ်ချန်ဖောင်နဲ့ မီးဧကရာဇ်ကို တွေးမိသွားပါတယ်။ ဟန်ကျွယ်ဟာ တခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်ပါတယ် “လွန်ခဲ့နှစ်တွေတုန်းက မီးဧကရာဇ်ကို ဗိုလ်ချုပ်ချန်ဖောင် လာရှာတယ်၊ သူတို့နှစ်ယောက် တော်တော်ကြာအောင် အတူတူနေသွားတယ်၊ ဒီကိစ္စကို ကျွန်တော်ပြောတယ်လို့ မပြောနဲ့နော်”
တိထိုက်ပိုင်ဟာ မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ် “ဗိုလ်ချုပ်ချန်ဖောင်ပဲလား... ငါနားလည်ပါတယ်၊ ဆက်ကျင့်ကြံအားထုတ်ပါ”
စကားအဆုံးမှာပဲ တိထိုက်ပိုင်ဟာ ရုတ်ခြည်းပျောက်ကွယ်သွားပါတယ်။ တိထိုက်ပိုင်ဟာ လာတုန်းကထက်တောင် ပိုပြီး အလျင်လိုနေပါတယ်။ ကြည့်ရတာ ဗိုလ်ချုပ်ချန်ဖောင်က မီးဧကရာဇ်ကိုပဲ လာတွေ့တာ မဟုတ်ပုံပါပဲ။
ဟန်ကျွယ်က သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်ပါတယ် ‘ငါက ကောင်းကင်ရုံးတော်ရဲ့ လက်ပါးစေ ဖြစ်နေပြီလား’ ပြောမဲ့သာ ပြောရတာပါ။ ဟန်ကျွယ်ရဲ့ ဒီခံစားချက်က ယုတ္တိမဆန်လှပါဘူး။ လောလောဆယ်မှာ ကောင်းကင်ရုံးတော်က ဟန်ကျွယ်ကို ခွေးလိုမဆက်ဆံဘဲ အကြီးအကျယ်ကို ထောက်ပံ့ပေးထားပါတယ်။ ဟန်ကျွယ်ကသာ ကောင်းကင်ရုံးတော်အတွက် ကြီးကြီးမားမား ဘာမှ ပြန်မလုပ်ပေးရသေးတာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နဲ့ ကြိုးတစ်ချောင်းတည်း ဖြစ်နေပြီမို့ ကောင်းကင်ဧကရာဇ်ရဲ့ နေရာတည်မြဲအောင် ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ မလုပ်နိုင်တဲ့အတွက် အခုလိုမျိုး သတင်းပေးလိုက်တာပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။
“ကောင်းကင်ဧကရာဇ်ရဲ့ သားတော် မကြာခင်မှာ ရောက်လာလိမ့်မယ်၊ မင်းတို့တွေ ကြိုးကြိုးစားစား ကျင့်ကြံကြ၊ မဟုတ်လို့ရှိရင် တစ်ချိန်ကျ ထားစရာမျက်နှာမရှိ ဖြစ်လိမ့်မယ်”
လူတိုင်းဟာ မတ်တတ်ရပ်လိုက်ကြပြီး ဖန်းလျန်က တအံတဩ ပြောလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်ရဲ့ သားတော်လား၊ ကျွန်တော်တို့တွေ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ” လုံရှန်ရဲ့ စွမ်းအားကို သူတို့တွေ လုံးဝမမေ့နိုင်သေးပါဘူး။
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “အရူးတွေ... ကောင်းကင်ဧကရာဇ်မှာ ဘယ်လိုလုပ်ပြီး သားတစ်ယောက်တည်း ရှိရမှာလဲ”
ငရဲကြက်နက်ရဲ့ စကားကြောင့် တစ်ခြားလူတွေဟာ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။
“ဟုတ်တယ်၊ ကောင်းကင်ဧကရာဇ်ရဲ့ အငယ်ဆုံးသားတော်၊ သူက ဖွားမြင်လာတာ မကြာသေးဘူး၊ နောက်ပြီး ငါ့ရဲ့တပည့်အသစ်ပဲ” ဟန်ကျွယ်ဟာ အပြုံးနဲ့ စနောက်လိုက်ပါတယ်။
လူတိုင်းဟာ အံဩသွားကြပါတယ်။ ကျိုးမင်ယွဲ့ ရင်တုန်စွာ မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်... ကောင်းကင်ရုံးတော်ရဲ့ အရှင်သခင်လား”
ခေါင်းငါးလုံး မြွေနဂါးဘုရင်က ရယ်မောလိုက်ပါတယ် “ဟားဟား... ဟုတ်တယ်၊ အဲဒီပုဂ္ဂိုလ်ပဲ၊ ငါတို့သခင်က ကောင်းကင်ဧကရာဇ် သားတော်ရဲ့ ဆရာသခင်တောင် ဖြစ်နိုင်တယ်ဆိုတော့ ငါတို့သခင်ရဲ့ ကျင့်ကြံမှုကို ဘယ်လောက်မြင့်မားလဲ ခန့်မှန်းကြည့်ပေါ”
ထူလင်းအာနဲ့ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို ယုံကြည်လေးစားတဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ အမြဲနေပေမဲ့ အမတတွေက သူ့ဆီကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဟန်ကျွယ်က ဘယ်လောက်ထိ စွမ်းအားကြီးမားလဲဆိုတာ သိနိုင်ပါတယ်။
ချူရှီရန်က စပ်စုလိုက်ပါတယ် “ဆရာဘိုးဘိုး... ကောင်းကင်ဧကရာဇ်က ကျင့်ကြံခြင်းလောကရဲ့ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်လား”
ဟန်ကျွယ်ဟာ ချူရှီရန်တွေးနေတာကို နားလည်တာကြောင့် အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ် “မဟုတ်ဘူး၊ မင်းပြောသလိုသာဆိုရင် မိစ္ဆာမျိုးနွယ်စု မျိုးတုံးပျောက်ကွယ်သွားတာ ကြာရောပေါ့၊ ကောင်းကင်ဧကရာဇ်က သူ့ရဲ့တန်ဖိုးရှိလှတဲ့ သားတော်ကို ဒီနေရာဆီ စေလွှတ်မှာ မဟုတ်ဘူး”
ချူရှီရန်ဟာ အလေးအနက် စဉ်းစားလိုက်ပါတယ်။
“ကောင်းပြီ... မင်းတို့တွေ ဆက်ကျင့်ကြံတော့၊ သူရောက်လာရင် မင်းတို့တွေ မလန့်အောင် ငါက သတင်းကြိုပေးထားတာ” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အကြောဆန့်ပြီး ဖူစန်းသစ်ပင်ကို အကဲခတ်လိုက်ပါတယ်။ ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ကျင့်ကြံမှုရဲ့ အဓိကထောက်တိုင်ကြီးပဲ။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါဘူး။
ဟန်ကျွယ် ကံကောင်းတာတစ်ခုက ဖူစန်းသစ်ပင်ဟာ အမြဲတမ်း ကျန်းမာသန်စွမ်းနေတာပါ။ ဒီလောက်များတဲ့တပည့်တွေနဲ့ နတ်သားရဲတွေ ဝန်းရံထားတာကြောင့် သေမျိုးကမ္ဘာမှာတော့ ဘယ်စွမ်းအားကမှ ဖူစန်းသစ်ပင်ကို မဖျက်ဆီးနိုင်ပါဘူး။
၇ နှစ်ကြာပြီးနောက်။
တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ရဲ့သားတော်ကို လာပို့ပါတယ်။ ကောင်းကင်ဧကရာဇ် သားတော်ဟာ ၇ နှစ်ပဲ ရှိသေးပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ သူဟာ အလွန်ချစ်စရာကောင်းပြီး မျက်လုံးရွှဲကြီးတွေနဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေပါတယ်။
တိထိုက်ပိုင်ဟာ ဟန်ကျွယ်ကို ညွှန်ပြပြီး ပြောလိုက်ပါတယ် “အခုကစပြီး သူက မင်းရဲ့ဆရာသခင်ပဲ၊ သူ့စကားကို နားထောင်ပြီး ကြိုးကြိုးစား ကျင့်ကြံအားထုတ်ချည်၊ ပြဿနာတွေ မရှာနဲ့”
ကောင်းကင်ဧကရာဇ် သားတော်ဟာ ဟန်ကျွယ်ကို အကြောက်အလန့်မရှိ စိုက်ကြည့်လိုက်ပါတယ်။ သူဟာ ကောင်းကင်ဧကရာဇ်ရဲ့ သားတော်ဖြစ်တာကြောင့် အမတနတ်ဘုရား အမျိုးမျိုးကို တွေ့မြင်ဖူးပါတယ်။ ဒါကြောင့် ဟန်ကျွယ်ကို မကြောက်တာပါ။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စစ်ဆေးနေသည်။]
ဟန်ကျွယ် သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းကြောင့် တိတ်တဆိတ် စစ်ဆေးကြည့်လိုက်ပါတယ်။
[လုံဟောင်:မြေလျှောက်အမတ နဝမအဆင့်၊ ကောင်းကင်ဧကရာဇ်၏ သားတော်။ ဧကရာအဖြစ် မွေးဖွားလာသူဖြစ်ပြီး ဟောင်တျန် ပြန်ဝင်စားခြင်းဖြစ်သည်။ ဟောင်တျန်သည် ကောင်းကင်ရုံးတော်၏ ဒုတိယမျိုးဆက် အရှင်သခင်ဖြစ်ပြီး ကောင်းကင်ရုံးတော် အစဉ်အဆက်၌ စွမ်းအားအကြီးဆုံး ဧကရာဇ်ဖြစ်သည်။ သူသည် အနန္တကပ်ဘေး၌ သေဆုံးခဲ့ပြီး ရန်သူများအား လက်စားချေရန်အတွက် မဟာတာအိုဆီသို့ ပြန်ရောက်လာခြင်းတည်း။ ဟောင်တျန်၏ဝိညာဉ်သည် ကောင်းကင်ဧကရာဇ် ကိုယ်လုပ်တော်၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်ပြီး ကောင်းကင်ဧကရာဇ် သားတော်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ ကောင်းကင်ဧကရာဇ် သားတော် အမတဧကရာဇ် ဖြစ်လာသောအခါ ဟောင်တျန်၏ စိတ်ဆန္ဒသည် နိုးထလာပြီး ခန္ဓာကိုယ်ကို အပိုင်သိမ်းလိမ့်မည်။]
‘ဟောင်တျန်... စွမ်းအားအကြီးဆုံး ကောင်းကင်ဧကရာဇ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်ဖျပ်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က တစ်ပါးမကဘူးလား’
‘နေအုန်း... ဒီကိစ္စကို ကောင်းကင်ဧကရာဇ် သိလား’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ သားတော်က အခုလိုမျိုး အင်အားကြီးတဲ့ နောက်ခံ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
‘ကောင်းကင်ဧကရာဇ်က သူ့ကို ငါဆီလွှတ်လိုက်တာ ဝီရိယတောင်မှာ အေးအေးချမ်းချမ်းနဲ့ အမတဧကရာဇ်ဖြစ်လာအောင် ကျင့်ကြံစေချင်လို့လား’
‘ဒါပေမဲ့ ခန္ဓာကိုယ် အပိုင်သိမ်းမယ်ဆိုတော့... လုံဟောင်မှာ ဝိညာဉ်နှစ်ခု ရှိနေတာလား၊ ဒီလိုဆို အခုလက်ရှိက ဟောင်တျန်ရဲ့ ဝိညာဉ်မဟုတ်ဘူးပေါ့’
“ဆရာသခင်... ကျွန်တော်ကို တပည့်အဖြစ် လက်ခံပေးပါ” လုံဟောင်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး စတင်ရှိခိုးလိုက်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ လုံဟောင်ရဲ့ အပြုအမူကြောင့် ဝူတောက်ကျန့်နဲ့ ထူလင်းအာရဲ့ နှလုံးသားတွေဟာ လုံးဝကိုပျော်ဆင်းသွားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဝိညာဉ်စွမ်းအားထုတ်ကာ လုံဟောင်ကို မတ်တတ် ပြန်ရပ်ခိုင်းလိုက်ပါတယ်။
“အခုအချိန်ကစပြီး မင်းက ငါ့ရဲ့ ငါးယောက်မြောက်တပည့်ပဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး တစ်ခြားလူတွေကို ကြည့်လိုက်ပါတယ် “နောက်ကျရင် သူလည်း ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်လိမ့်မယ်၊ မင်းတို့တွေ သူ့ကို ဝိုင်းဂရုစိုက်ကြရမယ်၊ နောက်ပြီးတော့ သူနဲ့ တိုက်ဖို့မစဉ်းစားနဲ့၊ သူက ခုနစ်နှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့ ကောင်းကင်ဘုံဝင်အဆင့်ကို ကျော်လွန်နေပြီ”
လူတိုင်းဟာ ဟန်ကျွယ်စကားကြောင့် မျက်လုံးပြူးသွားပါတယ် ‘အသက် ၇ နှစ်တည်းနဲ့ ကောင်းကင်ဘုံဝင်အဆင့်ကို ကျော်လွန်သွားပြီလား’
‘အား...’
ရွှေကျီးကန်းနှစ်ကောင်ဟာ လုံဟောင်ကို မနာလိုတဲ့မျက်လုံးတွေနဲ့ ကြည့်နေပါတယ်။ သူတို့မှာသာ လုံဟောင်လို အရည်အချင်းမျိုး ရှိမယ်ဆိုရင် နတ်ရွှေကျီးကန်းမျိုးနွယ်စုကနေ နှင်ထုတ်ခံရမှာ မဟုတ်ပါဘူး။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။