← Chapters

ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ နောက်ဆုံးအဆင့်၊ အမတဧကရာဇ်အား ဖိနှိပ်ခြင်း

Vol. 16 Ch. 209

ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ နောက်ဆုံးအဆင့်၊ အမတဧကရာဇ်အား ဖိနှိပ်ခြင်း

Vol. 16 Ch. 209

အခန်း (၂၀၉) ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ နောက်ဆုံးအဆင့်၊ အမတဧကရာဇ်အား ဖိနှိပ်ခြင်း

“သေမျိုးတွေက အမြင်မကျယ်ဘူး၊ သူတို့က ကောင်းကင်စစ်သားတွေကိုပဲ သိကြတယ်၊ တကယ်တော့ အမတကမ္ဘာမှာ ကောင်းကင်ရုံးတော် တစ်ခုတည်း ရှိတာ မဟုတ်ဘူး” တာအိုအဘိုးအိုဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ သူ့လေသံက အထင်အမြင်သေးသံ ပေါက်နေပါတယ်။

ကျိုးဖန်ဟာ တာအိုအဘိုးအိုရဲ့စကားကြောင့် ဆက်ခနဲ ဖြစ်သွားပြီး အံကြိတ်ကာ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”

တာအိုအဘိုးအိုက ပြုံးလိုက်ပါတယ် “ငါက ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကြီးအကဲပဲ”

“ဒါဆို ခင်ဗျားဂိုဏ်းက ကောင်းကင်ရုံးတော်ထက် စွမ်းအားကြီးလား”

“ငါတို့ဂိုဏ်းက ကောင်းကင်ရုံးတော်အောက်မှာ”

ကျိုးဖန်ဟာ ကျိန်ဆဲလုနီး ဖြစ်သွားပါတယ် ‘ဒါဆို ခင်ဗျားက ဘာတွေ လေလုံး လာထွားနေသေးတာလဲ’

တာအိုအဘိုးအိုက နှာခေါင်းရှုံ့လိုက်ပါတယ် “ဟင်း... ကျင့်ကြံခြင်းကိုသာ အာရုံစိုက်၊ ကျန်တာတွေ လျှောက်မတွေးနဲ့”

ကျိုးဖန်ဟာ သူ့ဒေါသကို ဖိနှိပ်ပြီး အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ပါတယ်။

....

ရွှင်ချန်အန်းဟာ အချစ်ဘေးဒုက္ခကို ဖြေရှင်းပြီးကတည်းက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါတယ်။ သူ့အရည်အချင်းကလည်း လုံးဝပေါ်ထွက်လာပါတယ်။

ဗုဒ္ဓဂိုဏ်းကို ဒီလောက်ထိ အလေးထားစေမှတော့ ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်းက မရိုးရှင်းတာ အထင်ရှားကြီးပါ။ ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုအလျင်က ဆတိုး တိုးတက်လာလိုက်တာ ခြေတစ်လှမ်း မိုင်တစ်ထောင် ခရီးနှင်သလိုပါပဲ။

ဒါပေမဲ့လည်း ဟန်ကျွယ် လက်အောက်မှာ အရည်အချင်းအရှိဆုံးက လုံဟောင် ဖြစ်နေတုန်းပါ။ လုံဟောင်ပြီးရင်တော့ ချူရှီရန်နဲ့ မုရုံချီပါ။ချူရှီရန်ဟာ ကျင့်ကြံရတာကို မနှစ်မြို့တာကြောင့် မကြာခဏဆိုသလို အာရုံထွေပြားပါတယ်။ မုရုံချီရဲ့ အရည်အချင်းကျတော့ တဖြည်းဖြည်း ပိုပိုကောင်းလာပါတယ်။ ကြည့်ရတာ ရှန်နန်းတော်ရဲ့ စစ်နတ်ဘုရားက လုံးဝနိုးထတော့မဲ့ပုံပါပဲ။

လုံဟောင်ဟာ ဟန်ကျွယ်သင်ပေးမဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားကို ခပ်မြန်မြန်ပဲ တက်မြောက်သွားပါတယ်။ ဒီလိုအရည်အချင်မျိုးက ယုတ္တိမဆန်လှပါဘူး။

ဟန်ကျွယ်ဟာ ထပ်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်၊ ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်တို့ဟာ အပြင်ထွက်ပြီး လေ့ကျင့်ကြပါတယ်။ သူတို့ကျင့်ကြံမှုအဆင့်ကလည်း တိုးတက်လာကြပါတယ်။ ဟန်ကျွယ်ရဲ့ ကောင်းကင်ရုပ်သေးရုပ် ရှိနေတာကြောင့် သူတို့အတွက် ဒီကြက်သွေးရောင် တိမ်ကမ္ဘာဟာ ဥယျာဉ်တစ်ခုလိုပါပဲ။ ဘာအန္တရာယ်မှကို မတွေ့ကြုံရပါဘူး။

ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ နောက်ဆုံးအဆင့်ကို ထိုးဖောက်ရတာက ဟန်ကျွယ် ထင်ထားတာထက် အများကြီး ပိုခက်ပါတယ်။

နှစ်လေးဆယ်ကြာတော့မှာပဲ ဟန်ကျွယ်ဟာ အဆင့်တက်နိုင်ပါတော့တယ်။

ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ နောက်ဆုံးအဆင့်။

ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအား ထိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို အနိုင်ယူဖို့ ငါးမိနစ်ပဲ ကြာပါတော့တယ်။ ဗိုလ်ချုပ်ချန်ဖောင်ကိုတော့ ဟန်ကျွယ် မနိုင်သေးပါဘူး။ နဂါးနိုင်ဗုဒ္ဓနဲ့ တိုက်ခိုက်တဲ့အခါမှာတော့ သတ်ဖို့ကြာချိန်က အတော်လေး လျော့ကျသွားပါတယ်။

ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေတယ်ဆိုပေမဲ့ သူ့တိုက်ခိုက်စွမ်းအားကလည်း တိုးတက်လျက်ပါ။

တိထိုက်ပိုင်၊ ဗိုလ်ချုပ်ချန်ဖောင်နဲ့ နဂါးနိုင်ဗုဒ္ဓတို့က ဟန်ကျွယ်ရဲ့ လေ့ကျင့်ဖော်တွေ ဖြစ်လာကြပါတယ်။ သူတို့သုံးယောက်နဲ့ တိုက်ခိုက်တာက ဟန်ကျွယ်ကို အမတနတ်ဘုရားတွေနဲ့ ဗုဒ္ဓဂိုဏ်းကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ အတွေ့အကြုံရစေပါတယ်။

သေမျိုးကမ္ဘာက ကျင့်ကြံသူတွေနဲ့ မတူတာက အမတတွေမှာ ရတနာမျိုးစုံရှိပါတယ်။ သေမျိုးကမ္ဘာမှာ မန္တန်နဲ့ ဆန်းကြယ်စွမ်းအားတွေက ရတနာတွေ ပိုပြီးတော့ အသုံးကျပါတယ်။ ဒါပေမဲ့ အမတကမ္ဘာမှာတော့ ရတနာတွေက တစ်ခါတစ်လေကျရင် ဆန်းကြယ်စွမ်အားထက်တောင် ပိုအားကြီးပါသေးတယ်။

ဥပမာပေးရင် နဂါနိုင်ဗုဒ္ဓရဲ့ တောင်ဝှေးက အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဟန်ကျွယ်ဟာ ဒီတောင်ဝှေးရိုက်ချက်နဲ့ဆိုရင် ကြက်သွေးရောင်တိမ်ကမ္ဘာတစ်ခုလုံး တစ်ခဏချင်း ပြာအတိကျသွားမယ်လို့ ခံစားလိုက်ရပါတယ်။

အသွင်တူလက်ရည်စမ်းပွဲထဲမှာ လက်ရည်စမ်းပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးပါတယ်။

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် နဂါးအမတကျွန်းသည် နှစ်တစ်သောင်းတွင် ကြုံတွေ့ခဲရလှသော ပင်လယ်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်ရန်သူ ကောင်းကင်ဒေါသဗုဒ္ဓသည် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်ရန်သူ နဂါးနိုင်ဗုဒ္ဓသည် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ရှန်ဗုဒ္ဓတစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သေလုမျောပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာပင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ဘုံပျံတက်သွားခဲ့သည်။]

[သင့်အိမ်မွေးသားရဲ ပဋိပက္ခကောင်းကင်ခွေးသည် သေမျိုးကမ္ဘာမှ ထွက်ခွာသွားသည်။]

[သင့်တပည့် ထူလင်းအာသည် မဟာမှော်ဆရာ၏ ဆန်းကြယ်စွမ်းအားတစ်ပါး နိုးထလာခဲ့သည်။]

ရှန်စစ်သူကြီးအပေါ်ထားရှိတဲ့ ဟန်ကျွယ်ရဲ့ မျက်နှာသာပေးမှုက တဟုန်ထိုး ထိုးတက်သွားပါတယ်။

‘ကောင်းကင်ရုံးတော်ရဲ့ နံပါတ်တစ် တိုက်ခိုက်ရေးသမားလို့ မပြောရဘူး၊ ကောင်းကင်ဒေါသဗုဒ္ဓနဲ့ နဂါးနိုင်ဗုဒ္ဓကိုတောင် တိုက်ခိုက်ရဲတယ်၊ ကြည့်ရတာ ရှန်စစ်သူကြီးက အမတဧကရာဇ်တွေကြားထဲမှာ တော်တော်စွမ်းအားကြီးပုံပဲ’

‘ကောင်းကင်ဧကရာဇ်ကလည်း ငါ့အတွက်နဲ့ ဗုဒ္ဓဂိုဏ်းကို လုံးဝရန်စတော့မလို့လား... ကြည့်ရတာ ခံရတာများလွန်းလို့ ကောင်းကင်ဧကရာဇ်လည်း ပေါက်ကွဲထွက်တော့မယ်နဲ့တူတယ်’

ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို တော်တော်လေး ချစ်သွားပါတယ်။ ဟန်ကျွယ် ကောင်းကင်ရုံးတော်ထဲ ဝင်တာကလည်း ဒီလိုမျိုး ကာကွယ်မှုကို လိုချင်လို့ပါပဲ။ ဟန်ကျွယ်ဟာ စိတ်ကောင်း ဝင်သွားပါတယ်။

တစ်ခြားသူတွေရဲ့ အဖြစ်အပျက်ကိုတော့ ဟန်ကျွယ်က သိပ်ဂရုမစိုက်ပါဘူး။ ဒီအထဲမှာ ပဋိပက္ခကောင်းကင်ခွေး သေမျိုးကမ္ဘာကနေ ထွက်ခွာသွားတာလည်း ပါပါတယ်။

ကံတရား အထောက်အပံ့ရှိတဲ့ သားရဲတစ်ကောင်သေဖို့ဆိုတာ ကောင်းကင်ကို ခြေတစ်လှမ်းတည်း တက်ဖို့ထက် ပိုခက်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်ကို ကြုံတွေ့ရင်တောင် အများဆုံး အဖမ်းခံရရုံပါ။

ခုနစ်လ ရှစ်လအကြာမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပါတယ်။

ဒီတစ်ခါမှာတော့ လီယောင်က မြို့ကနေ ထွက်ခွာပြီး တောအုပ်တစ်အုပ်ထဲမှာ ပုန်းအောင်း ကျင့်ကြံနေတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ အေးချမ်းတိတ်ဆိတ်ပြီး သာယာလှပလွန်းတဲ့ တောတောင်ရေမြေနဲ့ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ကာ တရားထိုင်နေတဲ့ လီယောင်တို့ဟာ ရှုမငြီးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။

လီယောင်ဟာ အဆင့်တွေကို ဆက်တိုက်ချိုးဖောက်နေတာကြောင့် ဒီနှုန်းအတိုင်းဆက်သွားရင် နှစ်ငါးဆယ်အတွင်း မြေအမတတစ်ပါး ဖြစ်လာမှာပါ။

ဟန်ကျွယ်ဟာ လီယောင်နေတဲ့ သေမျိုးကမ္ဘာကို စိတ်ဝင်စားလာပါတယ်။

‘ဒီသေမျိုးကမ္ဘာက အမတကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုလား’

ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို ကောင်းကင်ကိုးလွှာရေစင်ထဲ စေလွှတ်ပြီး အရပ်ဆယ်မျက်နှာကို စစ်ဆေးတဲ့အခါမှာတော့ သက်ရှိအများစုက ကောင်းကင်ဘုံဝင် အဆင့်အောက်မှာ ရှိနေပြီး ချီသန့်စင်ခြင်း ကျင့်ကြံသူတွေကလည်း မရေတွက်နိုင်အောင် များပြားလှတာကြောင့် လီယောင်နေတဲ့ကမ္ဘာက သေမျိုးကမ္ဘာစစ်စစ် ဖြစ်တယ်လို့ ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။

အမတကမ္ဘာမှာ ဘယ်လောက်ပဲ အားနည်းပါစေအုန်းတော့၊ ချီသန့်စင်ခြင်း ကျင့်ကြံသူဆိုတာ လုံးဝရှိမှာ မဟုတ်ပါဘူး။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ မဟာညီညွှတ်မှု မြေအမတတစ်ပါးနဲ့ ‌ရောင်ဝါကို အာရုံခံမိလိုက်ပါတယ်။

‘ဒီသေမျိုးကမ္ဘာက တော်တော်စွမ်းအားကြီးတာပဲ၊ မဟာညီညွှတ် မြေအမတကိုတောင် ပေါ်တင်နေထိုင်ဖို့ ခွင့်ပြုထားတယ်’

ဒါပေမဲ့ ဒီမဟာညီညွှတ်မှု မြေအမတက အလွန်မြင့်မားတဲ့ အဆင့်အတန်း ရှိပါတယ်။ သူက ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ မဟာအကြီးအကဲပါ။ ဒီဂိုဏ်းကြီးက တပည့်သိန်းချီရှိပြီး တပည့်တစ်ဦးချင်းရဲ့ ပျမ်းမျှစွမ်းအားက ယွီဂျင်ဂိုဏ်းတော်ကြီးထက် အဆပေါင်းများစွာ သာလွန်ပါတယ်။

ဟန်ကျွယ်ဟာ အတော်ကြာလိုက်ကြည့်ပြီးမှာ နတ်အာရုံကို ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လီယောင်ကို စိုက်ကြည့်ပြီး အတွေးနစ်သွားပါတယ်။

ဒီအချိန်မှာပဲ ဝူတောက်ကျန့်ရဲ့အသံကို ဟန်ကျွယ် ကြားလိုက်ပါတယ် “သခင်... ဘာလို့ သူ့ကို ထပ်ကြည့်နေတာလဲ၊ သခင် သူ့ကို ဘယ်လိုတွေးလဲ၊ သခင် သူ့ကို ဒီနေရာဆီ ခေါ်ချင်လို့လား” ဝူတောက်ကျန့်ရဲ့အသံဟာ မနာလိုဝန်တိုဖြစ်နေကြောင်း ထင်ရှားလှပါတယ်။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “သူက မရိုးရှင်းဘူး၊ သူ့အောင်မြင်မှုက ဘယ်လောက်ထိ မြင့်မားမလဲဆိုတာက မြင်ချင်ရုံပါ”

ဟန်ကျွယ်ဟာ လီယောင်ခန္ဓာကိုယ်ထဲကနေ ထူးဆန်းတဲ့စွမ်းအားတစ်မျိုးကို အာရုံခံမိပါတယ်။ ဒီစွမ်းအားက ဟန်ကျွယ်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေမဲ့ လီယောင်ကိုတော့ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့အင်အား ပေးထားပါတယ်။

ဝူတောက်ကျန့်ဟာ ဟန်ကျွယ် လိမ်နေတယ်လို့ ခံစားရတာကြောင့် နှာခေါင်းရှုံ့လိုက်ပါတယ်။

ငါးမိနစ်အကြာမှာတော့ ဟန်ကျွယ်ဟာ အိပ်ရာပေါ် ပြန်ထိုင်ပြီး ကောင်းကင်တာအို တိုကင်ကို ထုတ်ယူ စစ်ဆေးလိုက်ပါတယ်။

ဒီအတောအတွင်း ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ အဆင့်က ထပ်မတက်ဘဲ အဆင့် ၁၈၀၀ ဝန်းကျင်မှာ ရစ်ဝဲနေတာကြောင့် ဟန်ကျွယ်ကို အတော်လေး သက်သာရာ ရသွားစေပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော် လက်အောက်မှာရှိတဲ့ သေမျိုးကမ္ဘာက ပိုတိုးလာတာကို တွေ့လိုက်ရပါတယ်။ အနိမ့်ဆုံး သေမျိုးကမ္ဘာအဆင့်က ၁၀,၀၇၈ ပါ။ ဒီတိုးလာတဲ့ သေမျိုးကမ္ဘာတွေကို အမတနတ်ဘုရားတွေက ဖန်တီးတာလား ဒါမှမဟုတ် သူများဆီက ဓားပြတိုက်လာတာလားတို့ ဟန်ကျွယ်လည်း မသိပါဘူး။

“ဟန်ကျွယ် ထွက်လာခဲ့အုန်း”

အသံတစ်သံဟာ ဟန်ကျွယ် နားထဲ ဝင်လာပါတယ်။ ဒီအသံက တိထိုက်ပိုင်ရဲ့ အသံပါ။ တိထိုက်ပိုင်ရဲ့အသံဟာ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ အထက်ကနေ လာတာ ဖြစ်ပါတယ်။

‘တိထိုက်ပိုင်က ငါ့ဆီဘာလို့ မလာတာလဲ’

ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပြီး အသွင်တူလက်ရည်စမ်းပွဲနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တဲ့အခါမှာ မီးဧကရာဇ် မရှိတော့တာကို တွေ့လိုက်ရပါတယ် ‘ဘာဖြစ်သွားတာလဲ’

ဟန်ကျွယ်ဟာ တိထိုက်ပိုင် အစစ် ဟုတ်မဟုတ် သေချာစစ်ဆေးပြီး အစစ်ဖြစ်မှန်း သေချာတော့မှာ ထွက်တွေ့ပါတယ်။

ဟန်ကျွယ်နဲ့ တိထိုက်ပိုင်ဟာ ဟင်းလင်းပြင်မှာ တွေ့ဆုံကြပါတယ်။

တိထိုက်ပိုင်ဟာ မျက်နှာအကြီးအကျယ် ပျက်နေပြီး မျက်နှာတစ်ခုလုံး မည်းမှောင်နေပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မီးဧကရာဇ် ဘယ်ရောက်သွားလဲ”

တိထိုက်ပိုင်က ပြန်ဖြေပါတယ် “မီးဧကရာဇ်က ကောင်းကင်ရုံးတော်ကို သစ္စာဖောက်သွားပြီ၊ ဒီကိစ္စက ဗိုလ်ချုပ်ချန်ဖောင်နဲ့ ဆက်နွှယ်နေတယ်”

‘သစ္စာဖောက်သွားတာလား’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မီးဧကရာဇ်က သူလျှိုဆိုရင် နဂါးနိုင်ဗုဒ္ဓကို ဘာလို့ တစ်စက်ကလေးတောင် အလျှော့မပေးဘဲ ခုခံရဲတာလဲ’

“ဗိုလ်ချုပ်ချန်ဖောင်က ကောင်းကင်းအကျဉ်းထောင်ထဲမှာ မကြာသေးခင်ကပဲ အမတဧကရာဇ် ဖြစ်လာတယ်၊ ရှန်စစ်သူကြီးမရှိတုန်း သူက ကေင်းကင်ရုံးတော်ကို အားနည်းစေချင်နေတာပဲ၊ အမတနဲ့ နတ်ဘုရားတွေကလည်း သူ့ကို ကူညီကြတယ်”

ဟန်ကျွယ်က ရင်ထိတ်စွာ မေးလိုက်ပါတယ် “အရှင်မင်းကြီးကရော ဘယ်မှာလဲ”

‘နှစ်လေးငါးရာပဲ ရှိသေးတယ်၊‌ နောက်တစ်ယောက်က ကောင်းကင်ရုံးတော်ကို ပြဿနာ ထပ်ရှာပြန်ပြီလား’

‘ဗိုလ်ချုပ်ချန်ဖောင်က ဘယ်လိုလုပ်ပြီး အကျဉ်းထောင်ထဲမှာ အမတဧကရာဇ် ဖြစ်သွားတာလဲ၊ ကောင်းကင်အကျဉ်းထောင်က အဆင့်တက်စေတဲ့ မြေအောက်ခန်းမို့လို့လား’

တိထိုက်ပိုင်က ပြုံးပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီးက ကိုယ်တိုင်လှုပ်ရှားတာပေါ့၊ ဗိုလ်ချုပ်ချန်ဖောင်ကို လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်ပြီး သူ့ခန္ဓာကိုယ်ကို ကောင်းကင်ခန်းမမှာ ချုပ်နှောင်ထားလိုက်ပြီ၊ သူ့ဝိညာဉ်ကိုတော့ သေမျိုးကမ္ဘာဆီ ပစ်ချလိုက်ပြီ”

‘အမတဧကရာဇ်ကို လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်တာလား၊ ကောင်းကင်ဧကရာဇ်က ငါထင်တာထက် စွမ်းအားနည်းနည်း ပိုကြီးနေပါလား’

ဟန်ကျွယ်က ချက်ချင်း ပြောလိုက်ပါတယ် “သူ့ကို ကြက်သွေးရောင်တိမ်ကမ္ဘာမှာ ပြန်မဝင်စားစေနဲ့”

ဟန်ကျွယ်ဟာ ဒီရန်သူဖြစ်နိုင်ချေ အလားအလာအရမ်းများတဲ့လူနဲ့ ခပ်ဝေးဝေးမှာပဲ နေချင်ပါတယ်။

“မဝင်စားခိုင်းပါဘူး” တိထိုက်ပိုင်ဟာ မျက်လုံးပင့်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် တိထိုက်ပိုင်က ဟန်ကျွယ်ကို မေးလိုက်ပါတယ် “မင်း ဂျိရှင်းရှန်ကို မှတ်မိသေးလား”

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်နာမည်ကို ကြားလိုက်ရတဲ့အခါ ရင်ထဲမှာ စိုးရိမ်စိတ်ဝင်သွားပြီး ချက်ချင်း မေးလိုက်ပါတယ် “သူ ဘာဖြစ်လို့လဲ၊ သူ အပြစ်လုပ်ရင် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော်၊ ကျွန်တော် သူ့ကို ဘာမှမလုပ်ခိုင်းထားဘူး”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters