ဒီမြင်ကွင်းကတစ်ခုခုမူမမှန်သလိုပဲ
Vol. 11 Ch. 157
အခန်း (၁၅၇) ဒီမြင်ကွင်းကတစ်ခုခုမူမမှန်သလိုပဲ
လမ်းတစ်လျှောက် လမ်းလျှောက်လာရင်း ကျန်းယောင်က ရှဲ့ယိုချန်ကို အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။
“ဒါနဲ့... ဂိုဏ်းတူအစ်မ ‘ရှဲ့’ ၊ စောစောက ဂိုဏ်းတူအစ်ကို’ရွမ့်’ လုပ်ခဲ့တဲ့အလုပ်တွေကို ဂိုဏ်းတူအစ်မက ဘာလို့ ကိုယ်စား ဝင်ခံပေးရတာလဲ”
ရှဲ့ယိုချန်က ပြုံးလိုက်ရင်း...
“မောင်လေး’ရန်’က မင်းတို့ငါတို့ရှေ့မှာ ရယ်ရယ်မောမောနဲ့ သဘောကောင်းတယ်ဆိုပေမယ့် သူက မျက်လုံးထဲဖုန်မှုန့်ဝင်တာကို သည်းခံတတ်တဲ့ လူစားမျိုးမဟုတ်ဘူး ၊ ဂိုဏ်းတူမောင်လေး’ရွမ်’က သူ့ကိုရန်စတယ်ဆိုရင် သူကလည်း လက်တုံ့ပြန်မှာပဲ”
“အဲဒီလိုပဲ ၊ ဂိုဏ်းတူမောင်လေး’ရွမ်’ကလည်း အေးသယောင်ထင်ရပေမယ့် အရမ်းမာနကြီးပြီး ယှဉ်ပြိုင်လိုစိတ် မြင့်မားတယ် ၊ ဒီတော့ သူနဲ့ မောင်လေး’ရန်’ ထိပ်တိုက်တွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ ၊ ငါသာ ဝင်ပြီးကာကွယ်မပေးရင် သူတို့ (၂)ယောက် ထိပ်တိုက်ရင်ဆိုင်တဲ့အထိ ဖြစ်သွားလိမ့်မယ်”
“ငါတို့ဂိုဏ်းက နေသူတော်စင်ဂိုဏ်းနဲ့ ဝါဒတောင်ဂိုဏ်းကြားက ပဋိပက္ခတွေမှာ ဝင်မပါချင်ဘူးလေ ၊ ငါက သူတို့ (၂)ယောက်လုံးမှာ ဘယ်သူ့ဘက်မှ မလိုက်ပါဘူး ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းသားတစ်ယောက်က ရန်ကျောက်ကဲကို အရင်စပြီး ရန်စတာမျိုးက မဖြစ်သင့်ဘူးလေ ၊ ပြဿနာမဖြစ်အောင်လုပ်လိုက်တာ အကောင်းဆုံးပဲ မဟုတ်လား ၊ မဟုတ်လို့ကတော့ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
ကျန်းယောင်က ခေါင်းညိတ်ရင်း...
“ဒါကြောင့် ဂိုဏ်းတူအစ်မ’ရှဲ့’က ဂိုဏ်းတူအစ်ကို’ရွမ်’ကိုယ်စား အပြစ်ဝင်ခံလိုက်တာပေါ့”
ရှဲ့ယိုချန်က ပြုံးလိုက်ရင်း...
“မောင်လေး’ရန်’ ကလည်း နားလည်မှုရှိတဲ့သူပါ ၊ သူက အမှန်တရားကို ဖုံးကွယ်တတ်တဲ့သူ မဟုတ်ပေမယ့် ငါ့မျက်နှာကိုထောက်ပြီး ငါ့သဘောအတိုင်း လက်ခံပေးမှာပါ ၊ တခြားသူလုပ်တယ်ဆိုတာသိပေမယ့် အဲဒီကိစ္စကို ဆက်စုံစမ်းမှာ မဟုတ်ဘူး”
“နားလည်ပါပြီ”
ကျန်းယောင်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။
“ဂိုဏ်းတူအစ်မ ဒီလောက်ကြိုးစားပေးတာကို ဂိုဏ်းတူအစ်ကို’ရွမ်’ နားလည်နိုင်ဖို့ မျှော်လင့်ပါတယ်”
ရှဲ့ယိုချန် သက်ပြင်းချလိုက်ရင်း...
“မျှော်လင့်ပါတယ်လေ”
သူတို့အဖွဲ့ ကျွန်းပေါ်သို့ ရောက်ရှိလာကြပြီး ရန်ကျောက်ကဲက ကျွန်းပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုအပြည့်ဖြင့် ဂရုတစိုက် အကဲခတ်သည်။
ကျွန်းပေါ်တွင် ဝါးရုံတောများဖြင့် ပြည့်နက်နေပြီး ရာသီဥတုအခြေအနေကတော့ ကြည်လင်လျှို့ဝှက်ကျွန်းပေါ်မှ ရာသီဥတုအတိုင်းပင် ဖြစ်သည်။ သို့သော် ကျွန်းမြေနေရာက သေးငယ်ပြီး ကြည်လင်လျှို့ဝှက်ကျွန်း၏ အစွန်အဖျားမျှသာ ရှိသည်။
ထို ဖီရှီုးဆိုသည့်သတ္တဝါကို ရန်ကျောက်ကဲ တစ်ခါမှ မျက်စိဖြင့် မမြင်တွေ့ခဲ့ဖူးပေ။
ပန်းချီကားများထဲတွင် တွေ့မြင်ဖူးသော်လည်း တကယ်တမ်း မျက်မြင်ကိုယ်တွေ့ မဆုံဖူးသည့်အတွက် တွေ့မြင်ဖူးသည်ဟု မဆိုသာပေ။ ဤကမ္ဘာပေါ်တွင် ထူးခြားသည့်သားရဲများ အသင်္ချေတမျှ များပြားသလို ရန်ကျောက်ကဲ မသိရှိသည့် သားရဲများလည်း များစွာရှိသည်။
သို့သော် ဖီရှိုးသတ္တဝါအကြောင်းကိုတော့ ရန်ကျောက်ကဲ ကြားဖူးနားဝသာရှိသည်။
“ထိုသတ္တဝါ၏ ခန္ဓာကိုယ်က ဆင်တစ်ကောင်ပမာ ကြီးမားပြီး အလွန်ငြိမ်သက်ကာ လှုပ်ရှားရန် ဆန္ဒမရှိပေ။ စိတ်ထားယဉ်ပါးပြီး ဒေါသကြီးခြင်းမရှိ ၊ စွမ်းအား အလွန်ကြီးမားပြီး အဆုံးမရှိပြင်းထန်သော်လည်း အလွန်အပြင်းထူသည်”
ဆိုသည့် ကောလဟလများပင် ဖြစ်သည်။
ကြည်လင်လျှို့ဝှက်ရေကန်မှ သတင်းပို့ချက်အရ ရောက်ရှိလာသည့် ဖီရှိုးကောင်သည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးကြောင်း သိရှိရသည်။ သို့တိုင် သူ၏ စွမ်းအားက သာမန်သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ကောင်းကောင်း ယှဉ်နိုင်သည်။
ဖီရှီုးကောင်က ယဉ်ပါးသတ္တဝါဖြစ်သော်လည်း အစားပုတ်သည့် အကျင့်ဆိုးတစ်ခု ရှိသည်။ ခန္ဓာကိုယ်ကလည်း ကြီးမားလေရာ အစားအသောက်များကို အထိန်းအကွပ်မရှိဘဲ တစ်ဖြဲနှစ်ဖြဲ စားသောက်လေ့ရှိသည်။
သူ့ကိုသာ မထိန်းချုပ်နိုင်ပါက နယ်ကျော်ပြီးဝင်ရောက်လာသည့် ကျိုင်းကောင်များပမာ နေရာတစ်ခုလုံးရှိ စားစရာများအားလုံးကို ကိုက်ဖြတ်စားသောက်ဖွယ်ရှိသည်။
ကြည်လင်လျှို့ဝှက်ရေကန်ထက်ရှိ နေရာအားလုံးတွင် ဝိညာဉ်စွမ်းအားများ စီးဆင်းနေပြီး သစ်ပင်တိုင်းမြက်ပင်တိုင်းသည်ပင် အစီအရင်များနှင့် ချိတ်ဆက်ထားသည်။
ကျွန်းငယ်လေးတစ်ကျွန်းပေါ်တွင် ဖီရှီုးတစ်ကောင်ရောက်နေခြင်းကြောင့် အစီအရင်က ပျက်စီးမသွားနိုင်သော်လည်း ထိုသတ္တဝါ တစ်ချိန်လုံးစားသောက်နေခြင်းက မလှပနိုင်ပေ။
ထို့ကြောင့် ဖီရှီုးကောင်ကို ရှာဖွေတွေ့ရှိသော တပည့်ငယ်လေးက လှိုင်းနက်ဂေဟာကို သတင်းပေးခဲ့သည်။ ထိုသတင်းကို ရရှိပြီးနောက် ပြဿနာကိုဖြေရှင်းရန် ဂိုဏ်းက ရှဲ့ယိုချန်ကို တာဝန်ပေးခြင်း ဖြစ်သည်။
ကျွန်းပေါ်တွင်ရှိနေသည့် တပည့်ငယ်က ရှဲ့ယိုချန် ၊ ကျန်းယောင်တို့နှင့်အတူ ရန်ကျောက်ကဲနှင့် အားဟူကိုပါ တွေ့လိုက်သည့်အခါ အနည်းငယ်ထိတ်လန့်သွားသည်။ သို့သော် သူက အခြေအနေကို ချက်ချင်း ရှင်းပြသည်။
မကြာမီ ရန်ကျောက်ကဲတို့အုပ်စု ကျွန်းပေါ်ရှိ ဝါးရုံတောနက်ထဲသို့ ဝင်ရောက်သွားကြသည်။
တောအုပ်ကို ဖြတ်သန်းသွားရင်း ဝါးပင်များက အမြင်အာရုံကို အဆက်မပြတ် ဖုံးကွယ်နေကြောင်း တွေ့ရသည်။ ရုတ်တရက် သူတို့ရှေ့တွင် ဝေဝေဝါးဝါး ဖုံးကွယ်ထားသည့် သက်ရှိတစ်ကောင်၏ ဖြစ်တည်မှုကို အာရုံခံလိုက်မိသည်။
ရန်ကျောက်ကဲနှင့် အခြားသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး...
“အဲဒါ ဖီရှိုးထင်တယ်”
ရန်ကျောက်ကဲ ၊ အားဟူနှင့် အခြားသူများ မျက်နှာအမူအရာ ပြောင်းလဲသွားကြပြီး...
“ဒီကောင်ကြီး ဘာလှည့်ကွက်တွေသုံးနေတာလဲ”
ဝါးရုံတောနက်အတွင်းမှ ကြီးမားသော ဝိညာဉ်စွမ်းအား အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေပြီး ကျွန်းတစ်ခုလုံးမှ ဝိညာဉ်စွမ်းအားများကို ဆွဲငင်နေကာ ဧရာမရေဝဲကြီးတစ်ခုအလား လှည့်ပတ်နေသည်။
ရန်ကျောက်ကဲက ခေါင်းကိုမော့ကာ အရှေ့ဆီမှ တိမ်တိုက်များဖုံးလွှမ်းနေသည့် နေရာကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတစ်ခုလုံး တုန်လှုပ်နေသည်ကို တွေ့ရပြီး ဤအဖြစ်အပျက်က ကျွန်ငယ်တစ်ခုလုံးကို အကြီးအကျယ် ထိခိုက်စေသည်။
အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...
“ကြည့်ရတာ အဲဒီ ဖီရှိုးက ကျင့်ကြံခြင်းအဆင့်တက်တော့မှာထင်တယ်”
ရန်ကျာက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“အဲဒီလိုမျိုး ဖြစ်နိုင်တယ်”
ရှဲ့ယိုချန်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရင်း...
“ဘာဖြစ်နေတာလဲဆိုတာ စူးစမ်းကြည့်ရအောင် ၊ အဆင်ပြေရင်တော့ သူအဆင့်တက်တာကို မနှောက်ယှက်တာ အကောင်းဆုံးပါပဲ”
သူတို့အုပ်စု ဝါးရုံတောကို ဖြတ်သန်းလာပြီး ရှင်းလင်းကျယ်ပြန့်နေသည့် မြေကွက်လပ်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာ ရောက်ရှိသွားသည်။ ထိုမျှ ရှင်းလင်းနေသည်မှာ ဖီရှိုးကောင် စားသောက်ထားသောကြောင့်ဖြစ်သည်မှာ ပြောနေစရာ မလိုတော့ပေ။
ရှင်းလင်းနေသည့် ကွက်လပ်အလယ်တွင် ဧရာမအလင်းတန်းကြီးတစ်ခု တွေ့မြင်ရပြီး မျက်လုံးများကိုပင် ကျိန်းစပ်သွားစေသည်။
ထိုအလင်းတန်းကြီးက အနက်နှင့်အဖြူရောယှက်ဖွဲ့စည်းထားသည်။ အနီးကပ်ကြည့်မည်ဆိုလျှင် အနက်ရောင်က နက်မှောင်သည့်ရေပမာဖြစ်ပြီး အဖြူရောင်ကတော့ အဖြူရောင်မီးတောက်အလား ဖြစ်သည်။ ဒြပ်စင်နှစ်ခုသည် အတူတကွ လျင်မြန်စွာ လှည့်ပတ်သွားကာ ဖီရှိုးပတ်ပတ်လည်တွင် ကြီးမားသော စက်ဝန်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
အဖြူရောင်နှင့်အနက်ရောင်အလင်းတန်းနှစ်ခုက အဆက်မပြတ် တောက်ပနေပြီး ရေနှင့်မီး ဆန့်ကျင်ဘက်အရာနှစ်ခု ထိပ်တိုက်တွေ့ကာ ပုံမှန်မဟုတ်သည့် လိုက်လျောညီထွေမှုဖြင့် သဟဇာတဖြစ်လျှက် ရှိသည်။
ထိုမြင်ကွင်းကိုတွေ့သည့်အခါ ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“အင်း... မဆိုးဘူး မဆိုးဘူး ၊ ယင်နဲ့ယန်က မိုးနဲ့မြေမှာ ရောယှက်ပြီး ဒီလောကရဲ့ သဘာဝနိယာမတွေကို ပိုင်ဆိုင်ထားတယ် ၊ တကယ့်ကိုထူးထူးခြားခြားပါပဲ ၊ ဒီကမ္ဘာမှာ မရေမတွက်နိုင်တဲ့ သားရဲတွေရှိပေမယ့် ဒီဖီရှိုးကောင်ကတော့ တကယ်ထူးခြားတာပဲ”
ထို့နောက် ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်းတည်ငြိမ်လာသော်လည်း ပိုမိုအားကောင်းလားသည်။ ဖီရှိုး အဆင့်တက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
မကြာမီ လျှင်မြန်စွာလှည့်ပတ်နေသည့် အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ တဖြည်းဖြည်းလျော့ပါးသွားပြီး ဒဏ္ဍာရီလာ ရှားပါးသားရဲကြီး၏ ပုံသဏ္ဌန်ထွက်ပေါ်လာသည်။
သို့သော် ထိုသတ္တဝါကြီးကိုကြည့်ပြီး ရန်ကျောက်ကဲမှာ ခေါင်းများပင် မူးချင်လာသည်။
“အဲဒါ ဘာကောင်ကြီးလဲ... အစ်မ ၊ အဲဒါ ဒဏ္ဍာရီလာ ဖီရှိုးသတ္တဝါလား”
ရန်ကျောက်ကဲက သူ့ဘေးနားမှ ရှဲ့ယိုချန်ကို မေးလိုက်သည်။
ရှဲ့ယိုချန်က ခေါင်းညိတ်လိုက်ရင်း...
“အမှန်ပဲ ၊ ဒီသားရဲက အရမ်းရှားပါးတယ် ၊ ငါတို့ ရေကန်နယ်မြေနဲ့ မီးနယ်မြေကြားက နယ်နိမိတ်မှာပဲ တွေ့ရလေ့ရှိတယ် ၊ မင်းတို့ကောင်းကင်နယ်မြေမှာ လုံးဝမရှိဘူး ၊ အရင်က ပုံတူပန်းချီမြင်ဖူးတယ်ဆိုရင်တောင်မှ အခု မင်းရှေ့မှာရှိနေတာက တကယ့်အစစ်ပဲ”
“ဒီလိုရှားပါးသားရဲကို မမွေးချင်ဘူးလား မောင်လေး’ရန်’”
ရှဲ့ယိုချန်က...
“အေးလေ... မေးနေစရာတောင် မလိုပါဘူး”
ရန်ကျာက်ကဲ ခေါင်းများမူးဝေနေဆဲ ဖြစ်သည်။
သူ့အကြည့်များက ခန္ဓာကိုယ်က ဆင်ပေါက်ပမာကြီးထွားပြီး ယခုမှ ကြီးကောင်ဝင်စ သတ္တဝါကြီးသည် အလွန်ကြီးမားသည့် ပန်ဒါဝက်ဝံကြီးတစ်ကောင် ဖြစ်သည်မှာ ထင်ရှားသည်။
ဒဏ္ဍာရီလာ ဖီရှိုးသတ္တဝါက ပန်ဒါကြီးတဲ့လား...။
သူတို့ (၄)ယောက်တွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးက ကျန်းယောင် ဖြစ်သည်။
သူမက သူတို့ရှေ့မှ သားရဲကြီးကို သေသေချာချာ ကြည့်လိုက်ရင်း...
“ဒီအကောင်က နည်းနည်းသေးပေမယ့် ခွန်အားအတော်ကြီးတယ် ၊ ဒါကြောင့် တောင်ပေါ်က ရွာတွေမှာ သူ့ကို နတ်သားရဲအဖြစ် ကိုးကွယ်ကြတာ”
“ဒါကြီးက နတ်သားရဲ ဟုတ်လား”
ရန်ကျောက်ကဲ မေးလိုက်စဉ် အားဟူက တည်ကြည်လေးနက်သည့်အသံဖြင့်...
“သခင်လေး ၊ ဒီကောင်ကြီးက အတော်သန်မာတာပဲ ၊ သူသာ အားကုန်သုံးတိုက်ခိုက်မယ်ဆိုရင် ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင်ကို ကောင်းကောင်းအနိုင်ယူနိုင်တယ်”
ငိုရမလို ရယ်ရမလိုဖြစ်နေသည့် ရန်ကျောက်ကဲမှာ တည်ငြိမ်ဟန်ဆောင်ပြီး ခေါင်းညိတ်လိုက်သည်။
“အင်း... ဟုတ်တယ် ၊ ဒါလည်း ဖြစ်နိုင်တယ် ၊ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ တစ်ခါမှ တွေးမထားဖူးဘူး”
သူ့ရှေ့မှ ဧရာမပန်ဒါကြီးကိုကြည့်ရင်း သတိပြန်ဝင်လာသည့် ရန်ကျောက်ကဲမှာ စိတ်ဓာတ်ကျသလို ခံစားနေရသည်။
ပန်ဒါအကြီးကြီး... အဲလေ... ဒဏ္ဍာရီလာဖီရှိုး...။
သူတွေးထင်ထားသည့် ဖီရှိုးသတ္တဝါနှင့် သူ့ရှေ့မှ ပန်ဒါကြီးက အတော်လေး ကွာခြားသော်လည်း ထိုအကောင်က အလွန် ချစ်စရာကောင်းသည်ပင်။
ထိုသို့ ကြီးကြီးမားမား သတ္တဝါကြီးတစ်ကောင်ကို မွေးမြူရသည်က အတော်လေး ကောင်းမွန်ပေမည်။ သို့သော် ထိုသတ္တဝါကို မည်သည့်နေရာတွင် အသုံးပြုမည်နည်း။ ထိုမေးခွန်းခေါင်းထဲဝင်လာသည့်အခါ ရန်ကျောက်ကဲ ခေါင်းကိုတဗျင်းဗျင်း ကုတ်မိသည်။
အိမ်မွေးအချစ်တော်လေးအဖြစ် မွေးထားဖို့ကလည်း မသင့်တော် ၊ တိုက်ပွဲအတွက် တိုက်ခိုက်ခိုင်းမည်ဆိုတော့လည်း အဆင်မပြေ။
သူ့စိတ်ထဲတွင် ထူးဆန်းသည့်အတွေးတစ်ခုဝင်လာသည်။
သူ၏ စီးတော်သားရဲအဖြစ် အသုံးပြုမည် ဆိုလျှင်ရော...။
အတွေးနှင့်အတူ စိတ်ထဲတွင်ပေါ်လာသည့်မြင်ကွင်းကြောင့် ရန်ကျောက်ကဲနှုတ်ခမ်းများ မဲ့သွားသည်။
“ငါက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ပြန်လည်တီထွင်နိုင်ခဲ့တဲ့ သခင်လေးရန်ကျောက်ကဲ”
“မင်းရဲ့ စီးတော်သားရဲက ပန်ဒါကြီးပါလား... ဟက်ဟက်”
“ငါက ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ်ကို ဒီကမ္ဘာမှာ ပြန်လည်အသက်သွင်းခဲ့တယ်”
“မင်းရဲ့စီးတော်သားရဲက ပန်ဒါကြီးတစ်ကောင်ပါ... ဟဲ”
“ငါက အဆုံးမဲ့တောင်တန်းရဲ့ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပြုပြင်ပေးခဲ့တဲ့ ဝါဒတောင်သခင်လေး...”
“မင်းရဲ့စီးတော်သားရဲက ပန်ဒါတစ်ကောင်ပါ...”
“ငါက ကျင့်ကြံခြင်းအဆင့်တူညီတဲ့သူတွေအကုန်လုံးကို အနိုင်ယူခဲ့တယ်”
“ဒါပေမဲ့ စီးတော်သားရဲက ပန်ဒါကြီး မဟုတ်လား”
ရန်ကျောက်ကဲ : “......”