အပိုင်း (၁၂၁၉)
Vol. 025 Ch. 1219
အကြောင်းရင်းမှာ သူသည် တူညီသောမေးခွန်းနှစ်ခုကြား၏ ကွာခြားချက်ကိုပင် နားမလည်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
“မိတ်ဆွေဟောင်းတစ်ယောက်က ငါ့ကို ပြောခဲ့ဖူးတာ ရှိတယ်။ ကောင်းကင်ဘုံကနေ မိုးစက်တွေမွေးဖွားခဲ့ပြီး မြေပြင်ထက်မှာ သေဆုံးရတယ်တဲ့။ ဒီဖြစ်စဉ်ရဲ့ အစနဲ့အဆုံး၊မွေးဖွားတာနဲ့သေဆုံးတာကြားကပဲ ဘဝဖြစ်တယ်။ ဒါပေမဲ့ မိုးစက်တွေဟာ ကောင်းကင်ဘုံကနေ တကယ်ကျဆင်းလာခဲ့တာရော ဟုတ်လို့လား၊ မိုးစက်တွေဟာ လေဟာနယ်ထဲကနေပဲ ဖြစ်ပေါ်လာခဲ့တာ၊ ကောင်းကင်ဘုံနဲ့ ဘာမှ မပတ်သတ်ဘူး။ မိုးစက်တွေဟာ မြေပြင်ထက်ကို ကျဆင်းရွာသွန်းလာပြီး သက်ရှိဓာတ်အားလုံးကို အာဟာရ ဖြစ်စေခဲ့တယ်။ဒါပေမယ့် ဒါဟာလည်း မြေပြင်ထုနဲ့ ဘာမှ မပတ်သတ်ဘူး။ ဒါဟာ မိုးစက်တွေရဲ့ ကံမ္မသာ ဖြစ်တယ်…”
“ရေခိုးရေငွေ့တွေကနေ မိုးစက်တွေ ဖြစ်လာခဲ့ပြီး သက်ရှိတွေကနေပဲ ရေခိုးရေငွေ့ ငွေ့ရည်ဖွဲ့တာ ဖြစ်တယ်။ မိုးစက်တွေဟာ ဒီလို သက်ရှိတွေရှိ ပြန်ရောက်သွားတာဟာ သဘာဝပဲ။ ဒါဟာ စက်ဝန်းတစ်ခု၊ ကံကြမ္မာစက်ဝန်းတစ်ခု၊ ဒါ့ကြောင့် ဒီမိုးစက်တွေကို ကံမ္မလို့လည်း ယူဆနိုင်တယ်…”
“ကံကြမ္မာ ဥပဒေပဲ။ ဒါဟာ မမြင်နိုင်ဘူး။ ဒါပေမယ့် ဒီကံမ္မတရားဟာ သက်ရှိအားလုံး ဘေးမှာ ရှိနေပြီး တိတ်တဆိတ်နဲ့ အရာအားလုံးကို ပြောင်းလဲစေတာ…”
ဝမ်လင်းသည် ကောင်းကင်ထက်သို့ ကြည့်ကာ သူ့လက်ကို ဝေ့ယမ်း၏။ ကောင်းကင်ထက်ကနေ မိုးကြိုးခြိမ်းသံ ဖြစ်ပေါ်လာ၏။ ထို့နောက် ရေခိုးရေငွေ့များ စုဝေးလသည်။ တိမ်နက်ထုများ ပေါ်လာသည်။ ခဏအကြာတွင် ကောင်းကင်ထက်ကနေ မိုးများရွာသွန်းလာ၏။
“မိုးစက်တစ်စက်ရဲ့ ဘဝကို ကြည့်ပါ။ မိုးစက်တိုင်းဟာ ဖြောင့်ဖြောင့်တန်းတန်းသာ ကျဆင်းတယ်။ငါဟာ ဘဝအဓိပ္ပာယ်ရှာသလိုမျိုး မိုးစက်တွေကို အချိန်အကြာကြီး လေ့လာစမ်းစစ်ဖူးတယ်။ ဒါပေမယ့် ဘယ်မိုးစက်မဆို လမ်းကြောင်းမပြောင်းဘဲ တန်းတန်းမတ်မတ် ကျဆင်းတယ်ဆိုတာ ငါ မမြင်ခဲ့ဘူး။ ဘာလို့လဲ၊ ဒီမိုးစက်တွေဟာ လေကြောင့်၊တိမ်တွေကြောင့်၊ ဒါမှမဟုတ် သူတို့ရဲ့ အလေးချိန်ကြောင့် အလိုက်သင့်သာ ကျဆင်းတယ်။ ဒီမိုးစက်တွေရဲ့ အလိုမကျမှုကို သင် မြင်ရလား…”
“ဒီလိုဖြစ်တာ ဘာကြောင့်လဲရော သိလား…” ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ လီချန်မေထံသို့ ကြည့်သည်။
လီချန်မေသည် မိုးစက်များကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူမသည် ခပ်တိုးတိုး ပြောလာသည်။ “ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒတည်ရှိတဲ့နေရာမှာ ကံကြမ္မာ ပြောင်းလဲသွားလိမ့်မယ်…”
“မိုးစက်တစ်စက်ရဲ့ သက်တမ်းဟာ တိုလွန်းလှတယ်။ဒါပေမဲ့လည်း သံသရာလည်နေတော့ ဒါဟာ အလွန့်အလွန် ကြာမြင့်နေတဲ့သဘောမျိုးပဲ။ ငါတို့လို ကျင့်ကြံသူတွေဟာလည်း အချိန်အကြာကြီး ရှင်သန်ကြတယ်။ ဒါပေမဲ့လည်း ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒ (ဝါ) ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဆန္ဒကြောင့် ဒီသက်တမ်းဟာလည်း တိုတောင်းလွန်းပါတယ်လေ…”
“ဒါပေမဲ့လည်း မိုးစက်တစ်စက်ရဲ့ တိုတောင်လွန်းလှတဲ့ သက်တမ်းမှာပဲ ၎င်းဟာ ကံကြမ္မာထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့အတွက် မရေမတွက်နိုင်အောင် ရုန်းကန်တယ်။ ကံကြမ္မာကို တိုက်ခိုက်ဖို့အတွက် ၎င်းဟာ သူကျရောက်မယ့် နေရာကို ဆက်တိုက်ဆိုသလို ပြောင်းလဲနေတာပဲ…”
“ငါတို့လို သက်တမ်းကြာရှည်လှတဲ့ ကျင့်ကြံသူတွေကတော့ မိုးစက်တွေနဲ့တောင် မယှဉ်နိုင်ဘူး။ ဒါပေမဲ့လည်း မိုးစက်တွေလိုမျိုး ကံကြမ္မာရဲ့ ဖမ်းဆုပ်မှုကနေ လွတ်မြောက်ဖို့ သေခြင်းတရားကို ရုန်းကန်ပစ်ဖို့ ဆန္ဒရှိတဲ့သူ ဘယ်လောက်များနေမလဲ။ ကောင်းကင်ဘုံရဲ့ဆန္ဒအရ စီစဉ်ချမှတ်မှုကို ခုခံနိုင်ဖို့အတွက် သေသည့်အထိ ရုန်းကန်ပစ်ဖို့၊ ကောင်းကင်ဘုံကို သေသည်တိုင် အညံ့မခန့်၊ဒူးမထောက်ပဲ ရုန်းကန်ပစ်ဖို့…ဒီလိုလူ ဘယ်နှစ်ယောက်များ ရှိနေကြမလဲ…”
ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ကောင်းကင်သည် တုန်ဟည်း၏။မိုးစက်များသည် တိမ်ထုများထံ ပြန်ကန်ရောက်ရှိသွားသည်။ တိမ်နက်ထုများသည် ပျက်စီးသွား၏။ မိုးစက်များသည် ရေခိုးရေငွေ့အဖြစ်သို့ ပြောင်း၍ လောကတွင် လွင့်ပြယ် ပျောက်ကွယ်သွားသည်။
“သင်ဟာ မိုးစက်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်တာဟာ သင့်ကို ကောင်းကင်ဘုံရဲ့ ဆန္ဒ ဖြစ်လာစေလိမ့်မယ်။ သင်ဟာ မီးတောက်တစ်ခုကို ငြှိမ်းသေအောင် မှုတ်ပစ်ရင် မီးထဲမှ သေရမယ့် ပိုးဖလံကို မသေအောင် လုပ်ပေးတာပဲ ဖြစ်တယ်။ဒါဆိုရင် သင်ဟာ ပိုးဖလံရဲ့ ကံကြမ္မကို ပြောင်းလဲပစ်တာပဲ။ ကံကြမ္မာက တစ်စုံတစ်ယောက်ကို သေစေချင်တယ်ဆိုပါတော့ ဒါကို သင်ဟာ အဲ့လူကို ကယ်တင်ပေးခဲ့ရင် အဲ့နောက်မှာ သင်ဟာ ကောင်းကင်ဘုံရဲ့ ဆန္ဒ ဖြစ်သွားပြီ။ ရှေးဟောင်းအချိန်တွေတုန်းက ဆိုရိုးတစ်ခု ရှိတယ်။ ဒီဆိုရိုးကတော့ “သူတို့ကိုယ်သူတို့ ဘုရင်လို့ ခေါ်တဲ့သူတွေဟာ ငါတို့ထက် တကယ်ရော ပိုမြင့်မြတ်ပါရဲ့လား…”
သည်ဆိုရိုးစကားက အမှန်တရားကို သရုပ်ထင်စေပေ၏။
“ကောင်းကင်ဘုံသားတွေမှာလည်း အလားတူ ဆိုရိုးစကားတစ်ခု ရှိခဲ့ပြန်တယ်။ ‘လူတစ်ယောက်ဟာ တာအိုကို အောင်မြင်သွားတာနဲ့ သူ့ရဲ့ ကြက်တွေ၊ခွေးတွေတောင် ကောင်းကင်ဘုံထိ မြင့်တက်နိုင်တယ်’ တဲ့၊ ဒီဆိုရိုးဟာလည်း ဒီအမှန်တရားကို နောက်ထပ် မီးမောင်းထိုးပြတာပဲ။ ငါ အခုပြောတဲ့ အကြောင်းအရာ အယူအဆတွေဟာ သင့်ဒုတိယမေးခွန်းအတွက် ဒုတိယအဖြေပဲ…”
ဝမ်လင်း၏ အသံသည် အကျိုးအကြောင်း ညီညွတ်လှ၏။ သူ စကားဆိုပြီးနောက် အရာရာမှာ ငြိမ်သက်တိတ်ဆိတ်သွားသည်။ လုယန်ကုံးသည် ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့စိတ်မှာ တုန်ခါနေမိ၏။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးဟန်တို့ ဖြစ်ပေါ်နေ၏။ သို့သော် သူသည် ထိုအဖြူရောင်ဝတ်စုံနှင့်သာမန်ထင်ရသည့် ကျင့်ကြံသူကို မလေးစားမိဘဲ မနေနိုင် ဖြစ်ရ၏။
တစ်ဖက်လူ၏ စကားများသည် သူ့စိတ်ထဲသို့ နစ်စွဲနေ၏။ လုယန်ကုံးသည် ခဏတာ ငြိမ်ငြိမ်သက်သက် စဉ်းစားနေ၏။ ထို့နောက် သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ဟန် ပြု၏။ သူက စကားမဆိုပေ။ ဤအမူအရာကပင် သူ့လေးစားမှုကို ဖော်ပြနေခြင်း မဟုတ်လား။
လီချန်မေသည် ကောင်းကင်ထက်သို့ ကြည့်နေ၏။ သူမ၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှု ပြည့်နေသည်။ သူမသည် သက်ပြင်းချကာ ဝမ်လင်းထံသို့ ကြည့်လာသည်။ သည်တစ်ကြိမ်၌ သူမ၏ အကြည့်က တမူထူးနေ၏။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်ကာ ခပ်တိုးတိုး ဆိုသည်။ “ဒီက ညီမဟာ အစ်ကိုလုရဲ့ တာအိုကြောင့် ဘဝင်ကျခဲ့ရပြီ…”
ထိုသို့ဆိုရင်း သူမသည် ညာလက်ကို ဝေ့ယမ်းကာ သူမ၏ သိုလှောင်နေရာလွတ်ထဲကနေ ကျောက်စိမ်းပြားတစ်ခုနှင့်ဆေးလုံးတစ်လုံးတို့ကို ထုတ်ယူ၏။ ထို့နောက် ၎င်းတို့ကို ညင်သာစွာဖြင့် ဝမ်လင်းထံ ပို့ပေးသည်။
“ဒါက အဆင့်တစ်ဆယ်သားရဲ စိတ်ဝိညာဉ်နဲ့ မပေါင်းစပ်ရသေးတဲ့ တစ်ဝက်သာ ပြည့်စုံသေးတဲ့ ဆေးလုံးပါ။ ဒီဆေးလုံးကို အပြီးသပ်သန့်စင်ဖို့ လိုအပ်တဲ့ ဆေးပင်နဲ့နည်းလမ်းတွေ ဒီကျောက်စိမ်းပြားထဲမှာ ပါဝင်ပါတယ်…”
သူမသည် အောက်နှုတ်ခမ်းကို ကိုင်ထားလျက် ဝမ်လင်းကို ကြည့်ကာ တိုးညင်းစွာ ဆိုလာ၏။ “ညီမမှာ နောက်ဆုံးမေးခွန်းတစ်ခု ရှိသေးတယ်…”
ဝမ်လင်းက သူမ၏ တတိယမေးခွန်းကို မေးလာအောင် ပြုလုပ်နိုင်သည့် ပထမဦးဆုံးသူပင်။ သူမ၏ မျက်လုံးထဲတွင်တော့ စိတ်ရှုပ်ထွေးမှု အရိပ်အမြွက် ရှိနေသေး၏။ သူမသည် ဝမ်လင်းကို သေချာကြည့်နေ၏။
မည်သူကမျှ သူမအတွက် ထိုမေးခွန်းသုံးခု၏ အရေးကြီးမှုကို သိကြလိမ့်မည် မဟုတ်ပေ။
“အစ်ကိုလုက ညီမရဲ့ တတိယမေးခွန်းကို ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်မိပါတယ်…”
ဘာကြောင့်မှန်းမသိရသည့် အကြောင်းရင်းအချို့ကြောင့် လီချန်မေ၏မျက်နှာထက်တွင် အနည်းငယ် နီမြန်းနေသည်။
လီချန်မေက ဝမ်လင်းကို ကြည့်၍ နူးညံ့စွာ ပြောလာသည်။ “တတိယမေးခွန်းကလည်း ကောင်းကင်ဘုံဟာ ဘာလဲ ဆိုတာပါပဲ…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစား၏။မျက်လုံးမှိတ်လိုက်သည်။ အချိန်သည် တဖြည်းဖြည်းခြင်း ကုန်ဆုံးနေ၏။ ခုနစ်မိနစ်ခန့်ကြာပြီးနောက် သူ မျက်လုံး ပြန်ဖွင့်လာသည်။ သူက လီချန်မေကို တည်ငြိမ်စွာ ကြည့်၍ စကားဆိုသည်။
“သင် မေးနေတာက ကောင်းကင်ဘုံအကြောင်း မဟုတ်ဘူး။တာအိုအကြောင်းပဲ…”
လီချန်မေသည် အနည်းငယ် စဉ်းစားသွား၏။သူမက ညင်သာစွာ ခေါင်းညိတ်ပြသည်။
“ဒီမေးခွန်းနဲ့ ပတ်သတ်လို့ ငါလည်း အမြဲစဉ်းစားနေခဲ့တာ။ တစ်ခါတုန်းက ငါ အဖြေကို ရှာတွေ့ပြီလို့ ထင်ခဲ့ဖူးတယ်။ဒါပေမဲ့ အခု သေချာစဉ်းစားကြည့်တော့ ဒီအဖြေဟာ မပြည့်စုံတဲ့ပုံပဲ…”
“အစ်ကိုလု(ဝမ်လင်း) သိရှိခဲ့တဲ့ အဖြေဟာ ဘာများလဲ ညီမ သိချင်ပါတယ်။ ပြောပြနိုင်မလား…”
လီချန်မေက ဝမ်လင်းကို ကြည်လင်စွာ ကြည့်လို့နေ၏။
လီယန်ကုံးသည် ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေ၏။ သူက စိတ်ထဲကနေ သက်ပြင်းချမိသည်။ သူသည် လူပိုတစ်ယောက်ကဲ့သို့ အခုချိန်တွင် ခံစားမိနေ၏။ သူက ခေါင်းယမ်း၍ မြေပြင်ထက်တွင် တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။ သူက သူ့ညာလက်ကို ဝေ့ယမ်း၍ အရက်အိုးတစ်လုံးကို ထုတ်ယူ၍ တစ်ကျိုက် မော့ချပစ်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားကြည့်ပြီးနောက် ခပ်ဖြည်းဖြည်းခြင်း ပြောသည်။ “ငါဟာ ငါးတစ်ကောင်၊ တာအိုဟာ ပိုက်ကွန်၊ မြစ်ဟာ ကောင်းကင်ဘုံ၊ ပိုက်ကွန်ကို ထိန်းချုပ်တဲ့ ငါးဖမ်းသမားကတော့ ကံကြမ္မာပဲ…”
လုယန်ကုံးသည်လည်း ထိုစကားကို ကြားသည့်အခါ သူ့မြှောက်လက်စ ညာလက်မှာ တန့်သွား၏။ သူသည် စဉ်းစားသည်။ အချိန်အတန်ကြာပြီးနောက် သူက ဉာဏ်အလင်းတစ်ခုကို ရသွားဟန် တူ၏။ သူက ဝမ်လင်းကို ကြည့်၏။ ထို့နောက် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ နောက်ထပ် အရက်အိုးတစ်လုံးကို ထပ်ယူပြီး ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။
ဝမ်လင်းကလည်း အရက်အိုးကို ဖမ်းယူကာ တစ်ကျိုက်မော့သောက်ပစ်သည်။
လုယန်ကုံးက သက်ပြင်းချကာ ဝမ်လင်းကို ရှုပ်ထွေးစွာ ကြည့်သည်။ သည်လူမှာ သာမန်ဟု ထင်ရသော်လည်း သူ့အား အညံ့ခံအောင် လုပ်နိုင်သည့် အော်ရာတစ်ခုကို ပိုင်ဆိုင်ထားပေသည်။
“ငါ့သားက တကယ့်ကို အသုံးမကျတာပဲ။ သေသွားတာဟာ သူ့အတွက် ကံကောင်းတယ်လို့တောင် ပြောလို့ရတယ်…”
လုယန်ကုံးသည်လည်း သာမန်လူတစ်ယောက် မဟုတ်ပေ။ အရက်တစ်အိုးကို တစ်ကျိုက်တည်း မော့သောက်ပြီးနောက် ဝမ်လင်း အပေါ် သူ့စိတ်ထဲရှိ အထုံးမှာ ပြေလျော့သွားခဲ့ပေပြီ။ ဝမ်လင်းက သူ့သားကို သတ်ခဲ့သည်၊ သို့သော်လည်း သူ့သားမှာ သေသင့်သည် မဟုတ်လား။
လီချန်မေသည် မျက်မှောင်ကြုတ်နေမိ၏။ သူမသည် သူမ၏ မျက်ခုံးကို ညင်သာစွာ နှိပ်၍ တိုးညင်းစွာ ဆိုလာသည်။ “အစ်ကိုလု(ဝမ်လင်း)ရဲ့ စကားဟာ ဆရာတစ်ခါက ပြောခဲ့ဖူးတာနဲ့ ဆင်တယ်။သူ ပြောခဲ့ဖူးတာက လူဟာ ပုရွတ်ဆိတ်တဲ့၊ တာအိုဟာ တောင်တစ်လုံး၊ ဆန္ဒဟာ ကောင်းကင်ဘုံတဲ့။ ကောင်းကင်ဘုံ ဒေါသထွက်လာရင် တာအိုဟာ ကောင်းကင်ဘုံနဲ့အတူ လှုပ်ခတ်မယ်။ ပုရွတ်ဆိတ် ဒေါသထွက်လာခဲ့ရင်လည်း တောင်ကို ရွှေ့လျားပစ်ဖို့ ခွန်အား ပိုင်ဆိုင်လိမ့်မယ် လို့ ဆိုခဲ့တယ်…”
လီချန်မေသည် ထိုသို့ ပြောနေရင်း မြေပြင်ထက်ကို ကြည့်နေ၏။ သူမသည် သူမ၏ ဝတ်ရုံအနားစကို သိမ်း၍ မြေပြင်ထက်တွင် ထိုင်ချလိုက်သည်။
“တာအိုဟာ ပိုက်ကွန်လည်း မဟုတ်၊ တောင်လည်း မဟုတ်ဘူး။ဒါပေမယ့် အတွေးတစ်ခု။ ဒီအတွေးဟာ တစ်ယောက်ကနေ တစ်ယောက် ကွာခြား ပြောင်းလဲနိုင်တယ်။ အချို့လူတွေဟာ ဒီအတွေးကို ပိုက်ကွန်လို့ ယူဆနေတဲ့ အချိန်မှာ အခြားလူတွေဟာ တောင်တစ်လုံးလို့ မှတ်ထင်ကြတယ်…”
ဝမ်လင်းသည် လီချန်မေ၏ စကားများကို ကြားသည့်အခါ သူသည် စတင် တွေး၏။ သူ့မျက်ဝန်းတို့မှာ တဖြည်းဖြည်း ပို၍ တောက်ပလာသည်။
“တာအိုက အတွေးတစ်ခုလား။ အတွေးတွေ ပိုင်ဆိုင်ထားတဲ့အတွက် လူဟာ လူဖြစ်တယ်။ဒါ့ကြောင့် လူဟာ သူတို့ရဲ့ခန္ဓာကိုယ်ကနေ ခွဲထွက်နိုင်၊လောကနဲ့တစ်သားတည်း ပေါင်းစပ်နိုင်၊ မသိမှုကို စဉ်းစားနိုင်တာပဲ…”
လုယန်ကုံးသည်လည်း ဉာဏ်အလင်းရသွားဟန် တူသည်။ သူသည် သူ့ကိုယ်သူ ပြောသည့်အလား ခပ်တိုးတိုး ဆိုသည်။
လီချန်မေသည်လည်း တွေးနေသည်သာ။သူမသည် ပြုံး၏။ “အစ်ကိုလုရဲ့ တွေးပုံကလည်း တစ်မူထူးလှပါတယ်…”
သူတို့သုံးယောက်သားသည် အချိန်ကိုမေ့နေဟန် ရကာ ခြံဝန်းထဲတွင် စကားစမြည် စတင်ပြောကြသည်။ တာအိုဆွေးနွေးမှုကြောင့် မူလတုန်းက သတ်ဖြတ်ခြင်းအော်ရာမှာလည်း လွင့်ပြယ်သွားပေပြီ။ ည ရောက်လာပြီ။ကောင်းကင်ယံ၌ လမင်း တွဲခိုလာခဲ့ပြီ။ လအရိပ်က သူတို့သုံးယောက်ရှေ့သို့ ကျရောက်နေသည်။
သူတို့သည် တာအိုဆွေးနွေးရင်း အချိန်ကို မေ့ထားကြဟန်တူ၏။ သို့သော် ထိုအဖြစ်က မိုလျိုကုန်းမြေ၏ အပြင်ဘက်တွင် စောင့်နေရသူများကိုတော့ ခါးသီးစေ၏။ မူလတုန်းက ခရမ်းရောင်တာအိုကလန်မှ အဘိုးအိုသည် စိတ်ပူပန်မှု မရှိခဲ့၊ သို့သော် သူ စောင့်နေရတာ နေ့တစ်ဝက်ကျော်လာပြီးနောက် မျက်မှောင်ကြုံ့လာတော့သည်။
သူက ကလန်ခေါင်းဆောင်နှင့်လီချန်မေတို့ ဘာကြောင့်များ ပြန်မလာသေးသည်ကို နားမလည်နိုင် ဖြစ်နေ၏။
နာရီများစွာ ကုန်လွန်ပြီးနောက် ထိုအဘိုးအို၏ စိတ်ပူပန်မှုမှာ ပို ဆိုးလာသည်။ သူက အံတင်းတင်းကြိတ်ကာ ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူ ကျားသားရဲကို ထိန်းချုပ်ကာ မိုလျိုကုန်းမြေထံ ခရမ်းရောင်တာအိုကလန်မှ တပည့်သုံးဆယ်ကျော်နှင့်အတူ ဦးတည်တော့သည်။
သို့သော်လည်း သူတို့ အနားရောက်လာကာ ကုန်းမြေ၏ အကာအကွယ်အရံအတားကို မချိုးဖျက်ခင်တွင် အမိန့်ပေးသံတစ်ခု ပဲ့တင်ထပ်သွားသည်။
“ပြန်ဆုတ်စမ်း…။ငါ့အမိန့်မရှိဘဲ မင်းတို့အားလုံး မိုလျိုကုန်းမြေကို ခြေလှမ်းတစ်ဝက်တောင် ဝင်ခွင့်မရှိဘူး…” ထိုအသံပိုင်ရှင်မှာ လုယန်ကုံးတည်း။ အဘိုးအိုသည် မင်သက်သွား၏။ သူက ကျားသားရဲကို ထိန်းချုပ်ကို နောက်သို့ အမြန် ပြတ်ဆုတ်သည်။ သို့ရာတွင် သူ့စိတ်ထဲတွင်တော့ ပဟေဋိ ဖြစ်နေဆဲပင်။
မိုလျိုကုန်းမြေ၊မူလကလန်၏ တောင်ဘက်ခြံဝန်းထဲတွင်တော့ နေ့အလင်းပင် လွှမ်းလာခဲ့ပေပြီ။ ဝမ်လင်းသည် လုယန်ကုံးကို ကြည့်၏။ လုယန်ကုံးသည် ခြံဝန်းထဲတွင် ထိုင်လျက် တိတ်ဆိတ်စွာ အရက်သောက်နေ၏။ သူက သူ့ရှေ့ရှိ အဖြူရောင်ဝတ်စုံနှင့်လူမှာ သူ့ပြိုင်ဘက်မဟုတ်မှန်း နားလည်သွားခဲ့ပေပြီ။ ခရမ်းရောင်တာအိုကလန်တစ်ခုလုံး ရောက်လာခဲ့လျှင်ပင် ဘာမှ ကွာခြားသွားလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက လီချန်မေကို ကြည့်ကာ တည်ငြိမ်စွာ ပြော၏။ “တတိယမေးခွန်းအတွက်တော့ တာအိုဟာ အတွေးတစ်ခုလိုပဲ ငါ ပြောနိုင်ဦးမယ်…”
လီချန်မေသည် ပြုံး၏။ ထိုအပြုံးမှာ လှလွန်းသည်။ သူမသည် ဝမ်လင်းကို ကြည့်၍ ညင်သာစွာ ပြောသည်။ “ညီမရဲ့ သံသယရှုပ်ထွေးမျုကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုလု၊ အစ်ကိုလု တတိယမေးခွန်းအတွက် အဖြေရှာတွေ့ရင် ငါ့ကို လာရှာပေးဖို့ မျှော်လင့်မိပါတယ်။ ခုချိန်ကစပြီး ညီမဟာ ဒီမေးခွန်းသုံးခုကို အခြားလူတွေကို မေးတော့မှာ မဟုတ်ဘူး…”
ဝမ်လင်းသည် မင်သက်သွား၏။ သူက လီချန်မေကို ကြည့်သည်။အနည်းငယ် စဉ်းစားပြီးနောက် သူ ခေါင်းညိတ်ပြလိုက်၏။
လုယန်ကုံးသည်လည်း သက်ပြင်းချကာ မတ်တပ်ထရပ်သည်။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်၍ ပြော၏။ “ရောင်းရင်းကျင့်ကြံသူလု…ငါတို့ရဲ့ တာအိုဆွေးနွေးခဲ့တဲ့ညနဲ့ အတူ ငါတို့ရဲ့ ရန်ငြှိုးဟာ အဆုံးသပ်သွားပြီ။ ဒါပေမယ့်လည်း သင် ငါ့ကို ယင်ကောင်းကင်ဘုံအလံ ပြန်ပေးမှ ဖြစ်မယ်…”
ဝမ်လင်း၏အကြည့်သည် တည်ငြိမ်၏။ သူသည် ခေါင်းယမ်းလိုက်သည်။
“သင်…” လုယန်ကုံးသည် အသက်ဝဝရှုသွင်းမိ၏။ သူ ခါးသီးစွာ ပြုံးမိသည်။
လုယန်ကုံးသည် သက်ပြင်းချ၍ ဆို၏။ “ရောင်းရင်းကျင့်ကြံသူလု…ဒီယင်ကောင်းကင်ဘုံအလံဟာ ခရမ်းရောင်တာအိုကလန်ရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူး။ ဒါကို အားဖြည့်ဖို့အတွက် ပင်မကလန်က ပို့ပေးခဲ့တာပဲ။ ငါ ဒီအလံကို နှစ်တစ်ရာကြာပြီးရင် ပြန်ပေးရမှာ။ သင် ငါ့ကို ဒီအလံ ပြန်မပေးချင်မှတော့ ငါ အတင်းမတောင်းတော့ဘူး။ ဒါပေမဲ့ နှစ်တစ်ရာအချိန် ပြည့်သွားရင်တော့ ပင်မကလန် ဒီအလံကို တောင်းဖို့ ရောက်လာခဲ့ရင် အမှန်အတိုင်း ပြောရမှာ ဖြစ်တဲ့အတွက် အဲ့ကျမှ ငါ့ကို အပြစ်မတင်ပါနဲ့…”
“ယင်ကောင်းကင်ဘုံအလံက ပင်မကလန်က ပိုင်ဆိုင်တဲ့ဟာလား…” ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းသာ၊ သို့သော် သူ့စိတ်ထဲတွင်တော့ အတွေးများသွားသည်။
“ဟုတ်ပါတယ်…။ထားလိုက်ပါတော့လေ။ သင်က ဒီအလံကို ပြန်မပေးချင်မှတော့ ငါ အတင်းအကြပ် မလုပ်တော့ဘူး။ နှုတ်ဆက်ပါတယ်…”
လုယန်ကုံးက လက်နှစ်ဖက်ဆုပ်၍ ဝမ်လင်းကို နှုတ်ဆက်သည်။ သူက လီချန်မေကို ကြည့်သည့်အခါ သူမ ထွက်ခွာမသွားလိုသေးမှန်းကို မြင်၏။ သူ့စိတ်ထဲ၌ ခါးသီးစွာ မခံစားမိဘဲ မနေနိုင် ဖြစ်ရ၏။ သူသည် လီချန်မေကိုလည်း နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
လုယန်ကုံးထွက်သွားပြီးနောက် လီချန်မေသည် ဝမ်လင်းကို ကြည့်ကာ နူးညံ့စွာ ပြုံး၏။ သူမသည် ကျောက်စိမ်းပုလွေတစ်ချောင်းကို ထုတ်ကာ စတင် တီးမှုတ်၏။ ပုလွေသံ မြည်လာသည်။ ယင်းပုလွေသံမှာ နွေးထွေး၊ကြော့ရှင်းမှုတို့ ပြည့်နှက်၏။ လူတိုင်း နေမြောသွားစေအောင် လုပ်နိုင်သည်။လူတစ်ယောက်၏ စိတ်အမှိုက်များကိုပါ ရှင်းလင်းပေးနိုင်သည်။
ပုလွေသံစဉ်ထဲရှိ ငြိမ်းအေးမှုနှင့်ကျော့ရှင်းမှုတို့ကို ဝမ်လင်းက မျက်လုံးမှိတ်၍ ခံစားနေ၏။ သူသည် အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ကုချင်းတီးခတ်သည့် မျက်မမြင်အမျိုးသမီးကို ပြန်တွေ့မြင်နေရသည့်အလား။
လုယန်ကုံးသည် မူလကလန်ကို ကြည့်၏။ ထို့နောက် နောက်သို့ တစ်ချက်ပင် မကြည့်တော့ဘဲ လှည့်ထွက်သွားတော့သည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ပုလွေသံသည် ရပ်သွားသည်။ လီချန်မေသည် မတ်တပ်ထရပ်လာ၏။ သူမသည် ဝမ်လင်းကို ကြည့်၏။ထို့နောက် ခြံဝန်းတံခါးထံသို့ လှမ်းလျှောက်သွားသည်။ သည့်နောက်တွင် သူမသည် ပြုံး၍ နောက်လှည့်ကြည့်လာသည်။
ထိုအပြုံး ဖူးပွင့်လာချိန်၌ ဝမ်လင်းသည်လည်း မျက်လုံးပြန်ဖွင့်လာခဲ့သည်။
“အစ်ကိုလု…ဖန်းလိုင်ကုန်းမြေမှာ နှစ်သုံးဆယ်ကြာတိုင်း ကျင်းပတဲ့ လေလံပွဲတစ်ခု ကျင်းပနေတယ်။ သင် အဲ့ကို သွားဖို့ စိတ်ဝင်စားလား…”
***