← Chapters

အခန်း (၇၁၇-၇၁၈)

Vol. 54 Ch. 717-718

အခန်း (၇၁၇-၇၁၈)

Vol. 54 Ch. 717-718

အပိုင်း ၇၁၇ - ဘီလူးမျိုးနွယ် ဘိုးဘေးရှောင်

အောက်ခြေမရှိသော တွင်းနက်ကြီးကဲ့သို့ မယ်တော်ကြီး၏ ဝမ်းဗိုက်အတွင်းမှ နှစ်ပေါင်းများစွာ စုဆောင်းထားသော အပုပ် အငွေ့အသက်များက ရေပန်းတစ်ခုပမာ လျှံထွက်လာခဲ့သည်။ ထောင်စောင့်နဂါး အသက်တံဆိပ်က အများစုကို သန့်စင်ပေးနေသည့်တိုင်အောင် အနံ့ဆိုးများ လှိုင်နေကာ ကောင်းကင်သို့ လွင့်ပျံတက်သွားသော ဝိညာဥ်အကြွင်းအကျန်များသည် ကြောက်မက်ဖွယ်ကောင်းလွန်းသော သွေးစွန်းမျက်နှာများအဖြစ် ရှုံ့မဲ့တွန့်လိမ်နေကြသည်။ စူးရှခက်ထန်သော အော်သံများသည် လေထဲတွင် ပဲ့တင်ထပ်နေပြီး ကျောစိမ့်သွားလောက်အောင် များပြားလွန်း၏။

"ဘာတွေဖြစ်နေတာလဲ"

သန်းနှင့်ချီသော ယွမ်ရှောင်၏ လက်အောက်ခံ အင်မော်တယ်များက အလန့်တကြား ရေရွတ်လိုက်မိသည်။

"သခင်လေးက အလောင်းနတ်ဆိုးကို နှိမ်နင်းနေတာ ဖြစ်ရမယ်"

"မယ်တော်ကြီးက မဟာတာအိုနယ်မြေရဲ့ မဟာရန်သူတော်ကြီးပဲ။ သူ့ကိုသာ ရှင်းပစ်နိုင်ရင် တကယ် ကုသိုလ်ရတဲ့ အလုပ် ဖြစ်တယ်"

"ပူဇော်သက္ကာရ လက်ခံသူတွေကို ရှင်းပစ်လိုက်တာနဲ့တင် သခင်လေးက ကောင်းမှုတွေ အများကြီး လုပ်ထားပြီးပါပြီ"

ဆွေးနွေးသံများ အကြားတွင် မယ်တော်ကြီးသည် အသစ်ပြန်လည် မွေးဖွားလာသကဲ့သို့ အသွင်ပြောင်းလဲသွားပြီး သွေးရောင်ကင်းမဲ့နေသော အရေပြားတွင် စတင်၍ တောက်ပသွား၏။ ခါးအထိရှည်၍ ခြောက်သွေ့နေသော ဆံပင်များသည်လည်း မည်းနက်ပြီး ပျော့ပြောင်းလာကာ မျက်နှာသွင်ပြင်က နတ်ဆေးရည်ဖြင့် ဆေးကြောလိုက်သကဲ့သို့ သွေးရောင်သန်းလာသည်။ တစ်ချိန်က ပုပ်စော်နံဟောင်သော ခန္ဓာကိုယ်မှ သိမ်မွေ့သော ကိုယ်သင်းနံ့တစ်ခု ထွက်ပေါ်လာနေပြီဖြစ်သည်။ ဝမ်းဗိုက်တွင် ကင်းခြေများကဲ့သို့ တလှုပ်လှုပ်ဖြစ်နေသော ဒဏ်ရာကြီးသည်ပင် ပျောက်ကင်းသွားကာ ကြွက်သားများ ပြန်လည် ဖြစ်တည်နေသည်။

နောက်ဆုံးတွင် ယွမ်ရှောင်က အသက်တံဆိပ်ကို ပြန်လည်ရုတ်သိမ်းလိုက်သောအခါ မယ်တော်ကြီးသည် အသံသြသြဖြင့် သက်ပြင်းချလိုက်ရာ သားရဲပမာ ဟိန်းထွက်သွားသော်လည်း လူသားဆန်သည့် အရိပ်အယောင် ပါဝင်လျက်ရှိသည်။ သူမက အငမ်းမရ အသက်ရှူရင်း မျက်ရည်များ ကျဆင်းလာကာ တုန်တုန်ယင်ယင်နှင့် စကားပြောလာ၏။

"တက်လှမ်းခဲ့ပေမယ့် လူယုတ်မာ အင်မော်တယ်တွေက ဖျက်ဆီးရမ်းကားနေတယ်။ ကျွန်မတို့ကို ကယ်တင်ပေးဖို့ ကောင်းကင်ရုံးတော်ဆီမှာ တောင်းပန်ခဲ့တယ်"

သူမ၏ နှလုံးသားထဲရှိ အကြီးမားဆုံး ဒေါသတရားသည် နာကျည်းချက်အဖြစ် ပြောင်းလဲသွားကာ အမှန်တရား ထွက်ပေါ်လာသည်။

"ဒါဆိုရင် မင်းရဲ့ နာကျည်းချက်က ပူဇော်သက္ကာရတွေကြောင့်ပေါ။ တကယ်ဆိုရင် မင်းကလည်း သေမျိုးလောကရဲ့ တက်လှမ်းသူတစ်ယောက်ပဲ"

ယွမ်ရှောင်က အနည်းငယ် အံ့သြသွားဟန်ဖြင့် မှတ်ချက်ချလိုက်သည်။ မယ်တော်ကြီး မွေးဖွားလာခြင်းက ပူဇော်သက္ကာရ ကိစ္စနှင့် ပတ်သက်နေသည်ဟူ၍ ကြားဖူးနားဝ ရှိသော်လည်း ကောလဟာလသတင်းများသာ ဖြစ်၏။ သို့ရာတွင် အသက်တံဆိပ်ဖြင့် သန့်စင်ခံရပြီးနောက် သူမ ပြောလိုက်သော စကားတစ်ခွန်းက သက်သေပြနေသည်။

"မြင့်မြတ်တဲ့ အင်မော်တယ် သခင်လေးယွမ်"

မယ်တော်ကြီး၏ သွယ်လျလှပသော ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားပြီး မျက်ရည်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ယွမ်ရှောင်ကို စိုက်ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ခဲ့သည်။

"ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘယ်လို ပြန်လည် ပေးဆပ်ရမယ်ဆိုတာကိုတောင် မသိတော့ပါဘူး..."

"တော်လောက်ပြီ။ မင်း ဒီလိုဖြစ်ရတာက ပူဇော်သက္ကာရ ကိစ္စကြောင့်ပဲ။ တရားခံတွေကို ငါ သတ်လိုက်ပြီ။ လမ်းကြောင်း မတူပေမယ့် ငါတို့ တိုက်ခိုက်ချင်တဲ့ ရန်သူက တစ်ယောက်တည်း ဖြစ်လို့ ကံကြမ္မာချင်း ဆက်စပ်နေတယ်။ ကျေးဇူးတင်စရာ မလိုဘူး။ အခု သေမျိုးလောကတွေကို ကယ်တင်ဖို့ ခြေတစ်လှမ်းတည်း လိုတော့တယ်။ မင်းရဲ့ ခန္ဓာကိုယ်က သန့်စင်သွားပြီး အရင်ကထက် ပိုသန်မာလာတယ်မလား။ ကျေးဇူးဆပ်ချင်ရင် တိုင်ပွဲမှာ ငါ့ကို ကူညီပါ"

"အကြိမ်တစ်ထောင် သေရမယ်ဆိုရင်တောင် ကူညီပါမယ်"

ယွမ်ရှောင်က ဖြတ်ပြောလိုက်သောအခါ မယ်တော်ကြီးသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ၍ ရန်သူကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပုံပေါ်သည်။ သူမ၏ မျက်လုံးများက အသက်မဲ့မနေတော့ဘဲ ကောင်းကင်ရုံးတော်သို့ တက်လှမ်းလာသူများကဲ့သို့ စင်ကြယ်နေပြီး သေခြင်းတရားကိုပင် မကြောက်တော့ပေ။ ယွမ်ရှောင်၏ စိတ်ထဲတွင် မယ်တော်ကြီးကဲ့သို့ တက်လှမ်းလာသူများအပေါ် သနားစိတ်ဝင်မိသည်။ သူတို့က ကောင်းကင်ရုံးတော်ကို ယုံကြည်၍ လာရောက်အကူအညီတောင်းခဲ့သော်လည်း ပိုးကောင်အစာအဖြစ် အသုံးချခံလိုက်ရ၏။ သူတို့ တစ်သက်လုံး ယုံကြည်ခဲ့သမျှ အရာအားလုံး ဖျက်ဆီးချေမှုန်းခံလိုက်ရသည်မှာ မျှော်လင့်ချက်မဲ့သော အဖြစ်ဆိုးကြီးပင်။

"မင်းနာမည်က ဘယ်လိုခေါ်လဲ"

"ပိုင်စုစု"

မယ်တော်ကြီးက ခဏတာ စဥ်းစား၍ အချိန်အတန်ကြာ မေ့လျော့နေခဲ့သော နာမည်တစ်ခုလည်း မှတ်ဉာဏ်များအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းကို ကြားသောအခါ ယွမ်ရှောင်သည် သူ၏ နောက်လိုက် ဖြစ်နေသော အလောင်းနတ်ဆိုးမလေး ပိုင်အာထံ မကြည့်ဘဲ မနေနိုင်တော့ပေ။

"ကြည့်ရတာ မင်းတို့က ငါနဲ့ ကံစပ်နေတာ ဖြစ်ရမယ်"

"ဟင်"

"ငါ့နာမည်က ပိုင်အာပါ"

ပိုင်စုစု ခေါ် မယ်တော်ကြီးက ဇဝေဇဝါ ဖြစ်နေသောအခါ ပိုင်အာသည် နူးညံ့စွာ ပြုံးပြ၍ ရှင်းပြလိုက်၏။ သူမက မျိုးနွယ်တူ အဖော်တစ်ယောက် ရလိုက်သည့်အတွက် ဝမ်းသာအားရ ဖြစ်နေပြီး အစွမ်းထက် နောက်လိုက်တစ်ယောက် ထပ်တိုးလာသောကြောင့် သခင်ဖြစ်သူအတွက်လည်း မုဒိတာပွားနေသည်။

"ပိုင်အာနဲ့ ပိုင်စုစု၊ အလောင်းနတ်ဆိုးနှစ်ကောင်"

ယွမ်ရှောင်အတွက် သူတို့က တိုက်ပွဲတွင် ဖျက်ဆီးမရနိုင်သော ဒိုင်းကာများအဖြစ် ကာကွယ်ပေးနိုင်သူများ ဖြစ်ကြသည်။ စိတ်ကသိကအောက် ဖြစ်စရာမှာ ပိုင်စုစုသည် အရပ်ရှည်ရှည်နှင့် ဆွဲဆောင်မှု ရှိပြီး ပိုင်အာက သေးသေးသွယ်သွယ်နှင့် ချစ်စရာကောင်းကာ သားအမိပမာ ထင်မှတ်ရခြင်းပင်။

"ပိုင်စုစုသာ အလောင်းနတ်ဆိုး အထီးဆိုရင် နင် ချက်ချင်း သတ်ပစ်မှာမဟုတ်လား"

အေးစက်၍ သဝန်တိုနေပုံပေါ်သော အသံတစ်ခုက သူ့အနောက်မှ ထွက်လာသည်။ သတ္တမမင်းသမီးက နှုတ်ခမ်းဆူ၍ မကျေမနပ် ဖြစ်နေကာ လိမ်မရသောကြောင့် သူလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရ၏။

"ဟုတ်လောက်တယ်။ ဘာဖြစ်ဖြစ်၊ မိန်းကလေးတွေက ကြည့်ရတာ မျက်စိပသာဒ ရှိတယ်လေ"

"သွားကြစို့"

သူမက လူသားဆန်လွန်းသော ယောကျ်ားတစ်ယောက်၏ အဖြေကြောင့် ခဏတာ ဆွံ့အသွားပြီးနောက် ဆော်သြောလိုက်သည်။ ထိုက်ဝေ အင်ပါယာ နန်းဆောင်တွင် အကြီးမားဆုံး ခြိမ်းခြောက်မှု ရှိနေဆဲ ဖြစ်ရာ လနတ်သား၊ မယ်တော်ကြီးနှင့်တကွ သန်းချီသော နောက်လိုက်များ ရောက်လာသောအခါ အဆုံးသတ်ရန် အချိန်ကျလေပြီ။

"ချန်ရီ"

လက်ရှိတွင် သတ္တမမင်းသမီး၏ ခန္ဓာကိုယ်ကို ဦးဆောင်နေသော စရိုက်မှာ ဗျူဟာကျွမ်းကျင်ပြီး အစစ်အမှန် အုပ်စိုးသူ ဖြစ်သည်။ သူမသည် သေမျိုးလောက၏ ကပ်ဘေးလူဝင်စား တစ်ယောက်ဖြစ်သော်လည်း စရိုက်သုံးမျိုးတွင် ယွမ်ရှောင် အလေးစားဆုံး မိန်းကလေး ဖြစ်၏။ အနားတွင် ချန်ရီ ရှိနေသောကြောင့် သူက စိတ်ချလက်ချ ဖြစ်သွားပြီး ကောင်းကင်ရုံးတော်၏ နောက်ဆုံး အပြစ်သားရှိရာ နန်းဆောင်သို့ ပြတ်ပြတ်သားသား ချီတက်သွားခဲ့သည်။ ချန်ရီသည် ကပ်ဘေးကြယ်လက်နက်ကို ဒရွတ်တိုက် ဆွဲယူလာသောကြောင့် တဝုန်းဝုန်း မြည်ဟီးကာ မျက်ဝန်းများတွင် ရဲဘော်ရဲဖက် တိုက်ပွဲဝင်စိတ်ဓာတ်၊ မကောင်းမှုကို ရွံရှာသော နှလုံးသား၊ အမြင့်ဆုံး တာဝန်သိစိတ်တို့ကြောင့် မီးများ တောက်လောင်နေသကဲ့သို့ ထင်ရ၏။ ဤစုံတွဲအနောက်တွင် အလောင်းနတ်ဆိုးများ တိတ်တဆိတ် လိုက်ပါလာကြပြီး အမြင်အရ လေးယောက်တည်းသာ ဖြစ်သော်လည်း လနတ်သားနှင့် စစ်မင်းသမီးကို ယွမ်ရှောင်၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားသဖြင့် စုစုပေါင်း ​ခြောက်ယောက် ရှိနေသည်။

"ဆိုးယုတ်တဲ့ အင်ပါယာထိုက်ဝေကို ချေမှုန်းပြီး ကောင်းကင်ဘုံကိုယ်စား တရားမျှတအောင် လုပ်ကြစို့"

ခေါင်းဆောင်များ၏ အရှိန်အဝါနှင့် ခွန်အားက သန်းချီသော နောက်လိုက်အင်မော်တယ်များအကြား တိုက်ပွဲဝင်စိတ်ဓာတ် အလျှံတညီးညီး ဖြစ်ပေါ်လာစေသည်။ ဤကြွေးကြော်သံမျိုးကို မည်သူမဆို အော်ဟစ်နိုင်သော်လည်း အစစ်အမှန် သူရဲကောင်းများက ကြုံးဝါးလိုက်သောအခါ သက်ရောက်မှု ကြီးမား၍ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ယွမ်ရှောင်၊ ချန်ရီ၊ ပိုင်စုစုနှင့် ပိုင်အာသည် နန်းဆောင်အထက်တွင် နေရာယူထားပြီး ဖြစ်သည်။

"ရောက်လာပြီ"

နီအန်ဝိညာဥ်က သတိပေးလိုက်သောအခါ နန်းဆောင်အတွင်းမှ ကြမ်းတမ်းပြီး အကြမ်းဖက်လိုသော အရှိန်အဝါ ပေါက်ကွဲထွက်လာသည်ကို ယွမ်ရှောင်လည်း ခံစားမိနေသည်။

"အောက်ထပ်က မင်းရဲ့ အခန်းဖော်က ဘယ်သူလဲ"

"ရှောင်၊ သူ့ကိုယ်သူ ဘီလူးမျိုးနွယ် ဘိုးဘေးလို့လည်း ခေါ်တယ်။ တစ္ဆေမျက်နှာနဲ့ မျောက်တစ်ကောင်ဖြစ်ပြီး အမြဲတမ်း အော်ဟစ်နေတာပဲ"

သူ၏မေးခွန်းကို နီအန်ဝိညာဥ်သည် မျက်လုံးအဖြစ် တိုးထွက်လာ၍ နန်းဆောင်ကို စိုက်ကြည့်ရင်း ဖြေသည်။

"ဝုန်း"

ကောင်းကင်ရုံးတော်၏ ဗဟိုချက်ဖြစ်သော ထိုက်ဝေ အင်ပါယာနန်းဆောင်သည် မြင့်မြတ်ခမ်းနားသော အပြင်ပန်းအဆောင်အယောင်များ ကွာကျ၍ အုတ်ကြွပ်များနှင့် မှန်စီရွှေချ ပစ္စည်များ အပိုင်းပိုင်းအစစ ပေါက်ကွဲကုန်ကာ အရပ်လေးမျက်နှာအနှံ့ ရောက်သွားသည်။ ထူထပ်သော မီးခိုးများ အလုံးအရင်းလိုက် ထွက်ပေါ်လာ၍ မကောင်းဆိုးဝါး အရှိန်အဝါ ပေါ်ပေါက်နေသောအခါ ယွမ်ရှောင်တို့အားလုံးသည် မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ အပျက်အစီးများအကြားတွင် ခါးကိုင်းကိုင်း အဘိုးအိုတစ်ယောက် ရပ်နေပြီး အနီရောင်တုတ်ကောက်ကို အားယူ၍ ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်မှာ အင်ပါယာ ထိုက်ဝေ၏ မျက်နှာက ခက်ထန်ကြမ်းကြုတ်သော လူသားတစ်ဝက်၊ မျောက်တစ်ဝက် ဖြစ်နေခြင်းပင်။

ဘီလူး ဘိုးဘေး ထွက်ပေါ်လာခြင်းနှင့် ခက်ထန်ကြမ်းတမ်းသော အရှိန်အဝါက တော်ဝင်နန်းတော်တစ်ခွင်ရှိ အင်မော်တယ်သန်းချီကို တုန်လှုပ်သွားစေကာ ဦးရေပြာများ ကျဥ်တက်ကုန်သဖြင့် အလိုအလျောက် နောက်ဆုတ်လိုက်မိကြသည်။ ထိုက်ဝေ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်နေသော်လည်း လွှမ်းမိုးကြီးစိုးနိုင်သော မကောင်းဆိုးဝါး အရှိန်အဝါသည် သတ္တိအရှိဆုံး သူရဲကောင်းများကိုပင် ကြောက်လန့်သွားစေသည် မဟုတ်ပါလော။

ထိုက်ဝေသည် ကောင်းကင်သို့ မော့ကြည့်ပြီး တိုက်ခိုက်ရန် ရောက်လာသော မျက်နှာတစ်ချင်းစီကို မြင်သောအခါ လူသားမျက်နှာတစ်ဝက်က လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာပြီး မျောက်မျက်နှာကမူ အစွယ်များ ထုတ်ပြကာ မာန်ဖီနေ၏။

"ကောင်းကင်ရုံးတော်ရဲ့ ကြီးမြတ်တဲ့ အင်ပါယာက လူတစ်ဝက် မျောက်တစ်ဝက် ဖြစ်သွားပြီလား။ မဟာတာအိုနယ်မြေရဲ့ သူရဲကောင်းတွေက ဒီနေ့ နင့်ကို စီရင်ပြီး ဒုက္ခရောက်ခဲ့ကြတဲ့ သေမျိုးတွေအတွက် တရားမျှတမှု ရှာဖွေဖို့ ရောက်လာကြပြီ။ နောက်ဆုံးစကား ပြောချင်သေးလား"

ချန်ရီက ဧကရီတစ်ပါး၏ ခမ်းနားသော လေသံဖြင့် ကြေညာလိုက်ရာ ထိုက်ဝေသည် မျက်နှာကို လက်ဖြင့် ဖုံးအုပ်၍ ရယ်မောပစ်လိုက်သည်။

"သူရဲကောင်းတွေ ဟုတ်လား။ ကိုယ့်ကံကြမ္မာကိုတောင် မထိန်းချုပ်နိုင်တဲ့ အားနည်းသူတစ်အုပ်ပဲ"

သူ၏ စကားလုံးများတွင် အထက်တန်းလွှာများက သာမန်ပြည်သူများအပေါ် ထားသော သဘောထားကို ထင်ဟပ်နေစဥ် သန်းချီသော အင်မော်တယ်များ ဒေါသူပုန်ထကုန်သည်။

"သေကာနီးအထိတောင် ခေါင်းမာပြီး မောက်မာနေသေးတယ်"

ကျိန်ဆဲခြင်းက ဒေါသကို မဖြေဖျောက်နိုင်ဘဲ သတ်ဖြတ်ခြင်း တစ်ခုတည်းသာ အဖြေ ဖြစ်၏။

"မင်းက ဒါတွေရဲ့ အစဖြစ်တဲ့ ပြဿနာကောင်ပေါ့"

ထို့နောက် ထိုက်ဝေ၏ အကြည့်သည် ယွမ်ရှောင်ထံ ကျရောက်သွားကာ နားခိုရာလက်နက်ကို ဆုပ်ကိုင်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ မီးတောင်တစ်ခုပမာ ပေါက်ကွဲလာသည်။

"ဂါး"

သူက ကောင်းကင်ကို တုန်လှုပ်စေလောက်သော အသံကျယ်လောင်စွာဖြင့် မျောက်ကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ရင်း ပစ်မှတ်ထံ ခုန်ဝင်သွားတော့သည်။

အပိုင်း ၇၁၈ - ကပ်ဘေးမိစ္ဆာ သွေးနဂါး

အဖြူရောင် ဧကရာဇ် ထိုက်​ဝေသည် အိမ်ရှေ့စံ ကဲ့သို့ မဟုတ်ဘဲ ကောင်းကင်ရုံးတော် သမိုင်းအစကတည်းက အထွတ်အထိပ် ရောက်ခဲ့ပြီး တိုက်ပွဲတိုင်းအောင် သိုင်းလမ်းစဥ် ကျင့်ကြံသူဖြစ်သည်။ သူက မဟာတာအိုနယ်မြေရှိ အင်မော်တယ်အားလုံးအထက် ဧကရာဇ် ဖြစ်ပြီး ကောင်းကင်ရုံးတော်၏ စစ်ရေးအာဏာကို ကိုယ်စားပြု၏။ လက်ရှိတွင် သူ့ကို ဘီလူးမျိုးနွယ် ဘိုးဘေးက တစ်ပိုင်းတစ်စ ပူးကပ်ထားသောကြောင့် စွမ်းအားများမှာ မကြုံစဖူး များပြားနေပြီး ဧကရာဇ်အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ လွှမ်းမိုးနိုင်စွမ်း ကြီးမားပြီး လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် သာမန်အင်မော်တယ်များကို လွင့်စင်သွားစေသည်။

ထို့နောက် ထိုက်ဝေက စကားတစ်ခွန်းမှ ထပ်မပြောဘဲ ယွမ်ရှောင်ကို ပစ်မှတ်အဖြစ် ပြတ်ပြတ်သားသား တိုက်ခိုက်လာကာ ရန်သူများအနက် မည်သူသည် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း နားလည်ထားပုံပေါ်၏။ ယွမ်ရှောင်အပေါ်သို့ ကြီးမားလေးလံသော အရှိန်အဝါ ဖိအား ကျဆင်းလာသောအခါ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

"ဒီကောင့်ကို ရှောင်က ပူးကပ်ထားပေမယ့် ထိုက်ဝေ ဖြစ်နေတုန်းပဲ"

ဤအခြေအနေကြောင့် ယွမ်ရှောင်သည် ထိုက်ဝေမှာ ရုပ်သေးသက်သက် မဟုတ်ဘဲ အပြည့်အဝ အသက်ရှင်နေကြောင်း နားလည်လိုက်သည်။ ထိုက်ဝေသည် နားခိုရာတုတ်ကို ညာလက်ဖြင့် ဆုပ်ကိုင်ပြီး ဘယ်လက်ဖြင့် လေထဲမှ ကြီးကျယ်ခမ်းနားသော ရတနာလေးခုအား ဆင့်ခေါ်ခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ရုံးတော် တည်ဆောက်ရာတွင် အခြေခံ အုတ်မြစ်ဖြစ်ပြီး လက်ဆင့်ကမ်းလာခဲ့သော ထိုက်မင်းဆက်၏ အမွေအနှစ်လည်း ဖြစ်၏။ တစ်ခုချင်းစီသည် ရှေးကျသော သမိုင်းဝင်ဇာတ်လမ်းများကြောင့် ကျော်ကြား၍ လူတိုင်း ကြားဖူးနားဝ ရှိကြသည်။ ဤသို့သော အမြင့်ဆုံး ရတနာများ ရှေ့မှောက်သို့ ရောက်လျှင် နယ်နမိတ်သတ်မှတ်ရေး နတ်ဘုရားအပ်ကဲ့သို့ လက်နက်များမှာ အမှိုက်သရိုက်သာသာပင်။

နဂါးသဏ္ဍာန် ရွှေရောင်တံဆိပ်တော်၊ ရောင်စုံဖန်မျှော်စင်၊ အဖြူရောင် ခေါင်းလောင်းနှင့် မဟူရာ ကျမ်းစာလိပ်တို့ ထွက်ပေါ်လာသောအခါ တော်ဝင်နန်းတော်၏ ကောင်းကင်ယံမှာ လင်းထိန်သွားတော့သည်။ လောကကြီးကို ကာကွယ်စောင့်ရှောက်နေသော နဂါး၊ ဖီးနစ်၊ ချီလင်နှင့် လိပ်နက်ကဲ့သို့ စွမ်းအားများကို စုစည်းလိုက်သောအခါ အရပ်မျက်နှာအားလုံး လွှမ်းမိုးသွား၏။ ထိုက်ဝေသည် နားခိုရာလက်နက်နှင့် အစွမ်းထက် ရတနာလေးပါးကို လက်တစ်ဖက်စီတွင် ဆွဲကိုင်ထားသော်လည်း ဤမျှဖြင့် မပြီးဆုံးသေးချေ။ သူ၏ အကျော်ကြားဆုံး စွမ်းရည်က ဓားနှင့် ရုန်း နှစ်မျိုး ကျင့်ကြံသူဖြစ်နေပြီး စင်ကြယ်သော ရွှေရောင် ဓားဝိညာဥ်ကိုလည်း ဆင့်ခေါ်လိုက်ပြီး ဓားပိုင်နက်တစ်ရာကျော်သည် နဂါးများပမာ ရစ်ပတ်လျက်ရှိသည်။ မျက်ခုံးအလည်တည့်တည့်တွင် ခမ်းနားသော အလင်းရောင်တို့ ဖြာထွက်နေသည့် အဖြူရောင် အသက်တံဆိပ်တစ်ခုလည်း ပေါ်လာခဲ့ပြီး ပန်းလေးပွင့်အဖြစ် ခွဲထွက်၍ ရတနာလေးပါးနှင့် ပေါင်းစပ်သွားကာ စွမ်းအားမြှင့်တင်ပေးလိုက်၏။ ၎င်းတွင်လည်း ကောင်းကင်ရုံးတော်တစ်ခွင် ပြိုင်ဘက်ကင်းဖြစ်စေသော ရုန်းပိုင်နက်ပေါင်း တစ်ရာ ပါဝင်နေပြန်သည်။ ဓားနှင့် ရုန်းပညာတွင် တစ်ဖက်ကမ်းခတ်ရုံသာမက သိုင်းအင်မော်တယ် တစ်ယောက် ဖြစ်သောကြောင့် ထိုက်ဝေသည် ကောင်းကင်ရုံးတော်၌ အမြင့်ဆုံး စွမ်းအားကို ကိုယ်စားပြုသည့်အပြင် အဖိုးတန် ရတနာဖြစ်သော နားခိုရာလက်နက်ကိုလည်း ကိုင်ဆွဲထားသည်။

အစွမ်းထက် လက်နက်အားလုံးကို တပြိုင်နက် ဆင့်ခေါ်လိုက်သော ရည်ရွယ်ချက်က ရှင်းလင်းပြီး စိန်ခေါ်နေသူ လေးယောက်ကို ချက်ချင်း ချေမှုန်းရန်၊ မဟာတာအိုနယ်​မြေအပေါ် ပြန်လည် အုပ်ချုပ်ရန်နှင့် ထိုက်မင်းဆက် ဆက်လက်တည်တံ့ရေး ဖြစ်သည်။ သေချာနေသော အချက်တစ်ခုက ပြတ်ပြတ်သားသား အပြုအမူသည် ကောင်းကင်ဒုစရိုက်တစ်ပါးဖြစ်သော ဘီလူးဘိုးဘေး ကိုယ်စားပြု အကြမ်းဖက်ခြင်း၏ လွှမ်းမိုးချုပ်ကိုင်မှု ပါဝင်နေ၏။ ကြမ်းကြုတ်ခက်ထန်သော်လည်း အဖြူရောင်ဧကရာဇ်၏ လှုပ်ရှားမှုက စနစ်တကျရှိပြီး ပထမဆုံးအနေဖြင့် အသက်တံဆိပ်ဖြင့် ရတနာလေးပါးကို စွမ်းအားမြှင့်တင်ပေးခဲ့သည်။ သို့ရာတွင် ၎င်းတို့ဖြင့် ယွမ်ရှောင်ကို တိုက်ခိုက်ရမည့်အစား တံဆိပ်တော်နှင့် ခေါင်းလောင်းကို မယ်တော်ကြီးထံ၊ ကျမ်းစာနှင့် မျှော်စင်ကို ပိုင်အာထံ အသီးသီး ပစ်လွှတ် တိုက်ခိုက်လိုက်၏။ ဤအလောင်းနတ်ဆိုးများက လူယောင်ဖန်ဆင်းထားသော်လည်း ပေါက်ကွဲထွက်မတတ် စွမ်းအားများဖြင့် ပြည့်နှက်နေ၍ ထိုက်ဝေသည် သူတို့၏ ခြိမ်းခြောက်မှုကို ကောင်းစွာသိနေသည်။

"ဝုန်း"

တံဆိပ်တော်သည် ကြီးမားလှသော တောင်ကြီးကဲ့သို့ မယ်တော်ကြီးအထက် ဖိနှိပ်ပစ်လိုက်ကာ ခေါင်းလောင်းသံများက လာရာလမ်းကြောင်းတလျှောက် ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး မျက်နှာထံ အသံလှိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်။ အသက်တံဆိပ်ဖြင့် မြှင့်တင်ပေးထားသော ဤရတနာများက မယ်တော်ကြီးကို သန့်စင်၍ လောင်ကျွမ်းစေနိုင်သော ချီများဖြင့် တိုက်ခိုက်နေရာ အလောင်းနတ်ဆိုးများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သော်လည်း ထိခိုက်မှု တစ်စုံတစ်ရာပင် မရှိချေ။

"သခင်လေးယွမ်က ငါ့ကိုယ်ထဲမှာ ရှိတဲ့ အလောင်းချီတွေကို သန့်စင်ပေးခဲ့တယ်။ အလောင်းနတ်ဆိုးရဲ့ စွမ်းအားသက်သက်ပဲ ကျန်တော့တယ်"

ထို့ကြောင့် ထိုက်ဝေ၏ ရတနာများသည် သူမကို ထပ်မံ၍ ပိတ်ဆို့မထားနိုင်တော့ပေ။ စွမ်းအားချင်းလည်း ကွာခြားလှပြီး ယွမ်ရှောင်၏ အသက်တံဆိပ်သည် လွတ်မြောက်၍ သန့်စင်စေပြီး ကျန်တစ်ဖက်တွင် ထိုက်ဝေ၏ စွမ်းအားမှာ ဖိနှိပ်၍ ဖျက်ဆီးခြင်း ဖြစ်နေသည်။ နတ်ဆိုးတစ်ကောင်ဖြစ်သော ပိုင်စုစုပင် ဤအချက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး ကောင်းမှုကို ဖော်ဆောင်နေသည်မှာ ယွမ်ရှောင်ဖြစ်ပြီး ထိုက်ဝေကမူ အာဏာအတွက် အားနည်းသူများကို ဖိနှိပ်ရန် တရားမျှတမှုနှင့် ကိုယ်ကျင့်တရားကို အကြောင်းပြချက် ပေးနေခြင်းပင်။ ယွမ်ရှောင်၏ နွေးထွေးသော ကရုဏာတရားကို ခံစားမိသဖြင့် နှလုံးသားထဲတွင် ယုံကြည်ချက်များ အတိုင်းအဆမဲ့ ဖြစ်တည်လာကာ တစ်ချိန်က တက်လှမ်းလာသော သေမျိုးလောက၏ ကျင့်ကြံသူ ဖြစ်၍ ထိုက်ဝေကို သတ်ပစ်ရန် ဒေါသများလည်း ကိန်းအောင်းနေသည်။

"ဝုန်း"

ပိုင်စုစုက ကောင်းကင်သို့ ပျံတက်သွားသောအခါ လေထုပင် ပေါက်ကွဲသွားပြီး လက်သီးများဖြင့် တံဆိပ်တော်အထက်သို့ အဆက်မပြတ် ထိုးနှက်ခဲ့၏။ တစ်ချိန်တည်းမှာပင် ပိုင်အာသည် ကျမ်းစာလိပ်နှင့် ဖန်မျှော်စင်ကို ရင်ဆိုင်ခဲ့ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာကာ လျင်မြန်ဖြတ်လတ်သောကြောင့် လှုပ်ရှားမှုတိုင်း ဆွဲဆောင်မှု ရှိသည်။ ပိုင်စုစုကမူ ကြမ်းတမ်းသော ခွန်အားကို ပြသပြီး ခေါင်းလောင်းကို ရိုက်ခွဲပစ်လိုက်ရာ ကောင်းကင်အထက်သို့ မိုင်ရာချီ လွင့်ပျံသွား၏။

"ထိုက်ဝေက ဒီရတနာတွေနဲ့ အလောင်းနတ်ဆိုးတွေကို ဖိနှိပ်ချင်နေတာပဲ။ ဒီလိုဆိုရင် သူတို့ ငါ့ကို ကူညီနိုင်မှာ မဟုတ်ဘူး"

အလောင်းနတ်ဆိုးနှစ်ယောက်နှင့် ရတနာလေးပါး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသောကြောင့် ထိုက်ဝေ၏ အကြံ အောင်မြင်သွားသည်ဟု ယွမ်ရှောင် နားလည်လိုက်သည်။ ထိုအချိန်တွင် တစ်ဖက်လူသည် နားခိုရာတုတ်ဖြင့် သူ့ကို ရိုက်ချလိုက်သောအခါ ​သွေးနီရောင်ကမ္ဘာကြီး ဆင်းသက်လာသကဲ့သို့ ဟင်းလင်းပြင်အက်ကြောင်းများ ဖြစ်ပေါ်၍ မြေပြင် တုန်ခါသွားစေ၏။

"သေစမ်း"

လူသားနှင့် မျောက် အော်သံများ ရောယှက်နေသော အသံနက်ကြီးသည် ကျယ်လောင်စွာ ထွက်ပေါ်လာသကဲ့သို့ ယွမ်ရှောင် ရှေ့မှောက်တွင် ခက်ထန်ကြမ်းကြုတ်စွာ သွားဖြဲပြနေသည့် လူတစ်ဝက်မျောက်တစ်ဝက် မျက်နှာ ရှိနေသည်။ အံ့သြစရာကောင်းသည်မှာ ယွမ်ရှောင်ကမူ လက်ဗလာဖြင့် နားခိုရာတုတ်ကို ဝုန်းခနဲ ဖမ်းဆုပ်လိုက်ပြီး ခြေထောက်အောက်မှ အစပြု၍ ပင့်ကူအိမ်သဏ္ဍာန် အက်ကြောင်းကြီးများ ပြန့်ထွက်သွား၏။

"မင်းက ဒါကို ဘယ်လိုလုပ် ဖမ်းနိုင်ရတာလဲ"

ထိုက်ဝေ၏ မျက်နှာက ရှုံ့မဲ့သွားပြီး မယုံကြည်နိုင် ဖြစ်နေစဥ် ယွမ်ရှောင်၏ မျက်လုံးများအောက်တွင် လှောင်ပြောင်သရော်နေသော အဝါရောင် မျက်ဝန်းတစ်စုံ တိုးထွက်လာသည်။

"ငတုံးမျောက်၊ နားခိုရာလက်နက်က မင်းတစ်ယောက်တည်း ပိုင်တာလို့ ထင်နေတာလား။ ငါနဲ့လည်း သက်ဆိုင်တယ်"

"မင်း...မင်း ဘယ်လိုလုပ် အသက်ရှင်နေတာလဲ။ ဝါးမျိုခံလိုက်ရတာ မဟုတ်ဘူးလား"

ထိုက်ဝေသည် ယွမ်ရှောင်၏ လက်အတွင်းမှ နားခိုရာတုတ်ကို ပြန်လည် ဆွဲယူရန် ကြိုးပမ်းနေသကဲ့သို့ ဘီလူးဘိုးဘေး၏ အသံကိုလည်း ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသည်။ သို့သော်လည်း ယွမ်ရှောင်က ငြိမ်ငြိမ်လေး ထိုင်စောင့်မနေဘဲ အသက်တံဆိပ်ကို တာအိုနဂါးအသွင် ပြောင်းကာ တစ်ကိုယ်လုံးနှင့် ပေါင်းစပ်ခဲ့ပြီး ကပ်ဘေးမိစ္ဆာသွေး၏ စွမ်းအားမှာ ပိုမိုအားကောင်းလာခဲ့၏။

"ကပ်ဘေးမိစ္ဆာ သွေးနဂါး"

သူက ထိုက်ဝေ၏ မျက်နှာကို လက်ဝါးဖြင့် အနီးကပ် ရိုက်ချလိုက်သောအခါ သွေးနဂါးခေါင်းတစ်ခု တိုးထွက်လာ၍ ကိုက်ပစ်လိုက်သဖြင့် ကပ်ဘေး မိစ္ဆာသွေးစွမ်းအားများ နဖူးအတွင်း ဝင်ရောက်သွားနိုင်ခဲ့သည်။

"အား"

ထိုက်ဝေက ဝိညာဥ်အထိ အသည်းခိုက်မတတ် နာကျင်သွားသောကြောင့် ထိတ်လန့်စွာ အသံကုန် အော်နေ၏။ သူက နားခိုရာတုတ်ဖြင့် ယွမ်ရှောင်ကို တွန်းဖယ်ကာ အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားသောအခါ ခြေလှမ်းတိုင်း မြေပြင် အက်ကွဲသွားစေသည်။ သွေးနဂါး၏ ကိုက်ချက်က မျက်နှာတစ်ဝက်ကို စုတ်ပြတ်သွားစေပြီး သွေးစွန်းနေကာ လက်ချောင်းဖြင့် အုပ်ထားသည့်ကြားမှပင် မျက်လုံးများသည် မျက်လုံးအိမ်အတွင်းမှ ပြုတ်ကျကာနီး ဖြစ်နေသည်။ သူက မိုးထိမြင့်သော သတ်ဖြတ်လိုစိတ်ဖြင့် မျောက်တစ်ကောင်ပမာ ဒေါသတကြီး ဝူးဝူးဝါးဝါး ဟိန်းဟောက်လိုက်၏။

"ကြည့်ရတာ ဒီမျောက်က နားခိုရာလက်နက်ထဲကနေ မလွတ်မြောက်သေးဘူး။ သူက သွေးအဆီအနှစ်ကို သုံးပြီး ထိုက်ဝေရဲ့ ကိုယ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာ ဖြစ်ရမယ်။ ပြီးတော့ ကပ်ဘေးမိစ္ဆာသွေးက ဒါကို လောင်ကျွမ်းပစ်နိုင်တယ်"

တိုက်ပွဲအခြေအနေကြောင့် ယွမ်ရှောင်သည် အရေးကြီးသော အချက်တစ်ခုကို ကောင်းစွာ သဘောပေါက်သွားလေသည်။

All Chapters