အခန်း (၇၁၉-၇၂၀)
Vol. 54 Ch. 719-720
အပိုင်း ၇၁၉ - အင်ပါယာလက်သုံးတော်ဓား
ယွမ်ရှောင်က ကပ်ဘေးမိစ္ဆာသွေးဖြင့် စမ်းသပ်ကြည့်လိုက်ရုံသာ ဖြစ်သော်လည်း အဖြူရောင်ဧကရာဇ် ထိုက်ဝေနှင့် ဘီလူးဘိုးဘေး ရှောင်ကို ဒဏ်ရာ နက်ရှိုင်းစွာ ရသွားစေခဲ့သည်။ သန့်စင်သော ချီက ရှောင်ကို ဟန့်တားရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း နားလည်ထားသော်လည်း ၎င်းမတိုင်ခင် ထိုက်ဝေ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာပြင်းထန်ရန် သို့မဟုတ် သေဆုံးနေရန် လိုအပ်၏။ တစ်ဖက်လူကလည်း ခြိမ်းခြောက်မှုကို ရှင်းရှင်းလင်းလင်း နားလည်သောကြောင့် ပို၍ ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်လာပေလိမ့်မည်။
"သခင်လေး လုယောင်က ကောင်းကင်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်ပေးလိမ့်မယ်"
ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် ယွမ်ရှောင် အသာစီးရလိုက်သောအခါ သန်းချီသော လက်အောက်ခံများက ကြောက်လန့်မနေတော့ဘဲ ရူးသွပ်စွာ အားပေးလိုက်ကြသည်။ နားကွဲမတတ် အော်သံများက ထိုက်ဝေ၏ ဟိန်းသံကိုပင် ကျော်လွန်သွားစဥ် ကောင်းကင်အထက်မှ ကပ်ဘေးကြယ်လက်နက်၏ တူနှစ်လက်လည်း ဦးခေါင်းကို ပစ်မှတ်ထား တိုက်ခိုက်လာပြန်သည်။ ချန်ရီလည်း တိုက်ပွဲအတွင်း ပါဝင်လာပြီဖြစ်ကာ ကပ်ဘေးကြယ်များကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးနှင့် မီးတောက်က ပတ်ဝန်းကျင်ကို တောက်ပသွားစေ၏။
"သူပုန်"
ထိုက်ဝေက ဤသို့ စကားပြောနိုင်စွမ်း ရှိသောကြောင့် ခက်ထန်ကြမ်းကြုတ်နေသော်လည်း ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်စွမ်း ရှိနေဆဲ ဖြစ်၏။ မျောက်မျက်နှာတစ်ဝက်ကလည်း ဆက်လက် တည်ရှိနေကာ သွေးနဂါးကြောင့် စုတ်ဖြဲခံလိုက်ရသဖြင့် ပို၍ အရုပ်ဆိုး အကျည်းတန်နေသည်။ သူက နားခိုရာတုတ်ဖြင့် တူနှစ်လက်ကို ရိုက်ထုတ်ပစ်ခဲ့ပြီး ကြက်သီးထစရာကောင်းလောက်အောင် ဟိန်းဟောက်နေ၏။
"မင်းရဲ့ ပါရမီကြောင့် ငါက ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒါပေမယ့် မင်းက တစ်မိသားစုလုံးကို သတ်ဖို့ ကြိုးစားနေတယ်။ ကောင်းကင်က ဒီလိုလုပ်ရပ်တွေကို လက်ခံနိုင်မှာ မဟုတ်ဘူး။ မင်းကို အရင်ဆုံး သတ်ပစ်မယ်"
ဓားပိုင်နက် ရာပေါင်းများစွာသည် ရွှေနဂါးများအဖြစ် ရစ်ပတ်ထားသော ဓားသည် လေထဲတွင် အလင်းတန်းများစွာ ခွဲဖြာ၍ အင်ပါယာဟူသော စကားလုံးများကို အစီအရင်အဖြစ် ဖန်တီးခဲ့သည်။ ၎င်းက ထိုက်မျိုးနွယ်၏ အမြင့်ဆုံး ပညာရပ်ဖြစ်ပြီး အင်ပါယာ လက်သုံးတော်ဓားသိုင်းဟု လူသိများ၏။ အင်ပါယာတစ်ပါး၏ တိုက်ကွက်က သန်းချီသော စစ်သည်များကို အဆုံးသတ်ပစ်နိုင်မည်ဟု ဆိုစမှတ်ပြုသည့်အတိုင်း ဤဓားသိုင်းသည် ဓားတစ်လက်တည်းမှနေ၍ လမ်းကြောင်းတွင် ရှိရှိသမျှ အရာရာကို ဖျက်ဆီးနိုင်သော အစီအရင်တစ်ခု ထုတ်ဖော်နိုင်သည်။ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော ဓားချက်က လောကတစ်ခွင် ကြီးစိုးမောက်မာစွာ ထွက်ပေါ်လာ၏။
"ဘယ်သူက မင်း လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားလို့လဲ"
တစ်ချိန်တည်းမှာပင် ယွမ်ရှောင်က ထိုက်ဝေ ရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ မိုးပြာရောင် လျှပ်စီးများ ဖန်ဆင်းပစ်ခဲ့သည်။
"ဝုန်း"
အင်ပါယာ လက်သုံးတော်ဓားသိုင်းက လျှပ်စီးချီများအကြား ထိုးဖောက် ဝင်ရောက်လာကာ ရွှေရောင် ဓားအလင်းတစ်ခုချင်းစီသည် မိုးချုန်းသံများအတွင်း ပိတ်ဆို့ခံနေရ၏။
"ဟင်"
ဤဓားချက်ကို တစ်ဖက်လူက ပိတ်ဆို့လိုက်ခြင်းမှာ အထူးအဆန်း မဟုတ်သော်လည်း ထိုက်ဝေ၏ မသိစိတ်က သေခြင်းတရား ချဥ်းကပ်လာကြောင်း ခံစားမိလိုက်သည်။ အတွေးရတနာ ကျင့်စဥ်သည် ရွှေရောင်ဓားတစ်လက် ကိုင်ဆောင်၍ ကျောဘက်တွင် ရောက်နေပြီး ဝိညာဥ်စွမ်းအားများဖြင့် ဝဲဂယက်တစ်ခု ဖြစ်ပေါ်စေကာ တိုက်ခိုက်လိုက်ခြင်းပင်။
ထိုက်ဝေ၏ မျက်နှာအမူအရာက ပြောင်းလဲ၍ ဒေါသကြောင့် ပိုမို ကြမ်းကြုတ်လာခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာရော နာမ်ပိုင်းဆိုင်ရာပါ တပြိုင်နက် တိုက်ခိုက်ခံလိုက်ရသောကြောင့် သူက ကာကွယ်ရန်အတွင် နဂါးအကြေးခွံသဏ္ဍာန် ရွှေဝါရောင် ဒိုင်းတစ်ခု ဆင့်ခေါ်လိုက်၏။
"ဝုန်း"
သို့သော်လည်း အလစ်ဖမ်း တိုက်ခိုက်ခံလိုက်ရပြီး ရှေးဟောင်းမျှော်စင်က ငယ်ထိပ်တည့်တည့် ပြုတ်ကျလာသောကြောင့် ခေါင်းကွဲ၍ သွေးများ အလွန်အမင်း စီးထွက်လာရာ ယွမ်ရှောင်နှင့် ချန်ရီ၏ တိုက်ခိုက်မှု မည်မျှ အတွဲညီကြောင်း ဖော်ပြနေသည်။ ဤတိုက်ပွဲတွင် အပိုစကားများ ပြောနေခြင်းမှာ သေစေနိုင်လောက်သော အားနည်းချက် ဖြစ်နေပြီး အစစ်အမှန် တိုက်ခိုက်နေခြင်းဖြစ်ကာ လျင်မြန်သော တိုက်ကွက်နှင့် ခံစစ်သာ အရေးပါ၏။
ထိုက်ဝေက နားခိုရာတုတ်ဖြင့် ရှေးဟောင်းမျှော်စင်ကို ဘုန်းခနဲ ရိုက်ထုတ်လိုက်သောအချိန်မှာပင် ကပ်ဘေးကြယ်လက်နက်သည် ဘယ်ညာနှစ်ဖက်မှ ညှပ်ရိုက်ရန် ဝင်ရောက်လာပြန်သည်။ သူက ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မြေကြီးတွင် လှိမ့်ထွက်ကာ ရှောင်တိမ်းနိုင်ခဲ့သောကြောင့် တူနှစ်လက်သာ အချင်းချင်း ဒေါင်ခနဲ ထိခတ်သွားကြ၏။ ပြိုင်ဘက်၏ တိုက်ကွက်များက ဆက်တိုက် ရောက်လာနေသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုသည်လည်း ဆံခြည်တစ်မျှင်စာပင် မကွာအောင် တိကျလွန်းနေ၍ မိုးသောက်နတ်ဘုရားနယ်ပယ်ရှိ ထိုက်ဝေပင်လျှင် အသည်းအသန် ခုခံနေရသည်။ ဘီလူးဘိုးဘေးနှင့် နားခိုရာလက်နက် ရှိနေသည့်တိုင်အောင် လူငယ်နှစ်ယောက်ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရမည်ဟု သူ ထင်မထားပေ။
(ဘာသာပြန်၏ မှတ်ချက်။ ။ ကပ်ဘေးလူဝင်စားတွေကိုလည်း အရုဏ်ဦးနတ်ဘုရားလို့ သုံးထားတာကြောင့် ရောမသွားအောင် အရုဏ်တက်နတ်ဘုရားနယ်ပယ်ကို မိုးသောက်နတ်ဘုရားနယ်ပယ်အဖြစ် ပြောင်းလဲလိုက်ပါတယ်)
ချန်ရီကို သတ်ပစ်ရန် မခက်သော်လည်း ယွမ်ရှောင်၏ တိုက်ကွက်များက အချိန်ကိုက် ဝင်လာတတ်သဖြင့် ထိုက်ဝေမှာ အကြပ်ရိုက်နေသည်။ ထို့အပြင် အသက်တံဆိပ်နှင့် ရတနာလေးပါးသည်လည်း အလောင်းနတ်ဆိုးများကို ထိပ်တိုက်ရင်ဆိုင်နေရသဖြင့် လာရောက် ကူညီနိုင်မည် မဟုတ်ချေ။
"ဘီလူးဘိုးဘေး ထွက်ခဲ့စမ်း"
ထိုက်ဝေက နားခိုရာလက်နက်အတွင်းမှ သွေးအဆီအနှစ်ကို အရူးအမူး စုပ်ယူနေရင်း အော်ဟစ်လိုက်သည်။ မျက်နှာက မျောက်တစ်ကောင်အဖြစ် သိသိသာသာ ပြောင်းလဲသွားကာ တစ်ကိုယ်လုံး သွေးနီရောင် မီးလျှံများ တောက်လောင်၍ ကြမ်းကြုတ်သော ခွန်အားတို့ ပေါက်ကွဲ ထွက်ပေါ်လာ၏။
"သေစမ်း"
နီအန်ဝိညာဥ်ကို ပိုင်ဆိုင်ထားသော ယွမ်ရှောင်အပေါ် နားခိုရာတုတ်၏ စွမ်းအားက သက်ရောက်မှု နည်းပါးသဖြင့် ထိုက်ဝေသည် ချန်ရီကို အဓိက ပစ်မှတ်ထားလိုက်သည်။ နားခိုရာတုတ်က သေခြင်းတရားဖြင့် ဖန်တီးထားသော သွေးရောင်အလင်းတစ်ခုကို ပစ်ခတ်လိုက်ရာ ထွက်ပေါ်လာသည့် အခိုက်မှာပင် တော်ဝင်နန်းတော်တစ်ခုလုံးကိုပင် ထိုးဖောက်သွားနိုင်ကြောင်း ယွမ်ရှောင် ခံစားနေရ၏။
"ဟင်"
လူသားမျိုးနွယ်ကို ကယ်တင်ရန် မွေးဖွားလာသူပီပီ ချန်ရီသည် သေခြင်းတရား နီးကပ်လာလျှင် အာရုံခံနိုင်စွမ်း ပို၍ မြင့်မားပြီး ကူကယ်ရာမဲ့နေပုံပေါ်သည်။ သို့သော်လည်း သေရေးရှင်ရေး အချိန်တွင် သူမ ရှေ့မှောက်သို့ လူတစ်ယောက် ခုန်ဝင်လာသဖြင့် မျက်လုံးလေးများ ဝိုင်းစက် ပြူးကျယ်သွား၏။
"နင်..."
သူမကို ကျောခိုင်းထားသော်လည်း ကာကွယ်ပေးမည် ဟူသော ကတိကဝတ်အတိုင်း အသက်ချင်းလဲရန်အတွက်ပင် ယွမ်ရှောင်က တုံ့ဆိုင်းမနေခဲ့ပေ။
"မလုပ်နဲ့...ဟင့်အင်"
သူမ၏ နှလုံးသားက ဆတ်ခနဲ တုန်ခါသွားကာ မျက်ရည်များ အဆက်မပြတ် ကျဆင်း၍ အရူးတစ်ပိုင်း ဖြစ်နေသည်။
"ဘာလို့ ငိုနေတာလဲ။ ငါ အဆင်ပြေပါတယ်။ စောင့်ကြည့်နေလိုက်"
ယွမ်ရှောင်က အသက်တံဆိပ်ကို ရင်ဘတ်တွင် ကပ်ထားကာ လက်ဟန်များ ပြုလုပ်၍ စွမ်းအင်ဝဲကတော့တစ်ခု ဖန်တီးလိုက်၏။ ၎င်းက ပျက်စီးနတ်ဆိုးခန္ဓာကို အဓိကထားကာ သူကိုယ်တိုင် ပြုပြင်ပြောင်းလဲထားသော နီအန်၏ နတ်ဆိုးမှော်ပညာ၊ နတ်ဘုရားဝါးမျို ကပ်ဘေးကျင့်စဥ် ဖြစ်သည်။ စွမ်းအင်ဝဲအတွင်း အနက်ရောင်နှင့် အဝါရောင် ချီများ ရောယှက်၍ သားရဲ ပါးစပ်ကြီးတစ်ခုပမာ ပွင့်လာကာ နားခိုရာတုတ်၏ အလင်းတန်းကို ဝါးမျိုပစ်လိုက်၏။
"ဝုန်း"
စွမ်းအင်ဝဲ ပျက်စီးသွားသော်လည်း အလင်းတန်းကို လမ်းကြောင်း ပြောင်းလဲလိုက်နိုင်ပြီး ကောင်းကင်သို့ မြင့်တက်ကာ မဟာတာအိုနယ်မြေ အပြင်ဘက်အထိ ထိုးဖောက်သွားသောကြောင့် ကောင်းကင်ကြီးပင် သွေးနီရောင် ဖုံးလွှမ်းကုန်သည်။ ဤအခိုက်အတန့်တွင် ယွမ်ရှောင်သည် ထိုက်ဝေနှင့် ရှောင်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပြီး သူ၏ စွမ်းရည်မှာ နက်ရှိုင်းသော ပင်လယ်ပြင်ကဲ့သို့ နားလည်ရခက်ခဲပေလိမ့်မည်။ ၎င်းကိုသာလျှင် အစစ်အမှန် ပါရမီရှင်ဟု ခေါ်ဆိုထိုက်သည် မဟုတ်ပါလော။
"တော်ပါသေးတယ်"
သေခြင်းမှ ကိုယ်တိုင် သီသီလေး လွတ်မြောက်ခဲ့သော်လည်း ချန်ရီသည် ယွမ်ရှောင် ဘေးကင်းမကင်းသာ စိုးရိမ်တကြီး ဖြစ်နေသည်။ ပုံမှန်အားဖြင့် ကွဲပြားခြားနားသော စရိုက်သုံးခု၏ နှလုံးသားမှာ ပေါင်းစည်းသွားပြီးနောက် ပြိုင်တူ တုန်လှုပ်သွား၏။
"မင်း...မင်းက ဘာကြီးလဲ"
ထိုက်ဝေ၏ လူသား မျက်နှာတစ်လှည့်၊ ရှောင်၏ မျောက် မျက်နှာတစ်လှည့် ပြောင်းလဲနေသော ရန်သူက နားမလည်နိုင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
"ငါက ကောင်းကင်နဲ့ မြေကြီးက မွေးဖွားလိုက်တဲ့ လူပဲ။ မတရားတဲ့ အင်မော်တယ်တွေ အားလုံးကို သတ်ပစ်ပြီး တရားမျှတအောင် ငါ လုပ်မယ်"
ယွမ်ရှောင်က ဤသို့ ကြွေးကြော်ရင်း ဓားမြှောင်ဖြင့် လေထဲတွင် ရေးခြစ်လိုက်သောအခါ ဓားအလင်းတန်းထောင်ချီ ပေါင်းစပ်၍ စကားတစ်ခွန်း ဖြစ်ပေါ်လာ၏။
"ယွမ်ရှောင်က ချန်ရီကို ချစ်တယ်"
ထိုက်ဝေအတွက်မူ ဤစကားတစ်ခွန်းသည် ခံရခက်လှပြီး အကြောင်းမှာ အင်ပါယာ လက်သုံးတော်ဓားသိုင်းဖြင့် ဖန်တီးထားသောကြောင့်ပင်။ ဤမျှမကသေးဘဲ အတွေးရတနာ မူလဝိညာဥ်သည်လည်း ထပ်တူညီသော ဓားသိုင်းကို အသုံးပြု၍ နောက်ထပ်ဓားအလင်းပေါင်း ထောင်ချီဖြင့် ကျောဘက်မှ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လာပြန်သည်။ သူက ကိုယ့်ကိုကိုယ် ကာကွယ်ရန် ရတနာလေးပါးကို ပြန်လည်ဆင့်ခေါ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့သော်လည်း အလောင်းနတ်ဆိုးများ၏ တုံ့ပြန်ချက်သည် ပိုမိုလျင်မြန်ကာ ဧရာမခန္ဓာကိုယ်ကြီးများ ဖန်ဆင်းရင်း ပိတ်ဆို့ထားခဲ့ကြ၏။
တွက်ချက်မှု မှားယွင်းသွားသောအခါ ဓားမြှောင်နှစ်လက်သည် ထိုက်ဝေ၏ ခြေလက်များကို ဖျက်ဆီးနိုင်ခဲ့ပြီး ဝိညာဥ်ပင်လျှင် ထိခိုက်သွားစေသည်။
"အား"
ဤကား အဖြူရောင်ဧကရာဇ် ပထမဆုံး အကြိမ်အနေဖြင့် ဒဏ်ရာ အပြင်းအထန် ရလိုက်ခြင်းဖြစ်ကာ ဒူးထောက်ကျသွား၍ နာကျင်စွာ အော်ဟစ်လျက်ရှိသည်။ ယွမ်ရှောင်ကလည်း အခွင့်အရေး မပေးလိုသောကြောင့် လှစ်ခနဲ ရောက်ရှိလာကာ နားခိုရာလက်နက် ကိုင်ဆောင်ထားသည့် ရန်သူ၏ လက်ကို ဓားဖြင့် ခုတ်ကာ အားကုန် ဖိနင်းထားလိုက်၏။ ချန်ရီက အချိန်ကိုက် ဝင်ရောက်လာသည့်အပြင် ထိုက်ဝေ၏ မျက်နှာကို လက်သီးဖြင့် အားရပါးရ ထိုးချက်များ မိုးရွာချပေးခဲ့သည်။
ထိုက်ဝေ၏ ဦးခေါင်းခွံက မာကျောလှသဖြင့် ကွဲထွက်သွားရန်အတွက် လက်သီးချက်ပေါင်း ထောင်ချီ အသုံးပြုလိုက်ရသည်။ သူက တစ်ချိန်လုံး ဒေါသတကြီး ကျိန်ဆဲနေသဖြင့် ချန်ရီသည် လျှာကို ဆွဲဖြုတ်ပစ်ကာ သွားအားလုံး ကျွတ်သည်အထိ ဆက်တိုက် ထိုးနှက်နေခဲ့သည်။ သူမကို ဒေါသပေါက်ကွဲခွင့် ပေးထားသော်လည်း ရန်သူ ထွက်မပြေးနိုင်စေရန် ယွမ်ရှောင်သည် ခြေလက်များနှင့် ဒန်တန်ကို ဖြတ်တောက်လိုက်ပြန်သည်။
တဝုန်းဝုန်း လက်သီးထိုးချက်များက ထိုက်ဝေ၏ တအားအား အော်သံများနှင့် စည်းချက်ကျကျ ရောယှက်၍ ထွက်ပေါ်နေသည်။ သူတို့က တစ်ဖက်လူ နောင်တရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စိတ်မဝင်စားတော့ပေ။ သေမျိုးများကို ကျင့်ကြံရေး အရင်းအမြစ်အဖြစ် ဝါးမျိုရန် လမ်းစဥ်ကို စတင်ခဲ့သော အပြစ်သားက နောင်တရနေလျှင်လည်း အဓိပ္ပါယ်မရှိချေ။ သေခြင်းတရားကသာလျှင် နစ်နာခဲ့ရသူများအတွက် တစ်ခုတည်းသော အဖြေ မဟုတ်ပါလော။
"သမီးတော်..."
ထိုက်ဝေ၏ နောက်ဆုံး အော်သံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သတ္တမမင်းသမီး၏ လက်သီးချက်က ဖျက်ဆီးနိုင်စွမ်း အပြည့်ဖြင့် ကျဆင်းလာလေသည်။
အပိုင်း ၇၂၀ - အခန်းဖော်များ
"နင် တစ်ခု မှားနေပြီ။ သမီးအရင်းကို သတ်ပြီး မီးရှို့ပစ်ခဲ့တာ နင်ကိုယ်တိုင် မဟုတ်ဘူးလား။ အခု ငါက ဘာအကြွေးမှ မတင်တော့သလို ဘာသံယောဇဥ်မှလည်း မရှိဘူး"
ပုန်းကွယ်နေသော ရှန်ရီ ခေါ် သတ္တမမင်းသမီးက တိုက်ခိုက်နေခြင်းကို ရပ်တန့်၍ ပြတ်ပြတ်သားသား ပြောလိုက်သောအခါ ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေသည်။ အဖြူရောင် ဧကရာဇ်၏ အလောင်းမှာ ခြေလက်များ ပြတ်တောက်၍ လူရုပ်ပင် မပေါက်တော့ချေ။
"တိုက်ပွဲက မပြီးသေးဘူး"
ယွမ်ရှောင်က လက်မြန်ခြေမြန်နှင့် သူမကို အနောက်သို့ ဆွဲယူလိုက်သောအခါ အလောင်းပေါ်တွင် သွေးအဆီအနှစ်များ သိပ်သည်းစွာ ဖုံးလွှမ်း၍ ယခင်ထက် ပိုမိုကြမ်းကြုတ်ရက်စက်သော အရှိန်အဝါ ထွက်နေသည်။
"မင်းတို့ သေရမယ်"
ဤသို့အော်ဟစ်လိုက်သော်လည်း ထိုက်ဝေ၏ အသံ မဟုတ်တော့ဘဲ ဘီလူးဘိုးဘေး ရှောင်၏ အသံ ဖြစ်နေသည်။ အလောင်း၏ ခေါင်းပြတ်နေရာမှ မျောက်ခေါင်းတစ်ခု တိုးထွက်လာကာ သွေးအဆီအနှစ်ဖြင့် ဖွဲ့စည်းထားသောကြောင့် မနှစ်မြို့စရာကောင်းလွန်း၏။ တစ်ချိန်တည်းမှာ အမွေးအမျှင်များ ထူထပ်စွာ ပေါက်နေသော ခြေလက်များ ပြန်ထွက်လာပြီး နီအန်၏ အလန့်တကြားအော်သံကိုလည်း ကြားလိုက်ရသည်။
"မျောက်က လုံးဝ ထွက်လာနိုင်တော့မယ်"
"သူက ထိုက်ဝေရဲ့ ကိုယ်ထဲကို အပြည့်အဝ ထွက်ပြေးနိုင်သွားတာလား"
ထို့ကြောင့် ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်သောအခါ နီအန်ဝိညာဥ်သည် တစ်ခုခုကို သဘောပေါက်သွား၍ လှောင်ပြုံးပြုံးခဲ့သည်။
"ဒီကောင်က အပြင်ထွက်လာတာတောင် အားနည်းနေတုန်းပဲ။ သူက သွေးအဆီအနှစ်အားလုံးကို ဒီပုံစံဖြစ်အောင် ပြောင်းလဲလိုက်တယ်။ ထွက်ပြေးနိုင်ဖို့ ကိုယ့်ကိုကိုယ် အနာတရဖြစ်အောင် လုပ်လိုက်တာမျိုးပဲ။ ပြန်ကောင်းလာဖို့ အချိန် လိုပေမယ့် မင်းက အချိန်မပေးဘူးမလား ဟား...ဟား"
နီအန်ဝိညာဥ်၏ စိတ်ထားက ကျဥ်းမြောင်း၍ သေးသိမ်ပြီး အကျဥ်းသားအချင်းချင်း ကံဆိုးမည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ ၎င်းကိုယ်တိုင် ထွက်ပြေးရန် မအောင်မြင်ခဲ့သောကြောင့် အခြားအကျဥ်းသားများလည်း ကျရှုံးရပေလိမ့်မည်။ ထို့ကြောင့် ယွမ်ရှောင် ဘာဆက်လုပ်ရမည်ကို အတိအကျသိစေရန် ကူညီပေးနေခဲ့ပြီး ရှောင် အားနည်းနေချိန် အမြန်ဆုံး သတ်ပစ်ရန်ပင်။
"သူ့ကို မင်းရဲ့ ကျင့်စဥ်နဲ့ သန့်စင်ပြီး သွေးအဆီအနှစ်ကို ဝါးမျိုလိုက်။ မဟုတ်ရင် အခွင့်အရေး မရှိတော့ဘူး"
"ခွေးရူး၊ မင်း ပါးစပ်ပိတ်ထားလို့ မရဘူးလား"
ထိုက်ဝေ၏ ခေါင်းအစား အသစ်ထွက်လာသော မျောက်ခေါင်းက ဒေါတသကြီး ဟိန်းဟောက်လိုက်သည်။ နားခိုရာအကျဥ်းထောင်အတွင်းမှ လွတ်မြောက်လာသော်လည်း ပူးကပ်လိုက်သော ခန္ဓာကိုယ်က အင်အားချည့်နဲ့ပြီး တစ်သက်လုံး ဤမျှ အခြေအနေ မဆိုးဖူးပေ။ ယွမ်ရှောင်ကလည်း နှစ်ခါပြန် စဥ်းစားမနေဘဲ ကပ်ဘေးမိစ္ဆာသွေးများ ထုတ်ဖော်၍ မျောက်ကို ဖိနှိပ်လိုက်ရာ ဦးခေါင်းမှ မီးခိုးတလူလူ ထွက်သည်အထိ လောင်ကျွမ်းသွား၏။ ရှောင်က ပြင်းထန်စွာ ရုန်းကန်နေပြီး သားရဲကြီးကဲ့သို့ ခွန်အား ကြီးမားသောကြောင့် တော်ဝင်နန်းတော်မှာ တုန်ခါနေသည်။
"လာကြစမ်း"
သူ၏ အမိန့်အတိုင်း ပိုင်စုစုနှင့် ပိုင်အာလည်း ရောက်ရှိလာပြီး လူသားအသွင် ဖန်ဆင်းထားသော်လည်း အဆမတန် ခွန်အားများဖြင့် ရှောင်ကို တစ်ဖက်တစ်ချက်မှ ချုပ်ထားလိုက်ကြ၏။ ရှန်ရီသည်လည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကာ ရှေးဟောင်းမျှော်စင်နှင့် ကပ်ဘေးကြယ်လက်နက်ကို ရင်ဘတ်သို့ ထုချလိုက်ရာ ချက်ချင်း ချိုင့်ဝင်သွားသည်။
"လွှတ်...လွှတ်စမ်း"
ဤကဲ့သို့ ချုပ်နှောင်၍ သန့်စင်ခံနေရသော်လည်း ရှောင်က ရုန်းကန်နေဆဲ ဖြစ်သောကြောင့် သန်းချီသည့် အင်မော်တယ်များပင် အသက်အောင့်လျက် စောင့်ကြည့်နေရသည်။
"မင်းက ကောင်းကင်ဒုစရိုက်ဆိုရင် တခြားလူတွေကို ဒုက္ခပေးဖို့ မစဥ်းစားနဲ့။ ထောင်ထဲကို ပြန်သွားစမ်း"
ယွမ်ရှောင်က မျောက်ခေါင်းကို လက်ဖြင့် ဖိကိုင်ထားရင်း အထက်စီးမှ ပြောလိုက်သောအခါ ပြန်၍ ခြိမ်းခြောက်ခံလိုက်ရ၏။
"စောက်ကလေး၊ ငါတို့ကို အမိန့်လာပေးနေရအောင် မင်းက ဘာကောင်လဲ။ အခုချက်ချင်း လွှတ်စမ်း။ မဟုတ်ရင် မင်းတို့ ဆွေစဥ်မျိုးဆက်တစ်ခုလုံး သေကုန်မယ်"
"ဒီမျောက်က အတော်စကားများတာပဲ။ မင်းတို့ကို သန့်စင်နိုင်တယ်ဆိုမှတော့ ကံကြမ္မာက ငါ့ဘက်မှာ ရှိနေတယ် မဟုတ်လား။ ရုန်းလိုက်စမ်း။ မင်းမှာ စွမ်းအား မကျန်ဘဲ မျှော်လင့်ချက်မဲ့သွားရင် တော်တော်ကြည့်ကောင်းမှာ"
စကားသံက ရိုးရှင်းသော်လည်း ကပ်ဘေးမိစ္ဆာသွေးမှတဆင့် အသံလှိုင်းများ ဖြာထွက်လာသောအခါ သွေးအဆီအနှစ် ဖြစ်နေသော ရှောင်အပေါ် သက်ရောက်မှု ကြီးမားသည်။ ယွမ်ရှောင်က သူ၏ သွေးများကို ရေသောက်နေသကဲ့သို့ အလွယ်တကူ ဝါးမျိုနေသောအခါ ခုခံရန် အခွင့်အရေး မရှိနိုင်တော့ပေ။
"ဂါး ဂါး ဂီး"
ရှောင်က ဒေါသတကြီးဖြင့် ထိုက်ဝေ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း အလောင်းနတ်ဆိုးများ လက်ထဲတွင် အချုပ်ခံထားရသဖြင့် ထိခိုက်မှု မရှိချေ။ ပြင်းပြင်းထန်ထန် ရုန်းကန်လေလေ၊ စွမ်းအားများ ကုန်ဆုံးလေလေ ဖြစ်ပြီး အချိန်ကြာလာသည်နှင့် အမျှ ပိုမို အားနည်းလာခဲ့သည်။ နားခိုရာထောင်အတွင်းမှ လွတ်မြောက်နိုင်ရန် ကိုယ့်ကိုကိုယ် သွေးအဖြစ် ပြောင်းလဲပြီးနောက် အားအနည်းဆုံး အချိန်တွင် သူက အဆိုးဆုံး ရန်သူနှင့် ရင်ဆိုင်တွေ့ခဲ့သည်။ ကံဆိုးမှုက စကားဖြင့် ဖော်ပြမရနိုင်လောက်အောင် ကြီးမားပြီး ဒေါသဖြင့် ဟိန်းဟောက်၍ စွမ်းအားများ ကုန်ခမ်းသွားတိုင်း မျှော်လင့်ချက်မဲ့စပြုလာ၏။
"အလကား အားကုန်ခံပြီး အော်မနေနဲ့။ အချိန်ကြာကြာ နာကျင်ရတာထက် မြန်မြန်သေလိုက်တာက ပိုမကောင်းဘူးလား။ မင်းနဲ့ယှဥ်ရင် ငါက ပိုဆိုးတယ်။ ကပ်ပါးတစ်ကောင် စားသောက်ဝါးမျိုတာကို ခံလိုက်ရတာကွ"
နီအန်သည် စာနာသနားသော ဟန်ပန်ဖြင့် ဖြောင်းဖြပြောဆိုနေသော်လည်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်သော စကားလုံးများ ဖြစ်သည်။ ရှောင်လည်း သူကဲ့သို့ ကံဆိုးမိုးမှောင်ကျသောအခါ တစ်ချိန်က အကျဥ်းဖော်အချင်းချင်း ဖြေဆည်စရာ အတွေးတစ်ခု ရှိလာ၏။
ရှောင်က ခုခံရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသောအခါ ရူးသွပ်စွာ အော်ဟစ် ဟိန်းဟောက်နေရာမှ မျှော်လင့်ချက်မဲ့စွာ ခါးသက်သက် ရယ်မောလိုက်သည်။ ထိုရယ်သံများအကြားတွင် မွေးရာပါ အကြမ်းဖက်လိုသော စိတ်ဆန္ဒများကို နောင်တတစ်ခုက လွှမ်းမိုးသွားခဲ့၏။ ဥပမာပေးရလျှင် သူက ဆီပူအိုးအတွင်းမှ ခုန်ချ၍ လွတ်မြောက်ခဲ့သော်လည်း မီးဖိုအတွင်း တည့်တည့်မတ်မတ် ပြုတ်ကျသွားရာ မည်သူမဆို စိတ်ဓာတ် ပျက်ပြားသွားပေလိမ့်မည်။
"ဒီကောင်ရဲ့သွေးကို ကပ်ဘေးမိစ္ဆာ သွေးနဲ့ သန့်စင်လိုက်နိုင်ပြီ။ ဒါပေမယ့် ခန္ဓာကိုယ်က သားရဲတစ်ကောင်ဆိုတော့ ပျက်စီးနတ်ဆိုးခန္ဓာအတွက် သုံးတာက ပိုကောင်းလိမ့်မယ်"
ယွမ်ရှောင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး လက်ရှိပေါင်းစပ်ထားသည်မှာ စစ်မင်းသမီးတစ်ယောက်တည်းနှင့်သာ ဖြစ်၏။
"နင်လုပ်ချင်တာ လုပ်။ ငါ့ကိုယ်ထဲမှာတော့ မျောက်တစ်ကောင်ကို မထားနိုင်ဘူး"
သူ၏ ဝိညာဥ်က အားနည်းဖျော့တော့စွာ စောဒကတက်လိုက်သည်။ နောက်ဆုံးတွင် ယွမ်ရှောင်သည် အကြမ်းဖက်ဒုစရိုက် ကိုယ်စားပြု သတ္တဝါ ရှောင်၏ ခန္ဓာကိုယ်အား လနတ်သားကို စားသောက်ခွင့်ပေးလိုက်သည်။ နီအန်ဝိညာဥ်ကဲ့သို့ မျက်လုံးတစ်စုံကိုမူ ချန်ထားပေးခဲ့သည်။ ကောင်းကင်ဒုစရိုက်၏ အမှတ်အသားဖြစ်ပုံရသော မျက်လုံးများကို လုံးဝ ဝါးမျို၍ မရနိုင်သောကြောင့် သိမ်းဆည်းထားရန်သာ ရွေးချယ်စရာ ရှိ၏။ ၎င်းက ပြဿနာ မရှိသည့်အပြင် အနာဂတ်တွင် လိုအပ်လာပါက အသုံးချနိုင်ပြီး နီအန်ဝိညာဥ်ကဲ့သို့ စွမ်းရည်များ ရှိလာပေလိမ့်မည်။
အရာအားလုံး ပြီးဆုံးသွားသော အခိုက်အတန့်တွင် ယွမ်ရှောင်၏ နဖူးက ရုတ်တရက် ကွဲထွက်သွားကာ ကြမ်းကြုတ်၍ အရိုင်းဆန်သော သွေးနီရောင် မျက်လုံးများ တိုးထွက်လာကြ၏။ ပါးပြင်နှစ်ဖက်တွင် ရှိနေသော နီအန်၏ အဝါရောင် မျက်လုံးများနှင့်ဆိုလျှင် သူ၏ မျက်နှာအထက်တွင် မျက်လုံးခြောက်လုံး ရှိနေပြီဖြစ်သည်။ အထက်တွင် ခက်ထန်သော အနီရောင်၊ အလယ်တွင် သန့်စင်သော အနက်ရောင်နှင့် အောက်တွင် ကောက်ကျစ်ပုံရသည့် အဝါရောင်ရှိ၏။ ဤကဲ့သို့ ထူးဆန်းနေသော်လည်း ဖန်ဆင်းရှင် အင်မော်တယ်၏ ရုပ်ရည်က ပျက်ပြားသွားခြင်း မရှိပေ။
"တော်တော်ဆိုးတာပဲ"
သို့သော် ယွမ်ရှောင်ကမူ ဤမျက်နှာနှင့် ပတ်သက်၍ စိတ်ကသိကအောက် ဖြစ်နေရာ အရုပ်ဆိုးသော ဒုစရိုက် နှစ်ပါးကို လနတ်သားထံသို့သာ လွှဲပြောင်းပေးလိုက်သည်။
"ပြန်ဝင်စမ်း။ မဟုတ်ရင် အကုန် ဖောက်ထုတ်ပစ်မယ်"
သူက ခပ်ကြမ်းကြမ်း အမိန့်ပေးလိုက်သောအခါ အဆုံးသတ်ကို လက်ခံလိုက်ပုံရသည့် ရှောင်မှာ မျက်လုံးများ ပြန်လည် ရုတ်သိမ်းသွားသည်။ ၎င်းသည် ထောင်တစ်ခုအတွင်းမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သော်လည်း နောက်ထပ် ထောင်တစ်ခုအတွင်း ရောက်သွားသဖြင့် မျှော်လင့်ချက် ကုန်ဆုံးသွားသည်။ စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်နေမည် ဖြစ်ပြီး အိပ်မက်မက်လျှင်ပင် ယွမ်ရှောင်ကို အပိုင်းပိုင်း ဆွဲဖြဲနေပေလိမ့်မည်။
"အရှုံးကို လက်ခံလိုက်တာ ကောင်းတယ်။ ဒီခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပေမယ့် အနည်းဆုံးတော့ လောကကြီးကို မြင်နိုင်သေးတယ်လေ"
"မင်း ပါးစပ်ပိတ်ထားစမ်း"
နီအန်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သောအခါ ရှောင်သည် ဒေါသတကြီး မောင်းထုတ်ပစ်ခဲ့သည်။
လက်ရှိစွမ်းအားများအရ ကျင့်ကြံဆင့်တူညီလျှင် မူလကိုယ်က နတ်ဆိုးကိုယ်ပွားထက် ပို၍ အားကောင်းပြီး နတ်ဆိုးကိုယ်ပွားမှာ သွေးကျွန်ထက် ပို၍ သန်မာ၏။ နတ်ဆိုးကိုယ်ပွားသည် နောက်ထပ် အစွမ်းထက် ဝိညာဥ်တစ်ခု ထပ်မံ ပိုင်ဆိုင်သွားသောကြောင့် ဤမျှဖြင့် ရပ်တန့်နေမည် မဟုတ်ဘဲ ညနတ်ဘုရားနယ်ပယ်အထက်သို့ တက်သွားပေလိမ့်မည်။ ကောင်းကင်ဒုစရိုက်များအနက် အကြမ်းဖက် ကိုယ်စားပြု ဘီလူးဘိုးဘေး ရှောင်မှာ အကြွင်းအကျန် ဝိညာဥ်နှင့် မျက်လုံးတစ်စုံသာ ကျန်ရစ်ခဲ့ပြီး အရှုံးကြီး ရှုံးသွားလေတော့သည်။